မူးယစ်ဆေးဝါး သုံးသူများကို လူမှုရေး ပြစ်ဒဏ်သာ ချမှတ်မည့်ဥပဒေနှင့် ပြည်သူ့အသံ

People Voice
ယခုနှစ် ဇွန်၂၆ရက်က ဖမ်းမိ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့တွင် မီးရှို့ဖျက်ဆီးစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သော မူယစ်ဆေးဝါးသုံး စွဲသူများကို လူမှုရေးပြစ်ဒဏ်များသာ ကျခံစေရန် အချက်ပါဝင်သော မူးယစ်ဥပဒေနှင့် ပတ်သက်၍ယင်းဥပဒေစတင်ရေးဆွဲစဉ်ကပင် ထိုအချက်အပေါ် ဝေဖန်မှုများရှိသကဲ့သို့ ဖြစ်သင့်သည်ဟု ထောက်ခံကြိုဆိုသူများ လည်း ရှိခဲ့သည်။ ယခုအခါ ဥပဒေကို အတည်ပြုလိုက်ပြီဖြစ်ပြီး ပြည်သူ့ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးအတည်ပြုကာ သမ္မတလက်မှတ် ရေး ထိုးထုတ်ပြန်မှသာ ဥပဒေအတည်ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးသုံးစွဲသူများကို လူမှုရေးပြစ်ဒဏ်သာ ပေးသင့်၊မပေးသင့်အချက် နှင့်ပတ်သက်၍ ပြည်သူများ၏အမြင်ကို စုစည်းဖော်ပြလိုက်ပါသည်။

ရန်ရန်ချန်း (အဆိုတော်)

အဓိကထိန်းကွပ်ရမှာက ဒီကိုမတရားဝင်နေတဲ့၊ အများကြီးမိမိ နေတဲ့ဟာတွေကို ဒီထက်မကအများကြီးကို ထပ်မိရဦးမှာဗျ။ အဲဒီလိုဟာ တွေရှိနေလို့ လူငယ်တွေက သုံးဖြစ်နေကြတာ။ အဲဒါကြောင့် အဲဒီလို ဥပဒေပြင်ဆင်လိုက်တဲ့အပေါ်မှာ ကျွန်တော်ကတော့ ဝမ်းသာတယ်။ ကြိုဆိုတယ်။ သုံးတဲ့လူတွေ ထောင်ထဲထည့်မယ်ဆိုရင်တောင် အင်းစိန် ထောင်တောင်လောက်မှာမဟုတ်ဘူး။ အခုနောက်ပိုင်းသုံးတဲ့လူငယ်တွေ ကလည်း အရင်အထက် အသက်ပိုပိုငယ်လာပြီ။ ချာတိတ်တွေ၊ ကျောင်းနေအရွယ်တွေပါ လုပ်လာကြပြီ။ ဒီကလေးလေးတွေ အကုန်လုံးကို ကျိန်းသေတာက ထောင်ချလိုက်လို့တော့သိပ်အဆင်မပြေဘူး။ ထောင်ထဲမှာက အဆက်အသွယ်ပိုစုံတယ်။ ပိုပျက်စီးလာမယ်။ အဓိကက ပေါခြင်းသောခြင်းဝင်လာနေတာတွေကြောင့် ဒီလူငယ်တွေက သုံးစွဲဖြစ်နေကြတာဗျာ။ မရှိရင်တော့ မြို့လယ်ကောင်နေတဲ့ကောင်တွေက ဒီဟာကို ဘယ်သွားရှာမလဲ။ လူငယ်တောထဲကို ဒါတွေရောက်အောင် ပို့ပေးနေတဲ့သူတွေလည်းရှိတယ်။ ဆေးဖြတ်တယ်ဆိုတဲ့နေရာတွေ၊ စင်တာတွေဆိုတာကလည်း ရှင်းရှင်းပြောရရင်အဲဒီနေရာတွေက အဆက်အသွယ်တွေပိုကောင်းလာတဲ့ နေရာလို့တောင်ဖြစ်နေသေးတယ်။ ဘယ်လိုပုံစံနဲ့လျှော့ချရမလဲဆိုတော့ အဓိကကတော့ ရောင်းတဲ့သူရှိလို့ သုံးတဲ့သူရှိနေတာပဲ။ ဘယ်ကနေဝင်တယ်။ဘယ်ကနေထွက်တယ်ဆိုတာတွေကိုတော့ ရဲ တွေလည်းသိမှာပါ။ သူတို့အဲဒါတွေကိုတော့ ပိုဖမ်းသင့်တယ်လို့ထင်တာပဲ။

Rဇာနည် (အဆိုတော်)

မူယစ်ဆေးဝါးသုံးစွဲသူ လူတန်းစာတွေရယ်၊ ဘဝပေးအခြေအနေ ကံအကြောင်းမလှလို့ အရှက်ကိုရောင်းစားပြီးတော့ လုပ်စားနေကြတဲ့သူ တွေက ဘဝရဲ့ အားနည်းချက်တွေ ဖြစ်တယ်လို့ ကျွန်တော်ကတော့မြင် တယ်။ တချို့တွေကျတော့ အဆင်မပြေတဲ့အခြေအနေမျိုးတွေကို အမြဲ တမ်းဖြတ်သန်းရင်ဆိုင်နေရတယ်။ အဲဒီတော့ စိတ်ညစ်လို့အဲဒါတွေနဲ့ ပတ်သက်မိကောင်း ပတ်သက်မိလိမ့်မယ်။ ပတ်သက်မိရာကနေ မလွန်ဆန်နိုင်တာမျိုးတွေကြောင့် ဖြစ်နေတာတွေလည်းရှိတယ်။ တချို့တွေကဒီရဲ့အရသာကို နှစ်သက်လို့ကို ပတ်သက်နေတာမျိုးတွေရှိတယ်။ ဒါတွေကလည်း ထုတ်တဲ့သူတွေရှိလို့ သုံးစွဲတဲ့သူတွေဆိုတာ ပေါ်ပေါက်လာတာပါ။ ပြီးတော့ အလွယ်တကူရနေတာမျိုးတွေ ရှိနေလို့သူတို့တွေ ဒီဟာကို မလွန်ဆန်နိုင်ကြတာပေါ့။ မလွန်ဆန်နိုင်တဲ့သူတွေကို ထပ်ပြီး အမှုဖြစ်ပြီ၊ ပြဿနာတက်ပြီဆိုရင် တစ်ခါတည်းထောင်ထဲထည့် ပြစ်ဒဏ်တွေ ကျခံဆိုတာက ပြောတော့သာနှစ်ခုတည်း။ အဲဒီနောက်မှာအများကြီးပဲပါတယ်။အခုလိုမျိုး ပြုပြင်ပြောင်းလဲနိုင်အောင် သက်သက်သာသာနဲ့အသိဉာဏ်ထဲကို ရိုက်ထည့်ပေးလိုက်တာမျိုးနဲ့အကျိုးရှိမယ့်ကိစ္စကို တွဲပြီးတော့ ခိုင်းလိုက်တာမျိုးက တိုးတက်တဲ့နိုင်ငံတွေမှာ အမြဲတမ်းကျင့်သုံးနေတဲ့ ကိစ္စတွေဆိုတော့ ဖြစ်သင့်တယ်။ ဒီလိုဒီလိုလုပ်လို့ လွတ်လပ်ပြီဆိုပြီး မူးယစ်ဆေးဝါးကို မီးကုန်ယမ်းကုန်ချဖို့တော့မဟုတ်ဘူး။ ဒီဟာတွေကို ထုတ်လုပ်ရောင်းချဖြန့်ဖြူးနေတဲ့သူတွေက ပိုအရေးကြီးတာပေါ့နော်။ ဆေးဖြတ်စင်တာတွေ၊ လူငယ်ပြုစုပျိုးထောင်ရေးစင်တာတွေ မရှိသေးဘူးဆိုရင်လည်း အားလုံးကိုကြေညာပြီးတော့ ဒီလိုဒီလိုအစီအစဉ်ရှိတဲ့အတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်ရတဲ့ပုံစံမျိုးလုပ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းတာပေါ့။ အခုဥပဒေကို မပြင်သင့်ဘူးဆိုရင် ဆောင်ရွက်လုပ်ကိုင်သင့်တာကတော့ နံပါတ်တစ် တကယ်ကိုမူးယစ်ဆေးဝါးတွေကို ဖြန့်ဖြူးထုတ်လုပ်ရောင်းချနေတဲ့သူတွေကို ဖော်ထုတ်ရမှာပေါ့။ ပပျောက်ဖို့တော့ မလွယ်ပါဘူး။ အလွယ်တကူရလို့သာ အလွယ်တကူသုံးစွဲကြတာ။ အဲဒီတော့ အလွယ်တကူမရအောင် အရင်ဆုံး ခုနကပြောသလိုမျိုးလုပ်မယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ထင်တယ်။ မူးယစ်ဆေးဝါးကို ဘယ်သူ့ ကိုမှ မသုံးစေချင်ပါဘူး။ ပြည်သူတွေအားလုံး ဘယ်သူမှ မလုပ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

သက်ပိုင် (ဥပဒေကျောင်းသား ဒဂုံတက္ကသိုလ်)

ပြန်လည်ထူထောင်ပြင်ဆင်ရေးလုပ်လို့ ရနိုင်သေးတဲ့ လူငယ်တွေ၊မူးယစ်ဆေးသုံးစွဲဖြစ်ခဲ့တာ မကြာသေးတဲ့ သုံးစွဲသူတွေရဲ့ဘဝတွေကို ထောင်ထဲမှာပဲ အချိန်တွေကုန်ဆုံးမသွားစေချင်ဘူး။ သူတို့ဘဝအတွက်အခွင့်အရေးတစ်ခုလောက်တော့ ထပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ တချို့လူငယ်တွေဆိုရင် ထောင်ထဲရောက်မှ ပိုပျက်စီးသွားတဲ့သတင်းကို စိတ်မကောင်းစွာ ပြန်ကြားရတတ်ပါတယ်ဗျ။ ကျွန်တော်တို့ပတ်ဝန်း ကျင်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာ၊ဗဟုသုတဖြန့်ဝေမှုတွေ ကို အခုထက်ပိုလုပ်ပေးဖို့လိုတယ်ဗျ။ မူယစ်ဆေးသုံးစွဲကြတဲ့ လူငယ်တွေကို ကြည့်လိုက်ရင် အလုပ်လက်မဲ့အရေအတွက်က ပိုများနေတတ်ပါတယ်။ သူတို့အတွက် သေချာတိကျမယ့် တက်လမ်းနဲ့ အခွင့်အရေးတွေကိုအခုထက်ပိုရှိလာစေချင်တယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ရုန်းထွက်ဖို့ ကြိုးစားကြမယ့် လူငယ်တွေအတွက် ထွက်ပေါက်တစ်ခုလိုသဘောမျိုးပေါ့ဗျာ။

မနှင်းဝေဖြိုး (မြို့မမြောက်ရပ်ကွက်၊ မောင်တောမြို့)

မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူတွေကို လူမှုရေးပြစ်ဒဏ်ချမှတ်မယ့် ဥပဒေပေါ်လာတာ ကောင်းတယ်လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုခေတ်မှာ ဆယ်ကျော်သက်တွေက လူပေါင်းမှား၊လမ်းမှားကို ရောက်နေတာတွေရှိတယ်။ သူတို့ကို သူတို့ ဆန္ဒနဲ့ဖြစ်ဖြစ်၊ မိဘဆန္ဒနဲ့ဖြစ်ဖြစ်ဥပဒေအဆုံးအဖြတ်ကို ရယူပြီးတော့ ဆေးဖြတ်လိုက်ခြင်းအားဖြင့် ဘဝ ကိုတစ်ဖန်အကျိုးရှိရှိ ရှင်သန်သွားနိုင်မယ်လို့ ထင်ပါတယ်။ အပြစ်တစ်ခုခု ကျူးလွန်တဲ့သူကို အပြစ်ချည်းမပေးဘဲ လမ်းမှန်ရောက်အောင်ပို့နိုင်တာဟာ အကောင်းဆုံးအလုပ်တစ်ခုပါ။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို အစိုးရတစ်ခုတည်းမဟုတ်ဘဲ ပြည်သူတွေက အဓိက ပူးပေါင်းဖြေရှင်းပေးဖို့ အရေးကြီးပါတယ်။ အဓိကမိမိကိုယ်ကိုယ် ဆေးမ သုံး တဲ့သူအဖြစ် ကျင့်ကြံနေထိုင်သွားမယ်ဆိုရင် မူးယစ်ဆေးဆိုတာလည်း ပေါ်လာတော့မှာ မဟုတ်တော့ဘူး။

လော့ခွမ်ဇောင် (သတင်းထောက်၊ Kachinwaves Online Media ကချင်ပြည်နယ် အခြေစိုက်)

ကျွန်တော်တို့ဒေသနဲ့ ပြောရရင်တော့ အစိုးရအနေနဲ့ ကြိုတင်ပြီးတော့ ဘာပြင်ဆင်မှုမှမရှိဘဲ လူမှုရေးပြစ်ဒဏ်သာပေးမယ်ဆိုရင် ဘာမှထူးခြားမှုရှိလာမှာ မဟုတ်ဘူးလို့ မြင်တယ်။ ရောင်းဝယ်သူတွေကို အဓိကဖမ်းဆီးအရေးယူတာ မလုပ်ဘဲသုံးစွဲသူကို ထောင်ဒဏ်မပေးတော့ဘူးလို့သာပြင်ဆင်လိုက်မယ်ဆိုရင် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုလို့တောင်များလာနိုင်တယ်လို့ မြင်တယ်။ အခု ကချင်ပြည်နယ်မှာဆိုရင် ဘယ်သူ့အိမ်ကမူယစ်ဆေးဝါးရောင်းနေတယ်ဆိုတာကို တစ်ရပ်ကွက်လုံးသိနေတာတွေရှိတယ်။ ဒါပေမဲ့သူတို့က အရေးယူမခံရဘဲ လွတ်နေတာတွေရှိတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို အဓိကအရင်နှိမ်နင်းမှုလုပ်ပြီး ဥပဒေကို ပြောင်းတာ ပိုဖြစ်သင့်တယ်လို့မြင်တယ်။ မူယစ်ဆေးစွဲသူတွေက ထောင်ကျသွားပြီး ပြန်ထွက်လာရင် မူးယစ်ဆေးဆက်လက်  မသုံးစွဲတော့တာတွေရှိနေတော့ လူမှုရေးပြစ်ဒဏ်ဆိုတဲ့အထဲမှာ မူးယစ်ဆေးဝါးကို ဘယ်လိုဖြတ်ပေးမယ်ဆိုတဲ့ ပေါ်လစီတွေကို အဓိကဦးစားပေးလုပ်ဆောင်ထားမယ်ဆိုရင်တော့ တစ်မျိုး ကောင်းမှာပါ။

ဦးဥက္ကာမင်း (တနင်္သာရီတိုင်းဒေသကြီး အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)

အကျဉ်းထောင်တွေမှာ အကျဉ်းသားအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက မူးယစ်ဆေးဝါးသုံးလို့ အကျဉ်းကျတဲ့လူတွေလို့ စစ်တမ်းတစ်ခုကဖော်ပြ ပါတယ်။ အဲဒီပမာဏက အရမ်းများနေတယ်။ ဒါကြောင့် မူးယစ်ဆေးသုံးတဲ့ လူတွေကို ထောင်ဒဏ်မချမှတ်ဘဲ လူမှုရေးပြစ်ဒဏ်ပေးမယ်ဆိုတာ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီဥပဒေမှာ ပထမအကြိမ်ကျူးလွန်တဲ့လူတွေကို လူမှုရေးပြစ်ဒဏ်ပေးမယ်။ ဒါဆိုရင် ဒုတိယအကြိမ်၊တတိယအကြိမ် ကျူးလွန်တဲ့အခါ ဘာလုပ်မလဲဆိုတာမပါဘူး။ အဲဒါလေးကိုတော့ အားနည်းချက်တစ်ခုအနေနဲ့မြင်တယ်။ လက်ရှိဥပဒေအရ ကောင်းကျိုးအနေနဲ့ရှိသလို ဆိုးကျိုးအနေနဲ့လည်း ရှိနိုင်ပါတယ်။ ဒီလူတွေကို လူမှုရေးပြစ်ဒဏ်ပေးလိုက်လို့ ပြုပြင်ပြောင်းလဲလိုတဲ့စိတ်နဲ့ မူးယစ်ဆေးဝါးကို လာဖြတ်ရင်တော့ကောင်းတာပေါ့။ ဒါပေမဲ့ ငါတို့မူးယစ်ဆေးသုံးတဲ့ လူတွေကို ထောင်မချတော့ဘူး၊ ထောင်ချလို့မရတော့ဘူး ဆိုပြီး ပိုသုံးလာမလားဆိုတာကို အားနည်းချက်တစ်ခုလို့ မြင်တယ်။

ဒေါက်တာမောင်မောင်လွင် (မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း (စီမံ) ညှိနှိုင်းရေးမှူး)

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်ပေးတာကို ထောက်ခံပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ရောဂါခံစားနေရသူတွေပဲလို့ ကျွန်တော်သတ်မှတ်တယ်။ ဆေးစွဲတဲ့သူတစ်ယောက်ကို ရာဇဝတ်သားတစ်ယောက်လို ထောင်ဒဏ်၊အပြစ်ဒဏ်ချလို့လည်း ကောင်းလာတာမရှိဘူး။ တချို့ကျတော့လည်း အကျဉ်းစခန်းတွေကို ရောက်ပြီးတော့ ပိုမိုဆိုးရွားတဲ့အခြေအနေကို ရောက်သွားရပါတယ်။ တချို့ကျတော့လည်း ဆေးသုံးစွဲမှု အပြုအမူကို အပြစ်ဒဏ်နဲ့ပဲ ထိုက်တန်တယ်လို့ တင်ပြတာရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ဆေးစွဲတဲ့လူက စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတစ်ခုခံစားနေရတာဖြစ်တဲ့အတွက် လူမှုရေးပြစ်ဒဏ်ပဲကျသင့်တယ်လို့မြင်ပါတယ်။ လူမှုရေးပြစ်ဒဏ်ဆိုတာလည်းပဲ မြန်မာနိုင်ငံမှာ မလုပ်ဖူးတော့ အောင်မြင်မလားဆိုတာကို ဝေဖန်နေကြတာပေါ့။ ဒါပေမဲ့ နိုင်ငံတကာမှာ တော်တော်ကျင့်သားရနေပါပြီ။ မြန်မာနိုင်ငံမှာပြန်လည်ထူထောင်ရေးစခန်းတွေ လုပ်ခဲ့တယ်။ အောင်မြင်မှုသိပ်မရှိဘူး။ အဲဒါတွေကို စနစ်တကျလုပ်ပေးမယ်။ ဆေးကုပေးမယ်ဆိုရင်တော့ အောင်မြင်မှာပါ။

ပွင့်ဖြူခိုင် (ဒီဇိုင်နာ)

မူးယစ်ဥပဒေ ပြင်ဆင်တာကို ကြိုဆိုထောက်ခံပါတယ်။ ဒါပေမဲ့ အားလုံးမျှတဖို့တော့ လိုအပ်ပါတယ်။ ဒီဥပဒေပြင်ဖို့စဉ်းစားတာ ဥပဒေကို စဆွဲကတည်းက နိုင်ငံတကာစံချိန်နဲ့မညီလို့ ပြစ်မှုပြစ်ဒဏ်မမျှတနဲ့ မတရားဖိနှိပ်ခံရသူတွေ များနေလို့လေ။ မူးယစ်တိုက်ဖျက်ဖို့ ဒီတိုင်း ဆက်ပြဋ္ဌာန်းနေလို့ ဘာမှမထူးခြားဘဲ ပိုပိုပြီး မူးယစ်သားကောင်တွေများလာလို့ ဘက်ပေါင်းစုံက စဉ်းစားပြီး ရေးဆွဲခဲ့တဲ့ ဥပဒေလို့သိရပါတယ်။ တကယ်သာ အဲဒီလိုအစီအစဉ် ရည်ရွယ်ချက်နဲ့ဆို အရင်ပြစ်ဒဏ်ခံနေရသူ၊ ပြစ်မှုရင်ဆိုင်နေရသူတွေအတွက်ပါ တန်းတူခံစားဖွင့်ရသင့်တယ်။ နောက်တစ်ခုက ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ကိုယ့်ရပ်ကွက်မှာ ဘယ်သူက ဘာဆိုတာသိကိုသိတယ်။ မူးယစ်ရောင်းစားသူတွေကို ဘာလို့သိရဲ့နဲ့ မဖော်တာလဲ။ အဲဒီလိုသာ ရပ်ကွက်တိုင်း မူးယစ်ရောင်းဝယ်သူတွေကို ဖော်ထုတ်ရင် ဒီလောက်ထိ မူးယစ်ဆေးဝါးပြန့်နေမှာမဟုတ်ဘူး။ အဲဒီလိုနဲ့ မူးယစ်ရောင်းဝယ်သမားတွေ လွတ်နေကြတယ်။ နောက်တစ်မျိုးက ဘယ်လိုမှပြေးမရလို့ အဖမ်းခံရပြီဆိုပေမယ့် တရားရုံးလည်းရောက် တရားသူကြီးနဲ့ညှိ လွတ်သွားတာပါပဲ။ တကယ်ရောင်းဝယ်သူတွေက သိန်း ၁၀၀ လည်း ပေးလွှတ်မယ်ဆို ပေး နိုင်တယ်။ ဆင်းရဲသူတွေသာ အဖမ်းခံ၊ အဖိနှိပ်ခံရတဲ့ ဥပဒေဖြစ်နေခဲ့တယ်။ အရင်ဥပဒေ မိသားစုက ကိုယ့်သားသမီး ဆေးစွဲနေရင်တောင် ဘယ်သူမှမပြောရဲဘူး။ ဆေးစွဲတာထက် ထောင်ကျတာက ပိုဒုက္ခရောက်မှာစိုးလို့လေ။ အခုပြင်တဲ့ဥပဒေက မိဘပြည်သူပါဝင်လို့ရတယ်။ ဥပဒေကိုပြင်လိုက်လို့ သုံးစွဲသူများလာမလားဆိုရင် များကောင်းများလာမယ်။ များ ချင်မှလည်း များလာမှာပါ။ မပြင်ဘဲ အရင်ဥပဒေဆိုတော့ကော လျော့နည်း လာလို့လား။ အဓိက ပင်စည်ပင်မကို ထိန်းချုပ်ဖို့ပါ။

ကိုပုည (လူမှုအကျိုးပြု စီးပွားရေး စွန့်ထွင်ဦးစီးသူ)

မူးယစ်ဆေးသုံးစွဲသူတွေကို ပြစ်ဒဏ်လျှော့ပေါ့လိုက်တာနဲ့ပတ် သက်လို့ သင့်တော်တယ်လို့မြင်ပါတယ်။ လူမှုရေးပြစ်ဒဏ်တွေ အရေး ယူတဲ့အခါ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးဖို့တော့ အရေးကြီးပါ တယ်။ နောက်ထပ်အရေးကြီးတာကတော့ လာဘ်ပေးလာဘ်ယူနဲ့အဂ တိလိုက်စားမှု ကင်းရှင်းဖို့လိုပါတယ်။ မူးယစ်ဆေးဝါးအသိပညာပေးရုံ နဲ့ မပြီးပါဘူး။ လူငယ်တွေအတွက် အလုပ်အကိုင်ပညာရေးအားကစား စတာတွေမှာ အခွင့်အလမ်းတွေ အများကြီးဖွင့်ပေးဖို့ အရေးကြီးပါတယ်။ မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၅ မှာ ဆေးဝါးသုံးစွဲသူ အသက် (၁၆) နှစ် မပြည့်ရင် လူငယ်ပြုပြင်ထိန်းသိမ်းရေး စခန်းကို ပို့မယ်လို့ဆိုတယ်။ အသက် (၁၆) နှစ်ပြည့်ရင် လူမှုရေးပြစ်ဒဏ်ပေးမယ်လို့ဆိုတယ်။ သိချင်တာကအသက် (၁၆) နှစ်အထက်နဲ့အောက်လို့ခွဲတာ အရင်က ၁၉၉၃ ကလေး ဥပဒေအပေါ် အခြေခံပြီး ကလေးလူငယ်ဆိုပြီးခွဲတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ အခုကလေးသူငယ် အခွင့်အရေးများ ဥပဒေကြမ်း  အတိုင်း ကလေးအသက်ကို (၁၈) နှစ်အောက် ဖြစ်စေချင်ပါတယ်။ နောက်ဆုံးကတော့ ကော်ရှူတာနဲ့ပတ်သက်ပြီး ဥပဒေလွတ်နေပါတယ်။ သုံးတဲ့သူတွေကတော့ လမ်းပျော်ကလေးသာမကဘဲ အရပ်သား တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအစ မျိုးစုံရှိပါတယ်။

ဒေါ်အေးသူဇာအောင် (အထက်တန်းရှေ့နေ)

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်သာ ချမှတ်ဖို့ပြင် ဆင်လိုက်တဲ့ မူးယစ်ဥပဒေကို ကျွန်မအနေနဲ့ ကြိုဆိုပါတယ်။ ကောင်းပါ တယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေအနေနဲ့ စူးစမ်းလိုစိတ် ကြောင့်ပဲဖြစ်စေ၊ လောဘသမားတွေရဲ့ မြှူဆွယ်ဖြားယောင်းမှုခံရလို့ ဖြစ်စေ မူးယစ်ဆေးရဲ့သားကောင်ဖြစ်တာမျိုးတွေရှိတယ်။ အဲဒီအခါမှာ အနာဂတ်ရှိသေးတဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် အရေးယူလိုက် တာမျိုးထက် ပြုပြင်ပြောင်းလဲပေးလိုက်တာက မိသားစုဆန်ဆန် နွေးထွေးစေတယ်။ လူငယ်တွေကို ပြုပြင်ပြောင်းလဲရာမှာ ပိုပြီး ထိရောက်မှုရှိစေတယ်လို့ ထင်ပါတယ်။ ဒီလိုဥပဒေမပြင်သင့်ဘူးဆိုတဲ့ ဝေဖန်မှုမျိုးအပေါ်မှာတော့ ကျွန်မအနေနဲ့ကတော့ ဘယ်ကိစ္စမဆို အားလုံး အဆင်သင့်မှစမယ်ဆိုရင်တော့ ဘယ်တော့မှစဖြစ်မယ်မထင်ဘူး။ ဒီလိုပဲလုပ်ရင်းကိုင်ရင်း လိုအပ်တာတွေဖြည့်ဆည်းသွားရင် အဆင်ပြေလာမယ်လို့ မှတ်ချက်ပြုပါတယ်။ အခုလိုဥပဒေကို မပြင်ဆင်သင့်ဘူးဆိုရင် သုံးစွဲသူတွေကို အဓိကမထားဘဲနဲ့ ရောင်းချဖြန့်ဖြူးသူတွေကိုသာ အဓိကထားဖမ်းဆီးပြီး ထိရောက်စွာ အရေးယူအပြစ် ပေးမယ်ဆိုရင် အလိုလိုထိန်းချုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒေါ်အေးသီတာ (အထက်တန်းရှေ့နေ)

ကျွန်မတို့နိုင်ငံမှာက အခုဆိုမူးယစ်မှုတွေက ပိုပိုပြီးများလာတယ်။ သုံးစွဲသူတွေကလည်းများလာတယ်။ မူးယစ်ဆေးသုံးစွဲတာတွေကြောင့် ရာဇဝတ်မှုတွေကလည်း ပိုများလာရတယ်။ ဒါတောင်အရင်ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ထားတဲ့ကြားက လျော့မသွားဘဲ ပိုဆိုးလာတယ်။ လူမှု ရေးပြစ်ဒဏ်လို့ လျှော့ပေါ့တဲ့ပြစ်ဒဏ်သာချမှတ်ပေးလိုက်ရင် သုံးစွဲသူ တွေရော၊ ရောင်းဝယ်တဲ့သူတွေရောအတွက်က ဒီပြစ်ဒဏ်ကို ကြောက် မှာလည်း မဟုတ်သလို လေးစားမှာလည်းမဟုတ်ဘူး။   မူးယစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပိုများလာမယ်လို့ ကျွန်မတော့မြင်တယ်။ သုံးစွဲသူတွေဖို့သက်သက်ပဲပြဋ္ဌာန်း တယ်ဆိုရင်လည်း သုံးစွဲသူအမည်ခံ တွေပေါလာလိမ့်မယ်။ မူးယစ်ဆေးထုတ်လုပ်မှု၊ သုံးစွဲမှုရောင်းဝယ်မှုတွေ ကို မထိန်းချုပ်နိုင်သရွေ့ ဒီလူမှုရေးပြစ်ဒဏ်ကို ပြဋ္ဌာန်းဖို့မသင့်တော်သေး ဘူးလို့လည်းထင်တယ်။ မူးယစ်မှုတွေကို တကယ့်ကို ထိထိရောက်ရောက်နဲ့အရေးယူဆောင်ရွက်မယ်ဆိုရင် မူးယစ်ဆေးသုံးစွဲမှုတွေက လျော့နည်း လာမှာပါ။ ကိုယ့်အသိနဲ့ ကိုယ်ဆေးဖြတ်ချင်သူတွေအတွက် လုံလောက်တဲ့ ထောက်ပံ့မှုတွေ၊ ဆေးဖြတ်စင်တာ တွေလိုမျိုးက ပြည့်စုံအောင်ရှိသင့်တယ်။ ပြီးတော့ အဲဒီလူတွေ လူ့အသိုင်းအဝိုင်းထဲဝင်လာရင် နွေးနွေး ထွေးထွေး ပြန်လည်လက်ခံပေးနိုင်အောင်လည်း အသိပညာဗဟုသုတတွေပေးသင့်တယ်။ မူးယစ်ဆေးရဲ့ မကောင်းမှုတွေကို လူတွေကြားထဲ ထိထိရောက်ရောက် သိရှိနိုင်အောင် သူတို့ကနေတစ်ဆင့် ဆောင်ရွက် သင့်တယ်။

ကိုမြတ်ကို (နိုင်ငံရေးအကျဉ်းသားဟောင်း၊ အောင်လံမြို့)

မူးယစ်ဆေးသုံးစွဲသူကို လူမှုရေးပြစ်ဒဏ်ပဲ ချမှတ်ဖို့ပြင်ဆင်တာဟာ လုံးဝအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ။ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာဒုတိယ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံလေ။ တစ်နိုင်ငံလုံး အနှံ့မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူဝယ်လို့ရနေတဲ့နိုင်ငံမှာ စိတ်ကြွ ရူးသွပ်ဆေးတွေကို အမှိုက်ပုံမှာ အပြားရေသိန်းချီပြီး စွန့်ပစ်နေ တဲ့ နိုင်ငံပါ။ သုံးစွဲသူကို လူမှုရေး ပြစ်ဒဏ်ပဲ ပေးမယ်ဆိုတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးဖို့လုပ်နေတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပြီ။ ဒါဟာလူငယ်တွေရဲ့ ကျန်းမာရေးနဲ့ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်လိုက်တဲ့ ငှက်ဆိုးထိုးသံပဲ။ အခုအချိန်လိုမူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ဆေးဝါးများ ထိန်းချုပ်ရေးဥပဒေအရ မူးယစ်ဆေးသုံးစွဲသူတွေကိုပြစ်ဒဏ်မြင့်မြင့် ထောင်ဒဏ်တွေချမှတ်နေ ချိန်မှာတောင် လူငယ်တွေဟာ မူးယစ်ဆေးဝါးတွေကို လက်တည့်စမ်းအသုံးပြု၊ ဆေးစွဲပြီး ဘဝပျက်နေတဲ့အချိန်မှာ သုံးစွဲသူကို လူမှုရေးပြစ်ဒဏ်ပဲချမယ်ဆိုရင် လူငယ်တွေမူးယစ်ဆေးသုံးစွဲမှု ပိုမြင့်တက်လာမှာ မလွဲဘူး။ ဒါကြောင့် မူးယစ်ဆေး သုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်ပဲပေးဖို့ ဆုံးဖြတ်တာကို ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်လို့ ကျွန်တော်ပြောချင်တယ်။

ဦးစောကျော်ညွန့်

(တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)၊ KNLA ငြိမ်းချမ်းရေး ကောင်စီ)

လူငယ်တွေဘက်က ကြည့်ရင်တော့ လုပ်သင့်ပါတယ်။ ဒါဟာလူ ငယ်တွေရဲ့ အနာဂတ်အတွက်ပေါ့။ တချို့ကစိုးရိမ်ချက်ရှိတယ်။ တချို့ကတော်တော်လေးကို အခြေအနေဆိုးတာပေါ့နော်။ သူ့အိမ်မှာ သူနေပြီး တော့ ပြန်သုံးစွဲလိုက်၊ ဟိုမှာလုပ်လိုက်၊ သုံးစွဲလိုက် လုပ်လိုက် လုပ်မယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းလေးတွေလည်း ရှိတာပေါ့။ ဒီဟာက တစ်ခါမှမကျင့်သုံးဖူးသေးဘူးဆိုတော့ ကျင့်သုံးကြည့်တဲ့အခါကျမှ အားနည်းချက်၊ အားသာချက်ဘယ်လိုရှိမယ်ဆိုတာ လုပ်ရင်းနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်သွား နိုင်မယ်လို့ထင်ပါတယ်။ ပြန်လည်ထူထောင်ရေးဆိုတာတွေကလည်း ကိုယ့်နိုင်ငံရဲ့ စီးပွားရေးနဲ့ သက်ဆိုင်မှာ ပေါ့နော်။ ဆေးဖြတ်တဲ့နေရာတွေ လောက်လောက်ငငနဲ့ထိထိရောက်ရောက် လုပ်လို့ရအောင်ဆိုရင်တော့ အထောက်အပံ့တွေအများကြီးတော့ လိုအပ်မယ်ထင်ပါတယ်။ အဲဒါတွေ မလောက်မငချိန်မှာတော့ လုပ်ရကိုင်ရတာအခက်အခဲတော့ ရှိမယ်။ အထူးသဖြင့်တောတွေဘာ တွေဘက်မှာ ပိုပြီးတော့ အခက်အခဲရှိတာပေါ့။ လူမှုရေးပြစ်ဒဏ်နဲ့ အိမ်မှာ ပြန်နေ၊ ပြန်သုံးအဲဒီကြားထဲမှာ ဘယ်သူက ထိန်းကျောင်းမလဲ၊ ဘယ်သူတာဝန်ယူ မလဲ စသည်ဖြင့် အဲဒါတွေကတော့ တို့တောကကလေးတွေအတွက် ဘယ်လိုမှ ရှင်းရှင်းလင်းလင်းမရှိနိုင် သေးဘူး။