ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းက နိုင်ငံတကာဖိအားများကို လျှော့ချနိုင်မည်ဟု လေ့လာသူများ သုံးသပ်

အခမ်းအနားတစ်ခုတွင် တွေ့ရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − စိုင်းဇော်)

လာမည့် စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံ တော်အခြေပြမိန့်ခွန်းသည် ရခိုင် အရေးအပေါ်နိုင်ငံတကာ၏ အမြင် တင်းမာမှုနှင့် ဖိအားကိုအတိုင်း အတာတစ်ခုအထိ လျှော့ချနိုင်လိမ့်မည်ဟု လေ့လာသုံးသပ်သူအချို့က ပြောသည်။

နိုင်ငံတကာမျက်နှာစာတွင် နိုဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် ကိုအခြားသောဒေသတွင်းအပါ အ၀င် နိုင်ငံ့ခေါင်းဆောင်အချို့က ယှဉ်နိုင်ခြင်းမရှိ၍ တည်တည်ငြိမ် ငြိမ်ဖြင့် အချိန်ယူဖြေရှင်းပါက ပြည်ပမှ ဖိအားပေးမှုများ လျော့ ကျလာမည်ဟု တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

‘‘တစ်အချက်ကတော့ အခု လို ကြိုပြောလိုက်တာ နိုင်ငံတ ကာကို မက်ဆေ့ခ်ျပေးလိုက်တာ ဖြစ်ပါတယ်။ ဒုတိယအချက်က ပြည်တွင်းအခြေအနေတွေကို ထိန်းသိမ်းချင်တာပေါ့’’ဟု ၎င်းက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပနေ သည့် (၇၂)ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် မူလက စီစဉ် ထားသော်လည်း ကိုယ်တိုင်မသွား ရောက်တော့ဘဲ ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူကို စေလွှတ် ရန် စီစဉ်ထားသည်။

ထို့အပြင် ကုလအထွေထွေ ညီလာခံ၌ ဒုသမ္မတ (၂) မိန့်ခွန်း ပြောမည့် ရက်မတိုင်မီ တစ်ရက် ကြိုတင်၍ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က နေပြည်တော်၌ နိုင်ငံတ ကာ သံတမန်အသိုင်းအ၀ိုင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများအား ဖိတ်ကြားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ် ပြောကြားမည်ဖြစ်သည်။

‘‘အခုအချိန်မှာ ပြောတယ် ဆိုရင်တော့ အကုန်လုံးက နား စိုက်ထောင်နေမယ်။ ဒီအခွင့်အ ရေးကို အသုံးချပြီး ပြောချင်တာ တွေ နိုင်ငံတကာလူ့အဖွဲ့အစည်း ရော၊ မြန်မာပြည်သူတွေကိုရော ပေါ့နော်။ သူပြောချင်တဲ့အချက် တွေ ပြောလိမ့်မယ်။ ဒီအခွင့်အ ရေးကို ဒေါ်အောင်ဆန်းစုကြည်က ရယူမှာပဲဗျ’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူဆောင်းပါးရှင် ဦးဇေယျသူက မှတ်ချက်ပြုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အခြေပြ မိန့်ခွန်းဖြင့် နိုင်ငံတကာသံတမန်အသိုင်းအ ၀ိုင်းနှင့် ပြည်ပမီဒီယာများအား ရှင်းပြခြင်းသည် အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက် မည်ဖြစ်ပြီး တင်းမာနေမှုအချို့ကို လည်း လျှော့ချနိုင်မည်ဟု ဦးဇေ ယျသူက သုံးသပ်သည်။

‘‘ထိထိရောက်ရောက်ဖြစ် အောင် ကြိုးစားပြီးပြောပါလိမ့် မယ်။ ဒါပေမဲ့ ဝေဖန်ခံရပါလိမ့်ဦး မယ်။ နိုင်ငံတကာအမြင်က စောင်းနေတော့လေ’’ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာက လက်ရှိအစိုးရကို နားလည်ပေးရန်လိုအပ်ပြီး နားလည်ပေးမှသာ ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီက ပြောသည်။

‘‘နိုင်ငံတကာက ဖိအားက နေလျော့ကျသွားမှာပါ။ သူ (ဒေါ်အောင်ဆန်းစုကြည်)က တ ကယ့်အခြေအနေအမှန်ကို၊ အဖြစ်မှန်ကို ရှင်းပြမှာပဲလေ။ ဘာ ကြောင့်လဲဆို ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အဓိက အင်အားက ရိုး သားမှုပဲလေ’’ဟု ၎င်းကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး အစိုးရပိုင် ရုပ်သံလိုင်းများကလည်း တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။

ထို့အတူ အရပ်ဘက်အဖွဲ့ အစည်းအချို့က မြို့ကြီးများရှိ လူစည်ကားရာနေရာများတွင် LED ဘုတ်များဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်နေသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဖြစ်တဲ့အခါကျတော့ နိုင်ငံ တကာက အလေးထားမှာပဲလေ။ ဖိအားကတော့ အထိုက်အ လျောက်တော့ လျော့နိုင်တာပေါ့’’ ဟု သတင်းစာဆရာ ဦးစည်သူ အောင်မြင့်က မှတ်ချက်ပြုသည်။

သို့ရာတွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်အချို့ ချမှတ်ထားပြီးဖြစ်ပြီး ဖိအားများ လျော့ကျရန် မိန့်ခွန်းလောက်ဖြင့် မလုံလောက်ဘဲ မြန်မာအစိုးရက ဆောင်ရွက် အကောင်အထည်ဖော်ရမည့် အခြေအနေများလည်းရှိကြောင်း ၎င်းက သုံးသပ်သည်။

Top News