မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရေး မိုးရာသီဖြစ်၍ ကန့်သတ်ချက်ရှိနေဟုဆို

နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ နယ်စပ်ခြံစည်းရိုးအနီး ကင်းလှည့်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာရံရေးမှာ လက်ရှိမိုးရာသီကာလ၌ ကန့် သတ်ချက်ရှိနေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေး မှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်း ပြုလုပ်ရန် အလှူငွေများ လှူဒါန်း သည့် သတင်းများ ကြားသိရ သော်လည်း မိုးကာလဖြစ်နေ၍ ချက်ချင်းဆောင်ရွက်ရန် မဖြစ်နိုင် သေးကြောင်းနှင့် နယ်စပ်ခြံစည်း ရိုးကာရံခြင်းအတွက် ငွေကြေး လျာထားမှု၊ ပစ္စည်းနှင့်အင်အား စုဆောင်းမှုများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။


   ‘‘မိုးတွင်းကာလဖြစ်တဲ့ အတွက် သယ်ယူပို့ဆောင်ရေးက လည်း ကန့်သတ်ချက်ဖြစ်နေတဲ့ အချိန်လေ။ များသောအားဖြင့် တော့ ပွင့်လင်းရာသီမှာ လုပ်ကြ တာများတယ်။ မဖြစ်မနေ လုပ် ရမယ့်ဟာဆို မဖြစ်မနေ လုပ်ကြ ရတာပေါ့’’ဟု ရဲမှူးချုပ် သူရစန်း လွင်က ပြောသည်။

 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် ခြားခြံစည်းရိုးကာရံခြင်းကို ပြည် ထဲရေးဝန်ကြီးဌာန၏ ဘတ်ဂျက် ဖြင့် နှစ်စဉ် ကာရံသော်လည်း ၂၀၁၆ အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် ယင်းနှစ်တွင် ရဲ စခန်းများ၌ ခြံစည်းရိုးကာရံခြင်း ကို ဦးစားပေး လုပ်ဆောင်ခဲ့ ကြောင်း ၎င်းကဆိုသည်။

‘‘မနှစ်ကလည်း နယ်စပ်ခြံ စည်းရိုးကာရံတာမှာ ကုန်းချောင်း ချောင်းဝကနေ အငူမော်ချောင်းဝ အကြားမှာ ကာဖို့ရှိတယ်။ သို့ သော်လည်းပဲ မနှစ်က ၉ ရက် အောက်တိုဘာမှာဖြစ်သွားတဲ့ အတွက် ကိုယ်တို့ စခန်းတွေကို ဦးစားပေးကာရမယ်ဆိုပြီးတော့ စခန်းတွေကို ခေါင်းစဉ်ပြောင်းပြီး ကာတာမျိုးရှိတယ်’’ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

 မိုင် ၁၇၀ ခန့်ရှည်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက် ခြံစည်းရိုးကာရန် ၄၂ မိုင်ခန့်ကျန်နေသေးကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေ ဦး ဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် ခြံစည်းရိုးကာရန် ကျန်ရှိသည့် နေရာများကို အဆင့်မီလုံခြုံစွာ အမြန်ဆုံးကာရံခြင်းအတွက် လို အပ်သည့်ဘဏ္ဍာငွေကို နိုင်ငံ တော်အစိုးရက ချက်ချင်းဖြည့် ဆည်းပေးမည်ဖြစ်ကြောင်း သမ္မ တရုံးက စက်တင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်း အပါအဝင် ရခိုင်ပြည်နယ်အရေး အတွက် ဒုတိယအကြိမ် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို စက် တင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်၌ ကျင်းပရာ လှူဒါန်း ငွေစုစုပေါင်း ကျပ်သိန်း၄၃,၆၀၀ ကျော်ရရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

Top News