ဘာစီလိုနာ တိုက်ခိုက်မှု အဓိက တရားခံကို စပိန်ရဲတပ်ဖွဲ့ အပူတပြင်း ရှာဖွေနေ

ဘာစီလိုနာ တိုက်ခိုက်မှုမှ ထွက်ပြေး လွတ်မြောက်သွားသည့် အဓိက လက်သည်တရားခံကို စပိန်ရဲတပ်ဖွဲ့က ဖြန့်ကျက် ရှာဖွေနေဆဲဟု သိရသည်။


လူအများကို ငှားစီးလာသည့် ဗင်ကားဖြင့် ဝင်တိုက်သွားသူသည် အသက် ၂၂ နှစ်အရွယ် ယူနက်စ် အဘူယာကွတ်ဘ်ဖြစ်ကြောင်း ဘာစီလိုနာ ရဲတပ်ဖွဲ့က အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ရပ်အတွင်း လူပေါင်း ၁၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

ဩဂုတ် ၁၇ ရက် ညပိုင်းနှင့် ၁၈ ရက် မနက်အစောပိုင်းတို့တွင် ဘာစီလိုနာမြို့ရှိ လူစည်ကားရာ လက်စ်ရမ်ဘလက်စ် ရပ်ကွက်နှင့် အနီးရှိ ကမ်ဘရီးလ်စ်မြို့တို့တွင် ကားဖြင့် ဝင်တိုက်သည့် အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ကမ်ဘရီးလ်စ်တွင်မူ ကားမောင်းလာသည့် အမျိုးသားကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် သုတ်သင်နိုင်ခဲ့သည်။

ဘာစီလိုနာ တိုက်ခိုက်မှုတွင်မူ အဘူယာကွတ်ဘ်သည် ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ လွတ်မြောက်သွားနိုင်ခဲ့သည်။ စပိန်ရဲတပ်ဖွဲ့က ထိုတိုက်ခိုက်မှု နှစ်ခုစလုံးကို အသက် ၃၅ နှစ်အောက် ငယ်ရွယ်သည့် မော်ရိုကို နိုင်ငံသား အဆက်အနွှယ် အစွန်းရောက် ဝါဒီများ စုဖွဲ့ထားသည့် ကွန်ရက်တစ်ခုက စီစဉ် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။ 

လက်စ်ရမ်ဘလက်စ်တွင် သေဆုံးခဲ့ရသူများ၏ အမည်များကို ဘာစီလိုနာ ရဲတပ်ဖွဲ့က တစ်ဆင့်ချင်း ထုတ်ပြန်ခဲ့ရာ ဩစတြေးလျမှ အသက် ၇ နှစ်သာ ရှိသေးသည့် ဂျူလီယန် ကတ်ဒ်မန်းလည်း ပါဝင်ခဲ့သည်။ ကတ်ဒ်မန်း၏ မိသားစုက ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းသည့် သားငယ်ကို ဆုံးရှုံးရသည့်အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်း ကြေကွဲမိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စပိန်ရဲတပ်ဖွဲ့သည် အဘူယာကွတ်ဘ်၏ ဆွေမျိုးတော်စပ်သူ အချို့အပါအဝင် သံသယရှိသူများကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သလို ၎င်း၏ တိုက်ခန်းကိုလည်း ဝင်ရောက် ရှာဖွေခဲ့သည်။ ထို့အပြင် အဘူယာကွတ်ဘ် ပုံမှန် သွားရောက် လည်ပတ်လေ့ရှိသည့် တရားဟောဆရာ အက်ဘ်ဒဲလ်ဘာကီ အက်ဆာတီ ဆိုသူကိုလည်း ရဲများက စုံစမ်းနေသည်။ အက်ဆာတီသည် ယခင်က အကြမ်းဖက် လှုပ်ရှားမှုများနှင့် ဆက်နွှယ်သည့် မှတ်တမ်းမျိုး မရှိဟု ရဲများက ဆိုသည်။

ကမ္ဘာကျော် ဘာစီလိုနာ ဘောလုံးအသင်းသည် ဩဂုတ် ၂၀ က နူးကမ့် ကွင်းကြီးရှိ ပရိသတ် ၅၆၀၀၀ ကျော် ရှေ့မှောက်တွင် ရီးရဲလ်ဘက်တစ် အသင်းနှင့် မယှဉ်ပြိုင်မီ၌ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပရိသတ်များနှင့်အတူ တစ်မိနစ် ငြိမ်သက်ခဲ့သည်။ 

ပုံမှန်အားဖြင့် ဘာစီလိုနာ အသင်း၏ ကစားသမားများသည် ဂျာစီနောက်တွင် အမည်များ ရေးသားလေ့ ရှိသော်လည်း ထိုပွဲစဉ်တွင်မူ မြို့အမည်ကိုသာ တူညီစွာ ရေးထိုးထားပြီး အခက်ခဲဆုံး အခြေအနေတွင် ဘာစီလိုနာမြို့နှင့် တစ်သားတည်း ရပ်တည်ကြောင်း ပြသသွားခဲ့သည်။

Ref: Guardian