ရခိုင်ပြည်နယ်ပြဿနာများကို အချက်သုံးချက်ဖြင့် ဖြေရှင်းနေဟု ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

နေပြည်တော်တွင် အလှူငွေလက်ခံနေသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအားတွေ့ရစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေကို ဖြေရှင်းရန် အချက်သုံးချက်ဖြင့် ဆောင်ရွက် နေကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားနေသော ပဋိပက္ခများအတွက် လတ်တစ်လော ပြောင်းရွှေ့လာသူများ၏ နေ့စဉ်စားဝတ်နေရေးကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စများနှင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသူများ စာရင်း အချက်အလက်များ မှန်ကန်စွာ ကောက်ခံရေးကိစ္စရပ် သုံးရပ်ကို ချမှတ်ဆောင်ရွက်နေကြောင်း ဦးညီပုက ဆိုသည်။

‘‘နေရေး၊ စားရေး၊ ပြန်လည် နေရာချထားရေး ဆောင်ရွက်နေပြီးတော့ စာရင်းဇယားကိုလည်း တစ်ပြိုင်နက် ကောက်နေတယ်’’ဟု ဦးညီပုက ပြောသည်။

စက်တင်ဘာ ၁၇ ရက်က နေပြည်တော်စည်ပင်ဧည့်ရိပ်သာ အတွင်း ကျင်းပသည့် ရခိုင်ပြည် နယ် ဒေသခံတိုင်းရင်းသားများ အတွက် မန္တလေးအခြေစိုက်တိုင်း ရင်းသားလူမျိုးစုများက အလှူငွေ ပေးအပ်ပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

မောင်တောဒေသ အကြမ်း ဖက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်း ရှောင်သူ ဒေသခံတိုင်းရင်းသား ၂၆,၀၀၀ ကျော်ရှိပြီး တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သူ သုံးသောင်းကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် ဒေသခံ ၂၆,၀၀၀ ကျော်အနက် ၄,၀၀၀ ကျော်နေရပ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်သူများအား ပြန် လည်လက်ခံရေးနှင့်ပတ်သက်၍ အစိုးရအဖွဲ့နှင့် တိုင်ပင်လုပ် ဆောင်နေကြောင်း ၎င်းကဆို သည်။

သို့သော် လက်ရှိဖြစ်ပွားခဲ့ သော အနေအထားများကြောင့် နှစ်ဖက်လူ့အဖွဲ့အစည်းသည် မူလအတိုင်း ပြန်လည်ပေါင်းစည်း နေထိုင်ရေး အခက်အခဲများစွာရှိ နေသော အနေအထား ဖြစ်ခဲ့ ကြောင်း ရခိုင်ဝန်ကြီးချုပ်က ရှင်း ပြသည်။

‘‘တိုတိုရှင်းရှင်းပြောရရင် ကျွန်တော်တို့ အများကြီး ခက်ခဲ သွားပါပြီ။ အရင်တုန်းက တတ် နိုင်သမျှ ဒါကိုပေါင်းစည်းအောင် လုပ်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ အစိုးရတာဝန်ယူက တည်းက ဒါကို ဦးစားပေးလုပ် တယ်။ သို့ သော် လုပ်ရင်းလုပ်ရင်း ခုနကပြောသလို အခက်အခဲတွေ ဖြစ်လာတယ်။ အခုတော့ အ ခက်ခဲဆုံးဖြစ်သွားပြီ။ ကျွန်တော် တို့က အစပိုင်းကလို လုပ်နိုင်ဖို့ ဆိုတာ အင်မတန်ခက်ခဲတဲ့ အနေ အထားဖြစ်သွားတဲ့အတွက် တော် တော့်ကို အချိန်ယူပြီးတော့ အဆင့်ဆင့်လုပ်ရမယ့် အနေ အထားဖြစ်သွားတယ်’’ဟု ၎င်းက ပြောကြားသည်။

နှစ်ဖက်လူ့အဖွဲ့အစည်းကိစ္စ ရပ်များကို ဖြေရှင်းဆောင်ရွက်ရန်  ကိုဖီအာနန်ကော်မရှင်၏ အကြံ ပြုချက်များကို လေ့လာဆောင် ရွက်နေကြောင်း ၎င်းကဆိုသည်။

‘‘အခု ကိုဖီအာနန်ကော်မရှင် အကြံပေးအစီရင်ခံစာအပေါ်မှာ ကျွန်တော်တို့ အကောင်အထည် ဖော်ရေးကော်မတီတွေ ဘာတွေ ဖွဲ့ပြီးတော့ ကွင်းဆင်းပြီးလုပ်နေ ပါပြီ’’ဟု ဦးညီပုကပြောသည်။

Top News