ပဲအစားထိုး စိုက်ပျိုးနိုင်မည့် ဈေးကွက်ရသီးနှံ အစိုးရပြောကြားရန်လိုဟု တောင်သူများပြော

လုပ်ငန်းခွင်ဝင်နေသော တောင်သူတစ်ဦး (ဓာတ်ပုံ − အီးပီအေ)

ပဲဈေးကွက်မတည်ငြိမ်၍ ပဲအစားထိုးစိုက်ပျိုးနိုင်မည့် ဈေးကွက်ရသီးနှံကို အစိုးရက ပြောကြားပေးစေလိုကြောင်း ပဲစိုက်တောင်သူများက ပြောသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရောင်းချခွင့်ရရန် မလွယ်ကူကြောင်း သတင်းများပေါ်ထွက်လာပြီးနောက် ပြည်တွင်းပဲဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံဈေး များ မတည်မငြိမ်ဖြစ်ကာ ကျဆင်းနေသည်။

ပဲစိုက်ပျိုးရမည့် ရာသီချိန်တွင် ပဲစိုက်သင့်၊ မသင့် ဝေခွဲမရဖြစ်နေပြီး မည်သည့်သီးနှံစိုက်ပျိုးရမည်ကိုမသိကြောင်း ပဲစိုက် တောင်သူများက ပြောသည်။

‘‘စိုက်ပြီးတော့လည်း ဝယ်လက်မရှိဘူး၊ ဈေးကောင်းမရဘူး ဆိုရင်လည်း အလကားပဲ။ သီးနှံ အောင်မြင်ဖို့နဲ့ ဈေးကွက်ရှိဖို့က အရေးကြီးတယ်။ ဈေးကွက်ရှိပေ မယ့်လည်း ရေမြေရာသီဥတုနဲ့ မကိုက်လို့ သီးနှံအောင်မြင်အောင် မနည်းလုပ်ရမယ်ဆိုရင် အဆင် မပြေဘူး။ အတွေ့အကြုံလည်း လိုအပ်သေးတယ်’’ ဟု လွတ်လပ် သော တောင်သူလယ်သမားများ အသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

ရာသီဥတု၊ မြေဆီလွှာနှင့် ကိုက်ညီကာ ဈေးကွက်ဝင်သီးနှံ ကို အစိုးရက တောင်သူများအတွက် အချိန်မီထုတ်ပြန်ကြေညာ ပေးစေလိုကြောင်း ၎င်းက ဆိုသည်။ ဟင်္သာတမြို့နယ်ရှိ ပဲစိုက် တောင်သူ ဒေါ်မြမြသိန်းက ‘‘ဒီ ဘက်မှာက စပါးပြီးရင် မတ်ပဲကို အဓိကထားစိုက်တယ်။ မတ်ပဲ ဈေးကွက်မရှိဘူးဆိုရင် ဒီ့ပြင်ဟာကို ပြန်ပြောင်းစိုက်ရမယ်ဆိုတော့ ဘယ်ဟာစိုက်လို့ စိုက်ရမယ်မသိ ဖြစ်နေပြီ။ တာဝန်ရှိသူတွေက အကျိုးအကြောင်းတစ်ခုခု ပြောပြပေးရင်ကောင်းမယ်’’ဟု ပြောသည်။

မတ်ပဲစိုက်ပျိုးမှုသည် ပဲတီစိမ်း၊ ပဲနောက်များနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်ပိုမိုသက်သာကာ စိုက်ပျိုးရပိုမိုလွယ်ကူသည်ဟုလည်း ၎င်းက ဆိုသည်။

ဇလွန်မြို့ ဒေသခံ ပဲစိုက် တောင်သူ ဦးသန်းထွန်းက ‘‘အစိုး ရက အခုထိလည်း ဘာမှရည်ရွယ် ချက်မရှိသေးဘူး။ မတ်ပဲတို့၊ ပဲစင်း ငုံတွေကလည်း အခုဈေးတွေ အ တော်ကျနေတယ်။ လောလော ဆယ် ခဏတော့ စောင့်ကြည့်နေ တယ်။ ရာသီချိန်ကလည်း ရောက် တတ်၊ မရောက်တတ် အချိန်ဖြစ် နေတယ်’’ဟု ပြောသည်။

မတ်ပဲနှင့် ပဲစင်းငုံများကို စက်တင်ဘာနှင့် အောက်တိုဘာတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီတို့တွင် ပျိုးနုတ်သဖြင့် စိုက်ပျိုးကာလ လေးလခန့်ကြာမြင့်ပြီး ရာသီဥတုနှင့် ဒေသအပေါ် မူတည်၍ အနည်းဆုံး ခုနစ်တင်းမှ အများဆုံး ၂၂ တင်းခန့်အထိ အထွက်နှုန်းရှိသည်ဟု တောင်သူများက ဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေပြီး ဩဂုတ် ၅ ရက်က မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှု တန်ချိန်ကန့်သတ်ချက်များကို အိန္ဒိယအစိုးရက ထုတ်ပြန်သည်။

ယင်းကြောင့် မြန်မာနိုင်ငံသို့ အကျိုးသက်ရောက်မှုဖြစ်ပေါ်လာ ပြီး မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ကျဆင်းလာသည်။ မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်လာ ရောက်သည့် သုံးရက်ကြာ ခရီး စဉ်အပြီးတွင် ပဲတင်သွင်းရောင်း ချမှု ကန့်သတ်ချက်များ ဖြေလျှော့ ပေးနိုင်သည်ဟု ပဲကုန်သည်များ နှင့် ပဲစိုက်တောင်သူများက မျှော် လင့်ခဲ့သည်။ သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရောင်းချရန် မလွယ်ကူတော့ဘဲ ဆက်လက် ညှိနှိုင်းရဦးမည်ဖြစ် ကြောင်း စက်တင်ဘာ ၇ ရက်က မီဒီယာများအား ပြောကြားသည်။