အပြင်းထန်ဆုံးဟာရီကိန်း အာမာမုန်တိုင်းကြီး အလွန်တွင် . . .

ဟာဗားနားရှိ ရပ်ကွက်တစ်ခုတွင် အာမာမုန်တိုင်းဖြတ်သန်းပြီးနောက် အပျက်အစီးများကို တွေ့ရစဉ် YAMIL LAGE / AFP

ရက်ပိုင်းအလိုကတည်း က အရေးပေါ်အခြေ အနေ ထုတ်ပြန်ကြေ ညာထားသည်။ ကြိုတင်သတိပေးမှုနှင့်အတူ ဒေသခံများနိုးနိုးကြားကြားပြင်ဆင်ထားသည်။ ထိုကဲ့သို့သော အခြေအနေများ ကြောင့် ဖလော်ရီဒါကမ်းခြေကို အာမာဟာရီကိန်းမုန်တိုင်းကြီး ဖြတ်ကျော်တိုက်ခတ်ချိန်တွင် အသေအပျောက် နည်းပါးခဲ့သော်လည်း ရုပ်ဝတ္တုပျက်စီးမှုများကမူ ကြောက်ခမန်းလိလိ များပြားခဲ့ သည်။


အာမာမုန်တိုင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘာ့မီဒီယာများတွင် အလေးထားဖော်ပြခြင်းခံရသည့် သဘာဝဘေးအန္တ ရာယ်ဆိုးကြီး နှစ်ခုထဲမှ တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ မက္ကဆီကိုကမ်းလွန်တွင် လှုပ်ခတ်ခဲ့သည့်
ရစ်ခ်ျတာစကေး ၈ ဒသမ ၁ အဆင့်ရှိ ပြင်းထန်သော ငလျင်ကြီး ဖြစ်သည်။ အာမာနှင့် ပတ်သက်၍မူ ကြိုတင်ပြင်ဆင်ရန် အချိန်ရခဲ့သဖြင့် ကာကွယ်တားဆီးမှုများ လုပ်ဆောင်နိုင်ခဲ့သည်။ သို့တိုင်အောင် မျက်ဝါးထင်ထင် ကြုံရချိန်တွင် ဒေသခံများ တုန်လှုပ်အံ့ဩရ လောက်အောင် ဖျက်ဆီးအား ပြင်းပြင်းထန်ထန်ဖြင့် မွှေနှောက်တိုက် ခတ်ခဲ့သည်။

အာမာသည် အပူပိုင်းမုန် တိုင်းငယ်အနေဖြင့် ကာရစ်ဘီယံပင်လယ်ထဲရှိ ကိပ်ဗာဒီကျွန်းအနီးတွင် ဩဂုတ် ၃၀ ရက်က စတင်ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ထို့ နောက် ၂၄ နာရီအတွင်း Category 2 အဆင့်သို့ မြန်မြန်ဆန်ဆန်အား ကောင်းလာပြီး ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ အနောက်ဘက် သို့ စတင်ရွေ့လျားလာခဲ့သည်။ နောက်ဆုံးတွင် Category Five အဆင့်ထိ ပြင်းထန်လာပြီး လေ တိုက်နှုန်းမှာ အားအကောင်းဆုံး အချိန်တွင် တစ်နာရီ ၁၈၅ မိုင်နှုန်းထိ မြင့်တက်ခဲ့သည်။ အမေရိကန်မိုးလေဝသဌာနက အတ္တလန္တိတ်သမုဒ္ဒရာထဲတွင် တိုင်းတာရရှိဖူးသမျှ အားအကောင်းဆုံး တိုက်ခတ်သည့် ဟာရီကိန်းအဖြစ် အာမာကို သတ်မှတ် ကြေညာခဲ့သည်။

အာမာသည် ကာရစ်ဘီယံ ပင်လယ်ထဲရှိ ကျွန်းနိုင်ငံများကို ရက်အနည်းငယ်အတွင်း ဆက်တိုက်ဖြတ်သန်းကျော်လွန်လာ ကာ စက်တင်ဘာ ၁၁ ရက် နံနက် အစောပိုင်းတွင် အမေရိကန် အရှေ့ဘက်ကမ်းခြေသို့ ကုန်းတွင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဖလော်ရီဒါကို ဖြတ်သန်းချိန်တွင် မုန် တိုင်း၏ ပြင်းအားမှာ Category Three အဆင့်ထိ ပြန်လည်ကျ ဆင်းသွားသည့်တိုင် လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ မျှ ဆက်လက် အားကောင်းနေခဲ့သည်။ မုန်တိုင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး ဓာတ်တိုင်များ ကျိုးပြတ်ကုန်သဖြင့် အိမ်ခြေသုံးသန်းခွဲမျှ လျှပ်စစ်မီး ပြတ်တောက်သွားသည်။ မီယာမီကဲ့သို့ အထင်ကရ မြို့ကြီး များတွင် လမ်းမများ ရေလွှမ်းပြီး မြစ်သဖွယ် ဖြစ်သွားသည်။

ဖလော်ရီဒါပြည်နယ် တနံတ လျားတွင် ကြိုတင် စီစဉ်ထားသည့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံများသို့ လူပေါင်းခြောက်သန်းခွဲမျှ ယာယီပြောင်း ရွှေ့ခိုလှုံခဲ့ရသည်။ စက်တင်ဘာ ၁၁ ရက် ညပိုင်းထိ သတင်းများအရ အမေရိကန်တွင် မုန်တိုင်း ကြောင့် သေဆုံးသူ အနည်းဆုံး သုံးဦး ရှိခဲ့သည်။ ယင်းသည် အာမာဖြတ်သန်းခဲ့ရာ လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများနှင့် ယှဉ်ပါက နည်းပါးခဲ့သည်ဟု ဆိုနိုင်သည်။ အာမာကြောင့် ဒေသတွင်း ကျွန်း နိုင်ငံများတွင် သေဆုံးသူ ၂၈ ဦးထက်မနည်း ရှိခဲ့ပြီးဖြစ်သည်။

အာမာကြောင့် ထိခိုက်ပျက် စီးမှု ပမာဏကို တိတိကျကျ မတွက်ချက်နိုင်သေးချေ။ သို့သော် ဒေါ်လာ ဘီလီယံနှင့်ချီ ရှိလိမ့်မည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းကြ သည်။ ၂၀၀၅ က ဖြစ်ပေါ်ခဲ့သည့် ကက်ထရီနာအပြီးတွင်
အမေရိ ကန်ပြည်ထောင်စုကို အဆိုးရွား အပြင်းထန်ဆုံး ဝင်ရောက်မွှေ နှောက်ခဲ့သည့် ဟာရီကိန်းအဖြစ်လည်း အာမာကို သတ်မှတ်ထား သည်။

အာမာဟာရီကိန်း တိုက်ခတ်ချိန်တွင် ကောင်းကင်ယံ၌ မည်း နက်သော တိမ်တိုက်များနှင့်အတူ လေဆင်နှာမောင်းအသွင် လှည့်ပတ်နေသော မုန်တိုင်း အစိတ်အပိုင်းများကိုလည်း တွေ့မြင်ရ သည်။ သစ်ပင်များအမြစ်မှ ကျွတ်ထွက်ကုန်သလို ဓာတ်တိုင်များ ပြိုလဲခဲ့သည်။ မော်တော်ယာဉ် အများအပြားလမ်းပေါ်တွင် ရပ်ထား ရင်း ရေနစ်ပျောက်ဆုံးသွားသည်။ ကမ်းခြေဒေသများတွင်မူ လှေနှင့် သင်္ဘောများ မျောပါကာ လူနေအိမ်များပေါ်တွင် တင်နေသည်။ မုန်တိုင်းဒဏ်သင့်ဒေသများမှာ ကြီးမားသည့် အမှိုက်ပုံသဖွယ် အပျက်အစီးအစိတ်အပိုင်းများစွာနှင့် ဖရိုဖရဲ ဖြစ်ကျန်နေခဲ့သည်။

သို့သော် ဘက်ပေါင်းစုံတွင်စနစ်တကျပြင်ဆင်ထားသည့် နိုင်ငံကြီးတစ်ခုဖြစ်သည့်အားလျော်စွာ မုန်တိုင်းမဝင်ရောက်မီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသကဲ့သို့ မုန်တိုင်းတိုက်ခတ်ပြီးသည်နှင့် ပြန် လည်ထူထောင်ရေး ကဏ္ဍကို လျင်မြန်စွာ စတင်နိုင်ခဲ့သည်။ ပညာရှင်များက ဖလော်ရီဒါတွင် ကြုံခဲ့သည့်ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေချိန်တွင် ကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများကလည်း တက်ညီလက် ညီလှုပ်ရှားလျက် ရှိသည်။

မုန်တိုင်း မဝင်ရောက်မီက တည်းက ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးအစိုးရ၏ သဘာဝဘေး အန္တရာယ် အရေးပေါ်ကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်က အတည်ပြုချက် ပေး ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဗဟို အစိုးရ၏ ထောက်ပံ့ကူညီမှုများကို ဖလော်ရီဒါပြည်နယ်အစိုးရက ချက်ချင်းတောင်းယူအသုံးပြုခွင့် ရထားသည်။ ထောက်ပံ့ရေး ကဏ္ဍအတွက် အမေရိကန်လေတပ် စခန်းများတွင် စားနပ်ရိက္ခာနှင့် အခြားအကူအညီပစ္စည်းများကို
ကြိုတင်၍ လေယာဉ်ပေါ် တင်ထားခဲ့ကြသည်။ မုန်တိုင်းငြိမ်သက်သွားသည်နှင့် ဖလော်ရီဒါရှိ မုန်တိုင်း ဒဏ်သင့် မြို့များသို့ ပျံသန်းရန် အသင့်ရှိနေသည်။ 

သမ္မတထရန့်က ဟာရီကိန်းမုန်တိုင်း အာမာကို ကြမ်းကြုတ်ဆိုးရွားလှသည့် သတ္တဝါကြီးတစ် ကောင်နှင့် ခိုင်းနှိုင်းခဲ့ပြီး ယင်း၏ ဖျက်ဆီးအားကို ကြံ့ကြံ့ခံအန်တု ရင်ဆိုင်ပြီး တာဝန်ကျေခဲ့သည့် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ
အဖွဲ့အစည်းများကို ချီးကျူးစကား ပြော ခဲ့သည်။ ထို့အပြင် ဖလော်ရီဒါသို့ အမြန်ဆုံးသွားရောက်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ကြေ ညာသည်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် ဒေသခံများကို ကူညီရန်၊အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားရန်၊ ဓာတ်အားလိုင်းများ အမြန် ဆုံးပြန်လည်သွယ်တန်းနိုင်ရန်၊ ပျက်စီးသွားသည့် အဆောက်အအုံနှင့် လုပ်ငန်းများ ပြန်လည်ပြင်ဆင်ရန်အတွက် ရန်ပုံငွေအမြောက် အမြား လိုအပ်မည်ဖြစ်ပြီး ဖလော်ရီဒါပြည်နယ်အစိုးရကို ဗဟိုအစိုးရက အမြန်ဆုံးထောက်ပံ့ကူညီမည် ဖြစ်သည်။

‘‘မနက်မိုးလင်းတာနဲ့ လုပ်ငန်းစရမယ်။ လောလောဆယ် ထိခိုက်သေကျေမှု သတင်းကို တော့ တိတိကျကျ မသိရသေးဘူး။ အခြေအနေက ဆိုးတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအတွက် အကူအညီတွေ စရောက်လာတော့မယ်လို့ သတင်းရထားပါတယ်’’ဟု ဖလော်ရီဒါပြည်နယ် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားခဲ့သည်။

 မုန်တိုင်းကုန်းတွင်းဝင် ရောက်သွားနှင့်ပြီး ဖြစ်သည့်တိုင် နောက်ထပ်ရက်ပိုင်းမျှ မိုးသည်းသည်းထန်ထန် ရွာသွန်းနေဦးမည် ဟု မိုးလေဝသပညာရှင်များက ပြောကြားထားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့က ရေကြီးမှုများကို ပေါ့ပေါ့ဆဆသဘောမ ထားရန် သတိပေး ပြောကြားထား သည်။ 

‘‘ခြောက်လက်မလောက်ထု ရှိတဲ့ ရေစီးကြောင်းတွေက အရှိန်နဲ့ဆိုရင် လူတစ်ယောက်လုံး မျောပါ သွားစေနိုင်လောက်တယ်။ တတ် နိုင်သမျှ ဘေးကင်းအောင်နေပါ။ တတ်နိုင်သလောက် အိမ်ထဲမှာ နေကြပါ’’ဟု ၎င်းက အကြံပြုခဲ့ သည်။

အာမာသည် ဖလော်ရီဒါ မြောက်ပိုင်းသို့ တရွေ့ရွေ့ဆက်  လက်ဦးတည်ရင်း အပူပိုင်းမုန် တိုင်းငယ်အဆင့်သို့ ပြန်လည် လျော့ကျကာ အားပျော့ပျက်ပြယ်သွားမည် ဖြစ်သည်။ သို့သော် ၎င်းချန်ခဲ့သည့် ဆိုးမွေက ဖလော်ရီဒါနှင့်
ကာရစ်ဘီယံကျွန်းနိုင်ငံများ တွင် အဖျက်စွမ်းအားကြီးမားစွာ ကျန်နေခဲ့သည်။

၂၀၁၀ ပြည့်နှစ်က ကမ္ဘာ ကျော် ငလျင်ကြီးကြောင့် စီးပွားရေး ဆိုးရွားစွာ ထိခိုက်သွားသည့် ဟေတီကဲ့သို့ နိုင်ငံမျိုးသည် အာမာ ၏ လမ်းကြောင်းတည့်တည့်မှ ကင်းလွတ်ခဲ့သော်လည်း မုန်တိုင်းအရှိန် ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ သည်။ ဘာဘူဒါ၊ ဘတ်သာလိုင်မီ၊ စိန့်မာတင်၊ အန်ဂျီလာ၊ ဗာဂျင်အိုင်းလန်းစ်၊ ပွာတိုရီကို အစရှိသော နိုင်ငံများလည်း မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ မုန်တိုင်းအလွန်တွင် ပြန်လည်ထူထောင် ရေးကဏ္ဍအတွက် အာရုံစိုက်အကောင်အထည်ဖော်ရန် နိုင်ငံ အသီးသီး၏ အစိုးရများက အစွမ်းကုန်အားထုတ် ပြန်ဆင်ရတော့ မည် ဖြစ်သည်။ ထရန့်က ‘‘ဟာရီကိန်းဒဏ်ကြောင့် ငွေကြေးအများကြီးကုန်ကျပါလိမ့်မယ်။ ဒါပေမဲ့ကျွန်တော်တို့ဟာ လူ့အသက်တွေ အတွက်ပဲ စိုးရိမ်ကြရအောင်။ ငွေကြေးအတွက် ထည့်စဉ်းစား မနေတော့ဘူး’’ဟု ပြောကြားသွား သည်။    

—Ref: CNN, Reuters


ဖလော်ရီဒါပြည်နယ်တွင် မုန်တိုင်းကြောင့် သစ်ပင်ကြီးများပြိုလဲနေစဉ်
Mark Wilson / AFP

Top News