လူမျိုးရေး၊ ဘာသာရေးအကြောင်းပြု လှုံ့ဆော်မှုများတွင် အကျိုးစီးပွားများ ပုံဏ္ဌာန်မျိုးစုံဖြင့် ပါဝင်နေဟု ၈၈ ငြိမ်းပွင့်ခေါင်းဆောင်များပြော

သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ တစ်သားတည်းရပ်တည်မည်ဟု ၈၈ ငြိမ်းပွင့်ပြော

ရခိုင်ပြည်နယ်အခြေအနေကို အကြောင်းပြု၍ သမ္မတဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အစိုးရအား အကျပ်အတည်းဖြစ် ရန်၊ အင်အားချည့်နဲ့ရန် လုပ်ဆောင် ပါက လက်ခံမည်မဟုတ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းခေါင်းဆောင်များက စက် တင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

‘‘နိုင်ငံတကာမှာ ဝါဒဖြန့်ချိ တာ ခံထားရတာကိုက ကျွန်တော် တို့နိုင်ငံ၊ ကျွန်တော်တို့တွေကပဲ အနိုင်ကျင့်သလို ပုံဖော်ခံနေရတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ နောက်ထပ် အဲဒါမျိုးကို ပိုအားကောင်း စေတဲ့ အရာမျိုးတော့ ဘယ်သူမှ မိုက်မိုက်မဲမဲ မဖန်တီးပါနဲ့။ ဖန်တီး ရင်တော့ ကျွန်တော်တို့ လက်ခံ မှာမဟုတ်ဘဲ ကျွန်တော်တို့ အ စွမ်းရှိသမျှ ကာကွယ်သွားမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ သဘော ထားပါ’’ဟု ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးမင်းကိုနိုင် က ပြောသည်။

ရခိုင်ဒေသ အကြမ်းဖက်ခံရ မှုများနောက်တွင် ဒေသအသီး သီးရှိ လူမျိုးရေး၊ ဘာသာရေး အ ကြောင်းပြုလှုံ့ဆော်မှု၊ ကောလာ ဟလဖြန့်ချိမှုများရှိရာ ထိုအခြေအ နေများသည် အစိုးရကို အကျပ် အတည်းဖြစ်စေရန် လုပ်ဆောင် သည်ဟု ယူဆကြောင်း ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် များက ပြောသည်။

‘‘အကျိုးစီးပွားဟာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ပါနေတယ်ဆိုတာကို ကျွန် တော်တို့ မြင်နေရတယ်’’ဟု ဦးမင်းကိုနိုင်က ပြောသည်။

မောင်တောဒေသ အကြမ်း ဖက်မှုများ ဖြစ်ပွားပြီးနောက် မကွေးတိုင်း တောင်တွင်းကြီးမြို့ တွင် စက်တင်ဘာ ၁၀ ရက်ညက တုတ်၊ ဓား လက်နက်များ ကိုင် ဆောင်ထားသည့် လူတစ်စုက ဆူ ပူလှုံ့ဆော်မှုများ ပြုလုပ်ပြီး အစ္စ လာမ်ဘာသာဝင်များ၏ ဆိုင်ခန်း အချို့ ဖျက်ဆီးခံရသည်။

စက်တင်ဘာ ၁၂ ရက် ည က စမ်းချောင်းမြို့နယ်အတွင်း အစ္စ လာမ်ဘာသာဝင်များကို သတ်ပစ်မည်ဟု အမျိုးသားတစ်ဦးက အော်ဟစ်ပြောကြားပြီး ထိုသူကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ထောင်ရှစ်ရက်ချခဲ့သည်။

ထို့အတွက် အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လိုအပ် သလို ပဋိပက္ခဖြစ်ပွားနိုင်သည့် အ ခြေအနေများကို အချိန်နှင့်တစ် ပြေးညီထုတ်ပြန်ပေးရန်၊ ပဋိပက္ခ ဖြစ်ပွားရန် လှုံ့ဆော်သူများကို ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းခေါင်းဆောင်များက တိုက် တွန်းသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်များသည် စက်တင်ဘာ ၂ ရက်မှ ၁၁ ရက်အထိ ရခိုင်ပြည် နယ် ဘူးသီးတောင်၊ မောင်တော နှင့် စစ်တွေမြို့သို့ သွားရောက်၍ အရေးပေါ်ကူညီထောက်ပံ့ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံသည့် အ ခြေအနေများကို သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြား သည်။

ရခိုင်ပြည်နယ်အတွင်း အ ကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားရာ မြို့နယ်များရှိ ဒေသခံများ သည် စားနပ်ရိက္ခာထက် အသက် အိုးအိမ်လုံခြုံမှုပေးရန်သာ တောင်းဆိုကြောင်း ၎င်းတို့က ဆိုသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အ တူ တစ်သားတည်းရပ်တည်သွား မည်ဟုလည်း ဆက်လက်ပြော ကြားသည်။

 ‘‘တကယ့်တကယ်ဖြစ်နေတဲ့ ပြဿနာက ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ၊  အစားအ သောက် ပြဿနာ မဟုတ်ဘူး၊ အဝတ်အထည် ပြဿနာမဟုတ် ဘူး။ တကယ်ဖြစ်နေတာက သူတို့ ရဲ့ အသက် အိုးအိမ်နဲ့ ဘဝလုံခြုံ မှု ပြဿနာဖြစ်နေတယ်။ သူတို့ အတွက် အကာအကွယ်ပေးဖို့ဟာ အဓိကလိုအပ်နေတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေက ငါတို့လုံခြုံတယ် လို့ ယုံကြည်စိတ်ချရတဲ့ အနေအ ထားမျိုး ဖန်တီးပေးရမယ်’’ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးဂျင်မီက ပြောသည်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ်များရှိ နိုင်ငံသားများ လုံခြုံမှု ကို အကာအကွယ်ပေးနိုင်ရန် လုံ ခြုံရေးအင်အားကို ပိုမိုတိုးမြှင့် ထားရန်နှင့် ပြည်သူလူထုမြင်သာ သည့် လုံခြုံရေးစနစ်အဖြစ် စနစ် တကျစီမံပေးရန် လိုအပ်ကြောင်း အဆိုပါဒေသသို့ သွားရောက်ခဲ့ သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးက ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေ ဖြင့် ရခိုင်ခရီးစဉ်ကို ရိက္ခာပို့ ဆောင်ရုံသက်သက်မဟုတ်ဘဲ အ ကြမ်းဖက်မှုကြောင့် တိမ်းရှောင် နေသည့် ပြည်သူအားလုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီရန် သွားရောက်ခဲ့ ကြောင်း ၎င်းက ပြောသည်။

‘‘နိုင်ငံသူ၊ နိုင်ငံသားချင်းအ တူတူ၊ ခံစားရတာချင်းအတူတူ၊ ဒုက္ခခံရတာချင်းအတူတူမှာ တစ် ဖက်စောင်းနင်း  ဖြစ်ပေါ်နေတဲ့ တချို့သတင်းတွေ၊ တင်ပြချက်တွေကို စိတ်မကောင်းစရာတွေ့ရ တယ်။ ကျွန်မတို့ တကယ်ကွင်း ဆင်းတဲ့နေရာမှာ နိုင်ငံသူ၊ နိုင်ငံ သားတွေဟာ ဒီဒုက္ခတွေကို အတူတူခံစားနေရတယ်။ လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ မြို၊ ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး အဲဒီလို တခြားသော လူမျိုးစုတွေရဲ့ အခန်းကဏ္ဍ နစ်နာမှုတွေ  ဆုံးရှုံးမှုတွေရဲ့ အခန်းကဏ္ဍကို တင် ပြတာ အင်မတန်မှ နည်းတာကို တွေ့နေရပါတယ်’’ ဟု မမီးမီးက ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေ ဖြင့် ရခိုင်ပြည်နယ်အတွင်းထောက်ပံ့ရေးခရီးစဉ်အတွက် ကျပ်သိန်း ၂၀၀ ခန့် သုံးစွဲခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ပြောသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသတွင် ဩဂုတ် ၂၅ ရက်က စတင်၍ ARSA အစွန်းရောက် အ ကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ဒေသခံများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်း များ သေဆုံးဒဏ်ရာရရှိခဲ့ပြီး ဒေသခံငါးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။