ဖေ့စ်ဘွတ်ခ်ပေါ်တင်ပစ်လိုက်မယ်

မိမိရှေ့တွင် တွေ့ရသည့် အရေးပေါ်အခြေအနေများတွင် ဓာတ်ပုံရိုက်ရန်ထက် ၀ိုင်းဝန်းကူညီရန် ကြိုးစားပါ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဆိုရှယ်မီဒီယာ ခေတ်တွင် လူတိုင်းကိုယ်စီ ဖုန်းကင်မရာများ ပိုင်ဆိုင်ထားပြီးနောက် မတရားမှုများ၊ ဆင်းရဲနွမ်းပါးသူများအား ကူညီမှုများ၊ မှုခင်းဖြစ်ရပ်များကို ဖော်ထုတ်ကူညီပေးနိုင်ခဲ့သည့်ဖြစ်ရပ်များစွာရှိခဲ့ပြီးဖြစ်သည်။ ယခုနောက်ဆုံးအနေဖြင့် ထင်ရှားခဲ့သည့် သာဓကတစ်ခုက ဆေးစွဲနေသည့် မိဘများလက်မှ လူမမည်မောင်ညီမလေးများကို ကယ်တင်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် မိုးမိတ်မြို့မှ (၁၂)နှစ်အရွယ်မိန်းကလေးငယ်၏ ဖြစ်စဉ်ကလည်း ကင်မရာတစ်လုံးမှ အစပြု၍ ကယ်တင်ကူညီမှုများစွာရရှိနိုင်ခဲ့သည်။

အလားတူ ရမ်းကားဆိုးသွမ်းခဲ့သည့် လိုင်းကားယာဉ်နောက်လိုက်များ၊ လာဘ်စားသည့် အစိုးရဝန်ထမ်းများ၊ ဝန်ဆောင်မှု မကောင်းသည့် စားသောက်ဆိုင်၊ စီးပွားရေးလုပ်ငန်း အစရှိသည်တို့မှာလည်း မိုဘိုင်းဖုန်းကင်မရာဓာတ်ပုံ၊ ဗီဒီယိုဖိုင်များမှတစ်ဆင့်လူထုကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ပြီး အရေးယူမှုများ ဖြစ်ပေါ်ခဲ့သည့်သာဓကများစွာ ရှိခဲ့ပြီးဖြစ်သည်။

ယခုရေးသားမည့် အကြောင်း အရာကတော့ ယင်းသို့ ကောင်းကျိုးဖြစ်ရပ်များ၏ ဆန့်ကျင်ဘက်အဖြစ် လူအများ၏လွတ်လပ်ခွင့် ဆုံးရှုံးမှုများ၊ မိုဘိုင်းဖုန်းကင်မရာ နှင့် ဆိုရှယ်မီဒီယာကို အကြောင်း ပြု၍ ခြိမ်းခြောက်အကျပ်ကိုင်မှု များ၊ ဆိုရှယ်မီဒီယာပေါ်သို့ သူ့ထက်ငါ အလုအယက်တင်လိုကြသည့် ပြဿနာများကြောင့် မလိုလားအပ်သည့် နစ်နာမှုများအကြောင်းဖြစ်သည်။

‘‘ဖေ့စ်ဘွတ်ခ်ပေါ်တင်လိုက်မယ်၊ ဘာမှတ်နေလဲ’’

ကင်မရာတွဲဖက်ပါဝင်သည့် စမတ်ဖုန်း သန်း ၂၀ ကျော် မြန်မာ နိုင်ငံကို ရောက်ရှိလာပြီး ဖုန်းသုံးစွဲသူတိုင်း ဖေ့စ်ဘွတ်ခ်သုံးလာသည့် ခေတ်တွင် ပတ်ဝန်းကျင်တွင် မကြာခဏကြားနိုင်သော စကားလုံးဖြစ်သည်။ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုရှိရုံဖြင့် မိနစ်ပိုင်းအတွင်း လူထောင်သောင်းချီ၍ သိရှိနိုင်သောကာလတွင် အဆင်မပြေမှု ပြဿနာတစ်ခုခုနှင့်ကြုံတိုင်း အရန်သင့်ရှိနေသော လက်ကိုင်ဖုန်းသည် အသုံးချစရာလက်နက်တစ်ခုအသွင် ဖြစ်လာနေသည်။

မကြာသေးမီက ပျံ့နှံ့ခဲ့သည့် ကျောင်းဆရာမတစ်ဦး၏ ဗီဒီယို ဖိုင်ကတော့ ငိုအားထက်ရယ်အား သန်ဖြစ်စေခဲ့သည်။ ကျောင်းခန်းအတွင်း ကျောင်းသားကလေးငယ် များ ဝယ်စားသည့် မုန့်ထုပ်များကို ဖောက်ကာ မုန့်များကို မီးရှို့ပြပြီး စားသုံးရန်မသင့်ကြောင်း ဗီဒီယို ရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်ခဲ့ခြင်းဖြစ်သည်။

ယင်းဗီဒီယိုဖိုင်သည် ပြန် လည်ဝေမျှသူ ထောင်နှင့်ချီရှိခဲ့ပြီး ရက်ပိုင်းအတွင်း လူအများကြား ပျံ့နှံ့သွားခဲ့သည်။ နာမည်ကြီးမုန့်ထုပ်များသည် စားသုံးရန်မဝံ့မရဲ ဖြစ်သည့် အခြေအနေနှင့် ကြုံခဲ့ရသည်။ ထို့နောက် ယင်းဗီဒီယိုဖိုင် တွင် ပြောဆိုတင်ပြမှုများ မှားယွင်းကြောင်း၊ မုန့်တွင်ပါဝင်ပစ္စည်းများ မှာ မည်သည့်ဆီကြော်မုန့်မျိုးမဆို မီးလောင်လွယ်ကြောင်း ကျိုးကြောင်းဆီလျော်စွာ တန်ပြန်ရေးသားသည့် အကြောင်းအရာတက် လာချိန်တွင်တော့ မူလတင်ခဲ့သည့်ဆရာမကို ဝေဖန်မှုများဖြစ်ပေါ်လာတော့သည်။ ကျောင်းဆရာမ တစ်ဦးဖြစ်လျက်နှင့် ဆင်ခြင်တွေးတောခြင်းမရှိကြောင်း၊ လက်လွတ်စပယ်မတင်သင့်ကြောင်း စသည် ဖြင့် လူမှုကွန်ရက်သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။ ကံကောင်း သည်က ယင်းဆရာမကို မုန့်ထုပ်ထုတ်လုပ်ဖြန့်ချိသည့် လုပ်ငန်းများက နစ်နာမှုဖြင့် တရားစွဲခြင်းတော့ မရှိခဲ့ပေ။ အထက်ပါသာဓကတွင် လည်း လူမှုကွန်ရက်တွင် တင်လို ဇောဖြင့် လူအများကြား စေတနာ တလွဲဖြစ်စေခဲ့သည်။

အရည်အသွေးမြင့် မိုဘိုင်း ဖုန်းကင်မရာနှင့် မြန်နှုန်းမြင့်မိုဘိုင်း အင်တာနက်ကွန်ရက်ကို ပိုင်ဆိုင် ထားသည့် ပြည်သူလူထု၏ ရှေ့ တွင် မဟုတ်တာမှန်သမျှကို မည် သူမျှမလုပ်ဝံ့သည့် ခေတ်ဖြစ် သည်။ သို့သော် မိုဘိုင်းဖုန်းကင် မရာများက စီးပွားရေးလုပ်ငန်းအတွက်သာမက နေ့စဉ်လူမှုဘဝ၏ တစ်ကိုယ်ရေလွတ်လပ်မှုနှင့် ကိုယ် ပိုင်အခွင့်အရေးများကို ဆိုးကျိုးအ နေဖြင့် စတင်ခြိမ်းခြောက်လာနေ ပြီဖြစ်သည်။

‘‘လူဆိုတာ ကိုယ်ရေးကိုယ်တာရှိတယ်လေ။ အခုက  ကင်မရာအရမ်းများလာတော့ ကိုယ့်ခြံဝင်းထဲမှာ ကိုယ့်ဘာသာနေရင် တောင် မလုံခြုံတော့ဘူး။ လှမ်းပြီးဓာတ်ပုံရိုက်တာတွေ ဖြစ်လာတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောသည်။

စမတ်ဖုန်းကိုင်ဆောင်ထား သည့် ပြည်သူလူထုသည် သူတစ် ပါး၏ အခွင့်အရေးကို အလိုတူ သည်ဖြစ်စေ၊ အလိုမတူသည်ဖြစ် စေ ပြောင်ပြောင်တင်းတင်း ချိုး ဖောက်နေသည်များမှာလည်း နေ့ စဉ်နေ့တိုင်းလိုဖြစ်သည်။ ဥပမာ အနေဖြင့် ရေနစ်သေဆုံးခြင်း၊ ကားတိုက်သေဆုံးခြင်းတို့၏ ရုပ်အ လောင်းများကို ဝတ်လစ်စားလစ်ဖြင့် ဖြန့်ဝေခြင်းသည် ကာယကံရှင်အတွက် လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ မူလအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။

‘‘ကိုယ့်ရှေ့မှာ ဆိုင်ကယ်နဲ့ ကားနဲ့ငြိတာ။ ကားကတော့ ထွက် ပြေးသွားပြီ။ ဆိုင်ကယ်ပေါ်က အ မျိုးသမီးကတော့ ကိုးရိုးကားရားနဲ့ လမ်းပေါ်မှာ။ သေတော့မသေ သေးဘူးဗျ။ ဒါပေမဲ့ ကျွန်တော်တို့ လည်း သွားမကိုင်ရဲဘူး။ ဒါပေမဲ့ ထုံးစံအတိုင်း သိတယ်မို့လား။ အကုန်လုံးက ဖုန်းထုတ်ပြီးတော့ ဓာတ်ပုံတော့ ရိုက်တာပေါ့ဗျာ’’ဟု အရေးပေါ်အခြေအနေတစ်ခု၌ ဖုန်းကင်မရာနှင့် ဓာတ်ပုံရိုက်ခြင်း ဖြင့်သာ အချိန်ကုန်ခဲ့သည့် ကိုအောင်ဝင်းက ပြောသည်။

ဖုန်းကင်မရာ တကားကား ဖြင့် လူ့ကျင့်ဝတ်ဖောက်ဖျက်မှန်း မသိဖောက်ဖျက်မိသော သာဓက အချို့လည်းရှိပါသေးသည်။ လူမှု ကွန်ရက်ပေါ်မှ လူအများကို စိတ် ညစ်ညူးစေခဲ့သည့် တောင်သူ မတင်ညွန့်၏ ဗီဒီယိုဖိုင်ဖြစ်သည်။ တောသူတောင်သားချင်း စကား များရာမှ ဆဲဆိုရမ်းကားသည့် အမျိုးသမီးကြီး၏ လူအမြင်မတင့်ဖွယ်ဗီဒီယိုဖိုင်ကို ရိုက်ကူးကာ ဖေ့စ် ဘွတ်ခ်ပေါ် တင်ပစ်ခဲ့ခြင်းဖြစ် သည်။ ယင်းဗီဒီယိုဖိုင်ပါအကြောင်းအရာသည် လူမှုကွန်ရက်တွင် သုံးရက်ခန့် လူပြောများသည့်အကြောင်းအရာဖြစ်ခဲ့ပြီး လှောင် ပြောင်ဝေမျှသူများရှိသကဲ့သို့ ယင်းဗီဒီယိုတင်ခဲ့သူကို အမျက်ဒေါသ ထွက်သူများလည်း များပြားခဲ့ သည်။ ဗီဒီယိုတွင်ပါသည့် တောင် သူအမျိုးသမီးကမူ သူ့ဒေသအပြင် တိုင်းကျော်ပြည်ကျော် အရှက်ရ ဖွယ်ဖြစ်ခဲ့ရရှာသည်။ နောက်ဆုံး သတင်းက ဗီဒီယိုရိုက်ကူးခဲ့သည့် အမျိုးသားသည် ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲဆိုခံလိုက်ရ သည်။

အခြားအခြားသော ဖြစ်ရပ် များစွာလည်းရှိသေးသည်။ သေ နတ်ထိမှန်ပြီး နောက်ဆုံးထွက် သက်အတွက် အကူအညီတောင်း နေသည့် သေလုဆဲဆဲ အမျိုးသား တစ်ဦး၏ ပတ်လည်တွင် ဖုန်းကိုယ်စီထုတ်ကာ ရိုက်ကူးနေကြသူများ၊ ကန့်သတ်ထားသည့်လူများသာ ဝင်ရောက်ရသည့် အစည်းအဝေး မျာတွင် ဖုန်းကိုယ်စီကိုင်ကာ ဗီဒီ ယိုဝင်ရောက်ရိုက်ကူးသူများ စသည့်စသည့်ပြဿနာများမှာ ဆိုးကျိုးများအဖြစ် ဆက်တိုက်ဖြစ်ပေါ်လာနေဆဲဖြစ်သည်။

အရေးပေါ်လူနာကို ကူညီ သည့် ပြည်သူလူထုထက် အရေး ပေါ်လူနာကို မိုဘိုင်းဖုန်းဖြင့် ဓာတ် ပုံရိုက်၍ ဆိုရှယ်မီဒီယာပေါ်သို့ သတင်းဦးအဖြစ် မျှဝေသည့် ပြည် သူလူထုက ပိုမိုများပြားနေဆဲဖြစ် သည်။ အရေးပေါ်အခြေအနေ မဟုတ်သော်လည်း လူတစ်ဦး၏ သာမန်နေ့စဉ်လှုပ်ရှားမှုများကို ခိုး ဝှက်မှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးကာ အပုပ်ချသည့်လုပ်ရပ်များ လည်း ပေါ်ထွက်လာသည်။

‘‘ဦးပဉ္စင်းတွေ ဆွမ်းခံကြွတာ (ဒါမှမဟုတ်) အားလပ်ရက် ဒကာ၊ ဒကာမတွေနဲ့ သွားကြလာကြတဲ့ အခါကျရင် အနေအထိုင်တွေ ဆင်ခြင်လာရတယ်။ ဦးပဉ္စင်းတို့ မန္တ လေးတောင်သွားတော့ အရင်က ဓာတ်ပုံရိုက်မယ်ဆိုရင် အသာ တကြည်လက်ခံလိုက်တာပေါ့။ နောက်ပိုင်းကျတော့ သူတို့ဓာတ်ပုံ ရိုက်မယ်ဆိုရင်ကို အရိုက်မခံရဲ တော့ဘူး’’ဟု သာသနာ့မျိုးစေ့ပရိ ယတ္တိစာသင်သံဃာတော် ထောက်ပံ့လှူဒါန်းရေးအဖွဲ့ ဒုဥက္ကဋ္ဌ အရှင် ကောသလ္လက ပြောသည်။

သာမန်အားဖြင့် ရိုးသားစွာ ခွင့်တောင်း၍ ရိုက်ကူးကြသည့် ဓာတ်ပုံများသည် အကောင်းဘက် သို့ ဦးတည်နေသော်လည်း အမှတ် တမဲ့အနေဖြင့် ရိုက်ကူးခံရသည့် ဓာတ်ပုံများမှာ အသင်းအဖွဲ့တစ်ခု ခု၊ အဖွဲ့အစည်းတစ်ခုခုအတွက် သိက္ခာကျစရာ၊ အပုပ်ချစရာများ ဖြစ်လာစေခဲ့သည်။

‘‘စာဝါတက်နေတဲ့ပုံတွေ၊ ဆွမ်းခံကြွနေတဲ့ပုံတွေ ရိုက်ဖို့အ များကြီးရှိနေပေမယ့် ကိုယ်တော် တွေ ရေချိုးနေတဲ့ပုံတွေ၊ ကျောင်း ဝင်းထဲ ခြင်းခတ်နေတာမျိုး သွား ရိုက်တာမျိုး၊ အဲဒီလိုအချိန်တွေမှာ ရိုက်ပြီး လူထုကို ချပြလိုက်တော့ ပုံရိပ်က ကောင်းတာထက် ဆိုးတာကိုသာ ပိုမြင်ကြတယ်။ နေရင်း ထိုင်ရင်းနဲ့ ရိုက်လိုက်တယ်။ မသိ လိုက်ဘူး။ နောက်တော့မှ အွန် လိုင်းပေါ်တွေမှာ သိတယ်။ ကိုးရိုး ကားရားပုံတွေဖြစ်နေတယ်။ ကိုယ်တော်တွေက ဒီလိုကြီးလားကွာဆို ပြီး ဖြစ်သွားတယ်’’ဟု အရှင်ကော သလ္လက ပြောသည်။

ကင်မရာဖြင့် ရိုက်ကူးခံရ သည်ကို လိုလားကြသည့် အနု ပညာရှင်များကိုယ်တိုင်ပင် ပုံမှန် မဟုတ်သော တစ်ကိုယ်ရေလွတ် လပ်ချိန်၌ မိုဘိုင်းဖုန်းကင်မရာများ ဖြင့် ရိုက်ကူးခံရမည်ကို ကြောက် ရွံ့နေသည့် ခေတ်ဖြစ်သည်။ မို ဘိုင်းဖုန်းကင်မရာဖြင့် ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယိုကို အမှတ်တမဲ့ ဖြင့် ရိုက်ကူးခြင်းခံခဲ့ရသဖြင့်အနု ပညာရှင်အချို့၏ ကိုယ်ရေးကိုယ် တာပေါက်ကြားခြင်းနှင့် လွတ်လပ်ခွင့်ဆုံးရှုံးခြင်းမှာလည်း ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ အမြဲမြဲလိုလို မြင်တွေ့နေရသည်။

‘‘တချို့လူတွေနဲ့က မလွတ် လပ်တော့ဘူး။ ကိုယ့်ဘာသာသွားလာ စားသောက်တယ်။ အဲဒါကို ပုံတင်တယ်။ ပွသွားပြီ။ အနုပညာရှင်တွေကလည်း ဝတ်ချင်သလို ဝတ်သွားမယ်။ ဗိုက်ပေါ်ချင်ပေါ်မယ်။ အဆီပေါ်ချင်ပေါ်နေမယ်။ အဲဒါကို တင်လိုက်တဲ့အခါမှာ သူက တစ်ဖက်သားခံစားချက်ကိုမသိဘူး။ သူတင်ချင်တာပဲ သိတယ်။ ကိုယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားသင့်ပါတယ်’’ဟု နန်း ခင်ဇေယျာက ပြောသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ် ရေးအော်ပရေတာသုံးခုက ဆင်းမ်ကတ်ပေါင်း သန်း ၅၀ ကျော် ဖြန့်ချိထားပြီး လူဦးရေ ၁၀ သန်းနှင့်အထက်က ဆိုရှယ်မီဒီယာဖေ့စ်ဘွတ်ခ်ကို အသုံးပြုနေသည်။ မိုဘိုင်းဖုန်း အသုံးပြုသူအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကင်မရာပါဝင်သည့် စမတ်ဖုန်းများကို ကိုင်ဆောင်၍ မိုဘိုင်းအင်တာနက်နှင့် ချိတ်ဆက်အသုံးပြုနေကြသည်။ Nielsan MMRD က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုတွင် မြန်မာ နိုင်ငံရှိ စမတ်ဖုန်းသုံးစွဲသူများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကင်မရာ ကောင်းမွန်မှုကို အဓိကစဉ်းစားကာ ဟန်းဆက်ကို ဝယ်ယူလေ့ရှိသည်ဟု ဖော်ပြထားသည်။

မိသားစုဓာတ်ပုံတစ်ပုံကို ဧည့်ခန်းအတွင်းချိတ်ဆွဲနိုင်ရန် ဓာတ်ပုံဆိုင်သို့ အရောက်သွားခဲ့ရ သည့်ခေတ်တစ်ခုသည် အရည်အ သွေးမြင့် စမတ်ဖုန်းကင်မရာများကြောင့် အပြောင်းအလဲဖြစ်လာခဲ့သည်။ ဝါရင့်ဓာတ်ပုံဆရာများ၏ ထောက်ခံမှုကိုပင် ရရှိလာခဲ့သည့် စမတ်ဖုန်းကင်မရာများသည် နေ့ စဉ်လူမှုဘဝကို ကောင်းကျိုးနှင့် ဆိုးကျိုးများ ဒွန်တွဲပေးအပ်လာ သည်။မိုဘိုင်းဖုန်းကင်မရာများကို အသုံးပြု၍ ဖြစ်ရပ်မှန်များကို တင် ပြခြင်းသည် အချို့သောကိစ္စရပ်များ၌ တရားဥပဒေစိုးမိုးရေးကို အ ထောက်အကူပြုနေ၍ မိုဘိုင်းဖုန်းကင်မရာများသည် လူ့အခွင့်အရေး ကို ထိခိုက်နစ်နာစေသည်ဟု ယူဆထားခြင်းမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

‘‘သူများကိုစော်ကားလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးရင်မကောင်းဘူး။ တရားဥပဒေစိုးမိုးရေးအတွက် သုံးရင်ကောင်းတယ်။ သမီးရည်းစားချိန်းတွေ့တာရိုက်ပြီး လိုသလိုပုံဖော်တာဆိုရင်တော့ မကောင်းဘူး’’ဟု ဦးရောဘတ်စန်း အောင်က ပြောသည်။  လူသားချင်းစာနာထောက်ထားမှုအရ၊ လူ့ကျင့်ဝတ်အရ၊ ကာယကံရှင်နှင့် ဆက်နွှယ်နေသူများ၏ ခံစားချက်အရ မိုဘိုင်းဖုန်းဖြင့် ဓာတ်ပုံရိုက်ကူး၍ ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေနေမှုများကို စဉ်းစားဆင်ခြင်သင့်ကြောင်း ကိုနေဘုန်းလတ်က အကြံပြုသည်။

McDonald's စားသောက် ဆိုင်တစ်ဆိုင်၏ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် စာကျက်နေသည့် ဖိလစ်ပိုင်ကလေးငယ်၏ ဓာတ်ပုံအင်တာနက်ပေါ်သို့ ပျံ့နှံ့ ခဲ့၍ အဆိုပါကလေးငယ် ပညာသင်ထောက်ပံ့ကြေးဆုရရှိခဲ့သော် လည်း အသက် (၁၀)နှစ်ဝန်းကျင် သာရှိသေးသည့် သားနှင့်သမီး၏ ဓာတ်ပုံ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့၍ မိခင်ဖြစ်သူ ဒေါ်တင်တင်မူ စိတ် အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

မေလအတွင်း မင်္ဂလာ ဆောင်တစ်ခုတွင် ပန်းကြဲ၊ ဗန်းကိုင်အဖြစ် ဝင်ရောက်ကူညီခဲ့သည့်သားနှင့်သမီးတို့၏ ဓာတ်ပုံကို မြေစာပင်ပုခက်လွှဲသည်ဟူသော စကားပုံအတိုင်း ကလေးတွေ မင်္ဂလာဆောင်ပြီဟူ၍ ရေးသားဖော်ပြကာ အင်တာနက်ပေါ်တွင် ဖြန့်ချိခဲ့၍ ဒေါ်တင်တင်မူတစ်ယောက် ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။

ယခင်က ‘နံရံများတွင် နားများရှိသည်’ဟု ပြောဆိုခဲ့ကြသော်လည်း ယနေ့ခေတ်တွင် အနီးအနားတွင် စမတ်ဖုန်းကင်မရာများ အစားထိုးနေရာယူခဲ့ကြသည်။ စမတ်ဖုန်းကင်မရာများ၏ ကောင်းကျိုးနှင့်ဆိုးကျိုးကို တိုင်းတာနိုင်ရန် ခက်ခဲသော်လည်း စမတ်ဖုန်းကင်မရာများက လူမှုပတ်ဝန်းကျင်ရှိလွတ်လပ်ခွင့်နှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်ကို အလိုမတူဘဲ  ချိုးဖောက်ရန် ခြေလှမ်းစတင်နေသည်ကို ကနီမြို့နယ်တွင် အောင်စိုးမိုးကျော်ရေယာဉ်တိမ်းမှောက်စဉ် သေဆုံးသူအမျိုးသမီးများ၏ ကြည့်ရှုရန်မသင့်သော ဓာတ်ပုံများ ပျံ့နှံ့ခဲ့ခြင်းက သက်သေပြုလျက်ရှိသည်။ အကန့်အသတ်အတားအဆီးမရှိ လူတိုင်းပြောဆိုဝေမျှနိုင် သည့်ခေတ်တွင် မိမိလက်အတွင်း အရန်သင့်ရှိနေသည့် ကင်မရာ တစ်လုံး၊ ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုမှ ပြောဆိုတင်ပြနေသည့် အကြောင်းအရာများ လူ့ပတ်ဝန်းကျင်တစ်ခုလုံး ကောင်းကျိုးအတွက် ချင့်ချိန်တင်ဆက်ခြင်းကသာ ဆိုးကျိုးများကို လျှော့ချနိုင်မည်ဖြစ်သည်။