နိုင်ငံရေးမတည်ငြိမ်မှုများသည် ဆိုရှယ်မီဒီယာကြောင့်ဖြစ်ဟု ဒေါက်တာအောင်ထွန်းသက်ကဆို

ဆိုရှယ်မီဒီယာစိန်ခေါ်မှုများအောက်က မြန်မာလူ့အဖွဲ့အစည်း ဖိုရမ်ပွဲတွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက် ဟောပြောနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 နိုင်ငံရေးမတည်ငြိမ်မှု များဖြစ်ပေါ်လာခြင်း၏ အဓိကအ ချက်သည် ဆိုရှယ်မီဒီယာ (ဖေ့စ် ဘွတ်ခ်)ကြောင့် ဖြစ်သည်ဟု ပါမောက္ခ ဒေါက်တာအောင်ထွန်း သက်က ပြောသည်။

လက်ရှိအချိန်တွင် အိန္ဒိယ အပါအဝင် နိုင်ငံအချို့၌ ဆိုရှယ်မီဒီယာကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အလားတူကြုံတွေ့ရကြောင်း စက်တင်ဘာ ၁၇ ရက်က ရန်ကုန်မြို့၌ ကျင်းပသော ဆိုရှယ်မီဒီယာ စိန်ခေါ်မှုများအောက်က မြန်မာလူ့အဖွဲ့အစည်းဖိုရမ်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အကြံပေး ဒေါက်တာအောင်ထွန်းသက်ကပြောသည်။


ဆိုရှယ်မီဒီယာသည် နည်းပညာတစ်ခုမဟုတ်ဘဲ စိတ်ပညာ သာဖြစ်၍ ခံစားချက်ကိုသာ ဦးစားပေးကြောင်း၊ ထို့ ကြောင့် ဦးနှောက်စဉ်းစားဆင်ခြင်မှု နည်းပါးစေပြီး အယုံလွယ်မှုများ ဖြစ်ပေါ်လာ ကြောင်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကြောင့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုဖြစ်ပွားပြီး အမုန်းစကားများလည်း ပြန့်ပွားနေကြောင်း၊ ဆိုရှယ်မီဒီယာအသုံးပြုခြင်းနှင့် ပတ်သက်၍ ဗဟုသုတများ ဖြန့်ဝေရန် အစိုးရက ဝင်ရောက် ကူညီပေးသင့်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

လူဦးရေ သန်း ၅၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် ၂,၀၀၀ ပြည့်နှစ်က အင်တာနက်အသုံးပြုသူ တစ်ထောင်ခန့်သာ ရှိသော်လည်း ၂၀၁၇ ဇွန်လတွင် အင်တာနက် အသုံးပြုသူ ၁၄ သန်းခန့်ရှိလာကြောင်း၊ အင်တာနက်အသုံးပြုသူများအနက် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၁၁ သန်း ပါဝင်ကြောင်း internetworldstats ၏စစ်တမ်းတွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် အန္တရာယ် ရှိသည့် ဖေ့စ်ဘွတ်ခ်အကောင့်များ ကို ဖော်ထုတ်၍ ရှင်းလင်းရန် လုပ်ဆောင်နိုင်သော်လည်း နောက်ယောင်ခံလိုက်ခြင်း မရှိသည့်အ ပေါ် နားမလည်နိုင်ကြောင်း ဘ လော့ဂါ ကိုညီလင်းဆက်ကပြော သည်။

Top News