မူးယစ်သားကောင်များအတွက် အချိုးအကွေ့လား

ကချင်ပြည်နယ်မိုးမောက်မြို့ရှိ ကိုယ်ထူကိုယ်ထမူးယစ်ဆေးဖြတ်စခန်းတွင် ဆေးဖြတ်ကုသမှုခံယူနေသူအချို့ အနားယူရင်းသတင်းစာဖတ်နေကြစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

မူးယစ်ဆေး၏ သားကောင်များ

ထိုင်လိုက်၊ထလိုက်နှင့် ကိုဖိုးတူး (အမည်လွှဲ)တစ်ယောက် ဂနာမငြိမ် ဖြစ်နေသည်။ နှာခေါင်းတွေကို ပွတ်သည်။ လက်ပြန်ကြောတွေကို ကုတ်သည်။ ‘‘အကြောတွေ တက်တယ်ဗျ’’ ဟု ညည်းညူကာ ခါးခဏခဏဆန့်ရင်း လက်ဆစ်တွေကို တကျွတ်ကျွတ်ချိုးသည်။ ဝမ်းခဏခဏ ထသွားသည်။ သူ ယင်းကိုက်နေပြီ။

‘‘အရင်က ကိုက်လာပြီဆို ပြန်ပြန်သုံးလိုက်၊ ကျရင်ပြန်တင်လိုက်နဲ့လေ’’

အသက် (၂၁) နှစ်အရွယ် ကိုဖိုးတူးတစ်ယောက် မူးယစ်ဆေး (ဘိန်းဖြူ)ကို ၂ နှစ်ကျော်မျှ သုံးစွဲခဲ့သည်။ လွန်ခဲ့သည့် ခြောက်လတွင်တော့ ဆေးဖြတ်ရန် အိမ်နှင့် သဘောတူပြီး ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်လာခဲ့၏။  စိတ်ကျန်းမာရေး ဆေးရုံ၏ သီးသန့်မူးယစ်ဆေးဖြတ်အဆောင်တွင် ဖိုးတူးနေရသည်။ ဆယ်ပေပတ်လည်ပင်မရှိသော လေးဖက်လေးတန် အင်္ဂတေနံရံများဖြင့် အလုံပိတ်ထဲတွင် နေရသည်က တောင်ငူထောင်ထဲတွင် ဆေးမှုနှင့် ရောက်နေသော သူ့သူငယ်ချင်းများထက်စာလျှင် တော့ တော်ပါသေးသည်။ သည်မှာက သူစားချင်တာ စားခွင့်ရပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလည်း ခံယူနိုင်သည်။ မိသားစုနှင့်လည်း တစ်ပတ်တစ်ခါ ပုံမှန်တွေ့ခွင့်ရသည်။ အနည်းဆုံးတော့ ‘‘ယင်းကိုက်လိုက်တာ’’ဟု ခပ်ကျယ်ကျယ် ညည်းခွင့်ရှိသေးသည်။

‘‘ကျွန်တော်တို့ ဝယ်နေကျ ချိတ်(ဆေးရောင်းသူ)နဲ့ သူငယ်ချင်းတစ်ယောက် အဖမ်းခံရတာ ကြားတယ်။ ကြားပြီးပြီးချင်း ကြောက်လို့ အိမ်နဲ့ပြောပြီး ဆေးဖြတ်ဖို့လုပ်တာပဲ။ ကျန်ခဲ့တဲ့ သူငယ်ချင်းလေးယောက်လည်း အဖမ်းခံရတယ်တဲ့’’ဟု ပင်နီဆီလင် ပုလင်းခုနစ်လုံးစာ ဘိန်းဖြူ ၈ ဂရမ်လောက်အတွက် ထောင် ခြောက်နှစ်ကျော် ကျခံသွားရ သော သူငယ်ချင်းတစ်စုအကြောင်း သူကဆက်၍ပြောသည်။

ကိုဖိုးတူးနှင့် ထောင်ထဲ ရောက်သွားခဲ့သည့် သူ့သူငယ် ချင်းတွေလို တစ်ကိုယ်ရေစာဆေး သုံးပြီး မူးယစ်ဆေးငြိသွားခဲ့သူတွေ ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နယ်ပယ်တွင် ‘သားကောင်များ’ဟု အဆင့်သတ်မှတ်သည်။ သား ကောင်များက မူးယစ်ဆေးဝါး ဖြန့်ချိရောင်းဝယ်သည့် လက်ကြီးသမားများလည်း မဟုတ်၊ မူးယစ် ဆေးကို စီးပွားရေးအရ ကုန်သွယ် သူများလည်း မဟုတ်၊ တစ်ကိုယ် ရေစာ ဆေးသုံးစွဲသူများဖြစ်ကြ၏။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို စာရင်းအတိအကျ ကောက်ယူထားခြင်းမရှိ သော်လည်း ကျန်းမာရေးဝန်ကြီးဌာနစာရင်းများအရ ဘိန်းဖြူ အကြောထဲ ထိုးသွင်းသူ ၈၃,၀၀၀ ရှိနေပြီး ဆက်စပ် မူးယစ် ဆေးဝါးသုံးစွဲသူများမှာ သုံးသန်း နီးပါးရှိနေသည်ဟု ဖော်ပြထား သည်။ ထိုအရေအတွက်၏ ၈၀ ရာခိုင်နှုန်းကျော်သည် သားကောင် အဆင့် မူးယစ်ဆေးစွဲနေသူများ ဖြစ်၏။ ၎င်းတို့က မူးယစ်ဆေးကို တစ်နည်းနည်းဖြင့် စမ်းသပ်သုံးစွဲ ရာမှ စွဲလမ်းသွားကြပြီး မူးယစ် ဆေး၏ ထိန်းချုပ်မှုအောက် ရောက်သွားကြသူများဖြစ်၏။

‘‘ကျွန်တော့် သူငယ်ချင်းတွေ ထဲမှာလည်း ဆေးဖြတ်ချင်နေတဲ့ လူတွေရှိတယ်။ အဓိက ငွေအဆင် မပြေတော့လို့လေ။ ဒါပေမဲ့ မဖြတ် ဖြစ်ဘူး။ ပြောလည်းမပြောရဲဘူး။ တစ်နေ့တစ်နေ့နဲ့ အချိန်ဆွဲပြီး ထောင်ထဲရောက်သွားကြတယ်’’ ဟု ကိုဖိုးတူးက ပြောသည်။


ကချင်ပြည်နယ် မိုးမောက်ရှိ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်စခန်းတွင် ဆေးဖြတ်ကုသမှုခံယူနေသူအချို့ (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

သားကောင်များကို ဝါးကူထိုးနေ သည့် မူးယစ်ဥပဒေပုဒ်မများ

မူးယစ်ဆေး၏ သားကောင် များကို နေ့စဉ်ခြိမ်းခြောက်နေသည် က ဆေးလိုအပ်ချက်တစ်ခုတည်း မဟုတ်။ ဆေးဝယ်ရန် ငွေကြေးပုံ မှန်လိုအပ်မှု တစ်ခုတည်းမဟုတ်။ တင်းကျပ်လွန်းသော ဥပဒေများ ကလည်း အပါအဝင်ဖြစ်သည်။ လက်ရှိ ၁၉၉၃ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေး ဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ အရ တစ်ကိုယ်ရေစာ မူးယစ် ဆေးဝါးသုံးစွဲသူများသည် ထောင် ဒဏ်အနည်းဆုံး သုံးနှစ်မှ ငါးနှစ် အထိ ကျခံနိုင်သည်။ ဤနေရာ တွင် တစ်ကိုယ်ရေစာ မူးယစ်ဆေး သုံးစွဲသည့်ပမာဏကို ဘိန်းဖြူ ၃ ဂရမ် (ပင်နီဆီလင် ၄ ပုလင်းစာ) နှင့် ဆေးခြောက် ၂၅ ဂရမ်ဟု သတ်မှတ်ထားသည်။ ထို့ထက် ကျော်လွန်ပါက ပုဒ်မ ၁၆ ပါ လက်ဝယ်ထားရှိမှု၊ ဖြန့်ဖြူးမှုစသည့် ပုဒ်မတို့ဖြင့် ထောင်ဒဏ် ငါးနှစ်မှ ၁၀ နှစ်အထိ ထပ်မံကျခံရဖွယ်ရှိသည်။

ထိုနှစ်ရှည်လများ တည်တံ့လာခဲ့သည့် ပြစ်ဒဏ်များကမတော်တဆ ဆေးဝါးသုံးစွဲရင်း လမ်းမှား ရောက်သွားသည့် လူငယ်များ၊ လက်တည့်စမ်းသူများနှင့် အဆွယ် ကောင်း၍ ငြိသွားခဲ့သူများအတွက် ရေနစ်သူ ဝါးကူထိုးသည့် ပြစ်ဒဏ်များဟု အငြိမ်းစား တရားသူကြီး ဦးတင့်စိုးက သုံးသပ်သည်။ မူးယစ်ဆေးကို စီးပွားရေးအရ ကုန်သွယ်ရောင်းဝယ်၍ ချမ်းသာသွားသူနှင့် ဆေးခြောက်တစ်ထုပ်စာ ကြောင့် ထောင်ချခံရသူ နှစ် ယောက်၏ ပြစ်ဒဏ်ကြီးမားမှုသည် တူညီနေသည်ဟု ၎င်းကဆိုသည်။

မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းမှ အဖွဲ့ဝင် ကိုသက်ကျော် အေးကလည်း သူ့သက်တမ်းတစ် လျှောက်တွင် ဆေးဝါးကို အပျော်အဖြစ် သုံးစွဲရာမှ ထောင်၂၅ နှစ် လောက်ကျသွားခဲ့သူများကို မြင်တွေ့ဖူးခဲ့ကြောင်း ပြောသည်။ ‘‘မတတ်သာလို့ ဆေးငြိသွားတဲ့ ချာတိတ်တစ်ယောက်က တရားရုံးမှာ ငွေအား၊ လူအားမလိုက်နိုင်ရင် သူ့အသက်ထက်ဝက်လောက် ထောင်ထဲနေပေတော့ပဲ’’ဟု ကို သက်ကျော်အေးက ဆက်ပြော သည်။

လက်ရှိတွင် မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးခံရသူတစ်ယောက်သည် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆီးအရင်စစ်ဆေးရသည်။ ထိုအဆင့်မှာပင် ဆီးအောင်သည့် အဖြေထွက်ရေးကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ လာဘ်ပေးရမှုများရှိသည်။ ဆေးအောင်လျှင်လည်း အမှုမှ ကွင်းလုံးကျွတ်မလွတ်နိုင်သေး။ အခြားပုဒ်မများက တန်းစီ စောင့်ဆိုင်းနေသေးသည်။

ထို့အပြင် တင်းကျပ်သောအ ပြစ်ပေးမှုများကို လက်တစ်လုံးခြား အကျပ်ကိုင်၍ မူးယစ်ဆေးစွဲသူများထံမှ လာဘ်ယူမှုများသည်လည်း အလွှာအသီးသီးတွင်ရှိခဲ့သည်။ အောက်ခြေရဲဝန်ထမ်းမှစ၍တရားစီရင်ရေးအရာရှိကြီးများအထိ ယန္တရားတစ်ခုလုံးတွင် မူးယစ်နွံတွင်းမှ သားကောင်များကို ကုပ်သွေးစုပ်၍ ကြီးပွားခဲ့သူများ ရှိခဲ့သည်။

ဆီးစစ်သွေးစစ်သည့် ကာလ၊ အချုပ်အတွင်းနေထိုင်သည့် ကာလများနှင့် တရားရင်ဆိုင်နေရသည့် အမှုကွင်းဆက်တစ်ခုလုံးတွင် ပြစ်မှုလျှော့ချနိုင်ရေး လာဘ်ထိုးမှုများစွာကိုပြုလုပ်ရသည်ဟု ကိုသက်ကျော်အေးက ဆိုသည်။

ထို့အပြင်လက်ရှိတင်းကျပ်သည့် ဥပဒေများနှင့်ဆောင်ရွက်မှုများက မူးယစ်ဆေးဖြတ်လိုသူ၊ ဆေးဖြတ်စခန်းသွားလိုသူ လူငယ်များအတွက် အဟန့်အတားများစွာ ရှိနေသည်။ ထို့အပြင် ဥပဒေအရ ကျန်းမာရေးစောင့်ရှောက်မှုထက် ပြစ်ဒဏ်ပေးမှုက အလေးသာနေ ပြီး ဆေးစွဲသူလူငယ်များသည်ဆေးဖြတ်ရန် အစိုးရ၏ ကြိုးနီစနစ်အဆင့်ဆင့်ကို ဖြတ်သန်းနေရသည်။

လက်ရှိဥပဒေအရ ဆေးစွဲသူသည် ဆေးဖြတ်ရန် ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ရသည်။ ထို့နောက် စိတ်ကျန်းမာရေးဆေးရုံတွင် ကုသမှုခံယူ (သို့မဟုတ်) မက်သဒုန်း(သို့မ ဟုတ်)ဘိန်းမည်းသောက်၍ ဆေး ဖြတ်ရမည်ဖြစ်သည်။ သို့သော် ဆေးဖြတ်ဖို့ကလည်း ဆေးဖြတ် စခန်းတွင် ကျန်းမာရေးအထောက် အကူပြုပစ္စည်းချို့တဲ့သဖြင့် ဝေဒ နာကြာရှည်စွာခံစားရသည်။ ဤ နေရာတွင် ဆေးဝါးသုံးစွဲသူများ မပြုလုပ်လိုသည်က တရားဝင် မှတ်ပုံမတင်လိုခြင်းဖြစ်သည်။ မှတ်ပုံတင်လျှင် ဆေးရုံမှတ်တမ်း နှင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် ဆေးသုံးသူအဖြစ် တစ်သက်တာ မှတ်တမ်းတင်တော့မည် ဖြစ် သည်။ ဆေးမပြတ်ခဲ့လျှင် မှတ် တမ်းဝင်ထားသော လူများကို ရဲတပ်ဖွဲ့ဝင်အချို့က ငွေညှစ်ခြင်း၊ အမှုရှာဖမ်းဆီးခြင်း ရှိသော ကြောင့် ဖြစ်သည်။

ထိုအခြေအနေများကို မူးယစ်ဆေးသုံးသူများ ကြုံလေ့ရှိကြသည်။ အခန့်မသင့်၍ ထောင်နံရံ ထဲရောက်သွားလျှင်တော့ အကျဉ်းထောင်ထဲတွင် ဆေးဖြတ်သည့်ကျန်းမာရေးစောင့်ရှောက်မှု ဟူ၍ လုံးလုံးမရှိပေ။ ဤနေရာတွင် အများစုသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျရှုံးသွားတတ်ကြသည်ဟု မူးယစ်ဆေးဝါးသုံးစွဲသူ ကိုဝင်းကိုကိုဌေးက ပြောသည်။ သူက လက်ရှိတွင် မူးယစ်ဆေးဝါး စွဲသူများပြန်လည်ထူထောင်ပေးသည့် အဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်သည်။

‘‘ပိုဆိုးတာက ထောင်ထဲကလွတ်လာတဲ့ လူငယ်တွေက ထောင်ထဲမှ တခြားမူးယစ်ဆေး အဆက်အသွယ်တွေရောက်လာပြီး အပြင်ရောက်တော့ မူးယစ်ဆေးပြန်စွဲဖို့လွယ်ကူသွားတယ်’’ ဟု ကိုဝင်းကိုကိုဌေးကပြောသည်။


မြန်မာလူငယ်ထုကို အဓိကခြိမ်းခြောက်နေသော စိတ်ကြွရူးသွပ်ဆေး အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)

မူးယစ်သားကောင်များအတွက် အခွင့်အရေးလား

 ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်တွင်တော့ တိုင်းပြည်တွင် ထိုကဲ့သို့ မူးယစ်သားကောင်များ သက်သာရာရစေမည့် အပြောင်းအလဲတစ်ခုကို လုပ်ဆောင်ခဲ့သည်။ မူးယစ် ဆေးဝါး သုံးစွဲသူများကို လူမှုရေး ပြစ်ဒဏ်သာ ပေးမည့် ပြင်ဆင်ချက်ကို မူးယစ်ဥပဒေ၌ ထည့်သွင်းရန် အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်ခြင်းပင်ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းတွင် လူမှုရေးပြစ်ဒဏ်အတွက် အဓိကပြင်ဆင်ခဲ့သော အချက်လေးချက်ရှိသည်။ အဓိကအားဖြင့်

(၁) တစ်ကိုယ်ရေစာ ဆေးသုံးစွဲသူများကို ဖမ်းဆီးအရေးယူပြီး ထောင်သုံးနှစ်မှ ငါးနှစ်အထိချနိုင်သည့် ပုဒ်မ ၁၅ ကိုပယ်ဖျက်သည်။ ထို့အပြင် ဆေးဖြတ်လိုသူများမှာ မှတ်ပုံတင်စရာ မလိုအပ်တော့ပေ။

(၂) တစ်ကိုယ်ရေစာ ဆေးသုံးသည်ဟု သံသယရှိသူ၊ ကျော်စောသတင်းရှိသူကို ရဲမှ တရားရုံးသို့ ခေါ်သွားပြီး ဆေးမသုံးရန် သုံးနှစ်ထက်မပိုသော ခံဝန်ချက်ဖြင့်နေ စေမည်။

(၃) ခံဝန်ချက်ချုပ်ဆိုဖို့ ငြင်းလျှင် (သို့) သုံးနှစ်အတွင်း ခံဝန်ချက်ကို ဖောက်ဖျက်လျှင် ပြန်လည်ထူ ထောင်ရေးစခန်းသို့ ဆေးဖြတ်ရန် သုံးလမှငါးလကြာ အပို့ခံရမည်။

(၄) ပြန်လည်ထူထောင်ရေးစခန်းတွင် နေထိုင်ရင်း သတ်မှတ်စည်းကမ်း ထပ်မံဖောက်ဖျက်ပါကတစ် နေ့လျှင် ၂နာရီဖြင့် သုံးလမှ တစ် နှစ်အထိ သက်ဆိုင်ရာအကြီးအကဲ ထံအပ်နှံ၍ လူမှုရေးလုပ်ငန်းများ (သတ်မှတ်ယူနီဖောင်းဖြင့် ပရဟိ တလုပ်ငန်းများ၊ လမ်းတံတားများ၊ ပန်းမန်စိုက်ပျိုးသည်များ စသည်)ကို လုပ်ကိုင်ရမည်။

စသည့် အချက်လေးချက်သည် တစ်ကိုယ်ရေစာမူးယစ်ဆေး သုံးစွဲသူများကို လမ်းမှန်ရောက်စေ ရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန် လည်ဝင်ဆံ့စေရန် ပေးအပ်လိုက်သည့် အခွင့်အရေးတစ်ရပ် လည်း ဖြစ်သည်။

 ထိုဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီး နာရီပိုင်းအတွင်းမှာပင် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ထိပ်တန်း နိုင်ငံတစ်ခုဖြစ်နေပြီး ဆေးကြောင်၍ ရာဇဝတ်မှုများ ခဏခဏဖြစ် နေသည့် နိုင်ငံတွင် အဆိုပါလူမှု ရေးပြစ်ဒဏ်က အံဝင်ပါ့မလားဆိုသည့် သံသယနှင့် ဝေဖန်နေကြ ခြင်းများပင်ဖြစ်သည်။

‘‘အရင် ကြီးလေးတဲ့ပြစ်ဒဏ် တွေ ချမှတ်ထားတဲ့ကြားက လျော့ မသွားဘဲ ပိုဆိုးလာတယ်။ လူမှု ရေးပြစ်ဒဏ်လို လျှော့ပေါ့တဲ့ ပြစ်ဒဏ်သာ ချမှတ်ပေးလိုက်ရင် သုံးစွဲသူတွေရော၊ ရောင်းဝယ်တဲ့သူ တွေရောအတွက်က ဒီပြစ်ဒဏ်က ကြောက်မှာလည်းမဟုတ်သလို လေးစားမှာလည်းမဟုတ်ဘူး’’ဟု အထက်တန်းရှေ့နေ ဒေါ်အေးသီတာက ပြောသည်။

အများစုကတော့ ဒီလူမှုရေး ပြစ်ဒဏ်ကြောင့် ဆေးသုံးသူများက မကြောက်မလန့်ဘဲ ဆေးကို ပို၍ ရဲရဲတင်းတင်း သုံးစွဲလာကြမည်ဟု ထင်မြင်နေသည်။

‘‘ဒါဟာ လူငယ်တွေရဲ့ ကျန်း မာရေးနဲ့ ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်လိုက်တဲ့ ငှက်ဆိုးထိုးသံပဲ’’ဟု အောင်လံမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြတ်ကိုက ဝေဖန်သည်။ ‘‘လူငယ်တွေဟာ မူးယစ် ဆေးဝါးတွေကို လက်တည့်စမ်း အသုံးပြု၊ ဆေးစွဲပြီး ဘဝပျက်နေ တဲ့အချိန်မှာ သုံးစွဲသူကို လူမှုရေး ပြစ်ဒဏ်ပဲချမယ်ဆိုရင် လူငယ် တွေ မူးယစ်ဆေးသုံးစွဲမှု ပိုမြင့်တက်လာမှာ မလွဲဘူး’’ဟု သူက ပြင်းပြင်းထန်ထန် ဝေဖန်သည်။

လက်ရှိလူမှုရေးပြစ်ဒဏ်ပေး မည့်အခြေအနေကို ဝေဖန်ဆန့်ကျင်မည်ဆိုလျှင်လည်း ဆန့်ကျင်စရာအချက်အလက်များ ရှိနေသည်။ UNODC (ကမ္ဘာ့ကုလ သမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး) ၏မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယ အများဆုံးဖြစ်သည်။ ၂၀၁၃ တစ် နှစ်တည်းမှာပင် ဟက်တာပေါင်း ခြောက်သောင်းခန့်စိုက်ပျိုးခဲ့ပြီး တန်ချိန် ၈၇၀ ခန့်ထုတ်လုပ်ခဲ့သည်။ ထိုပမာဏသည် မူးယစ် မြို့တော်ဟုတင်စားရသည့် မက္က ဆီကိုနိုင်ငံမှ ဘိန်းထုတ်လုပ်မှုထက် သုံးဆကျော်များပြားသော ပမာဏဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံမှထွက် သော မူးယစ်ဆေးဝါးများသည် ကမ္ဘာ့ဈေးကွက်၏ ၆၀ ရာခိုင်နှုန်းကို ဖြန့်ကြက်နေပြီး လက်ရှိအချိန်ထိ အားကောင်းသော ကွန်ရက်အသွင်ဖြင့်ရှိနေဆဲဖြစ်သည်။ ထို့အပြင် ဒေသတွင်းနိုင်ငံများအတွင်း အဖက်တမင်းခေါ် စိတ်ကြွဆေး သုံးစွဲမှုနှုန်းလည်း အိမ်နီးချင်းထိုင်းနိုင်ငံကို ကျော်လွန်၍ ထိပ်ဆုံးရောက်နေသော နိုင်ငံဖြစ်သည်။ လမ်းပေါ်တွင် မူးယစ်ဆေး ၀ါးသားကောင်များ ပြန့်ကျဲနေပြီး အသီးခေါ် WY နှင့်ဆေးခြောက်တို့ ကို အလွယ်တကူဝယ်နိုင်သော နိုင်ငံဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူပမာဏလည်း နှစ်စဉ်မြင့်တက်လာသည်။

 စိုးရိမ်စရာကောင်းသော ပမာဏသည် မူးယစ်ဆေးဝါးသုံး၍ ပြစ်မှုကျူးလွန်သူများအရေအတွက်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ခုနစ်လအတွင်း မူးယစ်ဆေးဝါးအမှု ၄,၆၄၅ မှုရှိပြီး ထိုထဲတွင် မူးယစ် ဆေးဝါးသုံးစွဲ၍ ပြစ်မှုကျူးလွန်သူက ၆,၉၇၀ ဦးရှိကြောင်း မြန်မာ နိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို) မှတ်တမ်းများအရသိရသည်။

ထိုသို့ နိုင်ငံအတွင်း မူးယစ်ဆေးဝါးကွန်ရက်နှင့် ဆိုးကျိုးကို နှစ်ပေါင်းများစွာသိလာခဲ့သော လူထုအချို့သည် မူးယစ်ဆေးဝါးသုံးစွဲသူများကို ပြစ်ဒဏ်ကြီးကြီးချသင့်သည်ဟူသော အယူအဆကို လက်ကိုင်ထားဆဲဖြစ်သည်။

သို့သော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကိုအမျိုးသားလွှတ်တော်တွင် ဆုံးဖြတ်အတည်ပြုပြီးသော်လည်း ပြည်သူ့လွှတ်တော်မှ အတည်ပြု၊မပြု ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

 အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များကို သဘောမတူ၊ လက်မခံပါက ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးဆုံးဖြတ် အတည်ပြုရမည်ဖြစ်သည်။

ဥပဒေအတည်ဖြစ်လာရေး အဆင့်များစွာဖြတ်ရဦးမည်ဖြစ်သော်လည်း တည်ဆဲမူးယစ်ဥပဒေမှ အားနည်းချက်များကို ယခုဆွေး နွေးဆဲဥပဒေက ကုစားပေးနိုင်မည်ဟုလည်း ပြောကြားမှုများရှိသည်။


မူးယစ်ဆေးကို အကြောထဲ ထိုးသွင်းနေသူနှစ်ဦး (ဓာတ်ပုံ−IRIN)

ဘာကြောင့် လူမှုရေးပြစ်ဒဏ်ဖြစ်သင့်လဲ

လွန်ခဲ့သောတစ်နှစ်က အင်းစိန်မြို့နယ်တွင် နေထိုင်သည့် နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ယောက်သည် ရာဘခေါ် မူးယစ်ဆေးဝါးများကို စွဲလမ်းခဲ့သည်။ ငယ်စဉ်က အတန်းအလိုက် ဆုတံဆိပ်များစွာရခဲ့ပြီး တက္ကသိုလ်ဝင်တန်းကိုလည်း ဂုဏ်ထူးများစွာနှင့် အောင်မြင်ခဲ့သူဖြစ်သည်။ ဆေးစွဲပြီးချိန်တွင်တော့ သူငယ်ချင်းတစ်ယောက်နှင့်ပေါင်းကာ ဆေးကြောင်ပြီး မိခင်ကို ဓားဖြင့် သုံးချက်ဆင့်ထိုးခဲ့သည်။ မူးယစ် ဆေးက မိခင်ကိုဓားဖြင့်ထိုးစေသည်အထိ သူ့ကိုချုပ်ကိုင်ခဲ့သည်။ ထိုအပြစ်ကို သူပြင်ဆင်ခွင့်ရတော့ မည်မဟုတ်ဘဲ နှစ်ပေါင်းများစွာ လေးဖက်လေးတန်နံရံများထဲတွင် နေနေရပြီဖြစ်သည်။

ထိုသူများသည် မူးယစ်ဆေး၏ ကြိုးကိုင်မှုကိုမခံရလျှင် ဤရာဇ၀တ်မှုကို ကျူးလွန်ရန်တစ်စုံတစ်ရာအကြောင်းရှိလိမ့်မည်မဟုတ်ပါ။ ထို့အပြင် တစ်ကိုယ်ရေစာ ပျော်ရွှင်မှုအတွက် ခေတ္တစိတ်ထွက်ပေါက်ရရန် မူးယစ်ဆေးကို အပျော်သဘောသုံးရာမှ ထောင်ကျ၊ ရောဂါစွဲနှင့် ပြန်လည်ရပ်တည်ရန် ခက်ခဲခဲ့သည့် လူများလည်း အရေအတွက်များစွာရှိနေပါသည်။ ထိုသူများအတွက် နှစ်ရှည်လများလွတ်လပ်သည့်လေ ကို ရှူရှိုက်ခွင့်မရသည့် ထောင်နံရံ များသည် တကယ်ထိုက်တန်ပါရဲ့လား။ ထိုကဲ့သို့သော လူများကို ရည်ရွယ်၍ လူမှုရေးပြစ်ဒဏ်ဆိုသည်ကို ပြောင်းလဲချမှတ်ရန်လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာတွင်လည်း တစ်ကိုယ်ရေစာ မူးယစ်ဆေးဝါးသုံးစွဲသူများကို များစွာဖြေလျှော့ပေးသည့်ဥပဒေများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ခေတ်စားခဲ့သည်။ ပေါ်တူဂီနိုင်ငံမှာ ဆေးဝါးသုံးစွဲသူများကို ဖြေလျှော့ ခြင်းနှင့်လူမှုရေးပြစ်ဒဏ်ကို ပထမဆုံးအရဲစွန့်ပြုလုပ်ခဲ့သည့်နိုင်ငံဖြစ် ပြီး အောင်မြင်မှုလည်းရရှိခဲ့သည်။ ဥရောပနိုင်ငံအများစုနှင့်အမေရိကတွင်ပင် လူမှုရေးပြစ်ဒဏ်ပေး ခြင်းသည် တွင်ကျယ်နေပြီဖြစ်သည်။ အနီးစပ်ဆုံး ဥပမာအနေ နှင့် တောင်ကိုရီးယားနိုင်ငံမှ နာမည်ကျော် ကေပေါ့ပ်အဆိုတော် TOP ကို မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုတို့ဖြင့် သက်ဆိုင်ရာက လူမှုရေးပြစ်ဒဏ်နှင့် သတိပေးခြင်း၊ ခံဝန်ချက်များဖြင့်သာ ဖြေလျှော့ပေးခဲ့သည်။ မြန်မာ နိုင်ငံတွင်တော့ ဆေးခြောက်သုံးစွဲမှုနှင့် နှစ်ရှည်ထောင်ကျခဲ့သော သရုပ်ဆောင်ရဲတိုက်သည် ယခုအချိန်ထိ ပြန်မလွတ်လာသေးပေ။

အမှန်တော့ အဆိုပါ လူမှု ရေးပြစ်ဒဏ်ဆိုသည်မှာ ယခုမှ ထွင်လုံးလုပ်၍ ပြဋ္ဌာန်းမည့် ဥပဒေ တစ်ရပ်တော့ မဟုတ်ပါ။ လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကပင် မူးယစ်ဆေးသုံးစွဲသူများကို လူမှုရေးပြစ်ဒဏ်သာပေးရန် စီစဉ်ခဲ့ကြပြီး အလုပ် မဖြစ်ခဲ့ကြခြင်းဖြစ်သည်။

‘‘အဓိကကတော့ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတာပဲ။ လက်တည့်စမ်းရာကနေ ဆေးကိုစွဲသွားတယ်။ အဆွယ်ကောင်းလို့ ဟေးလေးဟားလားလုပ်မိတယ်။ အခန့်မသင့်ဘဲ ဖမ်းမိတဲ့အခါကျတော့ ထောင်လေးငါးနှစ်ကျသွားတယ်။ သွားပြီလေ၊ သူတို့လူငယ်ဘဝအညွန့်တုံးပြီ’’ဟု မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးတပ်ဖွဲ့မှူးတွင် ခြောက်နှစ်ကျော်ကြာ တာဝန်ထမ်း ဆောင်ခဲ့သည့် အငြိမ်းစားရဲမှူးကြီး ဦးခမ်းအောင်က ပြောသည်။ သူက မြန်မာနိုင်ငံတွင်း မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်လျှင် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ် ခဲ့ဖူးပြီး ၂၀၀၉ တွင် အငြိမ်းစားမယူမီ လူမှုရေးပြစ်ဒဏ်ပေးနိုင် ရေးတပ်ဖွဲ့တွင်းတွင် အားစိုက် ကြိုးပမ်းခဲ့သူဖြစ်သည်။

အဆိုပါ လူမှုရေးပြစ်ဒဏ် ပြောင်းလဲအပြစ်ပေးရန် ဖြစ်လာရသည့် အဓိကအကြောင်းပြချက်က မြန်မာနိုင်ငံတွင် ဖမ်းဆီးထောင်ချသည့် လုပ်ငန်း၊ မူးယစ်ဆေးဖြတ် ပေးသည့် လုပ်ငန်းများမှာမအောင် မြင်သောကြောင့်ပင် ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းရှိ ၇၀ ရာခိုင်နှုန်းသော အကျဉ်းသားများသည် မူးယစ် ဆေးဝါးအမှုဖြင့် ထောင်ကျနေသူများဖြစ်သည်ဟု လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၆  အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

‘‘ဖမ်းဆီးတယ်၊ ထောင်ချတယ်ဆိုတဲ့ မူဝါဒကို ကျွန်တော်တို့ နှစ်ပေါင်းများစွာ လုပ်လာခဲ့ပြီးပြီ။ အခုထိ ဆေးသုံးစွဲတဲ့လူ လျော့မကျသွားသေးတာ အဲဒီမူဝါဒ မအောင်မြင်လို့ပေါ့။ ထောင်ချလည်းချပဲ။ သူတို့ဘဝပဲ။ အညွန့်တုံးတာရှိမှာ။ ထောင်ဆံ့မှာမဟုတ်ဘူး’’ဟု ဦးခမ်းအောင်က ပြောသည်။

အဆိုပါဥပဒေက မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင်သုံးလာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အမှားပြင်ဆင်ခွင့်ပေးခြင်း၊ ဆေးစွဲသူများကို မှန်ကန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းပင် ဖြစ်သည်ဟု Drug Policy Advo- cacy Group မှ ညှိနှိုင်းရေးမှူး ဒေါက်တာနန်းပန်းအိခမ်းက ပြောသည်။ သူက လက်ရှိပြင်ဆင်သည့် မူးယစ်ဥပဒေကြမ်း ပေါ်ထွက်လာရန် အားစိုက်လုပ်ဆောင်ခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။

‘‘လူမှုရေးအပြစ်ဒဏ်ဆိုတဲ့ အပြစ်ပေးတာကိုမတွေးဘဲ ကျန်းမာရေးစောင့်ရှောက်မှုဘက်က တွေးဖို့လိုပါတယ်။ ဆေးစွဲနေတဲ့ သူ၊ ဆေးဖြတ်နေတဲ့သူတွေဟာ ကျန်းမာရေးအရ နှစ်သိမ့်ဆွေးနွေးဖို့လိုတယ်။ ကုသဖို့လိုတယ်’’ဟု သူကဆိုသည်။ ဒါမှ မဟုတ်ရင် ထောင်ကလွတ်လည်း ဆေးပြန်စွဲမှာပဲ။

အမှန်တကယ် မူးယစ်ဆေးစွဲသူ ၆၀ ရာခိုင်နှုန်းကျော်သည် ထောင်ကျပြီး ပြန်ထွက်လာပါက မူးယစ်ဆေး ပြန်သုံးစွဲလေ့ရှိ ကြောင်း မူးယစ်တိုက်ဖျက်ရေး ဗဟိုမှတ်တမ်းများက ဖော်ပြနေသည်။ ထို့အပြင် မူးယစ်ဗဟိုနှင့် စိတ်ကျန်းမာရေးဆေးရုံ ရန်ကုန်၏ မြေပြင်အခြေအနေစာရင်းများအရ မူးယစ်ဆေးစွဲနေသည့် အသက်အရွယ်သည် အသက် (၁၃)၊ (၁၄) နှစ်မှစ၍ (၁၅)၊ (၁၆) နှစ်ရှိ ကလေးများအများဆုံးဖြစ်သည်ဟု အံ့အားသင့်ဖွယ်ဖော်ပြ ထားသည်။

ထို့အပြင် ပြဿနာတစ်ရပ်သည် လက်ရှိအစိုးရတည်ဆောက်ပေးထားသော ဆေးဖြတ်စခန်းများတွင် မိမိသဘောနှင့် ဆေးဖြတ်လိုသူများ အလွန်နည်းပါးခြင်းပင်။ စာရင်းများအရ တစ်နိုင်ငံလုံးတွင် တစ်နှစ်လျှင် မူးယစ်ဆေးဖြတ်လိုသူ ၁၀၀ ပြည့်အောင်ပင် မရှိပေ။ အပြီးဖြတ်၍ အောင် မြင်သူမှာ ပို၍ပင်ဆိုးနေသည်။ တစ်ပြည်လုံးတွင် မူးယစ်ဆေး ဖြတ်သည့် စခန်းများသည် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုသာရှိသည်။ မူးယစ်တိုက်ဖျက်ရေး ဗဟိုမှ ရွှေပြည်သာ၊ ရွှေပြည်သစ်၊ ရွှေပြည်အေးဟူ၍ ဆေးဖြတ်စခန်း သုံးနေရာ ပြုလုပ်ထားသော်လည်း လူမရှိ၍ ဝက်ထီးကန်ဒေသမှ ရွှေပြည်သာဆေးဖြတ်စခန်းသာ လူဦးရေ ဆယ်ဂဏန်းကျော်ကျော်ဖြင့် လည်ပတ်နေသည်။

ထို့ကြောင့် တစ်ကိုယ်ရေစာ ဆေးသုံးစွဲသူများကို လူမှုရေးပြစ်ဒဏ်ပေး၍ ဆေးပါတစ်ပါတည်း ဖြတ်ပေးရန် ဥပဒေဆွဲသူများက စီစဉ်နေကြသည်။

‘‘ဒီ လူမှုရေးပြစ်ဒဏ်ဆိုတာ ကို ပြန်လည်ထူထောင်ဖို့ အခွင့် ပေးတယ်လို့ ကျွန်တော်တို့မြင်တယ်။ တစ်ဖက်မှာလည်း တရားဥပဒေစိုးမိုးရေးက တစ်ပိုင်းလုပ် ဆောင်ရမယ်။ လက်ကြီးသမား တွေကို မိအောင်ဖမ်းမယ်။ ဆေး ဖြန့်တဲ့လူတွေ ဖမ်းမယ်။ ဆေး ကြောင်ပြီး ရမ်းကားတဲ့ ရာဇဝတ်သားတွေကို ဖမ်းမယ်။ ရမ်းကားမှုနဲ့ ထောင်ချမယ်။ ဒါက တရားဥပဒေစိုးမိုးရေးပါ’’ဟု မူးယစ်ဆေး ဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့မှ ရဲမှူးကြီးမြင့်အောင်ကပြောသည်။

‘‘ကျွန်တော်တို့က တစ်ကိုယ် ရေစာသုံးတဲ့သူတွေအတွက်ပဲ ပြစ်ဒဏ်ကို လျှော့ပေးလိုက်တာ နော်။ သူတို့အတွက် မူးယစ်ဆေးကို ကြိုက်သလိုသုံးလို့ရတယ်လို့ တရားဝင်လွှတ်ပေးလိုက်တာ မဟုတ်ဘူး’’ဟု သူက ဆက်၍ပြော သည်။

ယခု ဥပဒေကြမ်းကို မူးယစ် ဆေးသုံးစွဲသူများနှင့် အဖွဲ့အစည်းများကလည်း ကြိုဆိုကြသည်။ ကချင်ပြည်နယ် မူးယစ်ဆေးသုံးစွဲ သူများအဖွဲ့ကလည်း ယခုဥပဒေသည် မူးယစ်နွံအတွင်းမှ လူငယ် များကို လမ်းဖွင့်ပေးခြင်းဖြစ်သည် ဟု လက်ခံကြိုဆိုသည်။ မူးယစ် ဆေးဝါးသုံးစွဲသူအများစုသည် ကျန်းမာရေး စောင့်ရှောက်မှုကို အဓိကခံယူလိုကြပြီး ယခုဥပဒေသာ အတည်ဖြစ်ခဲ့ပါက ဆေးစွဲသူများ ကျန်းမာရေးအထောက်အပံ့ နှင့် အလုပ်အကိုင်အခွင့်အလမ်း များရနိုင်သည်ဟု မူးယစ်ဆေးဝါးသုံးစွဲသူများက ဆိုသည်။

‘‘ဒီဥပဒေကို လက်ခံကြိုဆိုပါတယ်။ ဒါပေမဲ့ ပြည်စုံဖို့တော့ လိုအပ်ချက်တွေ ရှိသေးတယ်ဆိုတာ ကျွန်တော်တို့ ဆေးသုံးသူတွေလည်း လက်ခံပြီး ပါဝင်ပူးပေါင်း ပေးဖို့လိုပါတယ်’’ဟု မူးယစ်ဆေးသုံးစွဲသူ ကိုစိုင်းအောင်ခမ်းက ဆိုသည်။


မူးယစ်ဆေးဖြတ်စခန်းဖွင့်လှစ်ထားသည့် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ (ဓာတ်ပုံ-စိုင်းဇော်)

ဘာကြောင့် လူမှုရေးပြစ်ဒဏ် မဖြစ်သင့်တာလဲ

ဤမေးခွန်းအတွက် သံသယ ဖြစ်စရာရှိသည်ကတော့ အစိုးရကိုပင် လက်ညှိုးထိုးရမည်ဖြစ်သည်။ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း လုပ်ကိုင်ပုံ လျော့ရဲမှုများ နှင့် ဌာနဆိုင်ရာအဆင့်ဆင့်မှ ပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်း ဆောင်ရည်မပြည့်ဝမှုများကြောင့် အဆင်မပြေဖြစ်ခဲ့ရသော စီမံချက်များသည် သာဓကအနေဖြင့် ရှိနှင့် နေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် မူးယစ်ဆေးသုံးစွဲသူများကို လူမှုရေးပြစ်ဒဏ် ချမှတ် ခြင်းမှာလည်း လေထဲတိုက်အိမ် ဆောက်သည့် ဥပဒေတစ်ခုအဖြစ် နောက်ပိုင်းကာလများတွင် မတင်းကျပ်နိုင်လျှင်တော့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေလျှော့နိုင်မည် မဟုတ်နိုင်ပါ။ ကျွမ်းကျင်ပညာရှင်များနှင့် ယခု ဥပဒေကို ထောက်ခံသူများပင် ဤအချက်ကို အရေးတကြီး ထောက်ပြကြသည်။

 အမျိုးသားလွှတ်တော်မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကိုကိုနိုင်က ဩဂုတ် ၂ ရက်တွင် ‘‘ဥပဒေအတိုင်း ထိထိရောက်ရောက်ထိန်းချုပ်အကောင်အထည်မဖော်နိုင်ခင် မူးယစ်ဆေးသုံးစွဲသူတွေမြင့် တက်လာမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ၀ယ်လိုအားများလာပြီး ထုတ်လုပ်မှုပါမြင့်တက်လာမှာကို သတိပြုစေချင်ပါတယ်’’ ဟု အမျိုးသားလွှတ်တော်၌ ဆွေးနွေးသည်။

ယင်းအပြင် မူးယစ်ဆေးဝါး သုံးစွဲသူများကို လူငယ်များပြုစု ပျိုးထောင်ရေးဌာနများတွင် ထားရှိမည်ဆိုပါကလည်း ဆေးသုံးစွဲ သူများကို ထားရှိမည့်အဆောက်အအုံ၊ ကျွေးမွေးမည့်အစားအစာ စရိတ်၊ ယင်းစခန်းများတွင်ခန့်ထား မည့် စိတ်ရောဂါကုဆရာဝန်များ၊ ၀န်ထမ်းများအတွက် လိုအပ်သည့် ဘတ်ဂျက်ငွေတို့ကို အစိုးရက ထောက်ပံ့ပေးနိုင်ခြင်းရှိ၊ မရှိကို လည်း သုံးသပ်သင့်ကြောင်း ၎င်း ကဆိုသည်။

‘‘အဆင်သင့်မဖြစ်သေးတဲ့အ တွက် ၀န်ကြီးဌာနတွေအနေနဲ့ လိုက်ပါဆောင်ရွက်ဖို့အခက်အခဲ ရှိလာနိုင်ပြီး အစိုးရအတွက် ၀န် ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်’’ ဟု ဗိုလ်မှူးကိုကိုနိုင်က ပြောသည်။

လက်ရှိဥပဒေကြမ်းအရဆို လျှင် လက်တည့်စမ်းသုံးစွဲလိုသည့် လူငယ်များတိုးလာနိုင်သည်ဟု တပ်မတော်သားကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး အောင်ကျော်ဇောက လည်း ပြောသည်။

‘‘ဒီလုပ်ဆောင်ချက်က ကျန်းမာရေးရှုထောင့်ကရော၊ ဆေးသုံးတဲ့သူ လျှော့ချဖို့ရော အရမ်း ကောင်းတဲ့ အစီအမံပါ။ ဒါပေမဲ့ ကျွန်မတို့မှာ ပြန်လည်ထူထောင် ရေးလုပ်ပေးဖို့ အခြေခံအဆောက်အအုံလည်းမရှိသေးဘူး။ ကျွမ်းကျင်ဝန်ထမ်းတွေလည်း အဆင်သင့်မဖြစ်သေးဘူး’’ ဟု ရန်ကုန်တိုင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနမှ ဦးစီးမှူးဒေါ်အေးအေးလွင်က ပြောသည်။

ယခု ဥပဒေကြမ်းအရဆိုလျှင် တစ်နိုင်ငံလုံးမှ ဆေးသုံးစွဲသူများကို တရားရုံး၏ အမိန့်ဖြင့် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ရမည်ဖြစ်သည်။ သို့ဆိုလျှင် ဆေး ဖြတ်လိုသူများနှင့် အကျဉ်းထောင် ရောက်ရမည့် ဆေးစွဲသူများသည် ပြန်လည်ထူထောင်ရေးစခန်းသို့ စုပြုံရောက်လာကြမည်ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ထိုမျှလူဦးရေကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ အဆင်သင့်မဖြစ်သေးဟု ဒေါ်အေး အေးလွင်က စိုးရိမ်စွာဆိုသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနမှ တည်ဆောက်ထားသော ဆေး ဖြတ်စခန်းမှာ တစ်နိုင်ငံလုံးတွင် ကိုးခုသာရှိသည်။ တစ်ခုလျှင် လူ ဦးရေ ၂၀ မှ ၅၀ အထိသာ ထူ ထောင်ရေးလုပ်ဆောင်နိုင်သည်။

ထို့အပြင် ဆေးစွဲသူများကို ပြန်လည်ထူထောင်ရေး လုပ် ဆောင်ရန်သည် ကျွမ်းကျင်ပညာရှင်များနှင့် နည်းစနစ်များစွာလိုအပ်သည်။ အချို့သောဖြစ်စဉ်များတွင် ကျွမ်းကျင်ဝန်ထမ်းမဟုတ်၍ ပြန်လည်ထူထောင်ရေး လုပ် ဆောင်နေသည့် ဆရာဝန်များပင် ဆေးစွဲသွားသည့် အဖြစ်မျိုးရှိသည်ဟု ဒေါ်အေးအေးလွင်က ပြောသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြင်ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေး ဖြတ်ပါက တစ်ပတ်လျှင် ကျပ် ခုနစ်သိန်းခန့် ကုန်ကျသည်။

ထို့အပြင် လက်ရှိ လူမှုရေး ဥပဒေအရဆိုလျှင် မူးယစ်ရဲများ၏ ကျွမ်းကျင်မှုနှင့် လိမ္မာပါးနပ်မှုများလည်း များစွာလိုအပ်သည်။ ထို့အတွက် ပြည်ထဲရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲတပ်သားများ၏ အရေအတွက်နှင့် အရည်အချင်းကို ယခုထက်များစွာ အဆင့်မြှင့်ရန် လိုအပ်သည်ဟု အငြိမ်းစားရဲမှူးကြီး ဦးခမ်းအောင်က ဆိုသည်။

နိုင်ငံတကာတွင် မူးယစ်ဆေးဝါးအတွက် လူမှုရေးပြစ်ဒဏ်ပေး ခြင်း၊ ဖြေလျှော့ခြင်းသည် တွင်ကျယ်လာပြီး အောင်မြင်သည်ဟု ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး မူဝါဒကော်မရှင်ကလည်းထောက်ခံပေးထားသည်။ ဥပဒေကြမ်းကို အပြီးသတ်ရေးဆွဲမည့် ပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုင်ငံနှင့် ဆီလျော်သည့် ဥပဒေမျိုးဖြစ်အောင်ရေးဆွဲမည်ဟု ပြောဆိုထားသည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် အံဝင်၊ မ၀င်နှင့် အစိုးရ၏ ဆောင်ရွက်မှုများကိုတော့ စိုးရိမ်ကြီးစွာ စောင့်မျှော်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါဥပဒေသည် မူးယစ်နွံအတွင်းမှ သားကောင်များကို လမ်းကြောင်းပေါ်ပြန်တင်နိုင်မည့် အပြောင်းအလဲဖြစ်နိုင်သလို တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးပျံ့ နှံမှုကို ချဲ့ထွင်လာနိုင်သည့်အခြေအနေရှိကြောင်း သုံးသပ်မှုများရှိသည်။

လူမှုရေးပြစ်ဒဏ်ပေးခြင်းကို အားတက်သရော ထောက်ခံသော်လည်း ‘‘အခုပုံစံနဲ့ဆိုရင် ဘယ်လိုမှ အလုပ်မဖြစ်ဘူး’’ဟု သူက ခပ်ပြတ်ပြတ်ဆိုသည်။။

Top News