တောင်အာဖရိကတွင် အမှုရင်ဆိုင်ရန် ကြုံခဲ့သော်လည်း ဇင်ဘာဘွေ သမ္မတကတော် နေရပ်ပြန်ခွင့်ရ

တောင်အာဖရိကတွင် ဒေသခံ အမျိုးသမီး တစ်ဦးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သော်လည်း သံတမန် အထူးအခွင့်အရေးအရ အဖမ်းမခံရဘဲ နေရပ်သို့ ပြန်ခွင့် ရခဲ့ကြောင်း သိရသည်။


ဂရေ့စ်မူဂါဘီသည် ခင်ပွန်းဖြစ်သူ သမ္မတ ရောဘတ်မူဂါဘီ၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ဝန်ကြီး ပက်ထရစ် ချီနာမာဆာ၊ နိုင်ငံခြားရေးဝန်ကြီး ဆင်ဘာရာရှီ မွမ်ဘန်ဂက်ဝီတို့နှင့်အတူ ဇင်ဘာဘွေ လေကြောင်းလိုင်းဖြင့် ဩဂုတ် ၂၀ က ပြန်လည် ရောက်ရှိလာကြောင်း ဇင်ဘာဘွေ သတင်းဌာန ZBCက ဖော်ပြခဲ့သည်။

တောင်အာဖရိကသို့ ရောက်ရှိနေစဉ် အတောအတွင်း ဩဂုတ် ၁၃ ရက်က အသက် ၂၀ အရွယ် ဂရေ့စ်အန်ဂဲလ်စ်ဆိုသော အမျိုးသမီးကို ဂရေ့စ်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ ဟိုတယ်တစ်ခုတွင် ရန်ပြု တိုက်ခိုက်ခဲ့ကြောင်း တိုင်ကြားမှုကြောင့် အမှုအခင်း ရင်ဆိုင်ရမည့် အခြေအနေ ကြုံခဲ့သည်။

အစောပိုင်းတွင် ဂရေ့စ်က သူမသည် တောင်အာဖရိက ရဲများထံ ဆက်သွယ်ကာ အမှုနှင့် ပတ်သက်၍ ထွက်ဆိုမည်ဖြစ်ကြောင်း လက်တွေ့ မဟုတ်ချေ။ နောက်ပိုင်းတွင် ယင်းအမှုနှင့် ပတ်သက်၍ သံတမန်ဆိုင်ရာ အခွင့်အရေးကို အသုံးချကာ ကင်းလွတ်ခွင့်ရရန် ဂရေ့စ်က တောင်းဆိုခဲ့ပြီး တောင်အာဖရိက အာဏာပိုင်များက လက်ခံပေးခဲ့သောကြောင့် ဇင်ဘာဘွေသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အန်ဂဲလ်စ်က ဟိုတယ်ခန်း တစ်ခုထဲတွင် သူမသည် မူဂါဘီ၏ သားနှစ်ဦးနှင့်အတူ ရှိနေစဉ် ဂရေ့စ်က ရန်ပြု ရိုက်နှက်ခဲ့သည့်အပြင် သူမကို တံတွေးဖြင့်ပါ ထွေးခဲ့ကြောင်း Twitterပေါ်တွင် စွပ်စွဲ ရေးသားခဲ့သည်။ အမှုနှင့် ပတ်သက်၍ တောင်အာဖရိက ရဲတပ်ဖွဲ့က ဂရေ့စ်ကို ဖမ်းဝရမ်း ထုတ်ရမည် ဖြစ်သော်လည်း သံတမန် အခွင့်အရေးအရ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးပေး စဉ်းစားကာ ကင်းလွတ်ခွင့် ပေးခဲ့ကြောင်း တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်တွင် အန်ဂဲလ်စ်ဖက်မှ အမှုလိုက်ပေးရန် တောင်အာဖရိက၏ အကျော်ကြားဆုံး ရှေ့နေ ဂါရီနဲလ် ကိုယ်တိုင် ပါဝင် ကူညီခဲ့ကြောင်းလည်း သိရသည်။ နဲလ်သည် ကမ္ဘာကျော် မသန်စွမ်း အပြေးချန်ပီယံ အော်စကာ ပစ္စတိုးရီးယက်စ်၏ လူသတ်မှုတွင် အစိုးရ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

Ref: CNN

More in World News Section

Top News