ကိုယ်တိုင်အဖြေရှာရမယ့် ပဲလောကအကျပ်အတည်း

မတ်ပဲများကို ရိတ်သိမ်းနေသော တောင်သူအချို့ (ဓာတ်ပုံ−ဟိန်းထက်/အီးပီအေ )

စိုက်ပျိုးစရိတ် ကျပ်သုံးသိန်းခွဲကျော် အကုန်အကျခံ၍ စိုက်ပျိုးထားသော ပဲစင်းငုံခင်းကိုတောင်သူ ဦးနေလင်းတစ်ယောက်ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။ လူတစ်ရပ်ခန့်ရှိသော စိမ်းစိုနေသည့် ပဲစင်းငုံပင်များကို လယ်ထွန်စက်ဖြင့် ဖျက်ဆီးနေသည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်ခဲ့သည်။

‘‘စိတ်မကောင်းပေမယ့် စီးပွားရေးအတွက် ဆက်မလုပ်နိုင်လို့ ဖျက်ပစ်လိုက်ရတာပါ’’ ဟု ကျောက်ပန်းတောင်းမြို့နယ် အ မြှောင်ကန်ကျေးရွာမှ တောင်သူ ဦးနေလင်းက ၎င်းကဆုံးဖြတ်ချက် နှင့်ပတ်သက်၍ ရှင်းပြသည်။

လယ် ၈ ဧကတွင် ပဲစင်းငုံ၊ နှမ်းနှင့် မြေပဲတို့ကို ၁၇ နှစ်ခန့် စိုက်ပျိုးပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းခဲ့သော တောင်သူဦးနေလင်းသည် စိုက်ပျိုးပြီး ပဲစင်းငုံ နှစ်ဧကကို ၎င်း၏တောင်သူသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ဖျက်ဆီးရခြင်းဖြစ်သည်။ ကုန်သည်များဈေးဖွင့်သည့် ပဲစင်းငုံတစ်တင်း ကျပ်တစ်သောင်း ကျော် ဈေးနှုန်းသည် စိုက်ပျိုးမှု ကုန်ကျစရိတ်ထက်များစွာ လျော့နည်းခြင်းကြောင့် တစ်နာရီကျပ်တစ်သောင်းခွဲပေး၍ ထွန်စက်ငှား ဖျက်ဆီးပြီး ပဲစင်းငုံအစား နှမ်းပြန် စိုက်ရန် စီစဉ်နေသည်။

အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု ကန့်လိုက်ခြင်းက ပဲစိုက်ပျိုးသူ တောင်သူများကဲ့သို့ပင် သိုလှောင်သည့် ကုန်သည်များ၊ ပွဲစားများအတွက်လည်း ထိခိုက်မှုကြုံတွေ့ခဲ့ရသည်။

အိန္ဒိယက ပဲအဝယ်ကန့်သတ်လိုက်၍ မတ်ပဲနှင့်ပဲစင်းငုံ တစ်တန်လျှင် ကျပ်နှစ်သိန်းခန့် ဈေးကျဆင်းခဲ့သည်။

အိန္ဒိယအစိုးရက ပြည်ပမှ ပဲတင်သွင်းမှု ကန့်သတ်ရခြင်းသည် အိန္ဒိယနိုင်ငံအတွင်း လယ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများ ကြောင့်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ယခုနှစ် မိုးပဲစိုက်ပျိုးချိန်က စတင်၍ ပဲစင်းငုံ၊ မတ်ပဲဈေးနှုန်း များ ကျဆင်းခဲ့သဖြင့် တောင်သူလယ်သမားများက အစိုးရကို ဆန္ဒ ပြခဲ့ကြသည်။ ထို့ကြောင့် မိုဒီအစိုးရသည် အကျပ်အတည်းဖြစ်ခဲ့ပြီး ကျဆင်းနေသည့် ဈေးနှုန်းပြန်လည်မြင့်တက်ရေး ပြည်ပမှ ပဲတင်သွင်းမှုကန့်သတ်ရန် ရှော်ခ်ရိုက် ခြင်းဖြင့် ကုစားခဲ့သည်။


ပဲမျိုးစုံကို ဈေးကွက်တွင် ခင်းကျင်းထားစဉ် (ဓာတ်ပုံ-စိုင်းဇော်)

‘‘ခံရတာတော့ အတော်နာတယ်ကွာ။ ပြန်ကာဖို့တော့ စဉ်းစားနေတယ်’’ ဟု မကွေးတိုင်းမှ ပဲသိုလှောင်သည့် ကုန်သည်ဦးပြူးက ပြောသည်။

၂၀၁၆ နှစ်ကုန် ၂၀၁၇ နှစ်ဆန်းပိုင်း ပဲစင်းငုံပေါ်ချိန်က တစ်တန်လျှင် ကျပ်ခုနစ်သိန်းဖြင့် ပဲတန်ချိန် ၁,၅၀၀  ဝယ်ယူလှောင်ခဲ့သော ဦးပြူးသည် လက်ရှိပဲဈေးကွက်အရ ကျပ်သိန်း ၄,၀၀၀ ခန့် အရှုံးပြနေသည်ဟု ဆိုသည်။ ငွေကြေး အရင်းအနှီးရှိသော ကုန်သည်တစ်ဦးဖြစ်ခြင်းကြောင့် ပဲစင်းငုံတွင် အရှုံးပေါ်နေသည်ကို ပြန်လည်ကုစားရန် မတ်ပဲပေါ်ချိန်တွင် ဝယ်ယူသိုလှောင်မည်ဟု ဆိုသည်။

ယနေ့ ပြည်တွင်းဈေးကွက်တွင်  မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းသည် ပဲသိုလှောင်သည့် ကုန်သည် ပွဲစားများအတွက် တစ်တန်လျှင် ၄၀ ရာခိုင်နှုန်းခန့် ငွေကြေးတန်ဖိုး ဆုံးရှုံးနေကြာင်း ကျောက်ပန်း တောင်းမြို့နယ်မှ ပဲကုန်သည်တစ် ဦးက ပြောသည်။

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်ကို ဖြေလျှော့နိုင်မည်ဟု မြန်မာကုန်သည်များ မျှော်လင့်ခဲ့သော်လည်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ တုံ့ပြန်မှုကလည်းအားရစရာ မရှိခဲ့ပေ။ ထို့ကြောင့် ပဲလောက၏ အိပ်မက်ဆိုးကို နိုးထရန် အစိုးရနှင့် အသင်းအဖွဲ့များ၏ တိကျသော မူဝါဒလမ်းညွှန်ချက်များကို ပဲလောကသားများက စောင့်မျှော်နေကြသည်။

ထို့အပြင် ယခုမှ အခြားသီးနှံတစ်မျိုး ပြန်စိုက်ရန်မှာလည်း ယခုရာသီချိန်အတွက် နီးကပ်လွန်းနေ၍ မျိုးရရေး မလွယ်ကူပေ။

မတ်ပဲအစား အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးရမည်ဆိုပါက ရေမြေအခြေအနေနှင့် ကိုက်ညီ ပြီး ဈေးကွက်ဝင်သည့် သီးနှံမျိုး လယ်သမားတစ်ဦးအနေဖြင့် စိုက်ပျိုးလိုကြောင်း ပဲခူးတိုင်း ကဝမြို့နယ်မှ လယ်သမားတစ်ဦးကသူ၏ ဆန္ဒကို ထုတ်ဖော်ပြောလာသည်။

‘‘မတ်ပဲစိုက်နေကျဆိုတော့ တခြားသီးနှံပြောင်းဖို့ဆိုရင် မျိုးက မလွယ်ဘူး။ အချိန်ကလည်း အရမ်းကပ်နေပြီ’’ဟု ဓနုဖြူမြို့နယ်မှ လယ် ၁၀ ဧကခန့် စိုက်ပျိုးသည့် လယ်သမား ဦးထင်အောင်ကပြောသည်။

ပဲစင်းငုံကို မိုးရာသီတွင် အများဆုံးစိုက်ပျိုးပြီး မတ်ပဲကို မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် တောင်သူလယ်သမားများက စိုက်ပျိုးသည်။ မြန်မာနိုင်ငံတွင် ပဲစင်းငုံစိုက်ဧက ၂ ဒသမ ၅ သန်းကျော် နှင့် မတ်ပဲစိုက်ဧက ၂ ဒသမ  ၆ သန်းကျော်ရှိနေသည်။

‘‘ဒီဘက်မှာက စပါးပြီးရင် မတ်ပဲပဲစိုက်တာလေ။ တခြားဟာ ပြောင်းစိုက်ဖို့က မလွယ်ဘူး’’ဟု ဟင်္သာတမြို့နယ်မှ ပဲစိုက်ပျိုးသည့် တောင်သူဒေါ်မြမြသိန်းက ပြောပြသည်။


အခြားသီးနှံပြောင်း၍ စိုက်ပျိုးရန် တောင်သူဦးနေလင်း၏ ပဲစင်းငုံခင်းကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ−မိုးသက်တင်အောင်ဖေ့စ်ဘွတ်ခ်)

မတ်ပဲစိုက်ပျိုးရန် အချိန်နှစ် လခန့်လိုသည်အထိ အစိုးရမှလမ်းညွှန်ပေးမှု မရှိသေးခြင်းကြောင့် လောလောဆယ် စောင့်ကြည့်နေသည့်အဆင့်တွင်သာရှိကြောင်း ဇလွန်မြို့နယ်မှ လယ်သမား ဦးသန်းထွန်းက ပြောသည်။

အိန္ဒိယအစိုးရ၏ ကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန် မတ်ပဲအစား အခြားသီးနှံများပြောင်းလဲ စိုက်ပျိုးရေးသည် လက်ရှိအချိန်တွင် တောင်သူများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဟု ဟင်္သာတမြို့မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

ရေမြေရာသီဥတုနှင့် ဈေးကွက်ဝင်သီးနှံများကို ပြောင်းလဲပြီး ရွေးချယ်စိုက်ပျိုးရန် မျိုးစေ့ရရှိမှု အခက်အခဲ၊ ရင်းနှီးမြှုပ်နှံမှု ငွေ ကြေးလိုအပ်ချက်စသော အတားအဆီးများကို တောင်သူများ ရင်ဆိုင်ရမည်ဟု အထက်ပါပုဂ္ဂိုလ်က လက်ရှိအခြေအနေကို ရှင်းပြသည်။

မိုးစပါးပြီးလျှင် မတ်ပဲကို အများဆုံးစိုက်ပျိုးသည့် ဧရာဝတီတိုင်းတွင် ယခုနှစ်အတွက် မတ်ပဲအစား ရေတင်စိုက်ပျိုးနိုင်သည့် ဒေသများ၌ နွေစပါးကို အစားထိုး စိုက်ပျိုးရန် စိုက်ပျိုးရေးပညာရှင် ဦးတင်ထွဋ်ဦးက အကြံပြုသည်။

ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်ငါးလကျော်အတွင်း တန်ချိန် ၁ ဒသမ ၂ သန်းရှိ ပြီး ဘဏ္ဍာနှစ်ကုန်ပါက တန်ချိန် နှစ်သန်းကျော်နိုင်သည်။ ထိုသို့ တင်ပို့နိုင်ပါက ပြည်တွင်း၌ သိုလှောင်ထားသော ဆန်တန်ချိန် ပမာဏနည်းပါးသဖြင့် လာမည့် နှစ်တွင် ဆန်ဈေးနှုန်းမြင့်တက်နိုင်သည်ဟု ဦးတင်ထွဋ်ဦးက ခန့်မှန်းသည်။ ထို့ကြောင့် ရေတင်ရရှိနိုင်သော ဒေသများတွင် မတ်ပဲအစား နွေစပါးကို ပြောင်းလဲစိုက်ပျိုးရန် အကြံပြုခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

‘‘စိုက်ပျိုးရေးမှာ အဓိက ပြဿနာက မျိုးပြောင်းတာ ချက်ချင်းမရဘူး။ မျိုးရဖို့က ခက်တယ်။ စပါးမျိုးက သိပ်ပြဿနာမရှိဘူး’’ ဟု စိုက်ပျိုးရေးပညာရှင် ဦးတင်ထွဋ်ဦးက ပြောသည်။

ရေတင်၍ နွေစပါးကို ပြောင်းလဲစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေစီးရေလာကောင်းရန် မြောင်းများ ရှင်းလင်းပေးခြင်း၊ ရေစုပ်စက်များ အလွယ်တကူငှားရမ်းရရှိနိုင်ရန် ဆောင်ရွက်ပေးသင့် သည်ဟု ၎င်းကအကြံပြုသည်။

 ‘‘မတ်ပဲစိုက်မယ့်နေရာမှ နွေစပါး ပြောင်းစိုက်မယ်ဆိုရင် စဉ်းစားစရာတွေ အများကြီးရှိပါတယ်’’ ဟု စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲတင့်ထွန်းက ပြောသည်။

နွေစပါးစိုက်ပျိုးလျှင် ရေရရှိပါကလည်း လုပ်သားရှားပါးမှု ပြဿနာများရှိနေခြင်း၊ မျိုးစေ့ရရှိ ရန် အခက်အခဲ၊ စိုက်ပျိုးရေးနည်းပညာစသော အခက်အခဲများရှိကြောင်းကို ဦးရဲတင်ထွန်းက ပြော သည်။

 နွေစပါးစိုက်ပျိုးချိန်သည် ဟင်းသီးဟင်းရွက်နှင့်  ဥယျာဉ်ခြံ အတွက် အလုပ်သမား လိုအပ်ချက်များရှိခြင်းကြောင့် နွေစပါးစိုက်ပျိုးရန် အလုပ်သမားရှားပါးမှုလည်း ကြုံတွေ့နိုင်သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မတ်ပဲအစားထိုးသီးနှံအဖြစ်ပြည်ပမှမျိုးတင်သွင်းပြီး ဆီထွက်သီးနှံဖြစ်သော နေကြာကို အစားထိုးစိုက်ပျိုးရန် စိုက်ပျိုးရေးပညာရှင် ဦးတင်ထွဋ်ဦးက အကြံပြုသည်။ ထို့အတူ ဦးရဲတင့် ထွန်းကလည်း နေကြာ၊ မြေပဲနှင့် နှမ်းများကို အစားထိုးစိုက်ပျိုးရန် အကြံပြုသည်။ ဆီထွက်သီးနှံများ စိုက်ပျိုးမည်ဆိုပါက ရာသီဥတု စိန်ခေါ်မှုကိုလည်း သတိထားရန် အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးက ဆိုသည်။

‘‘ဆီထွက်သီးနှံစိုက်ပျိုးရေး ဦးစားပေးမယ်ဆိုရင် စားအုန်းဆီတင်သွင်းနေမှုနဲ့ပတ်သက်ပြီး သွင်းကုန်မူဝါဒကို ပြန်စဉ်းစားဖို့လိုတယ်’’ဟု တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင် အဖွဲ့ဝင်ဦးရဲမင်းအောင်က အကြံပြုပြောကြားသည်။

မတ်ပဲ၊ ပဲစင်းငုံအစား အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးမည် ဆိုပါက ပဲအဓိက စိုက်ပျိုးသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်းတို့ရှိ မြို့နယ်များတွင် တောင်သူလယ်သမား ပညာပေးပွဲများ ပြုလုပ်သင့်သည် ဟုလည်း အထက်ပါပုဂ္ဂိုလ်ကအ ကြံပြုသည်။

 လက်ကျန်ပဲများအတွက်လည်း ဈေးကွက်များရှာဖွေရန် ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးအဆင့် ဦးဆောင်၍ အိန္ဒိယနိုင်ငံသို့ စီးပွားရေးအဖွဲ့များ စေလွှတ်ခြင်း၊ ပဲပို့ ကုန်များတိုးမြှင့်နိုင်ရန် မတ်ပဲ၊ ပဲစဉ်းငုံ ပြည်ပတင်ပို့မှုတွင် ၀င်ငွေ ခွန်ကဲ့သို့ အခွန်ကင်းလွတ်ခွင့် မက်လုံးဖြင့် ဆွဲဆောင်မှုများလည်း ပြုလုပ်သင့်သည်ဟု ဦးရဲမင်းအောင်က အကြံပြုသည်။

မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုး ခြင်းမှ ပြောင်းလဲရန် စဉ်းစားလာချိန်တွင် အိန္ဒိယနိုင်ငံအပါအ၀င် နိုင်ငံတကာဈေးကွက်သို့ မြန်မာ နိုင်ငံက ပဲမျိုးစုံတိုးချဲ့တင်ပို့နိုင်ရေး အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပညာရှင်များပါဝင်သော ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံသို့ ပဲဆက်လက်တင်ပို့နိုင် ရေးညှိနှိုင်းဆွေးနွေးရန်၊ အိန္ဒိယ ဈေးကွက်အပါအ၀င် အခြားဈေးကွက်များကို တိုးချဲ့ရှာဖွေရန်၊ ပြည်တွင်းထုတ်လုပ်မှုတွင် လက်ရှိ ပဲများနေရာ၌ အခြားသီးနှံအစား ထိုးစိုက်ပျိုးရန်လေ့လာခြင်း၊ ပြည်တွင်း၌ ယခုထက်ပို၍ ပဲစားသုံးမှု တိုးမြှင့်နိုင်ရန် ပညာပေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ တိုင်းနှင့်ပြည်နယ်အစိုးရများနှင့် အခြားဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းပြီးအထက်ပါလုပ်ငန်းစဉ်များ ဆောင် ရွက်ရန် အခြေခံမူငါးချက်ချမှတ်ထားသည်ဟု အဖွဲ့ခေါင်းဆောင် ဦးတိုးအောင်မြင့်က ပြောသည်။

ပဲမျိုးစုံပြည်ပဈေးကွက်သည် အိန္ဒိယတစ်နိုင်ငံသာ အဓိက မှီခိုထားခြင်းက အကျပ်အတည်း ကြုံရချိန်တွင် ဖြေရှင်းရန် ခက်ခဲပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေသည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေးကို ပြည်ပတစ်နိုင်ငံတည်းအပေါ်တွင်သာ မှီခိုခြင်းအပေါ် ယခုဖြစ်စဉ်က သတိပြုရန် မီးမောင်းထိုးပြခြင်း ဖြစ်သည်။

ပဲမျိုးစုံ တင်ပို့မှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များသည် လက်ရှိအချိန်တွင် နှေးကွေးနေခြင်းကြောင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ပဲကုန်သည်အချို့က ဆန္ဒရှိသည်။ ထို့ကြောင့် အထူး လုပ်ငန်းအဖွဲ့အနေဖြင့် အထက်ပါအချက်ငါးချက် အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် ၎င်းတို့က ပြောသည်။


မတ်ပဲပင်များကို နေလှန်းပြီးနောက် သန့်စင်နေသော တောင်သူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ−စိုင်းဇော်)

အိန္ဒိယနိုင်ငံသို့ ပဲဆက်လက် တင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဆက်လက် ဆောင်ရွက်နေကြောင်း အဆိုပါ ၀န်ကြီးဌာနလက်ထောက်အတွင်း ၀န်ဦးခင်မောင်လွင်က ရှင်းပြ သည်။

ပြည်တွင်း၌ ပဲစားသုံးမှုမြှင့်တင်ရေး စာသင်ကျောင်းများတွင် ပညာပေးရေးလုပ်ငန်းများ၊ တပ်မ တော်၊ ရဲတပ်ရင်းတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနတို့တွင်လည်း မတ်ပဲနှင့် ပဲစင်းငုံအစားထိုးပိုမိုစားသုံးရန် ပညာပေးဆွဲဆောင်မှုများပြုလုပ် သင့်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့် ထွန်းက ပြောသည်။

ပြည်တွင်း၌ မတ်ပဲ၊ ပဲစင်းငုံ လက်ကျန်တန်ချိန် လေးသိန်းခန့် ကျန်ရှိနေခြင်းကြောင့် ပြည်တွင်း ဈေးကွက်တည်ငြိမ်မှုရှိစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ပြည်ပမှ ပဲမျိုးစုံတင်သွင်းခြင်းကို စက်တင်ဘာ ၁၅ ရက်က စ၍ ရပ်ဆိုင်းခဲ့သည်။

ပြည်တွင်းပဲဈေးနှုန်းထက် သက်သာသဖြင့် ကြာဆံလုပ်ငန်းအတွက် ကုန်ကြမ်းအဖြစ် ကနေဒါ နိုင်ငံ အပါအဝင် ပြည်ပမှပဲတင်သွင်းခြင်းကို ခွင့်ပြုထားခြင်းကို ယာယီရပ်ဆိုင်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ ရပ်ဆိုင်းခြင်းက လက်ရှိပြည်တွင်း၌ ကြုံတွေ့နေရသည့် ပဲလောက အကျပ်အတည်းအတွက် အထောက်အကူအနည်းငယ် ဖြစ်နိုင်သည်ဟုလည်း ပဲကုန်သည်အချို့ကပြောသည်။

သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ၀င်ငွေလျော့နည်းချိန်တွင် ပဲမျိုးစုံတင်ပို့မှုကလည်း လျော့ကျလာမည်ဆိုပါက နိုင်ငံစီးပွားရေးတွင် စိုးရိမ်စရာဖြစ်လာသည်ဟု မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌဦးရဲမင်း အောင်က သူ၏အမြင်ကို ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး တစ်နှစ်လျှင် ကန်ဒေါ်လာ တစ်ဘီလီယံကျော်ဝင်ငွေရရှိသည့် ပဲမျိုးစုံပြည်ပတင်ပို့မှုက အိန္ဒိယအစိုးရ၏ ကန့်သတ်ချက်ကြောင့် ပြည်ပ၀င်ငွေ ထိခိုက်လာစေမည်ဖြစ် သည်။

ဩဂုတ် ၂၉ ရက်က အစိုးရ နှင့်ပုဂ္ဂလိကပဲကုန်သည်များစုပေါင်း၍ ကျပ် ၁၀၀ ဘီလီယံကို ရန်ပုံငွေထူထောင်ကာ မတ်ပဲနှင့် ပဲစင်းငုံကို ဈေးသတ်မှတ်ဝယ်ယူရန်စီစဉ်ခဲ့သည်။

ပြည်တွင်းပဲလုပ်ငန်းရှင်အချို့ မျှော်လင့်သကဲ့သို့ပင် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မည့် ရေရှည်အစီအမံများ ချမှတ် ဆောင်ရွက်ရန် အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တွေ့ဆုံစဉ် အိန္ဒိယ၀န်ကြီးချုပ်က မရေရာသည့်အဖြေကိုသာ ပြန်ပေးခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်က ဖြေလျှော့မှုကိုတိကျစွာ မပြောခဲ့ခြင်းကြောင့် အသစ်ထွက်ရှိလာသည့်ပဲများကို အစိုးရက အခြေခံဈေး နှုန်းသတ်မှတ်၍ ဝယ်ယူပေးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းမြင့်က ပြောကြား ထားသည်။

မိုဒီ၏ အဖြေကိုမျှော်လင့်နေသည့် မြန်မာ့ပဲလောကသည် လက်ရှိအချိန်တွင် အနာဂတ်မှုန်ဝါးနေသည်။ တောင်သူလယ်သမားများကလည်း မည်သည့်သီး နှံစိုက်ပျိုးရမည်ကို မေးခွန်းထုတ်နေသကဲ့သို့ ပဲလုပ်ငန်းရှင်များက လည်း ဈေးကွက်အသစ်များ တိုး မြှင့်ရှာဖွေနိုင်ရန် အစိုးရကို တိုက်တွန်းနေသည်။

ထိုအခြေအနေတွင်ကျောက်ပန်းတောင်းမြို့နယ်မှ တောင်သူ ဦးနေလင်းက ‘‘တောင်သူတွေကို လှည့်ကြည့်ပါဦး၊ ဘာမှလုပ်စားလို့ မရတော့ဘူး’’ ဟု အမှာစကားပါးသည်။  ။