ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ရှုတ်ချကြောင်း နိုင်ငံတကာအဖွဲ့အစည်းများထုတ်ပြန်

မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးကျေးရွာအနီး မေယုတောင်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ

မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ် များတွင် လတ်တလောဖြစ်ပွားနေ သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် ပြင်းထန်စွာရှုတ်ချ ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သံရုံးများက သြဂုတ် ၂၅ ရက်၌ကြေညာချက်အသီးသီးထုတ်ပြန် သည်။ 


အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များသည် စိုးရိမ်စရာအရှိန် မြင့်တက်မှုကို ဖော်ပြနေပြီး ရခိုင် ပြည်နယ်ရင်ဆိုင်နေရသည့် စိန် ခေါ်မှုများအတွက် အဖြေမဟုတ် ကြောင်း အထက်ပါအကြံပေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာ နန်၏ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ 

‘‘စိတ်မကောင်းဘူးပေါ့။ နောက်ပြီးတော့ ဒါ တိုက်ဆိုင်မှုပဲ လား၊ ချိန်ကိုက်ပြီး လုပ်တာလား ဆိုတာ စဉ်းစားစရာရှိတယ်ပေါ့။ သို့ပေမဲ့လည်း ဒီဟာသည် ကော် မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့ လိုအပ်တယ်ဆိုတာညွှန်း ချက်ဖြစ်တယ်’’ဟု မစ္စတာကိုဖီ အာနန်က ပြောကြားကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က မှတ်ချက်ပြုသည်။ 

မစ္စတာ ကိုဖီအာနန်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်လုပ်ငန်းတာဝန်များ ပြီးဆုံးပြီဖြစ်သော်လည်း မကြာမီရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာဆရာ တော်ကြီးများ၊ အစ္စလာမ်အဖွဲ့အ စည်းများအပါအဝင် ဘာသာ ပေါင်းစုံမှ ပုဂ္ဂိုလ်များကို တွေ့ဆုံ ရန်စီစဉ်နေကြောင်း ဦးအေးလွင် က ရှင်းပြသည်။ 

အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူများအား တရားဥပဒေ အတိုင်း ဆုံးဖြတ်ရန် ဖမ်းဆီးထိန်း သိမ်းရမည်ဖြစ်ကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ် မြေအေးချမ်းစေရေးအခြေအနေ ဆောင်ရွက်ရာတွင် ထိန်းသိမ်း လုပ်ဆောင်၍ အပြစ်မဲ့အရပ်သား များ အန္တရာယ်မကျရောက်စေရန် စနစ်တကျ လုပ်ဆောင်သင့် ကြောင်း မစ္စတာကိုဖီအာနန်က တိုက်တွန်းသည်။ 

ဆက်လက်၍ အဖွဲ့အစည်း များနှင့် အသိုင်းအဝိုင်းအားလုံးက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ကို ငြင်းပယ်ရန်လည်း ၎င်းက အခိုင်အမာ တိုက်တွန်းသည်။ 

အမေရိကန်သံရုံးက လုံခြုံ ရေးစခန်းများ တိုက်ခိုက်ခံရခြင်း နှင့်ပတ်သက်၍ ရှုတ်ချကြောင်း နှင့် အသက်စွန့်လွှတ်ခဲ့ရသူများ နှင့် ၎င်း၏မိသားစုဝင်များအတွက် ဝမ်းနည်းကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။ 

ယင်းလုပ်ရပ်ကျူးလွန်သူ များကို လက်ရဖမ်းဆီးမိရေး၊ အ ကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွား ရေး အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ များက အရေးယူဆောင်ရွက်ရန် တာဝန်ရှိကြောင်းနှင့် နောက်ထပ် 

အကြမ်းဖက်မှု မဖြစ်ပွားရေးတို့ ဆောင်ရွက်ရန် အမေရိကန်သံရုံး က တိုက်တွန်းသည်။ 

အလားတူ ဗြိတိန်သံရုံးက လည်း သြဂုတ် ၂၅ ရက် နံနက် အစောပိုင်းက ဖြစ်ပွားသော တိုက် ခိုက်မှုများကို ရှုတ်ချကြောင်း၊ အရပ်သားများအား အကာအ ကွယ်ပေးရန်နှင့် လူသားချင်းစာ နာထောက်ထားမှုအကူအညီရရှိ ရေးဆောင်ရွက်ပေးရန် ထုတ်ပြန် သည်။ 

ထို့အပြင် ဗြိတိန်သံရုံးသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏အပြီးသတ်အစီရင်ခံ စာကို ကြိုဆိုကြောင်းနှင့် ကော်မ ရှင် အကြံပေးချက်များကိုဆောင် ရွက်မည့် အစိုးရ၏ကြေညာချက် ကိုလည်း ကြိုဆိုကြောင်းဖော်ပြ သည်။ 

ကုလသမဂ္ဂသည် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြင်းထန်စွာ တိုက်ခိုက်မှုများအပေါ် ရှုတ်ချ ကြောင်းနှင့် အသက်ဆုံးရှုံးသူများ နှင့် ၎င်းတို့မိသားစုဝင်များအတွက် ဝမ်းနည်းကြောင်းမြန်မာနိုင်ငံဌာ နေကိုယ်စားလှယ် မစ္စစ်ရီနာတာ က ထုတ်ပြန်သည်။ ဒဏ်ရာရရှိသူ များ အမြန်ဆုံးသက်သာစေရန် ၎င်းကဆန္ဒပြုသည်။ 

ကုလသမဂ္ဂသည် ရခိုင်ပြည် နယ်၏ လုံခြုံရေးအခြေအနေအ ပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် အခြေအနေကို ဆက်လက်စောင့်ကြည့် ကာ အာဏာပိုင်များနှင့် အဆက် အသွယ်ရှိနေမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ သည်။