အရေးပေါ်သန္ဓေတားဆေး ဂယက်

အရေးပေါ် သန္ဓေတားဆေးအမျိုးအစားများဖြစ်သည့် OK နှင့် ECee2 ဆေးများကို ဆေးဆိုင်တစ်ခုတွင် အခြားဆေးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်သန်း)

ဆယ်ပေသာသာ ကျယ်ဝန်းသည့် အဲကွန်းတပ်ဆင်ထားသော အခန်းငယ်လေးထဲတွင် မှန်ဗီရိုနှင့်နံရံကပ်ဗီရိုများအတွင်း နိုင်ငံခြားဆေးနှင့် တိုင်းရင်းဆေးများကို အစီအရီဖြင့် တွေ့ရသည်။ အရောင်းဝန်ထမ်းတစ်ဦးနှင့် မန်နေဂျာတစ်ဦးသည် အသစ်ရောက်လာသောဆေးများကို စာရင်းပြုစုနေသည်။

ထိုစဉ် မှန်တံခါးကိုတွန်းဖွင့်၍ အသက်(၂၀)ကျော်အရွယ် အမျိုး သားလူငယ်တစ်ဦး ဆိုင်ထဲသို့ဝင်လာသည်။ အဆိုပါအမျိုးသားက ၀ယ်ယူမည့်ဆေးနာမည်ကို အရောင်းဝန်ထမ်းအား ပြောသော် လည်း အရောင်းဝန်ထမ်းက ခေါင်းခါပြလိုက်သဖြင့် စိတ်ပျက်လက် ပျက်အမူအရာနှင့် ပြန်ထွက်သွားသည်။

‘‘သန္ဓေတားဆေး လာဝယ်တာလေ။ FDA  က ဆရာဝန်ဆေး ညွှန်းစာပါမှ ရောင်းရမယ်ဆိုလို့ ဆေးရှိပေမယ့် မရှိဘူးလို့ပြောပြီး ပြန်လွှတ်လိုက်ရတယ်’’ဟု ယင်း ဆေးဆိုင် မန်နေဂျာ မသူဇာက လူငယ်ထွက်သွားရာသို့ မေးငေါ့ပြ ရင်း ဆိုသည်။

လွန်ခဲ့သည့် တစ်ပတ် လောက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) ညွှန်ကြားချက်ကို ဖေ့စ်ဘွတ်ခ်တွင် စတင်တွေ့ရှိပြီးနောက် ယင်းဆေး များကို မရောင်းချတော့ကြောင်း မသူဇာကရှင်းပြသည်။

‘‘ဒီဆေးလာဝယ်တဲ့သူက တစ်လတစ်လကို အယောက် ၄၀၊ ၅၀ လောက်ရှိတယ်။ တခြားဆေး တွေထက်ကို ၀ယ်လိုအားများ တယ်။ ဟိုတယ်၊ တည်းခိုခန်းတွေ နဲ့ နီးတဲ့နေရာတွေ၊ လူစည်ကားတဲ့ အရပ်တွေမှာဆို ပိုရောင်းရတယ်’’ ဟု ၎င်းကဆိုသည်။

နယ်မြို့တစ်ခုမှ ဆေးဝါးပစ္စည်းဈေးကွက် မြှင့်တင်ရေးဝန် ထမ်း ကိုကျော်ကြီးက ‘‘ဆေးဆိုင် တွေမှာ ဆေးအပို့ပေးရဆုံး စာရင်းထဲမှာ အရေးပေါ် သန္ဓေတားဆေး ပါတယ်’’ဟု ဆိုသည်။

ချစ်သူရည်းစား အချင်းချင်း အပါအ၀င် မတော်တဆ အတူနေ ထိုင်ရင်းမှ ကိုယ်ဝန်မရရှိစေရန် အရေးပေါ်သန္ဓေတားဆေးကို အသုံးပြုကြသည်။ ယင်းဆေးကို ဆေးဆိုင်၊ တည်းခိုခန်းများအပြင် မီနီ မားကက်ဆိုင်လေးများတွင်ပါ တင်ရောင်းကြပြီး အလွယ်တကူ ၀ယ်ယူနိုင်သဖြင့် လူငယ်လူရွယ် များအကြား သုံးစွဲမှုပမာဏ မြင့် တက်လာခဲ့သည်။

အဆိုးဆုံးမှာ အရေးပေါ်သန္ဓေတားဆေးကို အရေးပေါ် အခြေအနေဖြင့်သာ သုံးစွဲရမည့်ကျန်းမာရေးအသိရှိမှု အားနည်းကာ ယင်းဆေးကို တစ်ပတ်လျှင်နှစ်ကြိမ်ခန့်၊ တစ်လလျှင် သုံး၊လေးကြိမ်ထက်မနည်း အသုံးပြုလာ ခြင်းဖြစ်သည်။

တန်ဆေးလွန်ဘေးဟူသော စကားပုံအတိုင်း လိုအပ်သည်ထက် ပိုမိုသုံးစွဲလာသဖြင့် ကျန်းမာ ရေးဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ ယင်းပြဿနာကို ထိန်းသိမ်းဖြေရှင်းရန် မြန်မာနိုင်ငံအ စားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဦးစီးဌာန(FDA)က ညွှန်ကြားချက်တစ်ခုကို သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းညွှန် ကြားချက်မှာ ‘ဆရာဝန်လက်မှတ်ပါမှ အရေးပေါ်သန္ဓေတားဆေးကို ဆေးဆိုင်များမှ ရောင်းချပေးရန်’ ဖြစ်သည်။

‘‘အခုလူငယ်တွေ သုံးနေကြတာက ၄၈ နာရီအတွင်း တားဆေးတို့၊ ၇၂ နာရီအတွင်း တားဆေးတို့ကို အသုံးများလာကြတယ်။ ဒါ တွေသုံးစွဲမှုကို စိစစ်တဲ့အနေနဲ့ ဆရာဝန် ဆေးညွှန်းစာတွေနဲ့ ရောင်းရမယ်လို့ ထုတ်ပြန်တာပါ’’ ဟု FDA  လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာမျိုးဇာနည်စော (ဆေးဝါး)က ဆိုသည်။

လူငယ်များအကြား အသုံး ပြုမှုများလာသည့် အရေးပေါ်ပဋိ သန္ဓေတားဆေးလုံးများ (Emerge -ncy Oral Contraceptive Pills)သည် ရောဂါအခံရှိသူများ သောက်သုံးပါက သွေးလွန်ခြင်း၊ ကျောက် ကပ်ထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင် သည်ဟု FDA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့်မြို့နယ်များရှိဆေးဆိုင်များအားလုံး အဆိုပါဆေးဝါးကို ဆရာဝန်ဆေးစာဖြင့်သာ ရောင်းချရန်၊ မှတ်တမ်းပြုစုထားရန် ညွှန်ကြားထားသည်။ ယင်းထုတ်ပြန်ချက်မှာ လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ပြီးနောက် လက်ရှိဈေးကွက်အတွင်း ဆေးရောင်းချမှု မရှိသလောက်လျော့နည်း သွားသော်လည်း ဆေးဆိုင်အချို့က ဆက်လက်ရောင်းချနေဆဲဖြစ်သည်။

အဆိုပါ ဆေးဝါးကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ရောင်းချရန်ဌာနဆိုင်ရာနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနများသို့ စာပေးပို့ထားသည်ဟု FDA က ပြောပြီး ဆေးဆိုင်များတွင် လက်ရှိအချိန်အထိ ညွှန်ကြားမှု တစ်စုံတစ်ရာမရှိသေး ကြောင်း ကမာရွတ်မြို့နယ်ရှိ ဆေးရောင်းချသူတစ်ဦးက ပြောသည်။

ရွှေပြည့်စုံဈေးမှ ဆေးလက်ကားရောင်းချသူတစ်ဦးက ‘‘ကျွန်တော်တို့တော့ အဲဒီဆေးတွေ မရောင်းဘူး။ ဒါပေမဲ့ အခုထိလည်းအဲဒီလိုမျိုး ညွှန်ကြားချက်တွေထုတ်တာမျိုးမသိသေးဘူး’’ဟု ဆို သည်။

လက်ရှိဈေးကွက်အတွင်း အသုံးများနေသည့် အရေးပေါ်တားဆေးများမှာ ECee-2 LeVo72 စသည်တို့ဖြစ်၍ ယင်းတို့မှာအတူနေပြီး ၇၂ နာရီ(သုံးရက်)အတွင်း သောက်ရမည်ဖြစ်သည်။ယင်းဆေးမှာ ကွန်ဒုံးပေါက်ပြဲခြင်း၊လစဉ်သောက်နေသော ပဋိသန္ဓေ တားဆေး ရက်ကျော်သွားခြင်းနှင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရသူများအတွက်သာ ကိုယ်ဝန်မရရှိစေရန် အရေးပေါ်သုံးစွဲသင့်သော ဆေးဖြစ်သည်။

‘‘ဒီလိုညွှန်ကြားချက်ထုတ်ပြီး နောက်ပိုင်းမှာတော့ မ၀ယ်မိဘူး။ သေချာတာကတော့ ၀ယ်ဖို့ခက်လာမယ်နဲ့တူတယ်။ ပြီးတော့ စဉ်းစားကြည့်ပါဦး။ တစ်ခါနေခါနီးတိုင်း ဆရာဝန်ဆီဆေးစာတောင်းရမယ်ဆို ဘယ်လိုမှ အဆင်မပြေ နိုင်ပါဘူး’’ ဟု ယင်းဆေးကိုတစ်လလျှင်တစ်ကြိမ်ခန့် ၀ယ်ယူသူစမ်း ချောင်းမြို့နယ်နေ အသက်(၂၅)နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးက ဆိုသည်။

ထိုသို့လူငယ်လူရွယ်များအ ကြား၌ သုံးစွဲမှုလျော့ကျရန်နှင့် ကျန်းမာရေးမထိခိုက်စေရန် ရည် ရွယ်ချက်ဖြင့် ထုတ်ပြန်သည့် FDAညွှန်ကြားချက်အပေါ် ဆေးဘက် ဆိုင်ရာ အသိုင်းအ၀ိုင်းအကြား တွင် ဝေဖန်မှုများစွာ ထွက်ပေါ်လာ သည်။


ဓာတ်ပုံ − ကျော်ဇင်သန်း

‘‘ဒီဆေးကို ခက်ခက်ခဲခဲဖြစ် အောင်လုပ်တာ၊ တကယ့်ကိုလူနာ တွေနဲ့ ထိတွေ့နေရတဲ့ ဆရာဝန် တွေ၊ ဆရာတို့သားဖွားမီးယပ်အ သိုင်းအ၀ိုင်းကတော့ ဘယ်သူမှဒါ ကို သဘောမတူဘူး။ ဆရာဝန်ညွှန်ကြားချက်ပါမှ ဒီဆေးကို ရောင်းရမယ်ဆိုတာ ဘာအတွက်လုပ်တာလဲဆိုတာ စဉ်းစားလို့မရဘူး။ လူငယ်တွေမသောက်အောင် လုပ်တာနဲ့တူတယ်။ လူငယ်တွေမ သောက်ရင် ဘာဖြစ်မလဲဆိုတော့ သူတို့က လုပ်ချင်ရာတွေ လုပ်ကြ မှာပဲလေ။ လုပ်ပြီးတော့ ဒီဆေးမရှိ ရင် မလိုချင်ဘဲနဲ့ ကိုယ်ဝန်တွေရ လာမယ်။ ရလာရင် သူတို့လည်း ဘယ်သူမှလုပ်ပေးတာ မဟုတ်ဘူး။ လက်သည်တွေဆီသွား ဖျက်ကြမှာဖျက်ချရင် သေကြမှာ’’ ဟုသားဖွားမီးယပ် အထူးကုဆရာဝန် ကြီး ပါမောက္ခဒေါက်တာစိုးလွင်က သုံးသပ်သည်။

အခြားဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများတွင် အရေးပေါ်သန္ဓေတားဆေးများကို ဆရာဝန်၏ ဆေးစာမပါဘဲ ရောင်းချပေးနေသည်ဟု ဆရာဝန်များက ဆိုသည်။

‘‘ဆရာဝန် ညွှန်ကြားမှ သောက်တာတော့ ကောင်းတယ်။ ဒါပေမဲ့ ဆရာဝန်ဆီကိုကော ဒီလိုစုံ တွဲတွေရောက်လာမလားဆိုတဲ့ အပိုင်းကိုလည်း ကြည့်ဖို့လိုတယ်’’ ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ထောက် ပြသည်။

ထိုကဲ့သို့ အရေးပေါ်သန္ဓေတားဆေးအသုံးပြုမှုအပေါ် ထိန်းချုပ်ခြင်းက ဆေးဈေးနှုန်းကြီးမြင့်လာမှုနှင့် မြန်မာနိုင်ငံတွင် မူလကတည်းက များပြားနေသည့် ကိုယ်ဝန်ဖျက်ချမှုကိုလည်း မြင့်တက်စေ နိုင်ကြောင်း ဆရာဝန်အများစုက ဝေဖန်သည်။

ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာစိုးလွင်က ဆေးရုံသို့ရောက်ရှိလာသော ကိုယ်ဝန်ဆောင်နှစ်ဦးအနက် တစ်ဦးသည် ကိုယ်ဝန်ဖျက်ချမှုကြောင့် ဖြစ်သည်ကို တွေ့ရသည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ အဆိုပါအရေးပေါ်သန္ဓေတားဆေးများ သောက်သုံးကာ ကျန်းမာရေးထိခိုက်၍ ရောက်ရှိလာသည့်ဖြစ်ရပ်မျိုး မကြုံဖူးသေးကြောင်း ဆရာဝန်ကြီးအချို့က ဆိုသည်။ သို့သော်အရေးပေါ်သန္ဓေတားဆေးကို အရေးပေါ်အခြေအနေမျိုးတွင် မဟုတ်ဘဲ မကြာခဏသုံးစွဲသဖြင့်အမျိုးသမီးများ၌ ဓမ္မတာမမှန်သည့်ဖြစ်ရပ်အချို့ ရံဖန်ရံခါတွေ့ရကြောင်း ၎င်းတို့ကဆိုသည်။

၂၀၁၆ အတွင်းကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဆေးရုံတက် လူနာ ၈၄၅ ဦးဖြင့် ထိပ်ဆုံးနေရာ၌ရှိနေပြီး သားအိမ်ခေါင်းကင်ဆာကြောင့် ဆေးကုသမှုခံယူသည့် လူနာ ၃၈၅ ဦးထက်ပင် နှစ်ဆခန့်မြင့်တက်နေသည်ဟု ဗဟိုအမျိုးသမီး ဆေးရုံ (ရန်ကုန်) မှတ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အသက် (၁၈)နှစ်ပြည့်ပြီးသူ လူပျိုလူလွတ်များ၏ ၂၃ ရာခိုင်နှုန်းသည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ လိင်ဆက်ဆံခြင်းရှိနေသည်ကို တွေ့ရကြောင်း မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ စစ်တမ်းတစ်ခုကဖော်ပြသည်။

အဆိုပါ စစ်တမ်းသည် မြန်မာနိုင်ငံသားများ၏ လိင်မှုကိစ္စအလေ့အထများနှင့် စိတ်နေစိတ်ထားတို့ကို သိရှိစေရန် ယခုနှစ်ဇန်န၀ါရီနှင့် ဖေဖော်ဝါရီက ကောက်ယူထား ခြင်းဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်၊ မြို့ပြဒေသများမှ အသက်(၁၈)နှစ်မှ (၄၉)နှစ်အတွင်း လူဦးရေတစ်ထောင်ကို ရွေးချယ်ကောက်ယူထားသည်။

စစ်တမ်းကို နိုင်ငံတကာတွင် မျိုးဆက်ပွားကျန်းမာရေးနှင့် သားဆက်ခြားနည်းလမ်းများကို မျှဝေနေသည့် DKT အင်တာနေရှင်နယ် အဖွဲ့အစည်းက ကောက်ယူထား ခြင်းဖြစ်သည်။

လူဦးရေ တစ်ထောင်ကို စစ်တမ်းကောက်ယူချက်အရ ၃၇ ရာခိုင်နှုန်းသည် ၎င်းတို့ကိုယ်တိုင် လက်မထပ်မီ အတူနေထိုင်သည်ဟု ပြောကြား၍ ၆၂ ရာခိုင်နှုန်းသည် ၎င်းတို့၏အသိမိတ်ဆွေများ ထဲတွင် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ လိင်ဆက်ဆံမှုများရှိနေ ကြောင်း ပြောကြားခဲ့သည်ဟု DKTအင်တာနေရှင်နယ် မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဟိုင်ရမ်ဘလန်ဒီက ဆိုသည်။

ထိုသို့ လက်မထပ်မီ အတူနေထိုင်ခြင်းဓလေ့ တွင်ကျယ်လာမှုကြောင့် ယင်းသို့ညွှန်ကြားချက်ထုတ်ပြန်ခြင်းထက် ပိုမိုထိရောက်သည့် နည်းလမ်းများ အသုံးပြုသင့်သည်ဟု ဆရာဝန်များကဆိုသည်။

‘‘ဒီနေ့ခေတ်ထဲမှာ ဂူးဂဲလ် ခေါက်ရှာလိုက်ရုံနဲ့ တားဆေးအကြောင်းကို လူငယ်တွေသိလာတယ်။ ဒါမထူးဆန်းပါဘူး။ ဒီလို ဗဟုသုတရှိပြီး သုံးရကောင်းမှန်း သိလာတာကိုက မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ ဆန်းသွားတာက အရေးပေါ်ဖြစ်မှ သုံးတာမျိုးမဟုတ်ဘဲ ခဏခဏသုံးနေတာမျိုးပေါ့။ အဓိကတော့ မျိုးဆက်ပွားကျန်းမာရေးအသိနည်းတယ်လို့ မြင်တယ်။ ဒါကို များများပေးရမယ်’’ ဟုမြောက်ဒဂုံမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကဆို သည်။

ထိုသို့ ကျန်းမာရေးထိခိုက်နိုင်မည့် အန္တရာယ်ကြောင့် ညွှန်ကြား ချက်ထုတ်ပြန်ခြင်းမှာ မှားယွင်းသည်ဟု မဆိုနိုင်သော်လည်း အခြားတစ်ဖက်ကကြည့်လျှင် မြန်မာလူမျိုးတို့သည် အရှက်အကြောက်ကြီးသဖြင့် ယခုကဲ့သို့ ဆေးစာဖြင့် သာ ၀ယ်ယူရမည်ဆိုပါက ၀ယ်ယူရန်ခက်ခဲသွားပြီး အကျိုးဆက်အ နေဖြင့် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းပြဿနာများ ဖြစ်ပေါ်လာနိုင်သည် ဟု ဆေးပညာအသိုင်းအ၀ိုင်းက ထောက်ပြပြောကြားသည်။

‘‘တစ်ခုတော့ရှိတယ်။ ခဏခဏ အရေးပေါ်ဆေးဆိုတာချည်းကို သောက်လို့တော့ မရဘူး။ သွားသောက်ရင် တစ်ချိန်မဟုတ် တစ်ချိန်မှာ ကလေးရသွားမယ်။ ဘာလို့ဆို ရာနှုန်းပြည့် စိတ်မချရဘူး။ ရာသီမမှန်တာတွေ ဖြစ်တတ် တယ်။ လိင်အင်္ဂါကနေ ကူးစက်တဲ့ရောဂါတွေကိုလည်း မကာကွယ်ဘူး။ မကာကွယ်တဲ့ အခါကျတော့လူငယ်တွေဟာ တကယ်တမ်းကျတော့ ဆက်ဆံတဲ့နေရာမှာ ကျန်းမာရေးဗဟုသုတတွေ ပိုရှိဖို့လိုတယ်။ ခဏခဏ မသုံးဘဲနဲ့ တကယ်ကိုထိရောက်တဲ့ သားဆက်ခြားနည်းတွေကို သေချာသုံးဖို့လိုတယ်။ ဒီအရေးပေါ်ဆေးက အရေးပေါ်ဖြစ်သွားတဲ့အခါမှ တစ်ခါတလေပဲ သုံးရတယ်’’ ဟု ဒေါက်တာစိုးလွင်ဆိုသည်။

ယင်းဆေးများကို အမြဲသုံးစွဲမည်ဆိုပါက ကိုယ်ဝန်ရနိုင်ခြေမြင့် မားလာနိုင်ပြီး ဓမ္မတာလာသည့် ရက်များမှားယွင်းလာနိုင်ကာ မူး ဝေခြင်း၊ အော့အန်ခြင်းစသည့် လက္ခဏာများဖြစ်ပေါ်ခံစားရနိုင် သည်။ အဘယ်ကြောင့်ဆိုသော် ယင်းဆေးသည် သုက်ပိုး၊ မမျိုးဥများကို ဖျက်ဆီးခြင်းမဟုတ်ဘဲ မမျိုးဥကြွေမည့်ရက်ကို ခြားပေးထားမှုကြောင့် ဖြစ်သည်။ ထို့ ကြောင့် မမျိုးဥကြွေသည့်ရက်၌ အတူနေမည်ဆိုပါက ကိုယ်ဝန်တားနိုင်ခြေ နည်းပါးသည်။

မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းအချို့ကမူ မလိုလားအပ် သော ကိုယ်ဝန်ရရှိခြင်းကို တားမြစ်ရန် သားဆက်ခြားနည်းများစွာရှိ သည်ဟု ဆိုသည်။ ယင်းတို့မှာ အရေး ပေါ်သန္ဓေတားဆေးအပြင် လစဉ်ထိုးဆေး၊ သောက်ဆေး၊ IUDဟုခေါ်သော သားအိမ်တွင်းထည့် ပစ္စည်း၊ လက်မောင်းတွင်းထည့် ပစ္စည်း၊ အကာအကွယ်အသုံးပြုခြင်းနှင့် ရက်ရှောင်၍ အတူနေခြင်း တို့ဖြစ်ကြသည်။

ထိုကဲ့သို့ သားဆက်ခြားနည်း လမ်းများစွာရှိခြင်းကြောင့် အရေး ပေါ်သန္ဓေတားဆေးကို အရေးပေါ် အခြေအနေမျိုးတွင်သာ သုံးစွဲသင့် ပြီး ရေရှည်သုံးစွဲမည်ဆိုပါက တတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့် တိုင်ပင်သုံးစွဲသင့်သည်။

‘‘ကွန်ဒုံးသုံးတာကတော့ ကိုယ်ဝန်ရတာအပြင် ရောဂါကူးစက်မှုတွေကိုလည်း ကာကွယ်နိုင်တယ်။ ရာခိုင်နှုန်းတော်တော်များများကို ကာကွယ်နိုင်တယ်’’ ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက အကြံပြုသည်။

ရေးပေါ်သန္ဓေတားဆေးကို ၀ယ်ယူခွင့်ကန့်သတ်သော်လည်း ရာသီပုံမှန်လာသည့် ရက်ကိုတွက်ချက်ကာ အတူနေထိုင်ခြင်း(ရက် ရှောင်၍အတူနေခြင်း)၊ ကွန်ဒုံးအသုံးပြုခြင်းအပြင် ကြိုတင်ကာကွယ်ဆေးများ ထိုးနှံ၍ ရနိုင်သည်ဟု ၎င်းကဆိုသည်။

ယခုကိစ္စတွင် ပြဿနာနှင့် ဖြေရှင်းပုံတို့သည် လွဲနေသည်ဟု ဆရာဝန်များက ဝေဖန်ထောက်ပြထားသည်။

‘‘မှန်ကန်တဲ့ သားဆက်ခြား နည်းကိုသုံးစွဲနိုင်အောင် လူငယ်လူရွယ်လေးတွေကို မျိုးဆက်ပွားကျန်းမာရေးအသိပေးဖို့က အရေးကြီးတယ်။ နောက်ပြီးတော့ ညွှန် ကြားချက်တွေထုတ်တဲ့အခါမှာလည်း မှန်ကန်တဲ့အချက်အလက် တွေနဲ့ ထုတ်မှရတယ်။ လူငယ် လူရွယ်လေးတွေ လက်လှမ်းမမီလို့ရှိရင် ဘယ်လိုဖြစ်လာမလဲဆိုတော့ မလိုချင်ဘဲနဲ့ ရတဲ့ကိုယ်ဝန်တွေ များလာမယ်။ များလာရင် ဖျက်ချမယ်။ ပြီးတော့ စွန့်ပစ်ခံရမယ့် ကလေးတွေများလာမယ်။ အဲဒါလေး ကို ထည့်စဉ်းစားစေချင်ပါတယ်’’ ဟု ဒေါက်တာစိုးလွင်က ဆိုသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မျိုးဆက်ပွားကျန်းမာရေး အသိပညာတိုးပွားရန် ဟော ပြောပွဲများပြုလုပ်ပေးခြင်း၊ သင့်လျော်မည့် ကိုယ်ဝန်တားဆေးများကို စနစ်တကျအသုံးပြုခြင်းဖြင့် မလိုလားအပ်သော နောက်ဆက် တွဲပြဿနာများကို ကာကွယ်တား ဆီးခြင်းစသည့်နည်းလမ်းများ အသုံးပြုကာ ရေရှည်အတွက် မျှော်တွေး၍ ဆောင်ရွက်သင့်သည်။

အသက် (၂၈)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းမမို့စိမ်းက ‘‘ဆေးတွေမှောင်ခိုဈေးကြီးကြီးနဲ့ ရောင်းမှာမြင်ယောင်တယ်။ ကျန်းမာရေးအသိပညာပေးပြီး ဗဟုသုတပိုများလာအောင် မလုပ်ဘဲနဲ့ ပိတ်ပင်တားမြစ်နေတယ်’’ ဟု ဆိုပါသည်။

Top News