အရေးယူ ပိတ်ဆို့မှုများအတွက် အမေရိကန် အနာကျင်ဆုံး ခံစားရစေမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

၎င်းတို့အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ ပြုလုပ်ခဲ့သည့်အတွက် အမေရိကန် အနေဖြင့် အနာကျင်ဆုံး ထိခိုက် ခံစားစေရမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ ပြဋ္ဌာန်း သတ်မှတ်ရန် အမေရိကန်က ဦးဆောင် တင်သွင်းသည့် အဆိုကို အတည်ပြုခဲ့သည်။ မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး တစ်ပတ်အကြာတွင် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှု အသစ်များကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အရေးယူမှု အစီအစဉ် အသစ်များတွင် မြောက်ကိုရီးယားသို့ လောင်စာဆီ တင်သွင်းမှုများကို ကန့်သတ်ရန်၊ မြောက်ကိုရီးယား၏ အဝတ်အထည်များ ပြည်ပသို့ တင်ပို့မှုကို တားဆီးရန် အစရှိသည်တို့ ပါဝင်သည်။ ထိုသတ်မှတ်ချက်များသည် မြောက်ကိုရီးယား အစိုးရ၏ စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေဖွယ် ရှိနေသည်။

မြောက်ကိုရီးယား၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဟန်တေဆွန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သတ်မှတ် ပိတ်ပင်မှုများသည် တရားမဝင်သလို မျှတမှု လုံးဝမရှိကြောင်းနှင့် ယင်းအတွက် အမေရိကန်သည် မိမိတို့၏ အမျက်ဒေါသကို ကြုံရစေမည်ဟု ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားအပေါ် အခုနောက်ဆုံး သတ်မှတ် ပိတ်ပင်ခဲ့တဲ့ ပြဋ္ဌာန်းချက်တွေအတွက် အမေရိကန်ဟာ အနာကျင်ဆုံး ခံစားရစေမယ်။ သူတို့သမိုင်း တလျှောက်မှာ အဆိုးဆုံး ဒုက္ခမျိုးနဲ့ ကြုံရလိမ့်မယ်”ဟု ၎င်းက ခြိမ်းခြောက်ခဲ့သည်။

ယခု အရေးယူ ပိတ်ဆို့မှုသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်နှင့် ဒုံးကျည်နည်းပညာ အဆင့်မြှင့် စမ်းသပ်မှုများအတွက် ကုလသမဂ္ဂ၏ နဝမအကြိမ် အရေးယူ ပိတ်ဆို့မှုလည်း ဖြစ်လာကြောင်း သိရသည်။

Ref: CNN