အမေရိကန်သည် မိမိတို့၏ နျူကလီးယားလက်နက် စွမ်းရည်ကို အကဲစမ်းနေဟု မြောက်ကိုရီးယားဆို

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မည့် အစီအစဉ်သည် မိမိတို့၏ နျူကလီးယား လက်နက်စွမ်းရည်ကို အကဲစမ်းနေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောကြားခဲ့သည်။


အမေရိကန်နှင့် တောင်ကိုရီးယား မဟာမိတ် နှစ်နိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ဖြစ်လာနိုင်သည့် အခြေအနေကို မှန်းဆကာ နှစ်စဉ် ပုံမှန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လေ့ ရှိသည်။ ထိုစစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားကလည်း အလွန်စက်ဆုပ်ပြီး အစဉ်တစိုက် ဝေဖန် ရှုတ်ချခဲ့သည်။

ယခုနှစ် Ulchi Freedom စစ်ရေးလေ့ကျင့်မှု အစီအစဉ်များ မစတင်မီတွင် မြောက်ကိုရီးယား အစိုးရ သတင်းဌာန ရိုဒွန်ဆင်မွန်က ယန်းကီး (အမေရိကန်ကို လှောင်ပြောင်၍ ခေါ်ဆိုသော ဝေါဟာရ)များ အနေဖြင့် မိမိတို့ကို ဆက်လက် အကဲစမ်းနေမည်ဆိုလျှင် အညှာအတာ အသနားမရှိသော နျူကလီးယား တိုက်ခိုက်မှုမျိုး ကြုံသွားရနိုင်ကြောင်း သတိပေး ဖော်ပြသွားသည်။

ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းသည် ယန်းကီးများ၏ ပိုမိုရူးသွပ်လာပြီး အဆင်အခြင်မဲ့သော လုပ်ရပ်များကို စိတ်အနှောင့်အယှက် ဖြစ်နေပြီဟု ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် မြောက်ကိုရီးယား မီဒီယာက ဖော်ပြခဲ့သည်။ 

အမေရိကန် အစိုးရကမူ ဩဂုတ် ၂၁ ရက်တွင် အစပြုသည့် ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို မူလ အစီအစဉ်အတိုင်း အကောင်အထည် ဖော်သွားမည်ဟု အတည်ပြုထားသည်။

“ဒေါ်နယ်လ်ထရမ့်တို့ အုပ်စုဟာ နျူကလီးယားစစ်ပွဲတစ်ခု ပေါ်ပေါက်လာအောင် မြောက်ကိုရီးယားအပေါ် ထင်ထင်ရှားရှား ရန်စ လှုံ့ဆော်နေတာ ဖြစ်တယ်”ဟု ရိုဒွန်ဆင်မွန်က စွပ်စွဲ ရေးသားခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား၏ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်စွမ်းရည်သည် များစွာ မြင့်တက်လာပြီး အမေရိကန်ပိုင် ဂူအမ်ကျွန်းမျှသာ မကဘဲ အမေရိကန် နိုင်ငံပိုင်နက် အားလုံးကို တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဟုလည်း ခြိမ်းခြောက်ခဲ့သည်။

တင်းမာမှုများ မြင့်တက်နေသော်လည်း တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် နိုင်ငံသားများကို ကိုရီးယား ကျွန်းဆွယ်၌ နောက်တစ်ကြိမ် စစ်ပွဲ မဖြစ်စေရန် အာမခံကြောင်း ကတိပြု ပြောကြားခဲ့သည်။

ထိုအတောအတွင်း တရုတ်အစိုးရကလည်း မြောက်ကိုရီးယားရော၊ အမေရိကန်ပါ လက်ရှိ တင်းမာမှုများကို လျော့ပါးသွားအောင် ထိန်းညှိကြရန် တိုက်တွန်းခဲ့ပြီး မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်မှုများရော၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများကိုပါ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

Ref: CNN

More in World News Section

Top News