သွေးထိုးလှုံ့ဆော်ဆောင်ရွက်မှုများ မည်သည့်အခါမှ အောင်မြင်မည်မဟုတ်ဟု လွှတ်တော်ကိုယ်စားလှယ်များပြော

စက်တင်ဘာ ၁၁ရက်ညပိုင်းက လူစုလူဝေးဖြင့် ဆူပူမှုများ ထပ်မံမဖြစ်ပေါ်စေရန်တောင်တွင်းကြီး မကွေးလမ်းမကြီးပေါ် ရွှေကြာအင်း(၂)ရပ်ကွက်တွင်လုံခြုံရေးများချထားစဉ် (ဓာတ်ပုံ − တင်ဆွေဦး)

 သွေးထိုးလှုံ့ဆော်မှုများ တွင် ပြည်သူများက မပါဝင်ခြင်း ကြောင့် ယင်းလုပ်ရပ်များ မည်သည့်အခါမှ အောင်မြင်မည် မဟုတ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များကပြောကြားသည်။ 


လတ်တလောတွင် တိုင်းနယ်၊ ပြည်နယ်ဒေသအချို့၌ သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ပြီး အဓိကရုဏ်းမဖြစ်ဖြစ်အောင် ဆောင်ရွက်နေကြသည့် လုပ်ရပ်များနှင့် ပတ်သက်ပြီး ကိုယ်စားလှယ် များက ပြောဆိုခြင်းဖြစ်သည်။ 

‘‘လူထုဘေးအန္တရာယ် ကျ ရောက်စေဖို့အတွက်ကို ဘာဖြစ် လို့ အချိန်ကျခွင်ကျလုပ်နေကြ တာလဲလို့ မေးချင်ပါတယ်။ သွေးထိုးလှုံ့ဆော်တဲ့သူတွေကို ပြောချင်တာကတော့ ဘယ်လိုပဲ သွေးထိုးလှုံ့ဆော်မှုတွေ ဆောင်ရွက်ပါစေ၊ ပြည်သူတွေမပါတာ ဖြစ်တဲ့အ တွက် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ပြောချင်ပါ တယ်’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီ ညီက ပြောသည်။ 

ထို့ပြင် ပြည်သူများအနေဖြင့် သွေးထိုးလှုံ့ဆောင်မှုများကို ဖော် ထုတ်အရေးယူနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ် စားလှယ်များက မေတ္တာရပ်ခံ သည်။ 

‘‘မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေတဲ့သူတွေက ဘာ ရည်ရွယ်ချက်ရှိပြီးတော့ ဘယ်လို မျိုးအကျိုးမျှော်ကိုးပြီး ဆောင်ရွက် နေတယ်ဆိုတာကို မသိဘူးလေ။ ဒါကြောင့် အေးအေးချမ်းချမ်းနေ ချင်တဲ့ တိုင်းသူပြည်သားတွေကိုတော့ စာနာကြပါလို့ပြောကြားချင် ပါတယ်’’ဟု ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောသည်။ 

နိုင်ငံတော်သမ္မတ ဦးထင် ကျော်ကလည်း ပြည်သူများ၏စိုး ရိမ်ကြောင့်ကြမှုများကို အခွင့် ကောင်းယူ၍ သွေးထိုးလှုံ့ဆော် မည့်သူများကို အချိန်မီဟန့်တား နိုင်ရေး၊ တရားဥပဒေနှင့်အညီ ထိ ရောက်စွာအရေးယူနိုင်ရန် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ညွှန်ကြား ထားသည်။ 

ယခုလဆန်းပိုင်းကစ၍ရခိုင် အရေးကိစ္စနှင့်ပတ်သက်ပြီး မ တည်ငြိမ်စေရန် ကောလာဟလ များဖြန့်ချိခြင်း၊ ယခင်ဗီဒီယိုဖိုင်အ ဟောင်းများကို ထင်ယောင်ထင် မှားဖြစ်စေရန် ကောလာဟလများ ဖြင့် တွဲ၍ ပြန်တင်ခြင်း စသည်တို့ ကို လူအသုံးပြုမှုများသည့် လူမှု ကွန်ရက်စာမျက်နှာအပါအဝင် ဆက်သွယ်ရေးကွန်ရက်များသုံး ၍လှုံ့ဆော်မှုများပြုလုပ်နေသည်။ 

‘‘ကျွန်တော်တို့နိုင်ငံမှာ လုံ ခြုံရေးအဆင့်က ကမ္ဘာနဲ့စာရင် တော့ တော်တော်လေးနည်းသေး တာပေါ့။ ဒါမျိုးပြောလို့ လူထုကို တင်းကျပ်တဲ့ပုံမျိုး မဖြစ်စေချင်ဘူး ပေါ့။ သို့ပေမယ့်လည်း လုံခြုံရေး ကတော့ အခုလိုချိန်မျိုးမှာ သတိရှိရမယ်။ တစ်ချိန်တည်းမှာလည်း ထိရောက်တဲ့ပုံစံဖြစ်ရမယ်’’ဟု ဒီ ချုပ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးရဲထွဋ်က ပြောကြား သည်။ 

စက်တင်ဘာ ၁၀ ရက်ညပိုင်းတွင် တောင်တွင်းကြီးမြို့၌ လူစု လူဝေးဖြင့် ဆူပူမှုဖြစ်စေရန် ဆောင်ရွက်သဖြင့် အစိုးရက အချိန်မီ လူစုခွဲရှင်းလင်းခဲ့ရပြီး စက်တင်ဘာ ၁၁ ရက်၌ ပါဝင် ပတ်သက်သူငါးဦးကို ထပ်မံဖမ်း ဆီးခဲ့သည်။ 

‘‘နိုင်ငံရေးပယောဂတွေက တော့ မြို့နယ်တိုင်းမကင်းဘူးဖြစ် နေတယ်။ ကောလာဟလတွေက လျှော့တွက်လို့မရဘူး။ တဖြည်း ဖြည်းနဲ့ ဒါလေးတွေက ဖြစ်လာရင်မလွယ်ဘူး။ လုံခြုံရေးအင်အား တွေ ဖြည့်တင်းဆောင်ရွက်ပေး သင့်ပါတယ်’’ဟု ဒီချုပ်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ကျော်ဇေယျက ပြောသည်။