လက်ပံတောင်းတောင် နောက်ဆုံးခံတပ်၏ မရေရာသောအနာဂတ်

ဝက်မှေးရွာနေ တောင်သူ မသွဲ့သွဲ့ဝင်း (ဓာတ်ပုံ-မောင်တာ)

မသွဲ့သွဲ့ဝင်းသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး ဆန္ဒပြတောင်းဆိုမှုများကြောင့် လေးကြိမ်မက သေနတ်ပစ်ခတ်ခံရပြီး မကြာခဏ အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

သူ ဆန္ဒပြပွဲနွှဲသည့် ကာလက ခြောက်နှစ်အထိရှိခဲ့ပြီး အရေအတွက်က ရာဂဏန်းကို ကျော်ခဲ့ ပြီ။ ၂၀၁၂ ဇွန်လက မြန်မာဝမ် ပေါင်ကုမ္ပဏီရုံးရှေ့တွင် စတင်ခဲ့သည့် နှစ်ညအိပ်သုံးရက်ကြာ ဆန္ဒ ပြခြင်းမှ ပြီးခဲ့သည့်ဩဂုတ်အတွင်း က မြန်မာဝမ်ပေါင်ကုမ္ပဏီရှေ့တွင် လုပ်ဆောင်ခဲ့သည့် ဆန္ဒပြပွဲအထိ သူဦးဆောင်ပါဝင်ခဲ့သည်။ ရာဂဏန်းကျော်ရှိသော ဆန္ဒပြပွဲများအတွက် ရည်ရွယ်ချက်က များများစားစားတော့ မဟုတ်။

ကျေးရွာမရွှေ့ပြောင်းလိုခြင်း နှင့် စီမံကိန်းအတွက် သိမ်းဆည်းခံရမည့် စိုက်ပျိုးမြေများအတွက် နစ် နာကြေး တိုးမြှင့်ရရှိရန်သာဖြစ်သည်။

သို့သော် အစိုးရနှစ်ဆက် ပြောင်းလဲသည့်တိုင် လက်ရှိအချိန်ထိ တောင်းဆိုချက်များပြေလည် မှုမရသေးဘဲ ကျေးရွာများပြောင်း ရွှေ့ပေးရန်နှင့် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် မြေယာများ စွန့်လွှတ်ရန် ဆက်လက်ဖိအားပေးခံ နေရဆဲဖြစ်သည်။

‘‘ကျွန်မတို့က စီမံကိန်းကို ကန့်ကွက်၊ နှောင့်ယှက်တာမဟုတ်ပါဘူး။ ကျွန်မတို့ရွာကို မရွှေ့ချင်တာ၊ ကျွန်မတို့မြေတွေကို မစွန့် လွှတ်နိုင်တာ’’

မြေစိုက်ထရံကာ နေအိမ်လေးအတွင်းရှိ ခုံတန်းရှည်ပေါ်တွင်ထိုင်ရင်း အသက်သုံးဆယ်ကျော်အရွယ် မသွဲ့သွဲ့ဝင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ သူတို့ကျေးရွာသူ၊ ကျေးရွာသားများကြုံတွေ့နေရသည့် အခြေအနေများကို ပြောပြနေသည်။ သူ့နေအိမ်၏ နောက်ကျောတွင် တစ်ပိုင်းတစ်စ တူးဆွခံထားရသည့် လက်ပံတောင်းတောင်က အုပ်မိုးတည်ရှိနေသည်။

မြေဧက ၇,၀၀၀ ခန့် ကျယ်ဝန်းမည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း မသွဲ့သွဲ့ဝင်းတို့ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသည့် ၀က်မှေးရွာအပါအ၀င် ကျေးရွာလေးရွာ ပါဝင်နေခဲ့ပြီး ၎င်းကျေးရွာများသည် စီမံကိန်းဧရိယာနှင့် ကင်းလွတ်သည့် အခြားနေရာများသို့ ရွှေ့ပြောင်းပေးရမည် ဖြစ်သလို စိုက်ပျိုးမြေများလည်း စွန့်လွှတ်ရ မည်ဖြစ်သည်။

ဝက်မှေး၊ ကန်တော၊ ဇီးတောနှင့် ဆည်တည်းကျေးရွာများအား ကြေးနီစီမံကိန်းဧရိယာနှင့် ကင်းလွတ်သည့်နေရာသို့ ပြောင်းရွှေ့ရန် စီမံကိန်း စတင်သည့် ၂၀၁၁ ကတည်းက အစိုးရကစီစဉ်ခဲ့သည်။

ကျေးရွာသစ်များ တည်ပေးပြီး ရွာဟောင်းမှ ရွာသစ်သို့ ပြောင်းရွှေ့ရန် ဖိအားပေးခဲ့သည်။

လက်ရှိတွင် ကန်တောကျေးရွာနှင့် အခြားကျေးရွာများမှ နေအိမ်အချို့သည် အစိုးရစီစဉ်ပေးသည့် ရွာသစ်များသို့ ရွှေ့ပြောင်းခဲ့ပြီဖြစ်သော်လည်း ၀က်မှေး၊ ဇီးတောနှင့် ဆည်တည်းကျေးရွာများမှ နေအိမ်အချို့သည် ကျေးရွာ သစ်သို့ ပြောင်းရွှေ့ခြင်းမရှိသေးဘဲ တင်းခံလျက်ရှိသည်။

အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ၀က်မှေးရွာတွင် အိမ်ခြေ ၆၀ ကျော်သည် အစိုးရစီစဉ်သည့် ရွာသစ်သို့ ရွှေ့ပြောင်းသွားခဲ့ပြီး မသွဲ့သွဲ့ဝင်းတို့ မိသားစု အပါအ၀င် အိမ်ခြေ ၄၀ ခန့်သည် ရွာသစ်သို့ မရွှေ့ပြောင်းဘဲ ရွာဟောင်းတွင် ပင် ဆက်လက်နေထိုင်လျက်ရှိ သည်။

ကျေးရွာပြောင်းရွှေ့ပေးခြင်းမရှိသလို စီမံကိန်းအတွင်းကျရောက်နေသည့် မြေယာများကိုလည်း မစွန့်လွှတ်ဘဲ ထိုက်သင့်သည့် မြေယာနစ်နာကြေးပေးရန် တောင်းဆိုလျက်ရှိသည်။

‘‘သူတို့ရွှေ့ခိုင်းသလို မရွှေ့ ပေးတော့ ကျွန်မတို့ဖိနှိပ်ခံရတယ်။ အိမ်ထောင်ကျလို့ အိမ်ထောင်စု ဇယားလုပ်ဖို့တောင် မလွယ်တော့ဘူး။ ပိုင်ဆိုင်မှုအထောက်အထား ပြရတယ်။ ကျွန်မတို့ရွာတွေကို အသိအမှတ်မပြုဘူး။ ကျေးရွာဖွံ့ဖြိုးရေးအတွက်လည်း အစိုးရက ဘာမှလုပ်မပေးတော့ဘူး’’ဟု မသွဲ့သွဲ့ ၀င်းကပြောသည်။


လက်ပံတောင်းတောင်စီမံကိန်းနယ်မြေကို အဝေးမှ တွေ့ရစဉ် (ဓာတ်ပုံ-မောင်တာ)

စစ်အစိုးရလက်ထက် ၂၀၁၀ တွင် တပ်မတော်ပိုင် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်နှင့် တရုတ်အစိုးရပိုင် NORINCO လက်အောက်ခံ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူစာချုပ်ချုပ်ဆိုကာ စတင်လုပ်ကိုင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ခုနစ်နှစ်ကျော်ကြာပြီး ယနေ့အချိန်ထိ မြေယာလျော်ကြေး ပြဿနာများ ပြေလည်မှုမရသေးသလို စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်  ကျေးရွာများအား အပြီးရွှေ့ပြောင်းနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

၂၀၁၃ က အတိုက်အခံနိုင်ငံရေးသမားအဖြစ် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းစုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရအဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူထား သည်မှာ တစ်နှစ်ခွဲကျော်ကြာမြင့် လာပြီဖြစ်သော်လည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေး ပြေလည်အောင် ဖြေရှင်းပေး နိုင်ခြင်းမရှိသေးဘဲ အခက်အခဲများ ကြုံနေရသည်။

၂၀၁၆ မေလမှ စတင်ကာ ကြေးနီစတင်ထုတ်လုပ်နေပြီဖြစ်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ၂၀၁၄ က စီမံကိန်းဧရိယာ၏ သုံးပုံနှစ်ပုံ ကျော်ဖြစ်သော မြေဧက ၄,၉၀၀ ကျော်ကို ခြံစည်းရိုးခတ်ခဲ့သည်။ သို့သော် မြေယာလျော်ကြေး ပြဿနာများ ပြေလည်မှုမရသေးဘဲ ခြံစည်းရိုးခတ်သည့်အပေါ် ဒေသခံများက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး လူသေဆုံးထိခိုက်ဒဏ်ရာရသည့် သွေးထွက်သံယိုမှုများ ဖြစ်ပေါ်သည်အထိ တင်းမာမှုများ ရှိခဲ့သလို စီမံကိန်းဧရိယာတစ်ခုလုံးအား အပြီးသတ်ခြံစည်းရိုးခတ် နိုင်ခြင်းမရှိဘဲ ဖြစ်ခဲ့သည်။

လာမည့် ၂၀၁၈ တွင် စာချုပ်ပါ သဘောတူညီချက်များအတိုင်း ကြေးနီစီမံကိန်းမှ ထုတ်လုပ်မှုအ မြင့်ဆုံးပမာဏအဖြစ် တစ်နှစ် လျှင် ကြေးနီတန်ချိန်တစ်သိန်း ထုတ်လုပ်မည်ဖြစ်သည်။ ထို့အ တွက် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ကျေးရွာများ ရွှေ့ ပြောင်းရေးနှင့် မြေယာလျော်ကြေး ပြဿနာများ ပြေလည်အောင် မဖြစ်မနေ ညှိနှိုင်းရမည်ဖြစ်သည်။

စီမံကိန်းအတွက် ရွှေ့ပြောင်းရမည့် ကျေးရွာများအတွက် အစိုးရနှင့် ကုမ္ပဏီက ရွာသစ်တည်ပေး ပြီး မြေနေရာနှင့် နေအိမ်အစားထိုး ပြန်လည်ဆောက်လုပ်ပေးသည်။ နေအိမ်ရွှေ့ပြောင်းမည့်သူများကို အိမ်အမျိုးအစား အလိုက် A,B,C,D အဆင့်လိုက်ခွဲကာ နေအိမ်များ အစားထိုး ဆောက်လုပ်ပေးပြီး ရွှေ့ပြောင်းစရိတ် ကျပ် ၁၀ သိန်းမှ ကျပ်လေးသိန်းအထိ ပေးအပ်မည်ဟု ဒေသခံများက ပြောကြား သည်။

 မြေယာစွန့်လွှတ်သူများကို စီမံကိန်းကြောင့် ဆုံးရှုံးမည့် မြေ တစ်ဧကလျှင် အနည်းဆုံး ကျပ် ၁၈ သိန်းကျော်မှ အများဆုံး ကျပ် ၃၂ သိန်းကျော်အထိ လျော်ကြေးငွေ ပေးအပ်သည်ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ထို့အပြင် မြေယာလျော် ကြေး လက်ခံကာ စီမံကိန်းအတွက် မြေယာစွန့်လွှတ်ပေးသူများ အတွက် ဆုံးရှုံးသည့် မြေဧကအ ပေါ် မူတည်၍ အလုပ်ခန့်ထား ပေးခြင်းနှင့် အလုပ်မရမီ ကြား ကာလတွင် ထောက်ပံ့ကြေးပေးခြင်းတို့ကို လုပ်ဆောင်နေပြီး စီမံ ကိန်းအတွက် မြေ ၁၀ ဧကအထိ စွန့်လွှတ်သူများကို အလုပ်တစ်နေရာ၊ ၁၀ ဧကမှ ၂၀ ဧကကြား  ဆုံးရှုံးရသူများကို အလုပ်နှစ်နေရာနှင့် မြေဧက ၂၀ အထက် ဆုံးရှုံးသည့် တောင်သူများကို အလုပ်အကိုင် သုံးနေရာနှုန်း သတ်မှတ်ကာ ခန့်ထားပေးနေသည်ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ ကြေးနီစီမံကိန်းတိုးတက်မှုဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။ အလုပ်မခန့်ထားမီ ကြားကာလတွင် စွန့်လွှတ် ပေးသည့် မြေဧကအပေါ်မူတည်၍ တစ်လလျှင် ဒေါ်လာ ၇၀၊ ၁၂၀ နှင့် ၁၆၀ နှုန်းဖြင့် ထောက်ပံ့နေပြီး ထောက်ပံ့ကြေးကို ခြောက်လတစ် ကြိမ် ထုတ်ပေးနေကြောင်း မြန်မာ -ဝမ်ပေါင်ကုမ္ပဏီက ဆိုထားသည်။

မြေယာလျော်ကြေးထုတ်ယူ ခြင်း မရှိသေးသူများအတွက် ဘာကြောင့် မယူသလဲဆိုသည့် အကြောင်းရင်းကို ရှာဖွေကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြေလည်အောင် ဖြေရှင်းပေးမည်ဖြစ် ပြီး ရွာဟောင်းမှ မရွှေ့ပြောင်း သေးသည့် အိမ်ထောင်စုများကို ယခင်ထက် နေရာကျယ်ကျယ် ပေးကာ ပြေလည်စွာ ရွှေ့ပြောင်း ပေးနိုင်ရန် လုပ်ဆောင်မည်ဟု ဦးမြင့်ကြည်ကဆိုသည်။

 ယခင်အစိုးရအဆက်ဆက်သည် စီမံကိန်းအတွင်း ပါဝင်နေသော ကျေးရွာများ၊ မြေယာများ နှင့် ပတ်သက်၍ ပြေလည်အောင် ညှိနှိုင်းခြင်းမရှိသလို လက်ရှိအစိုးရအနေဖြင့် စနစ်တကျလာရောက် ညှိနှိုင်းခြင်း မရှိသေးကြောင်း လက် ပံတောင်း ကြေးနီစီမံကိန်းဧရိယာအတွင်း ပါဝင်နေပြီး ကျေးရွာ ရွှေ့ပြောင်းပေးရမည့် ဆားလင်း ကြီးမြို့နယ် ဆည်တည်းရွာနေ တောင်သူဒေါ်ရီဝင်းက ပြောသည်။

‘‘စီမံကိန်းကို မကျေနပ်တာကတော့ အမှန်ပဲ။ အခုချိန်ထိလည်း ညှိနှိုင်းတာမရှိဘူး။ ပြေလည်အောင် ဆောင်ရွက်ပေးတာ မရှိသေးဘူး’’ဟု ဒေါ်ရီဝင်းကပြောသည်။


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာကို ၂၀၁၆ ဖေဖော်ဝါရီက တွေ့ရစဉ် (ဓာတ်ပုံ - AI)

ဒေါ်ရီဝင်းသည် စိုက်ပျိုးမြေ ၁၃ ဧကကျော် ရှိသော်လည်း ၂၀၁၂ ကတည်းက ကြေးနီစီမံကိန်း ဧရိယာအဖြစ် ခြံစည်းရိုးခတ်ခံရပြီး လက်ရှိတွင် စားဝတ်နေရေးအတွက် မုံရွာမြို့သို့ သွားရောက်ကာ ပန်းရန်အလုပ် လုပ်ကိုင်နေ ရသည်။

ဆည်တည်းရွာသည် အိမ်ခြေ ၈၀ ကျော်ရှိပြီး အိမ်ခြေ ၃၀ ကျော် ကျေးရွာသစ်သို့ ပြောင်းရွှေ့ထားသော်လည်း အများစုသည် ပြောင်းရွှေ့ခြင်းမရှိသလို မြေယာလျော် ကြေးလည်း ကျေနပ်လက်ခံခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

ဆည်တည်းကျေးရွာမှ ဒေသခံများ၏ စိုက်ပျိုးမြေများသည် ၂၀၁၂ နှင့် ၂၀၁၄ တွင် ကြေးနီစီမံကိန်းဧရိယာအဖြစ် ခြံစည်းရိုးခတ်ခံရပြီး တောင်သူလုပ်ကိုင်စားခွင့် မရတော့သဖြင့် ဒေသခံများသည် သူကဲ့သို့ပင် ပန်းရန်၊ ကူလီအလုပ် များဖြင့် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေရကြောင်း ဒေါ်ရီ ဝင်းကပြောသည်။

‘‘ကျွန်တော်တို့ တိုင်းအစိုးရ အနေနဲ့ကတော့ အတတ်နိုင်ဆုံး ပြေလည်အောင် ညှိနှိုင်းမှာပါ’’ ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး အဓိကကိုင်တွယ်လုပ်ဆောင်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး ဦးမြင့်ကြည်က ပြော သည်။

သို့သော် ရာဂဏန်းကျော်ခဲ့သော ဆန္ဒပြပွဲများ ဖြစ်တည်ခဲ့ရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးသည် လက်ရှိအစိုးရလက်ထက်တွင် ရပ်တန့်နိုင်မလား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

လက်ပံတောင်းတောင်ကြေး နီစီမံကိန်း လုပ်ကိုင်နေသည့် မြန်မာ-၀မ်ပေါင် ကုမ္ပဏီအနေ ဖြင့် စီမံကိန်းတည်ဆောက်ရေး ကာလအတွင်း နှစ်စဉ်ကန်ဒေါ်လာ တစ်သန်းကို လူမှုရေးအရတာဝန် ယူမှု CSR လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကြေးနီစီးပွားဖြစ် ထုတ်လုပ်သည့် ကာလ၌လည်း အသားတင်အမြတ်၏ ၂ ရာခိုင်နှုန်းကို လူမှုရေးတာဝန်ယူမှု နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် အသုံးပြုရမည်ဟု လက်ပံ တောင်းတောင် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်အရ ပြန်လည်ချုပ်ဆိုသည့် စာချုပ်၌ ထည့်သွင်းချုပ်ဆိုထားသည်။ ထို့အပြင် စီးပွားဖြစ် ထုတ်လုပ်နေသည့် ကာ လတစ်လျှောက် နှစ်စဉ်အမေရိ ကန်ဒေါ်လာနှစ်သန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး အာမခံငွေအဖြစ် မြန်မာအစိုးရ၏ စီးပွားရေးဘဏ်တွင် သီးသန့်ငွေစာရင်းဖွင့်ကာ အပ်နှံထားရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်းများတွင် ကျခံသုံးစွဲရ မည်ဖြစ်သည်။

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ-၀မ်ပေါင်ကုမ္ပဏီက ထိုသို့ ငွေကြေးသုံးစွဲနေသော်လည်း ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာသည့် ဒေသခံများအားလုံးအတွက် နှောင်ကြိုးမဲ့သုံးစွဲခြင်းမျိုးမဟုတ်ဘဲ စီမံကိန်းအတွက် မြေယာများ စွန့်လွှတ်ရန် မက်လုံးအနေဖြင့်သာ သုံးစွဲနေသည်ဟု မသွဲ့သွဲ့ဝင်းက ပြောသည်။

‘‘စီမံကိန်းကြောင့် ဒေသခံတွေ ထိခိုက်နစ်နာမှုအတွက် အသေးစား၊ အလတ်စားလုပ်ငန်းတွေ ထူထောင်ပေးတယ်ဆိုရင်လည်း နှောင်ကြိုးမဲ့ပဲ ဖြစ်စေချင်တယ်။ အခုကျတော့ မြေယာစွန့်လွှတ်မှ၊ ရွာပြောင်းပေးမှ ပေးမယ့် သဘောမျိုးဖြစ်နေတယ်။ သူတို့ ပေးမယ့် အလုပ်လိုချင်ရင် မြေပိုင်လား၊ အိမ်ပိုင်လား လက်မှတ်ထိုးရမယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ထင်တယ်’’ဟု မသွဲ့သွဲ့ဝင်းက ပြောသည်။

၂၀၁၂ လက်ပံတောင်းအရေး သပိတ်စခန်းဖွင့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မီးလောင်စေသည်အထိ အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် မသွဲ့သွဲ့ဝင်းက လက်ရှိအစိုးရခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားချိန်တွင် ဒေသခံများ၏  အခက်အခဲများကို ကူညီဖြေရှင်းပေး စေလိုသည်ဟု ပြောသည်။

လက်ရှိအခြေအနေအတိုင်း ညှိနှိုင်းခြင်းမရှိဘဲ ဆက်သွားနေမည်ဆိုပါက မြေယာမစွန့်လွှတ်လိုသည့် ဒေသခံများနှင့် ကုမ္ပဏီကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွား နိုင်ပြီး တောင်သူ ဒေါ်ခင်ဝင်းကဲ့သို့ ဖြစ်ရပ်ဆိုးများ ထပ်မံကြုံတွေ့မည် ကို စိုးရိမ်သည်ဟု ပြောသည်။

‘‘စီမံကိန်းကြောင့် မဖြစ်မနေဖယ်ကို ဖယ်ရမယ်ဆိုရင် ကုမ္ပဏီရော၊ အစိုးရရော လာပြောပါ။ လာညှိပေးပါ။ ဒေသခံတွေက ဘာကြောင့် ဒီနေရာတွေက မရွှေ့ချင်တာလဲ၊ ဘာကြောင့် မြေတွေမစွန့်လွှတ်ချင်တာလဲဆိုတာ သေသေချာချာ ကျကျနနလာမေးပါ။ ညှိနှိုင်းပါ။ အဲဒီအချိန်မှာ အစိုးရနဲ့ကုမ္ပဏီကတော့ ဘာလုပ်ပေးနိုင်ပါတယ်။ ဘယ်လိုလုပ်ပေးပါ့မယ်ဆိုရင် ပြေလည်ကောင်းပြေလည်နိုင်ပါတယ်’’ဟု မသွဲ့သွဲ့ဝင်းကဆိုလေသည်။