မုံရွာမြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်၌ ကျပ်သိန်း၁၀၀ကျော်တန်ဖိုးရှိ ဖုန်း ၆၁လုံးခိုးယူမှုဖြစ်ပွား

မုံရွာမြို့ပေါ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ဆိုင်၌ ကျပ်သိန်းတစ်ရာကျော်တန်ဖိုးရှိ ဖုန်း ၆၁လုံး ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း မုံရွာ မြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲ အုပ်ရဲအောင်က ပြောသည်။

မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်းပေါ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ဆိုင်မှ ကျပ် ၁၂,၆၆၆,၉၀၀ တန်ဖိုးရှိ ဖုန်း ၆၁ လုံးကို စက်တင်ဘာ ၈ ရက်က ခိုး ယူခံရကြောင်း ရဲအုပ်ရဲအောင်က ပြောသည်။

‘‘မိုဘိုင်းဖုန်းအရောင်းဆိုင် က သိန်းတစ်ရာကျော်တန်ဖိုးရှိတဲ့ ဖုန်းတွေ ခိုးယူခံရတာဟုတ်ပါ တယ်။ ရဲစခန်းမှာ အမှုဖွင့်စစ်ဆေး နေပါတယ်။ ခိုးယူသွားသူတွေကို တော့ စုံစမ်းနေဆဲဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

မိုဘိုင်းဖုန်းအရောင်းဆိုင်တွင် မှန်ကောင်တာ ၁၆ လုံးအနက် သော့ခတ်ထားခြင်းမရှိသော မှန်ကောင်တာ ကိုးလုံးအတွင်းမှ ဖုန်းများ ခိုးယူခံရခြင်းဖြစ်သည်။ 

သော့ခတ်ထားခြင်းမရှိသည့် မှန်ကောင်တာအတွင်း ဆမ်ဆောင်းဖုန်း ၁၀ လုံး၊ Singtech ဖုန်း ကိုးလုံး၊ Gionee ဖုန်း သုံးလုံး၊ Hello ဖုန်းသုံးလုံး၊ Vivo ဖုန်း ငါးလုံး၊ Oppo ဖုန်း ခုနစ်လုံး၊ ivviဖုန်းခြောက်လုံးနှင့် အခြားဖုန်းအမျိုးအစား ၁၈ လုံး စုစုပေါင်း ဖုန်း အလုံးရေ ၆၁ လုံး ပျောက်ဆုံးနေသဖြင့် ပတ်ဝန်းကျင်၌ စုံစမ်းရာ ထူးခြားမှုများရှိခဲ့ကြောင်း  ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖုန်းများ ခိုးယူသူကို ဥပဒေနှင့်အညီ အရေးယူပေးရန် မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်က တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် မုံရွာမြို့ မြို့မရဲစခန်းက အိမ်အတွင်းခိုးယူမှု ပုဒ်မ ၃၈၀ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။