ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများကို မြန်မာအစိုးရနည်းတူ စိုးရိမ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်ပြောကြား

အကြမ်းဖက်မှု ပြဿနာကို နှစ်နိုင်ငံ လက်တွဲပူးပေါင်း ရင်ဆိုင်သွားမည်ဟု ကြေညာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ − အောင်ရှိုင်းဦး/အေပီ)

ရခိုင်ပြည်နယ် ပဋိပက္ခ များကို မြန်မာအစိုးရနည်းတူ စိုးရိမ်ကြောင်းနှင့် အကြမ်းဖက်မှုပြဿနာကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံပူးပေါင်းဖြေ ရှင်းမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီး ချုပ် နာရန်ဒရာမိုဒီက ပြောကြားသည်။

မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်ရောက်ရှိနေသည့် မိုဒီသည် စက်တင်ဘာ ၆ ရက်တွင် မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ခေါင်းဆောင်နှစ်ဦးအတူ ပူးတွဲကြေ ညာချက်ထုတ်ပြန်ရာ၌ ယခုကဲ့သို့ထည့် သွင်းပြောဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဘင်္ဂါလီ အကြမ်း ဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နောက် ပဋိပက္ခများ စတင်လာသည်။ လတ်တ လောတွင် ရခိုင်ပြည်နယ်၌ တပ်မတော်က အကြမ်းဖက်အုပ်စုများ အပေါ် စစ်ဆင်ရေးများဆင်နွှဲတိုက်ခိုက်လျက်ရှိသည်။ အိန္ဒိယသည်လည်း အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက်အဖွဲ့များ၏ရန်ကို ကာလရှည်ကြာ ရင်ဆိုင်နေရသည့် နိုင်ငံဖြစ်သည်။

နေပြည်တော်တွင် မိုဒီနှင့်တွေ့ဆုံပြီးချိန်၌ ပူးတွဲကြေညာ ချက် ထုတ်ပြန်ရာ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံ ကြုံနေရသည့် အကြမ်းဖက်မှုပြဿနာကို အိန္ဒိယက ခိုင်မာစွာ ကူညီရပ်တည်သည့် သဘောထားအတွက် ကျေးဇူးတင်ကြောင်း၊ မိမိတို့ နိုင်ငံပိုင် နက်တွင် အကြမ်းဖက်ဝါဒ အမြစ်တွယ်လာမည့် အခြေအနေကို တားဆီးရန် နှစ်နိုင်ငံ အတူလက်တွဲ ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။

မိုဒီကလည်း ‘‘ရခိုင်ပြည်နယ်မှာ အစွန်းရောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေခြင်းကို ကျွန်တော် တို့ (အိန္ဒိယ) အနေနဲ့လည်း မြန်မာနိုင်ငံနည်းတူ စိုးရိမ်ပူပန်မိပါ တယ်။ အထူးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် အကြမ်း ဖက် တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေအပေါ်ကိုပါ သက်ရောက် ထိခိုက်လာနိုင်ပါ တယ်’’ဟု ဆိုသည်။ ထို့အပြင် ယခုကိစ္စနှင့် ဆက်နွှယ်ပါဝင်လာသူ တိုင်းသည် မြန်မာနိုင်ငံ၏ စည်းလုံးမှု၊ အချုပ်အခြာအာဏာ တည်တံ့မှုတို့ကို လေးစားမှု အပြည့်အဝထားပြီး ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး စံနှုန်းများနှင့်အညီ ပူးပေါင်းအဖြေရှာရန် မျှော်လင့်ကြောင်း ၎င်းက တိုက် တွန်းခဲ့သည်။

ဘင်္ဂါလီ ပြဿနာသည် အိန္ဒိယနိုင်ငံကိုလည်း ရိုက်ခတ်မှုရှိနေပြီး ပြီးခဲ့သည့် နှစ်ပိုင်းများအ တွင်း ဘင်္ဂါလီ လေးသောင်းမျှ အိန္ဒိယသို့ ကျူးကျော် ရွှေ့ပြောင်း အခြေချခဲ့ကြောင်း သိရသည်။ ဩဂုတ်လတွင် အိန္ဒိယ အစိုးရ က ၎င်းတို့ကို နယ်နှင်ရန် စီစဉ်ချိန်၌ လူ့အခွင့်အရေး အဖွဲ့အစည်း များက ပြင်းပြင်းထန်ထန် ဝေဖန်ကြပြီး တရားရုံးချုပ်က အစိုးရ၏ နယ်နှင်မည့် အစီအစဉ်ကို ကြား ဝင်ဟန့်တားထားခဲ့သည်။

ဘင်္ဂါလီအရှုပ်အထွေး အရှိန် မြင့်နေချိန်တွင် မြန်မာနိုင်ငံသို့ မိုဒီရောက်ရှိလာခြင်းကြောင့် ထို ကိစ္စအပေါ် ဆွေးနွေးမှုကို နိုင်ငံတကာက အဓိက စောင့်ကြည့်ခဲ့ သော်လည်း အိန္ဒိယဝန်ကြီးချုပ်၏ အလည်အပတ်ခရီးစဉ်တွင် အ ခြားသော ရည်မှန်းချက်များပါဝင် နိုင်ကြောင်း အာရှရေးရာလေ့လာ သူများက သုံးသပ်သည်။

မိုဒီ၏ ခရီးစဉ်သည် သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးကို မြှင့်တင်ရန်၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံအပေါ် တရုတ်၏ ဩဇာ လွှမ်းမိုးမှုကို တန်ပြန်တွန်းလှန်ရန် အရေးပါလျက်ရှိသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တရုတ်နှင့် အိန္ဒိယတို့အကြား ပြိုင်ဆိုင်မှုမှာ သိသိသာသာ အရှိန်မြင့်တက်လာခဲ့သည်။

တစ်ချိန်တည်းတွင် မြန်မာနှင့် အိန္ဒိယတို့အကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် တစ်နှစ်လျှင် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံအထိ မြင့်တက်လာသော်လည်း အိန္ဒိယ စီးပွားရေးပရောဂျက်များ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု နည်းပါးနေဆဲဖြစ်သည်။

—Ref: Reuters, CNN

Top News