ရွှေပြည်သာတွင် ပခုံးချင်းတိုက်မိရာမှ လူသတ်မှုဖြစ်

 ရွှေပြည်သာမြို့နယ်တွင် ပခုံးချင်းတိုက်မိရာမှ စကားများ ပြီး လူသတ်မှုဖြစ်ခဲ့ရာ အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ၁၀ မိနစ်အ တွင်း ဖမ်းမိခဲ့သည်။

အင်ကြင်းမြိုင်လမ်းပေါ်တွင် စက်တင်ဘာ ၁၀ ရက် ည ၈ နာရီခန့်က လှည့်ကင်းပတ်နေသည့် ရဲတပ်ဖွဲ့က မျက်နှာနှင့် ဦးခေါင်း တွင်ရရှိထားသည့် ဒဏ်ရာများ ဖြင့် သေဆုံးနေသော အမျိုးသား တစ်ဦးကို တွေ့ရှိခဲ့သည်။

အလောင်းတွေ့ပြီးနောက် လှည့်ကင်းအဖွဲ့က လိုက်လံရှာဖွေ ရာ အသက် (၂၂)နှစ်အရွယ် ထက်ဝေလင်းကို ည၈ နာရီကျော်တွင် ယင်းမာလမ်းသွယ်အတွင်းမှ ဖမ်းဆီးမိကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

‘‘အဲဒီနေရာက အရမ်းမှောင်တယ်။ လူသွားလူလာ လည်း နည်းတယ်။ ဖမ်းဆီးရမိတဲ့ သူကို စစ်ဆေးတဲ့အခါမှာတော့ လူချင်းဝင်တိုက်မိရာက ရန်စဖြစ်တယ်ပြောပါတယ်။ တစ်ယောက် ကတော့ ထွက်ပြေးပြီး လွတ်နေတုန်းပါပဲ’’ဟု စက်တင်ဘာ ၁၁ ရက်ညနေတွင် ရွှေပြည်သာရဲစခန်းမှ ဒုရဲမှူးခင်ဇော်က ပြောသည်။

အသက် (၄၂)နှစ်အရွယ် ရာဂျစ်ကူးမား(ခ)နှုတ်ခမ်းမွေး သည် နေရာတွင်ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး လူ သတ်မှုကျူးလွန်ရာ၌ ပါဝင်သူဟု ယူဆရသူဝေဠုသည် ထွက်ပြေး လွတ်မြောက်နေကြောင်း ၎င်းက ပြောသည်။

‘‘ဖမ်းမိတဲ့သူက ကျွန်တော် တို့ဖမ်းမိတဲ့အချိန်မှာ ဒဏ်ရာတွေ ရထားတယ်။ သူတို့နှစ်ယောက်အ ရက်သောက်ပြီး ပြန်အလာမှာဖြစ် တာလို့ သိရတယ်။ လမ်းမှာခွေး တွေ့ရင် ရိုက်ဖို့ယူလာတဲ့ တုတ်နဲ့ ရိုက်ခဲ့တယ်လို့ သိရပါတယ်’’ဟု ရွှေပြည်သာရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်ဇော်က ပြောသည်။ 

ထက်ဝေလင်းနှင့် ဝေဠုကို ရွှေပြည်သာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု) ဖြင့် အမှုဖွင့်စစ်ဆေးနေကာ  ထွက်ပြေးလွတ်မြောက်နေသူကို လိုက်လံဖမ်းဆီးနေသည်။