ရုပ်ရှင် အကြိုခံစားခြင်း

သရာစောထိ

- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ တော့ မငြိမ်းချမ်းသေးတဲ့ ဒေသတွေက ကလေးတွေရဲ့ ပညာသင်ရတဲ့အကြောင်း ရိုက်ကူးတဲ့ဇာတ်ကားကို ဖော်ပြပေးလိုက်ပါတယ်။

စောထိတို့နေထိုင်တဲ့ဒေသ က မငြိမ်းချမ်းမှုတွေရှိနေသေးတဲ့ ဒေသပါ။ သူ့အဖေဆိုရင် မိုင်းထိပြီးဆုံးသွားတာပါ။ သူ့အမေကလည်း မိုင်းထိခဲ့တာကြောင့် ဒုက္ခိတ တစ်ယောက်ဖြစ်ပါတယ်။ စောထိမှာ အခင်ဆုံး သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ နော်ရှားရှုဖောနဲ့ စောတန်ခူးပါ။ သူတို့သုံးယောက်စလုံးက အတန်းအတူတူဖြစ်တာကြောင့် အရမ်းရင်းနှီးကြပါတယ်။ သူတို့သုံးယောက်ထဲမှာ နော်ရှားရဲ့ မိဘတွေကပြည့်စုံပါတယ်။ အဲဒါကြောင့် သူတို့ဆယ်တန်းဖြေတဲ့အချိန်မှာ နော်ရှားရဲ့မိဘတွေကပဲ သူတို့သုံးယောက် စလုံးအတွက် ကူညီပေးခဲ့ပါ တယ်။

သူတို့သုံးယောက်ထဲမှာ စောထိက စာအတော်ဆုံးပါ။ ရည်မှန်း ချက်လည်း အရမ်းကြီးပါတယ်။ ဒါပေမဲ့ စာမေးပွဲ အောင်စာရင်းထွက်တဲ့အချိန်မှာတော့ စောထိရဲ့နာမည် ပါမလာခဲ့ပါဘူး။ နော်ရှားကတော့ သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စောတန်ခူးကတော့ အောင်တယ်ဆိုရုံအမှတ်နဲ့ပဲအောင်မြင်ခဲ့ပါတယ်။ စောထိစာမေးပွဲကျတာကို သူ့သူငယ်ချင်းတွေရော သူတို့ရွာကလူတွေကပါ မယုံနိုင်ကြပါဘူး။

အဲဒါကြောင့် အကုန်လုံးက စောထိကိုနောက်တစ်နှစ်ကျောင်းပြန်တက်ဖို့ပြောခဲ့ပါတယ်။ စောထိကတော့ သူ့ရဲ့ အမေကို ကူညီဖို့အတွက် ကျောင်းဆက်မတက် တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပြီး စောထိကသူတို့ရွာက ကလေးတွေကို ပညာတတ်စေချင်ပါတယ်။ တစ်ရက်မှာတော့ သူတို့ရွာကျောင်းရှေ့က ဖြတ်သွားတုန်း ကျောင်းမှာကလေးတွေ ဆော့ကစားနေတာ တွေ့တာကြောင့် ဝင်ကြည့်ခဲ့ပါတယ်။ ကျောင်းမှာ ဆရာမရှိပါဘူး။ ဆရာနှစ်ယောက်ရှိပေမယ့် တစ်ယောက်က ခွင့်ယူထားသလို တစ်ယောက်က မလာတာကြာပြီလို့ပြောပါတယ်။

စောထိဆုံးဖြတ်လိုက်ပါတယ်။ သူတို့ရွာကျောင်းလေးမှာ စေတနာဆရာအနေနဲ့ လုပ်အားပေးဖို့ပါ။ အဲဒါကြောင့် ရွာလူကြီးကိုသွားပြောခဲ့ပါတယ်။ ရွာလူကြီးကလည်းခွင့်ပြုခဲ့ပါတယ်။ အဲဒီလိုနဲ့ ရွာကျောင်းမှာ လုပ်အားပေးဆရာဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် နော်ရှားကတော့ မြို့မှာကျောင်းတက်နေပြီး စောတန်ခူး ကတော့ အရက်ရဲ့ကျေးကျွန်ဖြစ်နေပါပြီ။ ကျောင်းတက်နေတဲ့ နော်ရှားအဆင်ပြေအောင် သူ့မိဘတွေရော ရန်ကုန်ကိုပြောင်းသွားခဲ့ပါတယ်။

အဲဒီလိုနဲ့တစ်ရက်မှာတော့ စောထိစာသင်နေတဲ့နေရာကို နော်ပဲလှော်ဆိုတဲ့ကောင်မလေးတစ်ယောက် စာသင်ဖို့ ရောက်လာခဲ့ပါတယ်။ သူတို့အရပ်မှာက စာသင်ဖို့ငွေကြေးထက် သူတို့အိမ်တွေမှာရှိတာတွေကို ယူလာပေးလေ့ရှိပါတယ်။ နော်ပဲလှော်က သူ့ကိုစာသင်ပေးဖို့အတွက် စောထိကို ကြက်တစ်ကောင်ပေးခဲ့ပါတယ်။

သူတို့ဒေသက ကလေးတွေစာတတ်မြောက်ဖို့အတွက် ကူညီနေတဲ့စောထိ ဘယ်လောက်အတိုင်းအတာအထိ ကူညီပေးနိုင်ဦးမှာလဲဆိုတာကိုတော့ စက်တင်ဘာ ၁၅ ရက်ကနေစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် မြန်မာ့ဒီမိုကရေစီရက်သတ္တပတ် ရုပ်ရှင်ပွဲတော်မှာပြသမယ့် သရာစောထိ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ စောထိအဖြစ် ထွန်းထွန်း၊ နော်ရှားအဖြစ် ယုသန္တာတင်၊ နော်ပဲလှော်အဖြစ် ယဉ်လတ်၊ စောတန်ခူးအဖြစ် ကိုပြည့်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မောင်သူရရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ စံရွှေမောင်က ရိုက်ကူးပုံဖော်ထားပါတယ်။

Top News