ငြိမ်းချမ်းရေးမရှိသည့်နိုင်ငံသည် နှလုံးရောဂါရှိသည့်နိုင်ငံနှင့် တူကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ရာ မြေတိုင်ကန်ကျေးရွာ၏ လိုအပ်ချက်အားလုံးနီးပါး နာရီပိုင်းအတွင်းပြေလည်
မြေတိုင်ကန်ကျေးရွာတွင် အသက် (၇၀)ကျော် အဘိုးအဘွားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)

ငြိမ်းချမ်းရေးမရှိသည့် နိုင်ငံသည် နှလုံးရောဂါရှိသည့် နိုင်ငံနှင့်တူကြောင်း ဒေါ်အောင် ဆန်းစုကြည်က ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၌ ဩဂုတ် ၇ ရက်တွင် ပြုလုပ်သော ကျေး လက်နေပြည်သူများ ငြိမ်းချမ်း ရေးစကားဝိုင်း၌ ပြောကြားခဲ့ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့်နှိုင်းယှဉ်၍ ဥပမာပေးပြောကြားပြီး တစ်နိုင်ငံ လုံးငြိမ်းချမ်းမှသာ ကျန်းမာသည့် ပုဂ္ဂိုလ်တစ်ယောက်လို အားလုံး ကောင်းသည်ဟု ပြောရမည်ဖြစ် ကြောင်း ဆိုသည်။

‘‘ငြိမ်းချမ်းရေးဆိုတာ နှလုံး သားနဲ့သက်ဆိုင်ပါတယ်။ ကျွန်မ တို့ရဲ့ တိုင်းရင်းသားအချင်းချင်း၊ ကျွန်မတို့ပြည်သူပြည်သားအချင်း ချင်း ပဋိပက္ခတွေဖြစ်တာကြောင့် မို့ တစ်ဦးနဲ့တစ်ဦး ယုံကြည်ချက်၊ ယုံကြည်မှုမရှိတာကြောင့်မို့လို့၊ တစ်ဦးပေါ်မှာတစ်ဦး မေတ္တာ မထားနိုင်တာကြောင့်မို့လို့ ငြိမ်းချမ်းရေးမရှိတာပါ။ ဒီတော့ ဒါကို နှလုံးရောဂါလို့တောင်မှကျွန်မ တို့ပြောလို့ရပါတယ်။ အားလုံးသိ တဲ့အတိုင်းပဲ၊ လူတစ်ယောက်ဟာ နှလုံးရောဂါရှိပြီဆိုရင် ဒီလူရဲ့ ကျန်းမာရေးဟာ ဘယ်လိုမှ ကောင်းတယ်လို့မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိသရွေ့ တခြား ဘယ်ဘက်ကပဲကောင်းကောင်း ကျွန်မတို့နိုင်ငံဟာ အခြေအနေ ကောင်းသွားပြီလို့ မပြောနိုင်ပါ ဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် ပြုလုပ် ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်ကျေးလက်နေပြည်သူ များ ငြိမ်းချမ်းရေးစကားဝိုင်း၌ လျှပ်စစ်မီးရရှိရေးနှင့် ငြိမ်းချမ်း ရေးအကြောင်းအရာများကို အဓိ ကဆွေးနွေးပြီး အခြားတင်ပြ သည့် လိုအပ်ချက်များကို ဆွေး နွေးခဲ့သည်။

တစ်နာရီခွဲကျော် ကြာမြင့် သည့် အဆိုပါငြိမ်းချမ်းရေးစကား ၀ိုင်းတွင် ကုန်ကားလုပ်ငန်းပိုင်ရှင် ဦးရဲစိန်၊ သီးနှံကုန်သည်ပွဲစား ဒေါ် ပိုးတီ၊ ဆန်စက်ပိုင်ရှင်ဦးကျော် ဖုန်း၊ ရက်ကန်းရုံပိုင်ရှင် ဦးဝင်း ဇော်၊ ကျောင်းဆရာဦးထွန်းဝင်း၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင် ဒေါ်ခင်ဆွေ၊ တောင်သူဦးအောင်တင့်နှင့် MBA ကျောင်းသူ ဒေါ်ထက်ထက် အောင်တို့ပါဝင်ဆွေးနွေးခဲ့သည်။

ငြိမ်းချမ်းရေးမရသည့် ဒေသ များ၊ အချင်းချင်းပဋိပက္ခဖြစ်နေ သော ဒေသများနှင့်ဝေးသည့်ရွာ တစ်ရွာတွင် ငြိမ်းချမ်းရေးနှင့် ပတ် သက်၍ မည်ကဲ့သို့အတွေးအခေါ် များရှိ၊ မရှိ၊ စဉ်းစားခြင်းရှိ၊ မရှိ သိရှိလိုခြင်းကြောင့် ငြိမ်းချမ်းမှုရှိ သည့်ဒေသ၌ ယင်းစကားဝိုင်း ကိုပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ရှင်းပြ သည်။ ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး မရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးမှုနှေး ကွေးရခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိခြင်းကြောင့် နိုင်ငံ၏စီးပွားရေး ကို ထိခိုက်စေနိုင်ကြောင်း ဆက် လက်ပြောသည်။

‘‘နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာဆိုရင် မတည်ငြိမ်တဲ့၊ မငြိမ်းချမ်းတဲ့နိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ချင်ဘူး။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အာမခံချက်ရှိစေချင်တယ်’’ ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ထားသည့် ကျေးလက် နေပြည်သူများနှင့် ဆွေးနွေးခဲ့ သည့်အပြင် အွန်လိုင်းမှရွေးချယ် ထားသည့် မေးခွန်းသုံးခုကို ဖြေ ကြားခြင်း၊ ဆွေးနွေးပွဲသို့လာ ရောက်နားထောင်သည့် ရွာသူ၊ ရွာသားများထဲမှ သုံးဦး၏မေး မြန်းမှုများကို ဖြေကြားခဲ့သည်။ စကားဝိုင်းဆွေးနွေးနေစဉ်အတွင်း တောင်းဆိုသည့် လိုအပ်ချက်များ ကို ပြေလည်အောင်ဖြေရှင်းပေးခဲ့ သည်။

အဆိုပါငြိမ်းချမ်းရေးစကား ၀ိုင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက် တာဇော်မြင့်မောင်၊ ဒုတိယ၀န် ကြီးဦးမင်းသူ၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြေတိုင်ကန်ကျေးရွာနှင့် ယင်း ကျေးရွာဝန်းကျင်ရှိ ဒေသခံ ပြည်သူများတက်ရောက်ခဲ့သည်။

မြေတိုင်ကန် ကျေးရွာတွင် ပြုလုပ်ခဲ့သည့် စကားဝိုင်းသည် လေးကြိမ်မြောက်ဖြစ်ပြီး ဒေါ် အောင်ဆန်းစုကြည်နှင့် လူငယ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားလူမျိုးများတွေ့ဆုံ သည့် စကားဝိုင်းဆွေးနွေးပွဲများကို နေပြည်တော်တွင် နှစ်ကြိမ်၊ ပင် လုံမြို့တွင် တစ်ကြိမ် ကျင်းပခဲ့ သည်။

ဒေသခံများ၏ တောင်းဆိုချက်များကို အစိုးရကလုပ်ဆောင်ပေးသည့်အချက်များ

၁။ကျောင်းဆရာဦးထွန်းဝင်းက ပဉ္စမတန်း ကျောင်းသားများ စာသင်ကြားရန် ကျောင်းဆောင်လိုအပ်ကြောင်း တင်ပြ။
ကျောင်းဆောင်အလှူရှင်ပေါ်လာ

၂။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ်ညောင်ပင်သာဆည်ရွာမှ မမြသန်းရီက ၎င်းတို့ရွာတွင် အိမ်ခြေ ၂၅၀ ၌ ၈၅ အိမ်မီးလင်းကြောင်း၊ လာမည့်သုံးနှစ်လောက်အတွင်း တစ်ရွာလုံးမီးလင်းစေချင်ကြောင်း တင်ပြ။
မီးလင်းရေးအတွက် အလှူရှင်များက ကျပ်သိန်း ၂၀၀ ဆက်သွယ်လှူဒါန်း

၃။ သက်ကြီးရွယ်အိုများနှင့် တွေ့ဆုံရာတွင် သောက်သုံးရေရရှိရေး တောင်းဆိုမှုအပေါ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်လအတွင်း သောက်သုံးရေရရှိရန် စီစဉ်ပေးမည်ဟုဆို

၎။ စိုက်ပျိုးရေရရှိရန် တောင်းဆိုချက်အပေါ် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က တစ်ပတ်အတွင်းရေလွှတ်ပေးမည်ဟုဆို

၅။ရေတိုက်စားမှုကြောင့် တာပေါင်များ ပျက်စီးနေကြောင်း တင်ပြချက်အပေါ် ပြန်လည်ပြင်ဆင်ပေးမည်ဟုဆို
 

ငြိမ်းချမ်းရေးစကားဝိုင်းသို့ အွန်လိုင်းမှ မေးသော မေးခွန်းသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက်

နေမျိုးမေ- ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးက ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြုလုပ်တဲ့ငြိမ်းချမ်းရေးထက် ပိုမိုအရေးကြီး တယ်လို့ ထင်ပါတယ်။ ဒါကြောင့်ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအ တွက် ဘယ်လိုဆောင်ရွက်နေလဲ သိပါရစေ။

ငြိမ်းချမ်းရေးဆိုတာ အား လုံးအတွက် အတူတူပဲ အရေးကြီး ပါတယ်။ တစ်နေရာထက် တစ် နေရာပိုတယ်ဆိုတာ မရှိပါဘူး။ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့က တော့ နိုင်ငံတကာက ပိုပြီးတော့ ဂရုစိုက်တယ်၊ စိတ်ဝင်စားကြ တယ်ဆိုတာတော့ အမှန်ပါပဲ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအ တွက် ဘယ်လိုဆောင်ရွက်နေလဲ သိပါရစေဆိုတော့ ကျွန်မ နည်း နည်းစဉ်းစားမိတယ်။ သတင်းစာ တွေ မဖတ်ဘူးလားမသိဘူးလို့။ အဲဒီတော့ ကျွန်မအနေနဲ့ ပြောချင် ပါတယ်။ သတင်းစာဖတ်ကြပါ။ ကျွန်မတို့ ရုပ်မြင်သံကြားကနေ နိုင်ငံတော်ကလွှင့်တဲ့ သတင်းတွေ ကို နားထောင်ကြပါ။ အဲဒီတွေမှာ ဆိုလို့ရှိရင် ရခိုင်ပြည်နယ်နဲ့ပတ် သက်လို့ တည်ငြိမ်ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက် ဘာတွေ လုပ်နေလဲဆိုတာ အမြဲပဲကြားရ ပါလိမ့်မယ်။ ဒီကိစ္စဟာ တစ်တိုင်း ပြည်လုံးတင်မကဘဲ တစ်ကမ္ဘာ လုံးက စိတ်ပါဝင်စားတဲ့ ကိစ္စမို့လို့ အများကြီးအလေးထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေနေ့ကပဲ ဒုသမ္မတ (၁) ကနေပြီးတော့ မိမိတို့ ရခိုင်ပြည်နယ် နဲ့ပတ်သက်လို့ စုံစမ်းရေးကော် မရှင်ရဲ့ လေ့လာတွေ့ရှိချက်တွေ နဲ့ပတ်သက်လို့ သတင်းစာရှင်း လင်းပွဲ လုပ်ပါတယ်။ အဲဒီသတင်း စာရှင်းလင်းပွဲကို နားထောင်တဲ့ သူ ဘယ်နှယောက်ရှိလဲ လက် ထောင်။ နားမထောင်ကြဘူး။ ကြည့်။ ရခိုင်ပြည်နယ်နဲ့ပတ်သက် လို့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက်၊ တရားဥပဒေစိုးမိုး ရေးအတွက် ဗဟိုကော်မတီဆို တာလည်း ဖွဲ့ထားပါတယ်။ ဗဟို ကော်မတီရဲ့ လုပ်ဆောင်ချက် တွေနဲ့ပတ်သက်လို့ အခါအား လျော်စွာ ကျွန်မတို့ သတင်းထုတ် ပြန်တယ်။ ဒါကိုလည်း နား မထောင်ကြဘူးမို့လား။ ရခိုင်ပြည် နယ်နဲ့ပတ်သက်ပြီး အရင်တုန်းက ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တစ်ခု လည်း ဖွဲ့ထားပါတယ်။ အဲဒီဟာ က ရခိုင်ပြည်နယ်မှာ ရေရှည် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်လို လမ်းတွေ ကျွန်မတို့ ဖောက်မလဲ ဆိုတာ၊ ဘယ်လိုနည်းတွေ ရှာ မလဲဆိုတာအတွက်ပါ။ ဒီလို ကော်မရှင်တွေရဲ့ လုပ်ငန်းတွေနဲ့ လည်း ပတ်သက်လို့ ကျွန်မတို့ မကြာခဏဆိုသလို သတင်းထုတ် ပြန်ချက်တွေရှိပါတယ်။ ပြည်သူ ပြည်သားတွေကလည်း ဝိုင်းပြီး တော့ စိတ်ဝင်စားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်း မေးတယ်ဆိုတာ မေးတာကို ကျွန်မသဘောကျတယ်။ ဘယ်လိုဆောင်ရွက်နေလဲ သိပါရစေဆို တော့ ပြန်ပြောလို့ရတယ်။ သိချင် လို့ရှိရင် နားထောင်ပါ။ ကျွန်မတို့ ရဲ့ သတင်းပြန်ကြားချက်တွေကို နားထောင်ပါ။ သတင်းစာတွေကို ဖတ်ပါ။ နောက်ပြီး ဝက်ဘ်ဆိုက် တွေပေါ်မှာ သမ္မတရုံးတို့၊ အတိုင် ပင်ခံရုံးတို့တင်တဲ့ သတင်းတွေကို ဖတ်ကြပါ။ အဲဒီလိုဆိုလို့ရှိရင် ကျွန်မတို့ ဘာတွေလုပ်နေလဲဆို တာကို သိပါလိမ့်မယ်။ ဘာတွေ လုပ်နေလဲဆိုတာ သိချင်ရုံနဲ့ မလုံ လောက်ပါဘူးလို့ ဖြည့်ဆည်းပြီး ပြောပါရစေ။ ဘာတွေလုပ်နေလဲ သိလို့ရှိရင် ဘယ်လိုဝိုင်းပြီးကူညီ လုပ်လို့ရမလဲဆိုတာကိုလည်း စဉ်းစားပေးကြပါလို့ မေတ္တာရပ်ခံချင် ပါတယ်။ စောစောက ပြောသလို ပဲ အားလုံးဝိုင်းလုပ်မှ ကျွန်မတို့ နိုင်ငံဟာ အောင်မြင်မှာပါ။

သက်ကိုကိုလတ်- အမေစုခင်ဗျာ။ အမျိုးသားရင်ကြားစေ့ရေးကိစ္စ ဟာ လွယ်မယောင်နဲ့ ဘာကြောင့် ခက်ခဲနေရပါသလဲ။ NCA ကြောင့် လား၊ ခြေဥကြောင့်လား၊ တပ် မတော်က လက်ရှိအစိုးရနဲ့ အ ပြည့်အဝပူးပေါင်းပါဝင်မှုမရှိလို့ လား၊ တပ်မတော်အပေါ်မှာ လက် နက်ကိုင်တိုင်းရင်းသားတွေ ယုံ ကြည်မှုမရှိလို့လား။ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အစည်းတွေ ရဲ့ ခေါင်းဆောင်တွေဟာ တိုင်း ရင်းသားအကျိုးစီးပွားထက် ကိုယ့်အကျိုးစီးပွားကိုပဲ ရှေ့တန်းတင် နေလို့လား၊ ငြိမ်းချမ်းရေးအမြန် ဆုံး ရစေချင်ပါပြီ။

လွယ်မယောင်နဲ့ ဘာကြောင့်ခက်နေရသလဲဆိုတော့ ကျွန်မက တော့ ဘယ်တုန်းကမှ လွယ်မယ် လို့ မထင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆို တော့ ကျွန်မတို့ဟာ စပြီးတော့ နိုင်ငံရေးလောကထဲဝင်လာတာ ၁၉၈၈ ဆိုတော့ အနှစ် ၃၀ ရှိ တော့မယ်။ အနှစ် ၃၀ အတွင်းမှာ ရုန်းကန်ခဲ့ရတာကြောင့်မို့လို့ ကျွန်မတို့ဟာ လွယ်လွယ်နဲ့ ဘာမှ မရဘူးဆိုတာ အများကြီးသဘော ပေါက်ပါတယ်။ ပစ္စည်းတစ်ခု ဟာ၊ ကိစ္စရပ်တစ်ခုဟာ တန်ဖိုးရှိ လေလေ ရဖို့ရာ ခက်လေလေပဲ။ ရိုးရိုးဥပမာနဲ့ ပြောရမယ်ဆိုလို့ရှိ ရင် တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုရ ဖို့ဆိုလို့ရှိရင် ပိုပြီးတော့ ပိုက်ဆံစု ရတယ်။ ဒါအတွက် ပိုပြီးတော့ လုပ်ရတယ်။ ဒါကြောင့် တန်ဖိုးရှိ တဲ့ ကိစ္စတစ်ခုရဖို့ဆိုတာ အမြဲပဲ ပိုပြီးရုန်းကန်ရပါတယ်။ အမြဲပဲ ပိုပြီးတော့ ဝါယမစိုက်ထုတ်ရပါ တယ်။ ဒီအတိုင်းပဲ အမျိုးသားရင် ကြားစေ့ရေးဆိုတာက ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ တန်ဖိုး အကြီးဆုံးကိစ္စတစ်ခု၊ အရာတစ် ခုဖြစ်တာကြောင့်မို့လို့ ခက်ခက်ခဲ ခဲနဲ့ လုပ်ယူရမယ်ဆိုတာ အစက တည်းက နားလည်ပါတယ်။ ဘာ ကြောင့် ခက်ခဲနေတာလဲဆိုတဲ့ မေးခွန်းတွေကို မဖြေခြင်းရဲ့ အဓိ ကက ဘယ်သူ့ကိုမှ လက်ညှိုးထိုး ပြီး အပြစ်မရှာချင်ပါဘူး။ ဘယ် သူ့ကြောင့်၊ ဘယ်သူ့ကြောင့် မပြောချင်ပါဘူး။ အားလုံးမှာ တာဝန်ရှိ တယ်လို့ ထပ်တလဲလဲပြောပါ တယ်။ ပထမဦးဆုံး ကိုယ့်ကိုယ် ကိုယ် ပြန်သုံးသပ်ရတယ်။ ကိုယ့် ရဲ့ လုပ်ဆောင်ချက်တွေမှာ ဘာ အားနည်းချက်တွေရှိလဲ၊ ဘာဟာ ကွက်တွေရှိလဲဆိုတာ။ ဒီအား နည်းချက်တွေ၊ ဒီဟာကွက်တွေ ကို ဘယ်လိုဖြည့်ဆည်းနိုင်မလဲဆို တာ အမြဲပဲ စဉ်းစားပါတယ်။ တခြားသူတွေရဲ့ အားနည်းချက် ကိုလည်း ကျွန်မတို့ လေ့လာရပါ တယ်။ ဒီလိုလေ့လာတယ်ဆိုတာ အဲဒီလူတွေကို လက်ညှိုးထိုးဖို့ မဟုတ်ဘူး။ လက်ညှိုးထိုးရုံနဲ့ ဘယ်မှမရောက်ဘူး။ ဟိုဘက်က အားနည်းချက်ရှိလို့ရှိရင် သူတို့ အားနည်းချက်တွေ ပြေပျောက် သွားအောင်လို့ ဘယ်လိုဝိုင်းလုပ် နိုင်မလဲဆိုတာ စဉ်းစားရပါတယ်။ ဒီဟာအတွက် အားလုံးဟာ အ ဘက်ဘက်ကနေပြီးတော့ စဉ်း စားပေးဖို့ အင်မတန်မှ လိုပါ တယ်။ ကိုယ်တစ်ယောက်ရဲ့ အ မြင်နဲ့ပဲ ကြည့်နေလို့မရပါဘူး။ ကျွန်မတို့က ဒီလိုမေးခွန်းတွေ ဖြေ လိုက်မယ်ဆိုလို့ရှိရင် ကျွန်မတို့ ဘက်ကပဲ ခြောက်ပြစ်ကင်းသဲလဲ စင် ဖြစ်သလို ဖြစ်နေမှာပေါ့။ အဲဒီ လို ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်လို့ ပြောတာကိုက အမြင်မှားနေပြီလို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။ သားသက်ကိုကိုလတ်အနေနဲ့ လည်း ကိုယ်တိုင်လည်း ဝင်ပြီး တတ်နိုင်သမျှ၊ ကိုယ့်ဘက်မှာ လည်း ဘာအားနည်းချက်ရှိလဲ၊ ကိုယ်ကော ပြည်သူတစ်ယောက်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ ဘယ်လောက်အ ထိ ပါဝင်မှုရှိလဲ၊ ဘယ်လိုပံ့ပိုးပေး နိုင်မလဲဆိုတဲ့ မေးခွန်းကို မေးပါ။ ကျွန်မ အမြဲပြောတယ်။ ပြဿနာ တစ်ခုရှိလို့ရှိရင် ဒီပြဿနာဖြစ် ခြင်းရဲ့ အကြောင်းရင်းဟာ ဘာ လဲလို့ ရှာရမယ်။ ရှာတဲ့အခါကျလို့ ရှိရင် ကိုယ့်ကိုယ်ကိုယ် ပထမပြန် စိစစ်ရမယ်။ ငါ့ဘက်က ဘာလိုခဲ့ လဲ၊ ငါ့ဘက်က ဘာမှားခဲ့လဲ၊ ငါ့ မှာ ဘာအားနည်းချက်ရှိလဲ။ ဒါကို ပထမစဉ်းစားရမယ်။ နောက်ပြီး တော့မှ ကျန်တဲ့ ပုဂ္ဂိုလ်တွေဘက် က ဟိုဘက်ကကော အားနည်း ချက်ရှိလား၊ ဟိုဘက်ကကော ဘာ မလုပ်သင့်တာကို လုပ်ထားသလဲ၊ဒါတွေကိုလည်း ကြည့်ရမယ်၊ မကြည့်လို့မဖြစ်ဘူး။ ဟိုဘက်  ဒီ ဘက်ကြည့်ပြီးမှ မှန်ကန်တဲ့ အဖြေကို ရှာနိုင်မှာပါ။ တစ်ခွန်းတည်းနဲ့ ဖြေရမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ ရေးမရှိတာကတော့ တစ်ဦးအ ပေါ်တစ်ဦး ယုံကြည်ချက်မပြည့်ဝ သေးလို့လို့ ပြောချင်ပါတယ်။ အဲဒီတော့ ယုံကြည်ချက်ရှိဖို့ အားလုံး ဝိုင်းပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။

ခင်စန္ဒာ- အမေ နေကောင်းကျန်း မာပါစေ။ ငြိမ်းချမ်းရေးဖြစ်စဉ် ဒီ ထက်ပိုမိုထိရောက်အောင် တိုင်း နဲ့ ပြည်နယ် အသီးသီးမှာ Public Center for Peace ဆိုပြီး လူထု အခြေပြုလုပ်ဆောင်နိုင်အောင် အစိုးရက ဦးဆောင်ပြီး လုပ်သင့်၊ မလုပ်သင့် မေးချင်ပါတယ်။

ဒါကောင်းတဲ့ အကြံဉာဏ် ပါ။ ကျွန်မတို့ ပြည်သူ၊ ပြည်သား အားလုံး ပါဝင်နိုင်အောင်လို့ နည်း အမျိုးမျိုးစဉ်းစားရမှာပါ။ ဒီလို Center တစ်ခုဖွင့်ပြီး လုပ်မလား၊ တခြားနည်းတွေနဲ့ လုပ်မလားဆို တာကတော့ ကျွန်မတို့လည်း စဉ်း စားရမှာ။ ရွာသူ၊ ရွာသား ၁,၂၀၀ ကျော်ကျော်လေးပဲ ရှိတယ်ဆိုတဲ့ ရွာလေးပေမယ့်လည်း ဒီလိုရွာ လေးတစ်ခုကတောင်မှ ကျွန်မတို့ နိုင်ငံ ငြိမ်းချမ်းရေးအတွက် အရေးပါတယ်ဆိုတာကို ကျွန်မတို့ ပြည် သူ၊ ပြည်သားတွေ သဘောပေါက်စေချင်ပါတယ်။ ဒါကြောင့် အား လုံးပါနိုင်မယ်ဆိုရင်တော့ ငြိမ်း ချမ်းရေးဟာ မလွဲမသွေ အမြန်ရ မှာပဲ။ အားလုံးပါနိုင်ရေးအတွက် လည်း နည်းအမျိုးမျိုးကို ကျွန်မတို့ ရှာနေပါတယ်။ သမီးပေးတဲ့ အ ကြံဉာဏ်ကိုလည်း အလေးအ နက်စဉ်းစားပြီးတော့ ဒီပုံစံအတိုင်း မဟုတ်လို့ရှိရင်တောင်မှ ဒီပုံစံနဲ့ ဆင်တူယိုးမှား ပြည်သူအများပါ နိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ဘယ်လိုဆောက်တည်မလဲဆို တာကို စဉ်းစားပါမယ်လို့ ကျွန်မ အနေနဲ့ ပြောပါရစေ။

More in News Section

Top News