စင်ကာပူ ကမ်းလွန်တွင် ဆီတင်သင်္ဘောနှင့် အမေရိကန်စစ်သင်္ဘော တိုက်မိ

စင်ကာပူ ကမ်းလွန်တွင် အမေရိကန် စစ်သင်္ဘောတစ်စီးနှင့် ဆီတင်သင်္ဘောတို့ တိုက်မိမှု ဖြစ်ပွားပြီး ရေတပ်သား ၁၀ ဦး ပျောက်ဆုံးနေကြောင်း အမေရိကန် ရေတပ်က ကြေညာခဲ့သည်။


ပဲ့ထိန်းဒုံးကျည်တပ်သင်္ဘော USS John McCainသည် စင်ကာပူ အရှေ့ဘက် ကမ်းလွန်တွင် ခုတ်မောင်းပြီး ကမ်းကပ်ရန် ပြင်ဆင်နေစဉ် လိုက်ဘေးရီးယား အလံ လွှင့်ထူထားသည့် ဆီတင်သင်္ဘောနှင့် တိုမိခဲ့ခြင်း ဖြစ်သည်။

ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် မနက် ၅း၂၄ နာရီတွင် ဖြစ်ပွားသော မတော်တဆမှု အပြီးတွင် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြောင်း သိရသည်။ 

ဆီတင်သင်္ဘော Alnic MCနှင့် တိုက်မိပြီးနောက် အမှုထမ်း ၁၀ ဦး ပျောက်ဆုံးပြီး ဒဏ်ရာရသူ ၄ ဦး ရှိခဲ့ကြောင်း အမှတ် ၇ အမေရိကန် ရေတပ်မ၏ ပြန်ကြားရေး အရာရှိက ပြောကြားခဲ့သည်။ တိုက်မိသည့် အရှိန်ကြောင့် သင်္ဘော နှစ်စီးစလုံး ထိခိုက်ခဲ့သော်လည်း ဆီတင်သင်္ဘောပေါ်မှ သင်္ဘောသားများ ဒဏ်ရာမရကြသလို ဆီယိုဖိတ်မှုလည်း မရှိချေ။ ဆီတင် သင်္ဘောသည် တန်သုံးသောင်း အလေးချိန်ရှိပြီး အမေရိကန် ရေတပ်သင်္ဘောထက် သုံးဆမျှ ပိုမိုကြီးမားသည်။ အရှည်မှာလည်း ပေ ၆၀၀ ဖြစ်ရာ ၅၀၅ ပေရှည်သည့် USS John McCainထက် အတန်ငယ် ပိုမို ရှည်လျားသည့် သဘောဖြစ်သည်။

အခင်းဖြစ်ရာ ရေပြင်တွင် အမေရိကန် ရေတပ်၏ ရဟတ်ယာဉ်များအပြင် စင်ကာပူနှင့် မလေးရှား ရေတပ်၊ ကမ်းခြေစောင့်တပ်များကပါ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ပြီး ပျောက်ဆုံးနေသူများကို ရှာဖွေလျက် ရှိသည်။ ဒဏ်ရာရသူ ၄ ဦး၏ အခြေအနေမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း အမေရိကန် ရေတပ်က ထုတ်ပြန်သည်။

ဆီတင်သင်္ဘောပေါ်တွင် လောင်စာဆီတန်ချိန် ၁၂၀၀၀ မျှ တင်ဆောင်လာပြီး ထိုင်ဝမ်မှ စင်ကာပူသို့ ဦးတည် ခုတ်မောင်းနေခြင်းဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန် ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၎င်း၏ ဖခင်နှင့် အဖိုးတို့ကို ဂုဏ်ပြုသည့် အနေဖြင့် သင်္ဘောအမည် မှည့်ခေါ်ပေးထားသည့် လက်ရှိ အမေရိကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း ရေတပ်သားများ ဘေးကင်းကြရန် ဆုတောင်းပေးကြောင်း Twitterပေါ်တွင် ရေးသားထားသည်။

ယခုနှစ်အတွင်း အမေရိကန် ရေတပ်သင်္ဘောများ မတော်တဆမှု ဖြစ်ပွားသည်မှာ ယခုတစ်ကြိမ် စတုတ္ထမြောက်ဖြစ်ပြီး နှစ်လအတွင်း အမေရိကန် ရေတပ်သင်္ဘောတစ်စီးနှင့် ကုန်သွယ်ရေကြောင်း သင်္ဘောတစ်စီး ဒုတိယအကြိမ် ပြင်းပြင်းထန်ထန် တိုက်မိမှုလည်း ဖြစ်လာသည်။

လွန်ခဲ့သော နှစ်လခန့်ကလည်း ဂျပန်ကမ်းလွန်တွင် USS Fitzgerald ဖျက်သင်္ဘောသည် ကုန်တင်သင်္ဘော တစ်စီးနှင့် တိုက်မိခဲ့ရာ ရေတပ်သား ၇ ဦး အသက်ဆုံးရှုံးခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရေယာဉ် ဦးစီးမှူးနှင့် အခြား ထိပ်တန်း အရာရှိ နှစ်ဦးကို တာဝန်မှ ရပ်ဆိုင်းရန် ရေတပ်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Ref: Reuters

Top News