စိုးတထိတ်ထိတ် မြန်မာ့ခရီးသွားလောက

ဆံတော်ရှင် ဗိုလ်တထောင်စေတီသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ် ဓာတ်ပုံ − နစ်ကီ

အမှောင်ဖုံးသော သောကြာနေ့ (Black Fir-day) ဟူ မြန်မာ့အစိုး ရက တင်စားသတ်မှတ်ခဲ့သည့် သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက် ခိုက်မှုများဖြစ်ပွားပြီးနောက် ပြည်တွင်းနှင့် ကမ္ဘာ့မီဒီယာအသီးသီးတွင် မြန်မာ့သတင်းများသည် ထိပ်တန်းသတင်းအဖြစ် ရက်ပေါင်းများစွာ ရှိနေခဲ့သည်။


 လူမှုကွန်ရက်များတွင် လည်း မီးလောင်ထားသည့် ကျေး ရွာများ၊ နေရပ်စွန့်ခွာထွက်ပြေး လာသူများ၏ ဓာတ်ပုံနှင့် ရုပ်သံ ဖိုင်များ မိနစ်ပိုင်းမခြား ပျံ့နှံ့လာခဲ့ သည်။ ထို့အပြင် အခြားနိုင်ငံများ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ သည် ပုံများဖြင့် သတင်းမှားဖြန့်ချိမှု မှာလည်း တွစ်တာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ကမ္ဘာပတ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်သည် ကမ္ဘာမီဒီယာနှင့် အာရပ်နိုင်ငံများမှ စိတ်ဝင်တစားစောင့်ကြည့်ခံရသောနေရာ ဖြစ်လာ သည်။

ရခိုင်ပြည်နယ်မှ ပြဿနာ များက မြန်မာ့ခရီးသွားလုပ်ငန်းအ ပေါ် သက်ရောက်မှုများရှိလာ သည်။ ရခိုင်မြောက်ပိုင်း အကြမ်း ဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်များဖြစ်သည့် တွစ် တာနှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့ တွင် သတင်းအမှားများ၊ ဓာတ်ပုံ အမှားများ အရှိန်ပြင်းစွာ ပျံ့နှံ့လာ ခြင်း၏ အကျိုးဆက်ကြောင့် မွတ်စလင်ဘာသာဝင်အများစု နေထိုင်ရာ နိုင်ငံများဖြစ်သည့် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများတွင် မြန်မာအစိုးရ ပြင်းပြင်းထန်ထန် ဆန္ဒပြကန့်ကွက်မှုခဲ့သည်။ ရုရှားနိုင်ငံရှိ ချေချင်ညာဒေသတွင်လည်း မွတ်စလင် ဘာသာဝင်များကလည်း ဆန္ဒပြခဲ့သည်။

ဆန္ဒပြကန့်ကွက်မှုများနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများကြောင့် မကြာ မီ ရောက်လာမည့် ခရီးသွားရာသီ တွင် မြန်မာနိုင်ငံသို့ လာရောက် မည့် နိုင်ငံခြားသားများက လာ သင့်၊ မလာသင့် ခရီးစဉ်ကို မေး မြန်းမှုများရှိလာသည်ဟု ခရီးသွား လုပ်ငန်းရှင်များက ဆိုလာသည်။

‘‘အနောက်နိုင်ငံတွေ အထူး သဖြင့် ဥရောပနိုင်ငံတွေက ခရီး သွားတော့ စဉ်းစားသွားကြပြီ။ လာ မယ့် ပွင့်လင်းရာသီမှာ သူတို့လာ ဖို့ကတော့ အနည်းနဲ့အများတော့ စဉ်းစားသွားကြပြီ’’ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူး ဒေါ်ဆွေဇင်ဦးက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း တွင်ဖြစ်ပွားနေသည့် အခြေအနေ များကြောင့် ခရီးစဉ်အချို့ ဖျက် သိမ်းမှုများရှိနေသည်။ မြောက်ဦး သို့ လာရောက်မည့် ရုရှားခရီးသွား ၃၀ သည် ခရီးစဉ် ပယ်ဖျက်သွား သည်ဟု Nature Dream ခရီးသွား လုပ်ငန်းမန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။

‘‘ငပလီခရီးစဉ်တွေကိုပါ ကူး စက်လာတဲ့ သဘောရှိတယ်။ မေး လာကြတယ်။ မတည်ငြိမ်တဲ့ သ တင်းတွေတက်နေကြတော့ လာ သင့်လား၊ မလာသင့်ဘူးလားဆို ပြီးတော့’’ဟု ဒေါ်စံပယ်အောင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက အကြမ်းဖက်တိုက်ခိုက် မှုအပြီး သုံးရက်အကြာ သြဂုတ် ၂၈ ရက်တွင် ကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် ‘‘မောင် တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ သော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော မြောက်ဦးဒေသနှင့် ငပလီကမ်းခြေတို့မှာ နယ်မြေလုံခြုံအေးချမ်းမှုရှိသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် စိတ်ချစွာ လာ ရောက်လည်ပတ်နိုင်သော အခြေ အနေတွင်ရှိနေကြောင်း’’ ဖော်ပြ ထားသည်။

ထို့အတူ အထက်ပါနေရာ နှစ်ခုသည် လုံခြုံစိတ်ချရသော နေ ရာများအဖြစ် တည်ရှိနေ၍ လာ ရောက်လည်ပတ်ရန် ဖိတ်ခေါ်လို ကြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်ကြောင့် လာမည့် ခရီးသွား ရာသီတွင် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ လာ ရောက်ရန် တွေဝေမှုအချို့ရှိလာ နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင် အချို့က ဆိုသည်။

‘‘အခုဖြစ်နေတဲ့နေရာက မြန်မာနိုင်ငံရဲ့ အဓိကခရီးစဉ်ဒေသ တွေနဲ့ ဝေးတယ်ဆိုပေမယ့် နိုင်ငံရဲ့ ပုံရိပ်ကတော့ နည်းနည်းထိခိုက် တာပေါ့။ နိုင်ငံတကာမီဒီယာတွေ မှာလည်းပွနေတော့ မြန်မာပြည်ကို မသွားသေးဘူးဆိုတာမျိုးလည်း ဖြစ်လာနိုင်တာပေါ့။ ပိုကြီးလာမ လားဆိုတာ စောင့်ကြည့်ရမှာပါ’’ ဟု မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စုစု တင်က ဆိုသည်။

မြန်မာနိုင်ငံသို့ ၂၀၁၆ တွင် နိုင်ငံခြားသားဝင်ရောက်မှု ၂ ဒသမ ၉ သန်းရှိပြီး ၂၀၁၅ တွင် ၄ ဒသမ ၆ သန်းရှိသည်။ ၂၀၁၇ နှစ်ကုန်တွင် နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၅ ရာခိုင်နှုန်းဝင်ရောက်ရန် ခန့်မှန်းထားသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင် ရာ ကောင်စီ၏ တွက်ချက်မှုများအ ရ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍမှ နိုင်ငံအတွက် ၀င်ငွေ ၂၀၁၅ တွင် ကျပ်ငွေဘီလီယံ ၃,၂၀၀ ကျော်ရှိ

ပြီးနိုင်ငံတစ်ခုလုံးဝင်ငွေ စုစုပေါင်းGDP ၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ၂၀၂၅ တွင် စုစုပေါင်းဝင်ငွေ ကျပ်ဘီလီယံ ၇,၂၀၀ ကျော်ရှိပြီး နိုင်ငံ GDP ၏ ၆ ဒသမ ၁ ရာခိုင်နှုန်းရှိလာမည်ဟုဆိုထားသည်။

ထို့အပြင် မြန်မာ့ခရီးသွား လုပ်ငန်းဆိုင်ရာကဏ္ဍတွင် အလုပ် အကိုင်ပေါင်း ၁ ဒသမ ၁၆ သန်း ဖန်တီးထားပြီး ၂၀၂၅ ၌ နှစ်သန်း ကျော် အလုပ်အကိုင်ရရှိလာမည့် ကဏ္ဍဖြစ်သည်။

လတ်တလောဖြစ်ပွားနေ သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုများကြောင့် ခရီး သွားလုပ်ငန်းဝင်ငွေသည် ထိခိုက်မှုများရှိလာမည်ဟု လုပ်ငန်းရှင်များက သုံးသပ်သည်။

ဧည့်လမ်းညွှန် ဦးရန်ပိုင်က လက်ရှိပြဿနာများသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပိုမိုထိခိုက်လာနိုင်ခြင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုအသွင်ထက် ဘာသာရေးတိုက်ခိုက်မှု အသွင်ဆောင် ကောလာဟလများက ဖန်တီးနေခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

‘‘အခုက အမုန်းတွေနှစ်ဖက် ပြည့်နှက်နေကြပြီ။ နောက်ပြီး တစ်ဖက်ကိုတစ်ဖက် ကောလာဟ လတွေနဲ့ ပုတ်ခတ်နေကြတယ်။ ဒါက ခရီးသွားလုပ်ငန်းကို ထိခိုက် မှုတော်တော်များလာလိမ့်မယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုအချက်များကြောင့် မြန်မာ ကို နိုင်ငံတကာ အသိုင်းအ၀န်း က ဖယ်ကြဉ်လာမည်ကို စိုးရိမ်မိ ကြောင်း ဦးရန်ပိုင်ကပြောသည်။

လက်ရှိပြဿနာများကြောင့် အစ္စလာမ်ဘာသာဝင်အများစုနေ ထိုင်သော နိုင်ငံများမှ ခရီးသွားများ ၀င်ရောက်မှုလျော့ကျနိုင်သည်ဟု ဒေါ်ဆွေဇင်ဦးက သုံးသပ်သည်။ သို့သော် မြန်မာ့ခရီးသွားလုပ်ငန်း သည် တရုတ်၊ ထိုင်းလူမျိုးသာ အဓိက၀င်ရောက်သဖြင့် ခရီးသွား လုပ်ငန်းကို ချက်ချင်း ထိခိုက်ဦးမည်မဟုတ်သေးကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ အဓိကလာ ရောက်သည့် နိုင်ငံသားများသည်ထိုင်းနိုင်ငံမှဖြစ်ပြီး ဒုတိယ တရုတ်လူမျိုးများဖြစ်သည်။ ထို့နောက် အမေရိကန်နိုင်ငံမှ လာရောက်မှုအများဆုံးဖြစ်သည်။

ပြည်တွင်းမှ ဆိုရှယ်မီဒီယာ အသုံးပြုနေသူများသည် အကြမ်း ဖက်မှုကို ဆန့်ကျင်ရမည့်အစား မျိုးနွယ်စုတစ်ခု၊ ဘာသာတစ်ခုကို ဦးတည်တိုက်ခိုက်နေမည်ဆိုလျှင် နိုင်ငံ၏ ၀င်ငွေရှာဖွေပေးသည့် ခရီးသွားလုပ်ငန်းကို အနှေးနှင့်အ မြန် ထိခိုက်လာမည်ဖြစ်ကြောင်း ဦးရန်ပိုင်က ပြောသည်။

ခရီးသွားလုပ်ငန်းကဏ္ဍမထိ ခိုက်စေရန် သတင်းမှားနှင့် သတင်း မှန်နှစ်ခုစလုံးကို ဧည့်လမ်းညွှန်များ၊ ခရီးသွားကုမ္ပဏီများက ဖတ်ရှုထားသင့်ပြီး တစ်ဖက်မှ မေးလာ သည့်အကြောင်းအရာများကို သ တင်းမှားဖြစ်ကြောင်း ပြန်လည် ရှင်းပြရန်လိုအပ်ကြောင်း ဒေါ်ဆွေ ဇင်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားသား ခရီးသွားဆွဲဆောင်မှုအရှိဆုံးဖြစ် သည့် ပုဂံနှင့်ငပလီ၌ လာမည့်ခရီး သွား ရာသီတွင် ပြည်ပခရီးသွား များအတွက် ဟိုတယ်အခန်း ကြို တင်မှာထားမှုများ စတင်လက်ခံ နေပြီး ပုံမှန်နှုန်းထား ရှိနေသည်ဟု ထိုဒေသများမှ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

‘‘ငပလီမှာလည်း အေးအေး ချမ်းချမ်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဂရု စိုက်ပြီးတော့ လုပ်နေတာပေါ့။ ဟို တယ်အသင်းမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခဏတွေ့ဆုံ ပြီး ဆွေးနွေးကြပါတယ်။ နီးလာတဲ့ အခါကျမှ နိုင်ငံတကာမီဒီယာတွေ က တစ်ခုခုဖော်ပြလိုက်မှာစိုးရိမ် တာပေါ့’’ဟု ငပလီဟိုတယ်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်း ဦးက ပြောသည်။

ယခု ခရီးသွားရာသီမရောက် မီကာလဖြစ်သည့် စက်တင်ဘာ တွင် အခန်းကြိုတင်မှာယူမှု ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု Aureum Place Hotel နှင့် နန်းမြင့် တာဝါတို့၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်သိုက်က ပြောသည်။

လက်ရှိနယ်မြေမတည်ငြိမ်မှု များဖြစ်ပွားနေသည့် ရခိုင်ပြည် နယ်မြောက်ပိုင်းဒေသသည် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သွားရောက်လည်ပတ်ရန် ခွင့်ပြုမထားသော ဒေသများဖြစ်သည်ဟု ၀န်ကြီးဌာနက ယခင်ကပင် သတ်မှတ်ထားသော နယ်မြေများလည်းဖြစ်သည်။

‘‘အခု မတည်ငြိမ်မှုတွေဖြစ် နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေက မြန်မာနိုင်ငံရဲ့ ခရီး စဉ်ဒေသတွေနဲ့ မိုင်ပေါင်းများစွာ ကွာဝေးပြီးတော့ ဘေးအန္တရာယ် ကင်းစွာနဲ့ လာရောက်လည်ပတ် နိုင်ပါတယ်’’ဟု ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူး ဒေါ်ခင်သန်းဝင်းက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ခရီး သွားများ သိသင့်သည့်အချက်အ လက်များကို ဌာန၏ တရားဝင် ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော် ပြထားသည်ဟု ဆိုသည်။

‘‘လောလောဆယ် လုံခြုံရေး အစီအမံတွေလည်း ရှိနေပြီ ထိန်း ချုပ်နိုင်ပြီဆိုရင်တော့ လာမယ့်ပွင့် လင်းရာသီမှာ သွားလို့ကောင်းပါ တယ်’’ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

နိုင်ငံတကာသံရုံးများအနေ ဖြင့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံ သို့ သွားရောက်လည်ပတ်ခြင်းမပြု ရန် တားမြစ်မှုမရှိသေး၍ ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှုကြီး ကြီးမားမားမရှိသေးပေ။ သို့သော် မတည်ငြိမ်မှု အခြေအနေများ လည်း ကာလရှည်ကြာလာပါက ခရီးသွားလုပ်ငန်းကဏ္ဍကို ထိခိုက် မှုများလာနိုင်သည်ဟု လုပ်ငန်းရှင် များက ဆိုသည်။

ထို့ကြောင့် သတင်းမှားကို လူမှုကွန်ရက်များတွင် တင်နေခြင်းသည် အလားအလာကောင်းများရှိနေသည့် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုဖျက်ဆီးနေခြင်းသာဖြစ်ပြီး ထိုသို့ မလုပ်ဆောင်ရန်လိုအပ်ကြောင်း ဧည့်လမ်းညွှန် ဦးရန်ပိုင်က အကြံ ပြုသည်။

ထို့ပြင် မန်နေဂျင်းဒါရိုက်တာ ဦးအောင်သိုက်က နိုင်ငံတကာသို့ အဖြစ်မှန်အတိုင်း သိမြင်အောင် ၀န်ကြီးဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ နည်းလမ်းရှာဖွေပြီး အမြန်ဆောင်ရွက်သင့်သည်ဟု အကြံပြုသည်။။