ထားဝယ်တွင် ရှုပ်ထွေးမှုများ မဖြစ်စေရေး ရခိုင်အရေး ဆန္ဒဖော်ထုတ်ရန်စီစဉ်နေမှုအပေါ် တိုင်းအစိုးရအဖွဲ့ စည်းဝေးဆုံးဖြတ်မည်

ထားဝယ်တွင် အမျိုးသားရေးလှုပ်ရှားသူဟုဆိုသူအချို့က ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ ဟောပြောပွဲနှင့် စီတန်းလမ်းလျှောက်ဆန္ဒထုတ် ဖော်ပွဲပြုလုပ်ရန် စီစဉ်နေသည့် အပေါ် ခွင့်ပြု၊မပြုကို ယနေ့ (စက်တင်ဘာ  ၁၄ရက်) အစိုးရအဖွဲ့အစည်းအဝေးပြုလုပ် ဆုံးဖြတ် မည်ဖြစ်ကြောင်း တိုင်းလူမှုရေးနှင့် စည်ပင်ဝန်ကြီး ဦးဟိုပင်က ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့ခံ လူငယ်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ အမျိုးသားရေး လှုပ်ရှားသူဟုဆိုသူ   အချို့ ဦးဆောင်မည့် အဆိုပါဆန္ဒထုတ် ဖော်ပွဲကို တန်ပြန်ဆန္ဒထုတ်ဖော် ရန် စီစဉ်နေကြောင်း သတင်းရရှိ ထားပြီး ပြဿနာများ ပိုမိုရှုပ်ထွေး လာနိုင်၍ ဥပဒေနှင့်အညီ ဖြေရှင်း နိုင်ရန် တိုင်းဒေသကြီး ဥပဒေချုပ် ထံ အကြံဉာဏ်တောင်းခံထား ကြောင်း ၎င်းက ပြောသည်။

အဆိုပါပွဲ စီစဉ်သူများသည် မဘသအဆက်အနွှယ်များဖြစ်ပြီး ယခင် တနင်္သာရီတိုင်း မဘသ ဥက္ကဋ္ဌ၊ ပန်းသုံးဝကျောင်းတိုက် ဆရာတော်နှင့် ချိတ်ဆက်စီစဉ် ခြင်းဖြစ်သည်ဟု ဝန်ကြီးဦးဟိုပင် က ရှင်းပြသည်။

‘‘ထိပ်တိုက်တွေဖြစ်လာမှာ ကျွန်တော်တို့ဘက်က စိုးရိမ်ပါ တယ်။ ကျွန်တော်တို့ဒေသမှာ ပဋိပက္ခမရှိဘူး။ အေးချမ်းနေတဲ့ ဒေသပါ။ ကျွန်တော်တို့အမြင်က တော့ လုပ်ဖို့မလိုအပ်ဘူးလို့ထင် ပါတယ်။ ဒေသခံတွေရဲ့ စိတ်ထား ကိုလည်း ကျွန်တော်တို့သိပါ တယ်’’ဟု ဦးဟိုပင်က ပြောသည်။

စက်တင်ဘာ ၁၂ ရက်က စ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် နေသော အစွန်းရောက်ဘင်္ဂါလီ များ၏ အကြမ်းဖက်တိုက်ခိုက်မှု အပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေး ပြည်သူ့ဆန္ဒ ထုတ်ဖော်ပွဲဆိုသည့် ဖိတ်ကြား လွှာကို လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေမှုများရှိနေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီခန့်က ခွင့်ပြု ချက် တောင်းခံခြင်းမရှိဘဲ ဆန္ဒ ဖော်ထုတ်ရန် ဖိတ်စာဖြန့်ဝေခြင်း သည် ဥပဒေနှင့်မညီကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတစ်ခု လုံး မတည်မငြိမ်ဖြစ်စေရန် ဖန် တီးသကဲ့သို့ဖြစ်နေကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

ထို့အပြင် တရားဝင်ခွင့်ပြု ချက် တောင်းခံထားခြင်းမရှိသော ဆန္ဒဖော်ထုတ်ပွဲကျင်းပမည့် ဖိတ် ကြားစာကို လူမှုကွန်ရက်ပေါ် တင်ခြင်းမပြုလုပ်သင့်ကြောင်းနှင့်ပြည်သူအားလုံး ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ်ကြရန် လိုအပ်ကြောင်း ‘ပြည်သူသို့ ပန်ကြားချက်’ အမည်ဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ စီစဉ်သူများထံ 7Day Daily သတင်းစာက စက်တင်ဘာ ၁၃ ရက်၌ ဖုန်းဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အ သွယ်မရရှိခဲ့ပေ။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ထား ဝယ်မြို့ ညောင်ရမ်းတောင်ရပ် ကွက်ရှိ ဘုန်းကြီးပျံကုန်း၌ မွန်း တည့် ၁၂ နာရီတွင် လူစု၍ မွန်းလွဲ၁ နာရီ၌ ရွှေဝယ်သီရိရင်ပြင် အထိ စီတန်းလှည့်လည်မည်ဖြစ် ပြီး ဒေသခံမဟုတ်သော အရှင် ဇနိတ (ချစ်သုံးချစ်ဆရာတော်၊ တိုက်ကြီး)နှင့် သူရိန်မင်းထွန်း (အညတြကပ္ပိယ၊ ဘားအံ)တို့က ဦးဆောင်၍ ဒေသခံဆရာတော်၊ လူပုဂ္ဂိုလ်များပါ ဟောပြောမည် ဟု ဖိတ်ကြားစာတွင် ဖော်ပြထား သည်။

ရခိုင်ပြည်နယ်အခြေအနေ နှင့်ပတ်သက်၍ ဟောပြောပွဲတစ် ခုကို စက်တင်ဘာ ၁၀ ရက်က ဘားအံမြို့တွင် ပြုလုပ်ရာ ဦးဝီရသူ အပါအဝင် အမျိုးသားရေးလှုပ် ရှားသူဟုဆိုသူများက အစိုးရအ ပေါ် ထိခိုက်စေသည့် ဟောပြော မှုများ ပြုလုပ်ခဲ့သည်။ ယင်းပွဲစီစဉ် သူများကို ငြိမ်းစုစီဥပဒေဖြင့် အ ရေးယူမည်ဟု ဒေသအာဏာပိုင် များက ပြောကြားထားသည်။