UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်နှင့် တွေ့ဆုံခြင်း

မဆလအာဏာရှင်တောင် ကြေညာပေးနိုင်မှတော့ အခုဒီမိုကရေစီအစိုးရတက်နေပြီ ဘာဖြစ်လို့ (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း) မကြေညာနိုင်ရတာလဲ
UNFC ဗဟိုအလုပ်အမှုဆောင် ဦးထွန်းဇော် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ဒီချုပ်အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)ရေးထိုးနိုင်ရေးညှိနှိုင်းလာသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း အပြီးသတ် သဘောတူညီမှုမရရှိသေးပေ။

NCA လက်မှတ်ထိုးနိုင်ရေး UNFC ဘက်က နိုင်ငံရေးနှင့် တပ်ပိုင်းဆိုင်ရာ အချက်ရှစ်ချက်အဆိုပြုထားပြီး ယင်းအချက်များပြေလည်ပါက UNFC အဖွဲ့ဝင်လက်နက်ကိုင်ငါးဖွဲ့က လက်မှတ်ထိုးမည်ဖြစ်သည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIO)အပါအ၀င် အဖွဲ့ အစည်းအချို့နုတ်ထွက်သွား၍ UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့သာ ကျန်ရှိတော့သည်။

၁၄ လကျော်ကြာမြင့်ခဲ့သည့် အစိုးရနှင့် UNFC တို့၏ ဆွေးနွေးမှုရလဒ်အခြေအနေများနှင့်ပတ်သက်ပြီး UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်နှင့် ရန်ကုန်မြို့၌ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

KIO အပါအ၀င်တချို့အဖွဲ့က နုတ်ထွက်သွားတော့ UNFC မှာ ငါးဖွဲ့ပဲ ကျန်နေတဲ့အပေါ်မှာ အစိုးရရဲ့ အလေးထားမှုအပိုင်းက ဘယ်လိုရှိပါသလဲ။

ကျွန်တော်တို့တွေ့တာတော့ သိပ်ထူးထူးခြားခြားတော့ မတွေ့ပါဘူး။ ပုံမှန်အတိုင်းလို့ပဲ အကဲဖြတ်မိပါတယ်။

တစ်နှစ်ကျော်ကြာ NCA ထိုးဖို့ ညှိနှိုင်းခဲ့ပြီးပြီ။ NCA ထိုးရေးအခက်အခဲဖြစ်နေတဲ့အပေါ်မှာ ညှိ နှိုင်းတဲ့အချက်တွေ မပြေလည်ဘူး ဖြစ်နေတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိတာပေါ့။ ဒီအပိုင်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးပါဦး။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သီးသန့်မှတ်ချက်ပေးစရာမရှိဘူး။ အဲဒါက အပြင်ရဲ့အမြင်သဘောထား ပေါ့နော်။ ကျွန်တော်တို့အပေါ်မှာ ထဲထဲဝင်ဝင်ရှုမြင်တဲ့လူနဲ့အပြင်က အမြင်နဲ့ အဲဒီအမြင်က မတူနိုင်ဘူးဗျ။ အခုနက ရှုမြင်မှုကကျတော့ ကျွန်တော်တို့ရဲ့ အနေအထားအပေါ် အတွင်းကျကျမသိလို့ အဲဒီလို သုံးသပ်ကြတယ်လို့ပဲ နားလည်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN (UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့)တို့ရဲ့ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲအဖွင့်မှာ  အဖွဲ့ခေါင်းဆောင်က ယုံကြည်မှုက သုညအဆင့်မှာ ရှိနေတယ်လို့ ယူဆနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ အခု ဆွေးနွေးပွဲမှာ အဲဒီအခြေအနေကပြောင်းလဲသွားပါသလား။

အဖွဲ့ခေါင်းဆောင်ရဲ့ ယုံကြည်မှု သုညရှိတယ်ဆိုတဲ့ဟာမှာ အဲဒီရဲ့ရှေ့နဲ့နောက်မှာ အခြေအနေ အကြောင်းအရာလေး သူပေးထားပြီးဖြစ်တယ်။ လူတွေက ယုံကြည်မှုက သုညရောက်နေတယ် လို့ပဲ နည်းနည်းဆွဲပြီးတော့မှ သုံးလိုက်တာပေါ့။ ဆွဲသုံးလိုက်တဲ့အပေါ်မှာ ရှေ့နောက်ဆက်စပ် မှုမရှိ တဲ့အခါကျတော့ နည်းနည်းလေး အနုတ်သဘောဆောင်မှုကို ပိုရောက်သွားတဲ့ သဘောရှိတယ်။ ကျွန်တော်မြင်တာက သူ့ရဲ့ ရှေ့နောက်ကွင်းဆက်ကို ကြည့်ပြီးမှ ယုံကြည်မှုသုညအဆင့်ရောက်နေတယ်ဆိုတာကို သိသာမယ်။သူပြောတဲ့ အထဲမှာ ကျွန်တော်တို့က ဒီအဆိုပြုချက်ရှစ်ချက်ဟာ NCA လက်မှတ်ရေးထိုးမယ်ဆိုပြီး နံပါတ်ကိုး တစ်ချက်အနေနဲ့ ထည့်ပြီး ကိုးချက်ဖြစ်လာပြီ။ အဲဒီရှစ်ချက်လေးကို ဆွေးနွေးတာကို တစ်နှစ်ကျော်ကြာတယ်။ ၁၄ လကြာတယ်ဆိုတာ မဖြစ်သင့်ဘူး။ ၁၄လ အတွင်းမှာ ကျွန်တော်တို့က နည်းလမ်းမျိုးစုံရှာပြီးပြီ။ အဖွဲ့ခေါင်းဆောင်ပြောတာက သူ့တစ်ဦးတည်းအနေနဲ့ပေါ့ သူနည်းလမ်းမျိုးစုံရှာတယ်။ မြန်မာဘာသာဗေဒဝေါဟာရထဲမှာလည်း အဖြေရရှိဖို့အတွက် ရှာတဲ့နည်းလမ်းပြောတဲ့ စကားအသုံးအနှုန်းကလည်း ကုန်သလောက်ဖြစ်နေ ပြီ။ ဆိုတော့ဒါက မဖြစ်သင့်ဘူးပေါ့။ ဒါဘာကြောင့်ဖြစ်တာလဲ၊ အဲဒါဆို ၁၄ လ ဘာကြောင့်ကြာတာလဲ။ ကြာတာက ယုံကြည်မှု မရှိလို့ အဲဒီလိုမျိုး အကဲဖြတ်တယ်သူက။ယုံကြည်မှု သုညအဆင့်ရောက်သွားတဲ့ အနေအထားမှာ ရှိနေတယ်ပေါ့ အခုဆိုရင်။ ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲတွေဖြစ်တယ်ဗျာ မြောက်ပိုင်းမှာ ။ ပြီးရင် ကျွန်တော်တို့နဲ့ ယုံကြည်မှုတည်ဆောက်တဲ့ ဖြစ်စဉ်မှာလည်း ခြောက်ကြိမ်မြောက်အထိ ကျွန်တော်တို့မှာ ပြင်ဆင်ခဲ့တဲ့ အကြိုညှိနှိုင်းပွဲ နှစ်ကြိမ်ရှိခဲ့တယ်။ အဲဒီအနေအထားတွေ မပြောသွားပေမယ့် အဲဒီအကြို ညှိနှိုင်းမှုမှာ ညှိနှိုင်းတဲ့ ပုံစံတွေအရ အဲဒီအပေါ်မှာပါ အကဲဖြတ်သုံးသပ်ချက်တွေ ပါပါတယ်။ ဒါက အပြင်ထုတ်လို့ တော့ မရဘူးပေါ့။ သူပြောတဲ့ အထဲမှာလည်း ပါတယ်လေ တစ်ပြိုင်တည်းမှာ ကျွန်တော်တို့က ခြောက်ကြိမ်မြောက် အစည်းအဝေးကို အမြင့်မားဆုံးသော မျှော်လင့်ချက်နဲ့ ကျွန်တော်တို့လာတာဖြစ်တယ် ဆိုတာလည်း စကားပုလ္လင်ခံထားတာရှိတယ်။ တစ်ဖက်မှာ အမြင့်မားဆုံးသော မျှော်လင့်ချက်ရှိတယ်။ တစ်ဖက်မှာ ယုံကြည်မှုက သုညအဆင့်ရှိနေတယ်ဆိုရင် အဲဒီနှစ်ခုကို ချိတ်ဆက်ပြီးမှ သတင်းလုပ်တဲ့အခါ ပိုပြည့်စုံမှာပေါ့။ သုညအဆင့်ကိုပဲ ရှိတယ်လို့ပြောရင် မပြည့်စုံဘူး။ တအားကြီးကို အနုတ်သဘောဆောင်သွားတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါကတော့ ကျွန်တော်တို့ လက်ရှိရောက်ရှိနေတဲ့ လက်တွေ့ ပတ်ဝန်းကျင်အနေအ ထားကိုထင်ဟပ်တဲ့ အရာပဲလို့ ပြောလို့ရတယ်။

ဆွေးနွေးပွဲမှာကော ဘယ်လို သဘောတူညီမှုတွေရလဲ။ ထက်ဝက်လောက် နှစ်ဖက်သဘောတူနိုင်တဲ့ အနေအထားဆိုတာကဘာ တွေလဲ။  သာမန်ပြည်သူတွေ နား လည်အောင် ရှင်းပြပေးပါဦး။

ကျွန်တော်တို့ အဆိုပြုချက်ကိုးချက်ကို အခြေခံပြီး ဆွေးနွေးကြတာပါ။ အဆိုပြုချက် ကိုးချက်ကလည်း အများပြည်သူသိရှိနိုင်ဖို့ အသိပေးထားပြီးဖြစ်တယ်။ မူလက ရှစ်ချက်ပေါ့။ NLD အစိုးရတက်လာပြီးတဲ့နောက်ပိုင်း ၂၀၁၆ ဇူလိုင်မှာ ကျွန်တော်တို့က အဆိုပြုမှု တရားဝင်လုပ်တယ်။ အစိုးရဆီပေးတယ်။ အစိုးရဆီပေးပြီး တော့ အလွတ်သဘော ညှိရင်းနဲ့ တရားဝင်ဆွေးနွေးမှု တစ်ကြိမ် ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒါက အများပြည်သူသိဖို့လိုအပ်တယ်။ အဲဒါကြောင့် အများပြည်သူသိအောင်ထုတ်ပြန်ကြေညာလိုက်တယ်။ အခုလည်း ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲရလဒ်မှာ အဲဒီထုတ်ပြန်ချက်ကို အခြေခံပြီး သုံးသပ်ကြတာတွေလည်း တွေ့ပါတယ်။ အဆိုပြုချက် ကိုးချက်အပေါ်မှာ အများပြည်သူသိရှိနိုင်ဖို့ ရလဒ်ဘယ်လောက်ထွက်လဲဆိုရင် အချက်အလက်အားဖြင့်ပြောရင် လေးချက်ပြီးသွားပြီလို့ တချို့ကပြောကြတာပေါ့။ တစ်ကနေ လေးအထိပြီးပြီ၊ ငါးကနေ ရှစ်အထိကျန်တယ်ပေါ့ဗျာ။ အဲဒီလိုမျိုး အချက်အလက်အားဖြင့် ပြောလို့ရတယ်။ တစ်ကနေ လေးအထိကော အပြီးအပြတ်ရပြီးလား အဲဒီလိုမေးစရာရှိတယ်။ ဆွေးနွေးမှု အနေအထားအရတော့ ကျွန်တော်တို့က တစ်ကနေ လေးအထိက ဆွေးနွေးလို့ ပြီးပြတ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ သဘောတူညီမှု အဆင့်ကကျတော့ ရှစ်ချက်စလုံးပြီးမှ သဘောတူညီမှု အဆင့်ကို ရောက်မှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ကနေ ရှစ်အထိက အနည်း နဲ့ အများဆိုသလို ချိတ်ဆက်မှု တွေရှိတယ်။ ရှစ်ချက်ရဲ့အနေအ ထားမှာ တစ်ကိုပြန်ကြည့်လိုက်ရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ကြေညာရမယ်လို့ ကျွန်တော်တို့က တောင်းဆိုထားတယ်။ ဘာကြောင့်အဆိုပြုသလဲဆို ကျွန်တော်တို့ ဖြစ်စေချင်တာက NCA စာချုပ်လုပ်ကတည်းက တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ဖြစ်စေချင်လို့ လုပ်တာဖြစ်တယ်။ နိုင်ငံရေးဆန္ဒပါပါ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့လိုတယ်။ နိုင်ငံရေးဆန္ဒကို ပြရမယ်။ ဒီနေ့အချိန်က တပ်မတော်က နိုင်ငံရေးဆန္ဒကို ပြဖို့လိုနေပြီ။နိုင်ငံရေးဆန္ဒပြရမှာ ဘာလဲဆိုတော့ သူတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာပေးပြီး တော့ လုပ်ရမယ်။ သူက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနေရာမှာ ကျွန်တော်တို့ကို ပြန်ပြီးတော့မှ တန်ပြန်ဆွေးနွေးတာ ရှိတယ်။ ကောင်းပြီ ခင်ဗျားတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်ရင် TNLA တို့ မြောက်ပိုင်းအဖွဲ့တွေကို ခင်ဗျားတို့ တာဝန်ယူနိုင်သလား ပြောတာပေါ့။ တာဝန်ယူနိုင်သလားဆိုရင် အဲဒါ စုပေါင်းတာဝန်ယူရမှာဖြစ်တယ်။ ကျွန်တော်တို့ တစ်ဖက်တည်းက တာဝန်ယူရမှာ မဟုတ်ဘူး။ အစိုးရရော၊ ကျွန်တော်တို့ရော ကာယကံရှင်အဖွဲ့အစည်းတွေရော တာဝန်ယူရမှာဖြစ်တယ်။ အဲဒီလိုမျိုး ကျွန်တော်တို့က တုံ့ပြန်တယ်။ ဒီတော့ အဖြေမရှိဘူးပေါ့ဗျာ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်းကို ကြေညာဖို့ တပ်မတော်မှာ ရပ်တည်ချက် သဘောထားမရှိဘူး၊   

အဲဒီလိုဖြစ်နေတယ်။ ဒါပေမဲ့ အစိုးရကတော့ ကြေညာပေးလို့ရတယ်။ ယခင် ဦးနေ၀င်းအစိုးရလက်ထက်မှာတောင် ၁၉၆၃ မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးနိုင်ခဲ့သေးတာပဲ။ မဆလအာဏာရှင်တောင် ကြေညာပေးနိုင်မှတော့ အခု ဒီမိုကရေစီအစိုးရတက်နေပြီ ဘာဖြစ်လို့ မကြေညာနိုင်ရတာလဲ။ တိုင်းသူပြည်သားတွေ လိုလားနေတဲ့ အချက်ပဲ။ ကြေညာပြီး နောက်ပိုင်းမှာ ဖြစ်တယ်ဆိုရင်လည်းပဲ နိုင်ငံတကာ စောင့်ကြည့်မှု အောက်မှာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ အရေးယူဆောင်ရွက်ရ မှာပေါ့။ ကျွန်တော်တို့က အဲဒီလို ပြည်သူလူထုနဲ့ နိုင်ငံတကာကို သက်သေထားပြီးတော့ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လုပ်ချင်တာ။ အခု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း နံပါတ်တစ်မှာ တပ်မတော်က ကြေညာဖို့အတွက် သဘော ထားမရှိပေမယ့် အစိုးရဘက်က ကြေညာနိုင်တယ်ဆိုတော့ ဟုတ်ပြီ၊ ဒါက ဒီမိုကရေစီစနစ်အရ အစိုးရက တပ်မတော်ကို တာဝန်ခံတဲ့စနစ်နဲ့လုပ်ပေါ့။ အစိုးရ ကတပ်မ တော်ကို ထိန်းနိုင်တယ်ဆိုရင် ပြဿနာ မရှိဘူး။ အစိုးရ ကြေညာပေးတာကိုလည်း ကျွန်တော်တို့ လက်ခံနိုင်တယ်။ အဓိကတော့ တပ်မတော်က လိုက်နာဖို့ အရေးကြီးတယ်ပေါ့၊ ကျွန်တော်တို့ဘက်ကလည်း လိုက်နာမယ်ပေါ့။ နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲကြောင်း ကြေညာမယ်ဆိုတာ သမာသမတ်ကျစွာနဲ့ အဆိုပြုထားတဲ့ အချက်ဖြစ်တယ်ဆိုရင် ဒီလိုမျိုး ဆွေးနွေးလာခဲ့တာတွေ ရှိတယ်။ ဒါတွေကကျတော့ ဒီနေ့ မတွေ့ရဘူး။ နံပါတ်တစ်မှာ အဲဒီလောက်ထိ လေးနက်မှု အ ကြောင်းအရာတွေရှိပါတယ်။ ကျွန်တော်တို့ ရထားတဲ့ အဖြေပေါ့ ညှိနှိုင်းရလဒ်က။ နှစ်ကို ပြန်ကြည့်ရင် မူဘောင်တို့ ဘာတို့နဲ့ ချိတ်ဆက်နေတာတွေရှိတယ်။ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်လို တယ် ဆိုတဲ့ဟာကို အစိုးရဘက်က သဘောတူလိုက်တယ်။ သဘောတူလိုက် တော့ ဒါကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ Commitments (ကတိက၀တ်)ကို ကျွန်တော်တို့က အခိုင်အမာ ပြဖို့လိုတယ်။  အဲဒါဘာနဲ့ ချိတ်ဆက်လာလည်းဆိုတော့ ဥပဒေကြောင်းအရ တရားဝင်ဖြစ်မှု အကျိုးသက်ရောက်မှု ကျွန်တော်တို့လိုချင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ကဆွေးနွေးမှု ပြီးပြတ်တဲ့ အနေအထားရောက် တယ်။ ဒါပေမဲ့ သဘောတူညီမှု အနေအထားက တစ်ဆင့်ကျန်သေးတယ် ပြောလို့ရတယ်။ သုံးမှာကျတော့လည်း ကျွန်တော်တို့ အဆိုပြုထားတာက နိုင်ငံရေးမူဘောင် တို့ ဘာတို့နဲ့၊ သုံးပွင့်ဆိုင်နဲ့ ချိတ်ဆက်နေတယ်။ သုံးပွင့်ဆိုင်ကျ တော့ နိုင်ငံရေးမူဘောင်သုံးသပ်တဲ့ အခါကျတော့ ဆွေးနွေးပါဆိုပြီး ရွှေ့ထားလိုက်တဲ့ သဘောဖြစ်တယ်။ နံပါတ်လေးအကြောင်း အရာ ဆိုရင် အခု ၂၁ ရာစုပင်လုံညီ လာခံက ထွက်လာတဲ့ အချက်တွေကို ကျွန်တော်တို့ရဲ့ ပြင်ဆင်လိုတဲ့ ဥပဒေတွေ ဖွဲ့စည်းပုံအခြေခံဥပဒေ အဲဒီလိုဖြစ်ရမယ်ပေါ့။ ကျွန်တော်တို့က အဲဒါကို ရေးဆွဲပြဋ္ဌာန်းရမယ် လို့ ကျွန်တော်တို့ ပြောတော့ ပြဋ္ဌာန်းဆိုတဲ့ စကားလုံးတစ်လုံးနဲ့ သွားငြိတယ်။ ပြဋ္ဌာန်းဆိုတာက DPN အဆင့် ငြိမ်းချမ်းရေးကော်မရှင် အဆင့်မှာ လုပ်လို့မရဘူး။ ဒါလွှတ်တော်က လုပ်တဲ့ အလုပ်ဆိုပြီးတော့မှ လွှတ်တော်အလုပ်ကို ကြိုပြီး သဘောတူပေးလို့မရဘူး။ အဲဒီလိုငြင်းတာပေါ့။ အဲဒါဆိုရင်လည်းကျွန်တော်တို့က အကြိမ်ကြိမ်ဆွေးနွေးလာပြီဗျာ ကျွန်တော်တို့ရဲ့လိုလားချက်ကိုလည်း ပြောပါတယ်။ ဟုတ်ပြီ။ ပြဋ္ဌာန်းအစား အတည်ပြုမယ်ပေါ့ဗျာ အဲဒီလို နည်းလမ်းရှာလိုက်ပါတယ်။ ဆိုတော့ ဒီအချက်အလက်တွေက အပြင်တော့ မ ရောက်သေးဘူးပေါ့။ ဒါပေမဲ့ ပြည်သူလူထုကို ချပြတဲ့အခါမှာ သိရှိနိုင်ဖို့ ကျွန်တော်တို့က တင်ပြတာဖြစ်တယ်။ အကြမ်းအားဖြင့် ပြောရရင် လေးချက်ရတယ်ဆိုတဲ့ အချက်မှာ ကျွန်တော်တို့က ဆွေးနွေးမှု ပြီးပြတ်တယ်။ သဘောတူညီမှုအဆင့်က အောက်ကလေးချက်နဲ့ ပြန်ချိတ်နေတယ်။ ကျန်တဲ့ လေးချက်ပြီးမှပဲ အပေါ်ကလေးချက်နဲ့ ပြန်ပေါင်းစပ်ပြီး သဘောတူညီမှု ဆိုတဲ့ အဆင့်ကို လုပ်လို့ရမယ့် သဘောရှိတယ်။

အခု ဆွေးနွေးပွဲမှာ ရလဒ်ကောင်းတယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေကပြောကြတာ ဒါဟာ အပေါ်ယံ ပြောကြားချက်လား၊ လာမယ့် ခုနစ်ကြိမ်မြောက်မှာကော သဘောတူညီမှုရနိုင်မယ့် အခြေအနေရှိလား။

ကျွန်တော်ပြောချင်တာက ဒီခြောက်ကြိမ်မြောက် ဆွေးနွေးပွဲ မတိုင်ခင်မှာ အကြိုညှိနှိုင်းမှု နှစ်ကြိမ် လုပ်ခဲ့ရတယ်။ နှစ်ကြိမ်မှာ ဖြစ်ထွန်းခဲ့တဲ့ အနေအထား ကြောင့် ဒီလောက်အဆင့်ကို ရောက်တာဖြစ်တယ်။ ဆိုတော့ သတ္တမအကြိမ် မတိုင်ခင်မှာ ကျန်နေတဲ့ အချက်တွေက မူဝါဒပိုင်းဆိုင်ရာဖြတ်ရမယ့် အချက်တွေဖြစ်နေတယ်။ ဆိုတော့ အဲဒီအချက်ကို ဖြတ်ပေးနိုင်သလားပေါ့ အစိုးရတပ်မတော်ဘက်က အဲဒါ အရေးကြီးပါတယ်။ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး လိုက် လျောမှုတွေပေးထားပြီးဖြစ်တယ်။ အမှန်ဆိုရင် မူဘောင်အပါအ၀င် နောက်ပြီးတော့ JMC(ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ)၊ တပ်နေရာပြန်လည်ချထားရေး မူဝါဒနဲ့ အကောင်အထည်ဖော် မှုဆိုင်ရာ ကိစ္စရပ်တွေကို ကြိုတင်သဘောတူညီမှု ရရမယ်လို့ ကျွန်တော်တို့ ပြောထားတယ်။ ဆိုလိုချင်တာက မူဘောင်သုံးသပ်ပြီး သဘောတူပြီးမှ ၊JMC တွေကိုလည်း ပြင်ဆင်ပြီးမှ၊ တပ်နေရာချထား ရေး မူဝါဒတွေရေးဆွဲပြီးမှ ကျွန်တော်တို့က NCA ကို လက်မှတ်ထိုး ဖို့ပဲ။ ဒီနေ့ အစိုးရဘက်က၊ တပ်မတော်ဘက်က ပြန်ပြီးပြောတာက ရှစ်ချက်ကို ဆွေးနွေးတာတောင် ဒီလောက်ကြာရင် မူဘောင်က အချက်တွေအများကြီး နောက်ပြီးတော့ JMC မှာ အချက်ပေါင်း တစ်ရာကျော်ရှိတယ်။ အဲဒါဆွေးနွေးရင်ဘယ်တော့ပြီးမလဲ နောက်ထပ် ဘယ်နှစ်နှစ်ယူမလဲ အဲဒီလိုမျိုး ပြောတာတွေရှိတယ်။ ကျွန်တော်တို့ ပြောတာက ဒီမူဘောင်ဆိုရင်လည်း သုံးသပ်စရာတွေ သိပ်များများစားစား ရှိမယ်မထင်ဘူး။ အဓိကကျတဲ့ အကြောင်းအရာပိုင်းတွေ ကို ကျွန်တော်တို့ ဆွေးနွေးရမယ်။ ပြီးခဲ့တဲ့ ကာလတွေမှာ ဘာအားနည်းချက်ရှိလဲ အဲဒီအပေါ်မှာ အခြေခံရမယ်ပေါ့ သိပ်မရှိဘူး။ အချက်အလက်အားဖြင့် ပြောမယ်ဆိုအများကြီးပေါ့ ဒါပေမဲ့ သုံးသပ်တဲ့အခါ သိပ်ရှိမယ်မထင်ဘူး။ JMC လည်း ထိုနည်းတူစွာပဲ။ တပ်ပိုင်းဆိုင်ရာ ပြန်လည်နေရာချထားရေး မူဝါဒဆိုတာ အသစ်ဖြစ်တယ်။ ညီနောင်ရှစ်ဖွဲ့ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေတောင် ဒါမလုပ်နိုင်သေးဘူး။ ဆိုတော့ ဒါတွေကို ပူးတွဲလုပ်ရမှာဖြစ်တယ်။ အ ကောင်အထည် ဖော်မှုဆိုင်ရာကိစ္စရပ်တွေကို ဘယ်လိုလုပ်သွားမလဲဆိုတာ မူဝါဒတွေချရမှာ။ ဒါတွေ ပူးတွဲလုပ်ရမယ်။ အဲဒီလိုတင်ပြတယ်။ ဒါပေမဲ့ သူတို့ ဘက်ကတော့ အဲဒီလို တုံ့ပြန်တာပေါ့။ ဆိုတော့ ဒီလိုအချက်တွေကို မူဝါဒ ဘယ်လိုဖြတ်နိုင်မလဲ။ သူတို့က ကောက်ယူသွားတာက ရှစ်ချက်ကိုဆွေးနွေးတာ ဒီလောက်ကြာတယ်ဆိုရင် အဲဒီအချက်အလက် အများကြီးကို ဆွေးနွေးရင် ဘယ်လောက်အချိန် ယူမလဲဆိုပြီးတော့ ကောက်ယူသွားတယ်ပေါ့။ အဲဒီလိုမယူသင့်ဘူးလို့ မြင်တာပေါ့။ အဲဒါကြောင့် မတ်လ ၃ရက်နေ့ စတုတ္ထအကြိမ် ဆွေးနွေးမှုမှာ တစ်ပြိုင်တည်းသွားမယ်လို့ သဘောတူထားတယ်။  ဒါကို အစိုးရဘက်က၊ တပ်မတော်ဘက်က မူဝါဒအနေ နဲ့ မဖြတ်ပေးနိုင်ဘူး။ နောက်နိုင်ငံတကာ ပါဝင်မှု အခန်းကဏ္ဍပေါ့။ နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍက ကျွန်တော်တို့က တိုင်းပြည်က နှစ်ပေါင်းခုနစ်ဆယ် ပြဿနာတက်နေတာဖြစ်တယ်။ ကိုယ့်အချင်းချင်း ဖြေရှင်းနိုင်ရင် ပြေလည်သွားတာကြာပြီ။ နှစ်ပေါင်းခုနစ်ဆယ်မှာဖြစ်ခဲ့တဲ့ ပြဿနာဟာ မျိုးဆက်တွေလည်း ပြောင်းကုန်ပြီ။ ရလိုက်တဲ့ ရလဒ်က လူတွေရဲ့ ကြားထဲမှာအမုန်းတရားတွေ၊ အာဃာတတွေ၊ မယုံကြည်မှုတွေ ဒါပဲကျန်ခဲ့တယ်။ ပြဿနာကြာရှည်နေတာကို ညီနောင်တိုင်းရင်းသားအချင်းချင်းကြားမှာ၊ မိသားစုအချင်းချင်းကြားမှာဖြစ်နေတဲ့ ပြဿနာဖြစ်လို့ အပြင်လူခေါ်စရာ မလိုဘူး။ အဲဒီလိုတွန်းကန်နေ တယ်။ ဒါသဘာဝ မကျဘူးလို့မြင် တယ်။ ပြဿနာချဉ်းကပ်တာ အဖြေရရှိရေးအတွက်။  နိုင်ငံတကာ ပါဝင်မှု ခေါ်တာဟာ ကျွန်တော်တို့က ပြည်တွင်းရေးကို လာစွက်ဖက်ပါလို့ ဖိတ်ခေါ်တာမဟုတ်ဘူး။ ပြဿနာ အဖြေရှာတဲ့အခါမှာ အထောက်အကူဖြစ်ဖို့ သမာသမတ် ကျတဲ့ မြန်မာပြည်ရဲ့အရေးကို စာနာစိတ်ရှိတဲ့ နိုင်ငံတကာတွေရှိပါ တယ်။ အဲဒီလူတွေထဲက နှစ်ဖက်လက်ခံနိုင်တဲ့ ကိုယ်စားလှယ်တွေ ကို ဖိတ်ခေါ်ပြီးမှ ပါဝင်ခွင့်ပြုမှာ ဖြစ်တယ်။ ကျွန်တော်တို့က နိုင်ငံတကာ ပြည်တွင်းက တရားသူကြီးဟောင်းတွေပါတဲ့ ခုံရုံးဖွဲ့ရမယ်ပထမဆုံး ကျွန်တော်တို့ အဆိုပြုမှု က ခုံရုံး။ ခုံရုံးဆိုလို့ရှိရင် ဒါဥပဒေ ကြောင်းအရ စီရင်ချက်တွေ ပါလာတယ်၊ နိုင်ငံတကာရဲ့ အဲဒီလောက်စွက်ဖက်မှုတော့ လက်ခံလို့မရဘူးတဲ့။ ကောင်းပြီ၊ကျွန်တော်တို့ တစ်ဆင့်လျှော့လိုက်တယ် ကြား ၀င်ဖျန်ဖြေရေး ကော်မရှင်ဖွဲ့လို့  ပြောတယ်။ ဒီကော်မရှင်လည်း လက်ခံလို့မရဘူး။ အဲဒါနဲ့ကို ကြာနေတာပေါ့ တစ်နှစ်ကျော်အတွင်း မှာ။ နည်းလမ်းရှာတော့ ကြားဝင်ဖျန်ဖြေရေး ကော်မရှင်မရဘူးဆို ရင် သူတို့က အဆိုပြုတာက JICM တစ်ဆို့လာတယ်၊ ပြဿနာဖြစ် လာတယ်ဆိုရင်  အမြင့်ဆုံးဖြေရှင်း တဲ့နေရာပေါ့။ ဒီ NCA အပေါ် အခြေခံပြီး နှစ်ဖက်လူကြီးတွေပါဝင်ပြီး စုဖွဲ့ထားတဲ့နေရာ။ အဲဒီမှာ နှစ်ဖက်ရဲ့ သဘောတူတဲ့ နိုင်ငံတကာလေ့လာသူနဲ့ အကြံပေးတွေကို ရော ဖိတ်ခေါ်ပြီးတော့မှ တက်ရောက်ခွင့်ပြုမယ်။ လေ့လာသူနဲ့ အကြံပေး နိုင်ငံတကာက နှစ်ဖက်လက်ခံတဲ့လူ JICM အစည်းအဝေးရောက်ရင် ပြဿနာ ဖြေရှင်းတဲ့အခါမှာ ခေါ်။ အဲဒီလို နည်းနာရှာတာ အဖြေလည်းရောက်ပြီ၊ အတိုင်းအတာ တစ်ခုအထိ။ ဒါပေမဲ့နောက်ဆုံးရောက်တဲ့ အခါကျတော့ အဲဒါလည်း သဘောမတူပြန်ဘူး။ ဘယ်လိုနဲ့ နိဂုံးချုပ်လဲဆိုတော့  ဒါက JICM ဆိုတာ နှစ်ဖက်က ထိပ်သီးတွေ ပါနေတာဖြစ် တယ်။ နှစ်ဖက်က ထိပ်သီးတွေ ပါနေတဲ့ အစည်းအဝေးမှာ ဘာ လုပ်ပါ၊ ညာလုပ်ပါဆိုတာကို DPN  နဲ့ PC က မဆုံးဖြတ်သင့်ဘူးဆိုပြီး အဲဒီလို တုံ့ပြန်ထားတယ်။ ဆိုတော့ အဲဒါလည်း မပြေလည် ဘူး။  ....။ PC ကို လုပ်ပိုင်ခွင့်မပေးထားဘူး။ နိုင်ငံတကာ မပါ ၀င်ရဆိုတာနဲ့ အပေါ်က ကန့်သတ် ထားတယ်။ နောက်တစ်ကြိမ် သတ္တမအကြိမ်မှာ နိဂုံးချုပ်နိုင် မလားလို့မေးတော့ သတ္တမအ ကြိမ်မှာ နိဂုံးချုပ်နိုင်ဖို့အတွက် အဲဒီအချက်တွေကို အစိုးရရဲ့  အကြီးအကဲများက မူဝါဒ ဖြတ်ပေးဖို့လိုတယ်။ ဖြတ်ပေးနိုင်ရင်တော့ NCA ကို ရောက်ဖို့ နီးစပ်သွားမှာ။  ခုနစ်ကြိမ်မြောက်ကို တော့လာမယ့် စက်တင်ဘာ ပထမပတ် (သို့မဟုတ်) ဒုတိယပတ်မှာတွေ့မယ်ပေါ့။ အဲဒီမတိုင်ခင် အကြိုညှိနှိုင်းအစည်းအဝေး လုပ်မယ်။ အဲဒါက ဒီလကုန်လောက်မှာ ဖြစ်ကောင်းဖြစ်မယ်။

အကယ်၍ခုနစ်ကြိမ်မြောက်မှာ အပြီးသတ် သဘောတူတယ်ဆိုရင် လက်မှတ်ထိုးတဲ့ အပိုင်းရောက်လာမှာပေါ့။ အဲဒီအခါ UNFC လက်ရှိ ငါးဖွဲ့မှာပါတဲ့ SSPPကလည်း မြောက်ပိုင်းမှာလည်း ပါနေတော့ ဘယ်လိုအစီအစဉ်တွေ ရှိလဲ။

SSPP(ရှမ်းပြည်တိုးတက် ရေးပါတီ)ကတော့ အခုလောလောဆယ် မှာတော့ UNFC ရဲ့ မူဝါဒအတိုင်းရပ်တည်နေတာပေါ့၊ အဲဒီလိုပြောလို့ရတယ်။ တစ်ပြိုင်တည်းမှာပဲ သူတို့လည်း မြောက်ပိုင်းအဖွဲ့(‘၀’လက်နက်ကိုင်အဖွဲ့ UWSA ဦးဆောင်ပြီး လက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် စုဖွဲ့ထားသည့် အဖွဲ့)မှာ ပါနေတဲ့အတွက် မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရနဲ့ဆွေးနွေးမှု အဲဒါလည်း ကြည့်ရမှာပေါ့။ မြောက်ပိုင်းနဲ့ အစိုးရနဲ့ ဆွေးနွေးမှု ဒီကြားထဲမှာ ရှိမလား။ ရှိတယ်ဆိုရင် ကျွန်တော်တို့ဘက်မှာ အပြည့်အ၀ ပါဝင်လာနိုင်ရေးကိစ္စတွေကတော့ ပိုအဆင်ချောမယ်ပေါ့ဗျာ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလို့ ကျွန်တော်တို့ နားလည်တယ်။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်မှာ ပါဝင်ရမယ့်လူတွေ အားလုံးပါဝင်ဖို့လိုတာပေါ့။ မပါဝင်ရင်တော့ကျွန်တော်တို့ တိုင်းပြည်တည်ဆောက်ရေးက ပြီးပြည့်စုံမှုရှိမှာ မဟုတ်ဘူး။ မြောက်ပိုင်းအဖွဲ့ပါကို ပါလာရမယ်။ မပါရင် ယခင်မှားပြီးသား အမှား ထပ်မှားမှာပေါ့။ အဲဒါ ဖြေလျှော့မှုလုပ်နိုင်မလားပေါ့။ ဒါက အစိုးရအကြီးအကဲလုပ်တဲ့ လူတွေရဲ့ အမြော်အမြင် ကြီးမားမှုအပေါ်၊ သဘောထားကြီးမားမှုအပေါ် မူတည်တယ်လို့ ကျွန်တော်မြင်တယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲမှာ ‘၀’ဦးဆောင်တဲ့ အဖွဲ့ပေါ့ ။ ‘၀’က ဦးဆောင်မှုအခန်းကဏ္ဍယူထားတယ်။ ‘၀’ရယ် မိုင်းလားရယ်ဆိုတာက သူကတိုက်ပွဲမရှိတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ဆိုပြီး တိုက်ပွဲမရှိဘဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြန်တယ်။ NCA စာချုပ်ကြီးမှာလည်း သူတို့ပါဝင်ခဲ့တာမရှိဘူး။ NCA စာချုပ်ကြီးမှာ မပါဘဲနဲ့ သူ့ကိုလည်း လက်မှတ် ထိုးရမယ်ဆိုပြီးမှ သွားပြီးတော့အတင်းတောင်းဆိုတယ်ပေါ့။ ဆိုရင်ဒါဟာ မျှတမှုရှိရဲ့လား၊ အဲဒါလည်းစဉ်းစားသင့်တယ်။ ကျွန်တော်တို့က အားလုံးဆိုဒ်စုံကိုက်စုံ တူညီတဲ့ဟာကို တိုင်းတာနိုင်တဲ့ ပေတံကတော့ တစ်ချောင်းတည်းနဲ့ မရဘူးပေါ့။ အရွယ်အစားလည်းမတူဘူး၊ အနေအထားလည်းမတူ ဘူး၊ အခြေအနေချင်းလည်း မတူ တဲ့ဟာကို NCA ပေတံကြီးနဲ့ အကုန်လုံးသွားတိုင်းနေတဲ့အခါကျတော့ ဒါက အံဝင်ခွင်ကျ မဖြစ်ဘူးလို့မြင်တယ်။ အဲဒါကြောင့် အစိုးရဘက်က၊ တပ်မတော်ဘက်က မျှတစွာနဲ့ စဉ်းစားပြီး အဖြေရှာပေးဖို့လိုတယ်။ NCA ထိုးမှ နိုင်ငံရေးဆွေးနွေးပွဲကို တက်လို့ရမယ် ဆိုတော့ သူတို့ တကယ်ထိုးဖို့လိုသလား။ ထိုးမယ်လို့ပြောတဲ့ လူကိုကျတော့ သူကလက်မခံဘူး။ မထိုးချင်တဲ့ လူကိုကျတော့ အတင်းဆွဲခေါ်နေတဲ့ပုံစံ မဖြစ်နေဘူးလား ပေါ့။ အဲဒီလိုမျိုးတွေရှိတယ်။ ဒါတွေကို တိုင်းပြည်နဲ့ လူထုရဲ့မျက်နှာကို ထောက်ရှုပြီးတော့မှ တိုင်းပြည်ရဲ့ အကြီးအကဲလုပ်တဲ့လူတွေ သဘောထားကြီးမှုကို ပြဖို့ သင့်ပြီလို့မြင်တယ်။ ဒါမှပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကျန်ခဲ့တာတို့၊ ဘာ တို့ညာတို့မဖြစ်ဘူးပေါ့။

UNFC  အနေနဲ့လည်း မြောက်ပိုင်းအဖွဲ့နဲ့ ဆွေးနွေးဖို့ စီစဉ်နေတာ သိရပါတယ်။ ဘာကြောင့်စီစဉ်ရတယ်ဆိုတာ ရှင်းပြပေးပါဦး။

ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့ရှိတယ်လေ။ ၂၁ ဖွဲ့ကတော့ ပုံမှန်တွေ့ဆုံဆွေးနွေးတိုင်ပင်မှုတွေတော့လုပ်ရမှာပေါ့။ အရင်တုန်းကလည်း လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့တွေက ဘ၀တူတွေဆိုတော့ ပုံမှန်ဆွေးနွေးတိုင်ပင်မှုတွေ တော့ ကျွန်တော်တို့လုပ်ရမယ်။ တစ်နေရာမှာ စစ်ဖြစ်ရင် တစ်နေရာကို အကျိုးသက်ရောက်တာပဲ။ အဲဒါကြောင့် အားလုံးက တက်ညီလက်ညီနဲ့ တိုင်းပြည်ပြန်လည် တည် ဆောက်ရေးကို လုပ်တဲ့အခါ အားလုံးပါဝင်ရေးကို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်းကြားမှာ အဲဒီလို ဆက်စပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုလုပ်တာကတော့ နည်းနာပေါင်းစုံနဲ့ ကြိုးပမ်းနေကြတာပဲဖြစ်တယ်။

အရင်က အစိုးရသစ်လက်ထက်မှာ  ငြိမ်းချမ်းရေးအောင်မြင်မယ်လို့ မျှော်လင့်ကြတယ်။ လက်ရှိ အစိုးရအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်လို့ မြင်လဲ။

အဓိကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပဲ ဖြစ်တာလို့ မြင်ပါတယ်။ ဆုံးဖြတ်ချက် ချမှတ်တဲ့အခါ ဒီအစိုးရမှာ လုပ်ပိုင်ခွင့်မရှိလို့ ဖြစ်တယ်လို့မြင်တယ်။ လုံခြုံရေးကဏ္ဍဆိုတာကတော့ အစိုးရရဲ့ အုပ်ချုပ်ရေးထဲက အစိတ်အပိုင်းတစ် ခုပေါ့။ အစိုးရယန္တရားရဲ့ အစိတ်အပိုင်းတစ်ခုဆိုပေမယ့်လို့ အစိုးရက အဲဒါကို အပြည့်အ၀ စီမံအုပ်ချုပ်ခန့်ခွဲပိုင်ခွင့်မရှိဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ပြဿနာတက်တာပေါ့။ တက်လာတဲ့ အစိုးရကဒီမိုကရေစီ အစိုးရဆိုရင် ဒီမိုကရေစီ အစိုးရရဲ့ အုပ်ချုပ်မှုအောက် မှာတော့ ယန္တရားတွေ အကုန်လုံးရှိရမှာပေါ့။ သူ့ဟာနဲ့သူ။ အဲဒီလို မရှိတဲ့အတွက် ကမောက်ကမတွေ ဖြစ်နေတာပေါ့။ တိုက်ပွဲတစ်ခု တိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေတိုင်းပြည်ရဲ့ အရင်းအမြစ်တွေ သုံးရတာပေါ့။ စစ်ဖြစ်ပြီဆိုရင် လက်နက်ခဲယမ်းမီးကျောက်ဆိုတဲ့ ကုန်ကျစရိတ် ဘီလီယံနဲ့ချီပြီး ကုန်မှာပဲလေ။ အဲဒီပိုက်ဆံတွေကို အချင်းချင်းသတ်ဖြတ်မှုမှာ ပြည်ပရန်လည်း မဟုတ်ဘူး၊ ပြည်တွင်းမှာ ညီနောင်တိုင်းရင်းသား အချင်းချင်းမှာ သုံးနေတယ်ဆိုတော့ ဒါကိုတော့အလေး အနက်ထားဖို့သင့်တာပေါ့၊ အဲဒီလို မျိုးလုပ်လို့ရလား ဒီမိုကရေစီအစိုးရမှာ။ တိုက်ပွဲတစ်ခုဖော်မယ်ဆို လွှတ်တော်မှာ ဒါကို တိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိရမယ်။ နိုင်ငံတကာရဲ့ လုပ်ရိုးလုပ်စဉ်သည် ဒီအတိုင်းပဲ ဒီမိုကရေစီအစိုးရတွေမှာ။ ကျွန်တော်တို့ တိုင်းပြည်မှာ အဲဒီလိုအခင်းအကျင်းတွေ မရှိဘူးပေါ့။ ဖြစ်စေချင်တာကတော့ အချင်းချင်း တိုက်နေကြတဲ့၊ ခိုက်နေကြတဲ့ သတ်နေကြတဲ့ဟာကိုတော့ လွှတ်တော်ကြီးလည်း အားပေးမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီလို ဆုံးဖြတ်ချက် ချမှတ်တာဟာ လူတစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်မှုအောက် မှာ သွားနေတဲ့အခါကျတော့ တိုင်းပြည်တစ်ခုလုံးရဲ့ကံကြမ္မာက လူတစ်ဦးတစ်ယောက်ရဲ့ အပေါ်မှာမူတည်နေသလို ဖြစ်နေတယ်။ဒါတွေကတော့ မြန်မြန်ပြုပြင် ပြောင်းလဲမှပဲ အနိဋ္ဌာရုံနဲ့ ဆိုးကျိုးသံသရာက လွတ်မြောက်နိုင်မယ် လို့ မြင်တယ်။

လက်ရှိ မငြိမ်းချမ်းသေးတဲ့ အခြေအနေမှာ တပ်မတော်ကို ဘယ်လိုသတင်းစကားပါးချင်ပါသလဲ။

ကျွန်တော်ပြောချင်တာက တော့ တပ်မတော်ရဲ့လွန်ကဲတဲ့ စိုးရိမ်ချက်တွေက ဒီနေ့အချိန်မှာမဖြစ်သင့်ဘူး။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အမှန်တကယ်တည်ဆောက်မယ်ဆိုလို့ရှိရင် ပြုပြင်သင့်တာကို ပြုပြင်ဖို့ အချိန်တန်ပြီ။  မြန်မြန်ဆန်ဆန်လေးလည်း အဲဒါကိုလုပ်သင့်တယ်။ ကမ္ဘာကြီးရဲ့ ပြောင်းလဲလာတဲ့ အခင်းအကျင်းကိုလည်းကြည့်ပေါ့။ ကျွန်တော်တို့က အမြဲတမ်းနောက်မှာ ကျန်ခဲ့ပြီ။ ကိုယ့်အချင်းချင်း ပဋိပက္ခ ဖြစ်နေကြရင်းနဲ့ပဲ ခေတ်နောက်ပြန်ဆွဲရတာတို့ ပဋိပက္ခတွေ အသစ်တစ်ဖန် ပြန်ပြီးတော့မှ ပြဿနာတစ်ခုမပြီးသေးဘူး နောက်ပြဿနာတွေဖြစ်အောင် လုပ်သလို ဖြစ်နေတဲ့ အနေအထားကနေ လွန်မြောက်ဖို့ဆိုရင် ရှိနေတဲ့ အတွေးအခေါ်ဟောင်းတွေကို မြန်မြန်ပြင်သင့်ပြီလို့ အကြံပြုချင်တယ်။

လက်ရှိ လက်နက်ကိုင်ပဋိ ပက္ခမှာပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုကော ဘယ်လိုသတင်းစကားပါးချင်ပါသလဲ။

လက်ရှိဖြစ်စဉ်ထဲမှာ ပါနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ အနေ နဲ့ကတော့ ကျွန်တော်တို့ရဲ့ ဆန္ဒနဲ့သဘောထားထပ်တူပါပဲ။ ဒီတိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ ဒီတိုင်းပြည်မှာ ကျွန်တော်တို့ လိုလားတာက တရားမျှတမှုပေါ့။ လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်က အမျိုးသားတန်းတူရေးတို့ ၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ရှိရမယ်။ အဲဒါတွေက ကျွန်တော်တို့ နိုင်ငံရေးအဖြေထွက်လာမှပဲလို့ ပြောတယ်ပေါ့။ နိုင်ငံရေးအဖြေထွက်လာဖို့ နိုင်ငံရေးစားပွဲဝိုင်းမှာ ဒီလူတွေအားလုံးပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ဖို့လည်း သူတို့ဘက်က တောင်းဆိုနေတယ်ပေါ့။ တောင်းဆိုနေတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေရဲ့ရပ်တည်ချက် သဘောထားကလည်း ဒီနေ့သွားနေတဲ့ အားလုံးနဲ့ လိုက်လျောညီထွေရှိတဲ့ လမ်းကြောင်းပေါ်ကို တက်လှမ်းဖို့ပဲ ကြိုးပမ်းနေတယ်လို့မြင်တယ်။ ကြိုးပမ်းတဲ့နေရာမှာ အားလုံးနဲ့စဉ်ဆက်မပျက် နှီးနှောတိုင်ပင်ပြီး တိုင်းပြည်နဲ့ လူထုမျက်နှာကို ကြည့်ပြီးတော့ လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ ဘုံရည်မှန်းချက် ပန်းတိုင်ကို ရောက်မယ်လို့ ပြောချင်ပါတယ်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အပေါ်မှာ တပ်မတော်ကော တစ်ဖက်က တိုင်းရင်းသားအဖွဲ့တွေကိုကော ဘယ်လိုပြောချင်ပါသလဲ။ အခုဆို အရပ်သားတွေရှိနေတဲ့ နေရာမှာ ပါ တိုက်ပွဲဖြစ်နေကြတော့။

ကျွန်တော်တို့ ဘက်မှာတော့ ကျွန်တော်တို့ဟာ အရပ်ဘက်ပစ်မှတ်ကိုမလုပ်ဘူး။ အဲဒီရပ်တည်ချက်ကတော့ ရှိတယ်။ အဲဒီအတိုင်းလည်း ရပ်တည်ပြီးမှ စဉ်ဆက်မပြက် တိုက်ပွဲဝင်လာခဲ့တာပဲ ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တွေရဲ့ တိုက်ပွဲဝင်မှု သမိုင်းကို ပြန်ကြည့်ရင် အရပ်ဘက်ပစ်မှတ်ကို ရှောင်ရှားပြီး လုပ်ခဲ့တာတွေပဲဖြစ် တယ်။ မလွှဲမရှောင်သာ ဖြစ်သွားတဲ့ အခြေအနေက ဘာလဲဆိုရင် စစ်ဖြစ်ကြပြီဆိုရင် သူ့ဘက်ကိုယ့်ဘက် အသာစီးရဖို့ ကြိုးစားကြတဲ့အခါမှာ တစ်ဖက်ရဲ့ဖိနှိပ်မှု အောက်မှာတော့ ပွတ်တိုက်မှုတွေဖြစ်ခဲ့ တာတော့ရှိပါတယ်။ ဒီနေ့ဖြစ်နေတာကတော့ ဘက်နှစ်ဖက်နဲ့ ဆိုင်တယ်။ နှစ်ဖက်စလုံးက အဲဒါကို စောင့်ထိန်းဖို့လိုမယ်လို့ ပြောချင်ပါတယ်။

ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးဟာ တိုင်းပြည်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်းနဲ့ ထပ်တူကျနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးရဖို့အတွက်ဆိုလို့ရှိရင်၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ဆိုလို့ရှိရင် ဒီတိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်မှပဲဖြစ်မယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မတည်ဆောက်နိုင်သမျှ ကာလပတ်လုံးကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Top News