အင်းလေးဇုန်ဝင်ကြေး ဒေါ်လာအပြင် မြန်မာငွေပါ ကောက်ခံမည်

ရှမ်းပြည်နယ်ရှိ နိုင်ငံခြားသား ဧည့်သည်များ အဓိက လာရောက်ရာ အင်းလေးဒေသကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

အင်းလေးဇုန်ဝင်ကြေးကို ကန်ဒေါ်လာ ၁၀ ဖြင့် ကောက်ခံနေရာမှ ယခုနှစ် အောက်တိုဘာကစ၍ ကန်ဒေါ်လာ ၁၀ (သို့မဟုတ်) ယင်းနှင့်ညီမျှသော မြန်မာကျပ်ငွေ နှစ်မျိုးလုံးဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(တောင်ကြီးဇုန်) တာဝန်ရှိသူက ပြောသည်။


‘‘အင်းလေးက ဒီနှစ်ထဲမှာ ဧည့်သည်တွေ အဝင်နည်းသွား တဲ့အတွက် တင်ဒါရထားတဲ့လူက ဇုန်ဝင်ကြေးကို အနည်းငယ် တိုး ကောက်ဖို့အတွက် ပြည်နယ် အစိုးရကို စာတင်ခဲ့တဲ့အခါမှာ ဆယ်ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာ ကျပ်ငွေနဲ့ ကောက်ခံဖို့အတွက် သဘောတူလိုက်တယ်ဆိုပြီး ပြည် နယ်ဝန်ကြီးချုပ်ကိုယ်စား လက် မှတ်ထိုး စာထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်’’ ဟု အထက်ပါ ဇုန် ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ပြောသည်။

အင်းလေးဇုန်ဝင်ကြေးကို ရှမ်းပြည်နယ် အစိုးရထံမှ ဇုန်ဝင် ကြေး ကျပ်သန်း ၃၃,၃၀၀ ကျော်ဖြင့် ကန်ထရိုက်ရယူထားပြီး ယခုနှစ်တွင် အင်းလေးသို့ ဧည့်သည်အဝင်နည်းသဖြင့် အစိုးရထံသို့ ပေးသွင်းရန် အခက်အခဲရှိသောကြောင့် ဇုန်ဝင်ကြေးကို ၁၂ ဒေါ်လာ (သို့) ကျပ် ၁၅,၀၀၀ ဖြင့် ကောက်ခံခွင့်ပြုရန် တင်ပြခဲ့သည်။

ပြည်နယ်အစိုးရအနေဖြင့် ၎င်းတင်ပြသည့် ပမာဏများနေ သဖြင့် ဒေါ်လာကောက်ခံခြင်းအ ပြင် ဒေါ်လာတန်ဖိုးဖြင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်သာ ပြောင်းလဲ ကောက်ခံရန် အတည်ပြုခဲ့ကြောင်း ဦးဇော်ဌေးအောင်က ပြောကြား သည်။

‘‘အဲဒါကို လက်မှတ်ထိုးထား တဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးက ခရီးထွက်နေလို့ဆိုပြီး ဘယ်လိုပုံစံ နဲ့ ကောက်မယ်ဆိုတာ အတိအကျတော့မသိသေးဘူး။ ဆယ်ဒေါ်လာ ဆို ဆယ်ဒေါ်လာတစ်ခါတည်း သတ်မှတ်ပေးစေချင်တယ်။ ဒေါ် လာပေါက်ဈေးအတိုင်း ကျပ်ငွေ နဲ့ ကောက်မယ်ဆိုရင် ပေါက်ဈေး က ဒီနေ့ ၁,၃၅၀ ပေါက်တယ်။ နောက်နေ့ကျ ၁,၄၀၀ ဖြစ်သွား ရင် ဘယ်လိုလုပ်မလဲ အဲဒါဆို အဆင်မပြေဘူးလေ၊ ငွေကောက် ခြင်းထက် တစ်သမတ်တည်းဖြစ်ဖို့ လိုတယ်’’ ဟု ဦးဇော်ဌေးအောင်က ပြောသည်။

အင်းလေးဇုန် ဝင်ကြေး ကောက်ခံခြင်းကို ပြည်နယ်အစိုးရက တစ်နှစ်လျှင် တစ်ကြိမ်တင်ဒါဖြင့် ကန်ထရိုက်ပေးပြီး ဇုန်ဝင်ကြေးကို ဒေါ်လာမှ မြန်မာကျပ်ငွေသို့ ပြောင်းလဲကောက်ခံခြင်းကို ပြီးခဲ့သည့် ၂၀၁၆ ဖေဖော်ဝါရီကလည်း ဖြစ်ခဲ့ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောသည်။

More in Tourism Section

Top News