ဗီဒီယို အကြိုခံစားခြင်း

ဒေါက်တာမာတင်

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အချစ်ဟာသကား အကြောင်းကို ညွှန်းလိုက်ပါတယ်။


ဒေါက်တာမာတင်က စိတ်ရောဂါကုဆရာဝန်ပါ။ စိတ်ရောဂါကုဆရာဝန်ဖြစ်တဲ့အတိုင်း လူနာအမျိုးမျိုးနဲ့ ကြုံရပါတယ်။ နောက်ပြီး သူက လူပျိုကြီးဖြစ်တာကြောင့် စိတ်ရောဂါရှိတဲ့သူတွေတင်မဟုတ်ဘဲ သူ့ကိုလာပြီး ပိုးပန်းတဲ့သူတွေ လည်းရှိပါတယ်။ ဒါပေမဲ့ လှလှပပကောင်မလေးတွေတော့ မဟုတ်ပါဘူး။ ဝဝတုတ်တုတ်နဲ့ အမျိုးသမီးတွေပါသလို မိန်းမလျာတွေလည်းပါပါတယ်။

ပျိုကညာက တစ်ဦးတည်းသောသမီးပါ။ သူ့အဖေကနားနည်းနည်းလေးပါတယ်။ သူ့ကို သူ့မိဘတွေက သူတို့နဲ့ရင်းနှီးတဲ့မိတ်ဆွေရဲ့သားနဲ့ပေးစားဖို့ စီစဉ်နေပါတယ်။ အဲဒီလူကသူနဲ့ အသက်တော်တော်ကွာပါတယ်။ နောက်ပြီး ရုပ်ကလည်းအရမ်းဆိုးပါတယ်။ အဲဒါကြောင့် ပျိုကညာ အရမ်းစိတ်ညစ်နေပါတယ်။ အဲဒါထက်ပိုပြီးဆိုးတာကတော့ သူနဲ့လက်ထပ်ရမယ့်သူက သူတို့အိမ်ကိုရောက်လာပြီး ပျိုကညာ ကို သဘောကျသွားတာကြောင့် လက်ထပ်ဖို့အတွက် သူ့မိဘတွေကို တိုက်တွန်းနေပါတယ်။

ပျိုကညာ စိတ်ညစ်နေတာကြောင့် သူ့သူငယ်ချင်းကိုအဲဒီအကြောင်းရင်ဖွင့်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့သူငယ်ချင်းကအကြံတစ်ခုပေးပါတယ်။ အဲဒီအကြံကို နောက်တစ်နေ့မှာ ပဲ ပျိုကညာက အကောင်အထည်ဖော်ပါတယ်။ အဲဒါကတော့ သူ့ကိုယ်သူ သိုက်ကလာတဲ့ပုံစံနဲ့ သူ့ကိုဘယ်သူတွေက လာခေါ်နေမှန်းမသိဘူးဆိုပြီး ကယောင်ကတမ်းတွေပြောခဲ့တာပါ။

အဲဒီအချိန်ကစပြီး ပျိုကညာက သူ့ကိုယ်သူ သခင်မလေးဆိုပြီး နန်းဝတ်နန်းစားတွေနဲ့ပဲ နေလေ့ရှိပါတယ်။ အဲဒါကြောင့် သူ့မိဘတွေလည်း သူတို့ရဲ့ တစ်ဦးတည်းသောသမီးလေးအတွက် အရမ်းစိတ်ပူနေပြီး ပယောဂဆရာနဲ့ ခေါ်ပြခဲ့ပါတယ်။တကယ်တော့ အဲဒီပယောဂဆရာက အလိမ်အညာပါ။ အဲဒါကို ပျိုကညာကသိနေတာကြောင့် အဲဒီလူနဲ့ အပေး အယူလုပ်ပြီး သူ့ရောဂါက တော်တော်ဆိုးနေတယ်ဆိုပြီး ပြောပါတယ်။

တစ်ရက်မှာတော့ ပျိုကညာအပြင်းဖျားခဲ့ပါတယ်။ အဲဒါကြောင့် သူ့အမေက သူတို့အိမ်အနီးမှာရှိတဲ့ ဒေါက်တာမာတင်ရဲ့ ဆေးခန်းကိုသွားပြီး ဆရာဝန်သွားပင့်ပါတယ်။ ပထမတော့ ဒေါက်တာမာတင်က သူကစိတ် ရောဂါကု ဆရာဝန်ဖြစ်တာ ကြောင့် တခြားဆရာဝန်ရှာဖို့ သွားပြောခဲ့ပေမယ့် ပျိုကညာရဲ့အမေကအတင်းပင့်တာကြောင့် လိုက်သွားပါတယ်။

အဲဒီမှာပဲ ပျိုကညာက ဒေါက်တာမာတင်ကိုတွေ့ပြီး သူ့ရဲ့မောင်တော်လို့ ပြောခဲ့ပါတယ်။ သူက စိတ်ရောဂါကုဆရာဝန်ဖြစ်တာကြောင့် ပျိုကညာရဲ့မိဘတွေက ဒေါက်တာမာတင်ကို သူ့သမီးကိုကုသပေးဖို့ ပြောပါတယ်။ စိတ်ဝေဒနာရှင်ပုံစံ ဟန်ဆောင်နေတဲ့ ပျိုကညာနဲ့ ဒေါက်တာမာတင်တို့ ဇာတ်လမ်းဘာဆက်ဖြစ်ဦးမလဲ ဆိုတာကို တော့ သိန်းထုတ်လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့ ဒေါက်တာ မာတင်ဆိုတဲ့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ဒေါက်တာ မာတင်အဖြစ် ခန့်စည်သူ၊ ပျိုကညာအဖြစ် ရွှေသမီးတို့ ပါဝင်သရုပ်ဆောင်ထားပြီး လွမ်းဝေအောင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာဧကရာဇ်က ရိုက်ကူးပုံဖော်ထားပါတယ်။