ချန်ပီယံလိဂ်တွင် ဘာကာ၊ ချယ်လ်ဆီး၊ ဘိုင်ယန်၊ မန်ယူနှင့် ပီအက်စ်ဂျီတို့ အနိုင်ရ

ယမန်နေ့က ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များတွင် ဘာစီလိုနာ၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ မန်ယူစသော အသင်း ကြီးများအားလုံး အနိုင်ရရှိခဲ့ပြီး ပီအက်စ်ဂျီနှင့် စီအက်စ်အေကေ မော်စကိုတို့လည်း နိုင်ပွဲများဖြင့် စတင်ခဲ့သည်။


ဘာစီလိုနာက ဂျူဗင်တပ် ကို ၃-၀ ဂိုးဖြင့် ပြတ်ပြတ်သား သားအနိုင်ယူပြီး ချန်ပီယံလိဂ် အဖွင့်ကို လှလှပပစတင်ခဲ့ကာ မက်ဆီက နှစ်ဂိုးသွင်းယူခဲ့သည်။ ဘာကာအတွက် အသစ်ခေါ်ယူ ထားသော ဒမ်ဘီလီစတင် ပါဝင် ကစားခဲ့သော် ခြေစွမ်းပြသူက မက်ဆီဖြစ်ပြီး ပထမပိုင်း ပြီးခါနီး တွင် အဖွင့်ဂိုးရယူခဲ့သည်။ ဘာကာအတွက် ဒုတိယဂိုးကို ရာကီ တစ်က သွင်းယူရာတွင်လည်း မက်ဆီပံ့ပိုးခဲ့ပြီး ၆၉ မိနစ်တွင် မက်ဆီက တတိယဂိုးသွင်းယူခဲ့ သည်။

‘‘မက်ဆီကို ပြိုင်ဘက်အနေ နဲ့တုန်းက အကြိမ်အများအပြား အသည်းကွဲခဲ့ရတယ်။ အခုတော့ မက်ဆီ ကျွန်တော့်အသင်းမှာရှိ တာကံကောင်းပါတယ်’’ဟု ဘာ ကာနည်းပြ ဗယ်လ်ဗာဒီက ပြော သည်။ အခြားအုပ်စု (D)ပွဲတွင် စပို့တင်းလစ္စဘွန်းက အိုလံပီယာ ကော့စ်ကို အဝေးကွင်းတွင် ၃-၂ ဂိုးဖြင့်  နိုင်ပြီး လာမည့်ပွဲ၌ ဘာကာနှင့် တွေ့မည် ဖြစ်သည်။

ဘာကာ ကစားသမား ဟောင်း နေမာပါဝင်သော ပီအက်စ်ဂျီကလည်း အဝေးကွင်း တွင် ဆဲလ်တစ်ကို ငါးဂိုးပြတ် ချေ မှုန်းခဲ့ပြီး ပြိုင်ဘက်များကို သတိပေးလိုက်သည်။ ယင်းပွဲတွင် ကာဗာနီက နှစ်ဂိုးသွင်းယူပြီး နေမာက တစ်ဂိုးသွင်းကာ မက်ဘီအ တွက် တစ်ဂိုးဖန်တီးပေးခဲ့သည်။ ဆဲလ်တစ် နောက်တန်းလူမီခေးလ်က ကိုယ့်ဂိုးကိုယ် တစ်ဂိုး သွင်းယူခဲ့သည်။

ချယ်လ်ဆီးက ကာရာဘက်ကို ခြောက်ဂိုးပြတ်အနိုင်ရပြီး မတူညီသူငါးဦးက တစ်ဂိုးစီသွင်းခဲ့ကာ ကိုယ့်ဂိုးကိုယ်သွင်းသော တစ်ဂိုးလည်းပါဝင်ခဲ့ သည်။

မန်ယူက ဘေဆယ်ကိုသုံး ဂိုးပြတ်အနိုင်ရသော်လည်း ၂-၀ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် ကစားအားလျှော့ချခဲ့သော အသင်းသားများကို နည်းပြမော်ရင်ဟိုက ပြစ်တင်ကြိမ်မောင်းခဲ့ပြီး ကိုယ်တိုင်လည်းဂိုးသွင်းကာ ရက်ရှ်ဖို့ဒ်ကို ဂိုးဖန်တီးပေးခဲ့သော ဖယ်လိုင် နီအားချီးကျူးပြောကြားသည်။

ဘိုင်ယန်မြူးနစ်ကလည်း ပွဲ ချိန်မိနစ် ၈၀ နီးပါး ၁၀ ဦးတည်း နှင့် ကစားခဲ့ရသော အန်ဒါလက်ခ်ျကိုသုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရိုးမားနှင့် အက်သလက်တီကိုတို့ပွဲတွင် ဂိုးမရှိသရေဖြစ်ခဲ့သည်။