ဒုတိယတန်းမှ အဋ္ဌမတန်းအထိ အခန်းဆုံးစာမေးပွဲ စစ်ဆေးမှုပုံစံ ပြောင်းလဲခြင်းနှင့် ပြည်သူ့အသံ

People Voice
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ယခုပညာသင်နှစ်ကစပြီး အခြေခံပညာဒုတိယတန်းမှ အဋ္ဌမတန်းအထိ အခန်းဆုံးစာမေးပွဲစစ်ဆေးရာတွင် တစ်ဦးချင်းအဖြေလွှာဖြင့် ဖြေဆိုရမည့်စနစ်အစား အုပ်စုဖွဲ့စစ်ဆေးသည့်ပုံစံသို့ ပြောင်းလဲကျင့်သုံးရန် စီစဉ်လျက်ရှိသည်။ အဆိုပါစနစ်ပြောင်းလဲကျင့်သုံးမည့်အပေါ် ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့်ပညာရေးအသိုင်းအ၀ိုင်း၏ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်ချိုချိုနွယ် (အလယ်တန်းပြ၊ မဒေါ့ချောင် အထကခွဲ၊ မြောင်းမြ၊ ဧရာဝတီတိုင်း)

ကျွန်မကတော့ ဒီစနစ်ကို သိပ်တော့မကြိုက်ချင်သေးဘူး။ ဒါပေမဲ့ အခုမှပထမဆုံးစဖြေရမှာဆိုတော့ မလုပ်ကြည့်ရသေးတော့ မသိသေး ဘူးပေါ့။ ပထမတစ်ကြိမ်လောက်ဖြေကြည့်ပြီးမှပဲသိမှာ။ အားနည်းချက် ကတော့ အခုပထမဆုံးစဖြေမှာဆိုတော့ ကျွန်မတို့လည်း သိပ်ပြီးတော့ မပြောတတ်သေးဘူး။ ကလေးတွေက အညံ့နဲ့အတော်တွဲပေးမှာဆို တော့ မရတဲ့သူက ခိုမှာပေါ့နော်။ ကိုယ့်အတန်းပိုင်က တွဲပေးရတာ။ နောက်ပြီးတော့ အကုန်လုံးဝိုင်းစဉ်းစားခိုင်းတာပေါ့။ ဖြေတာကတော့ တစ်ယောက်တည်းဖြေရမှာ။ ဒါပေမဲ့ကျန်တဲ့သုံးယောက်စလုံးရဲ့စဉ်းစားတာကိုယူမှာလို့တော့ ပြောထားတာ ပဲ။ ပထမတစ်ကြိမ်ကတော့ ဘယ်လို လာမလဲမသိဘူး။ နောက်တစ်ကြိမ်လည်း ဒီလူတွေပဲဖြေရမယ့်သဘော ဖြစ်နေတော့ နောက်တစ်ကြိမ်ဒီလူပဲဖြေရမယ်ဆိုရင် အဲဒီဝိုင်းထဲမှာပါတဲ့ ညံ့တဲ့သူက စာမကျက်တော့ဘဲ ဖြစ်မှာကိုတော့ စိုးရိမ်တယ်။ အခုမေးတာက အစိတ် (၂၅မှတ်)ဖိုးကို နှစ်နဲ့မြှောက် ၅၀ ဖိုးကို လေးယောက် တောင်ဖြေရမှာဆိုတော့ နည်းတော့နည်းတယ်။ အစိတ်ဖိုးကို လေးယောက်ဖြေရမှာဆိုတော့ နည်းတယ်။  ကလေးတွေက သူ့အားကိုး၊ ကိုယ့်အားကိုး ဖြစ်မှာတော့စိုးတယ်။ အခုက အရင်လိုတစ်ယောက်ချင်း မဟုတ်တော့ လေးယောက်အဖွဲ့မှာ အဲဒီအဖွဲ့က A ရလား၊ B ရလား။ တစ်ဖွဲ့လုံးပေါင်းထားတဲ့အမှတ်နဲ့ပေးတာဆိုတော့ အဲဒီအဖွဲ့က A ရရင် ညံ့တဲ့သူပါ A ရသလိုဖြစ်သွားတာပေါ့။ ကျွန်မတို့ကတော့ ဒီစနစ်ကို လက်ခံလားဆိုတော့ လက်ခံနေရတာပဲ။ ဒါပေမဲ့ ပထမဆုံးဖြေရမှာဆိုတော့ စမ်းတော့ စမ်းကြည့်ရဦးမယ်။ ပထမဆုံးအကြိမ်ဆိုတော့ စိတ်ထဲမှာစိုးတော့ စိုးရိမ်နေတယ်။ ဒါပေမဲ့လည်း ဘာဖြစ်လာမလဲဆိုတော့ ရလဒ်ထွက်လာမှပဲ သုံးသပ်လို့ရမယ်။ အရင်က စနစ်လည်းမကြိုက်ဘူး။ ကလေးတွေကပေါ့တယ်။ သူတို့က အကုန်အအောင်ပေးရတော့ ဘာမှမရတဲ့ကလေးလည်း အတန်းတက်သွားတယ်လေ။ အဲဒီတော့ သူတို့ကို အကျရှိတယ်လို့ပြောလည်း နောက်ဆုံးအကုန်အောင်နေတာပဲ ဆိုတော့ သူတို့ကိုယ်တိုင်လည်း ပေါ့လာတယ်။ ကျန်တဲ့ကလေးတွေရဲ့ စိတ်ထဲမှာလည်း အချိန်တန်အောင်မှာပဲဆိုတဲ့စိတ်ကအနည်းနဲ့အများဝင်တယ်။

ဦးအောင်ကျော်သူ (အထက်တန်းပြ၊ အထက သက္ကလ၊က၀မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး)

ကျောင်းသားတွေပူးပေါင်းပြီးဆောင်ရွက်တာ၊ သူတို့တစ်ယောက် နဲ့တစ်ယောက်ဆွေးနွေးတိုင်ပင်တာကို မူတည်ပြီးတော့ လုပ်တဲ့အတွက် ကြောင့် Group Work ဟာတတ်မြောက်မှုစစ်ဆေးတဲ့အခါမှာ ကောင်း တယ်လို့ ပြောရမှာပေါ့။ Group Work စစ်ပြီဆိုရင် မေးခွန်းကလည်း Group Work စစ်တဲ့မေးခွန်းပဲဖြစ်ရမယ်။ အရင်တုန်းကလို ကွက်လပ် ဖြည့်ခိုင်းတယ်။ မေးခွန်းဖြေခိုင်းတယ်ဆိုရင်တော့ Group Work မဟုတ် ဘဲနဲ့ ကျက်ပြီးဖြေတာပဲဖြစ်မှာပေါ့။ ကျက်ပြီးဖြေတာဆိုရင် ဆွေးနွေးတာ မပါတော့ဘူး။ တိုင်ပင်တာမပါတော့ဘူး။ စာတော်တဲ့လူက ရမယ်။ စာ မတော်တဲ့လူက တော်တဲ့လူပြောတာကို ထိုင်နားထောင်တာပဲရမယ်။ ဆွေးနွေးတိုင်ပင်ပြီး ကလေးတွေရဲ့ ခေါင်းထဲက ထွက်လာတဲ့အဖြေမျိုးမဟုတ်ရင်တော့ Group Work စစ်ဆေးတာက အလကားဖြစ်သွားမယ်။ မေးခွန်းထုတ်တဲ့အခါမှာ ဘယ်လိုထုတ်ရမယ် ဆိုတဲ့ ညွှန်ကြားချက်ရှိရမယ်။ နမူနာလေးတွေပေါ့။ သင်ခန်းစာပေါ်မူတည်ပြီး သင်ခန်းစာက ရလာမယ့် Linking Idea လေးတွေ၊ သင်ခန်းစာကို လက်တွေ့အသုံးချမယ့်ဟာတွေကို ပြန်ပြီးမေးတယ်ဆိုရင် ကလေး တွေက ကျိန်းသေတိုင်ပင်ရတော့မယ်။ သင်ခန်းစာထဲမှာလည်း မပါဘူး။ အဲဒါမျိုးလေးတွေ မေးနိုင်ရင်တော့ အရမ်းကောင်းမယ်။ ဂျပန်နိုင်ငံက ကျောင်းတွေကို သွားလေ့လာတဲ့အခါမှာ Group Work စစ်ဆေးတာကို အများကြီးတွေ့ခဲ့ဖူးတယ်။ အဲဒီလိုလုပ်တာက ကလေးတွေအတွက် တကယ်ကို အုပ်စုလိုက်လေးတွေ ပြိုင်ဆိုင်ချင်စိတ်ပေါ်တယ်။ အတွေးတွေပွင့်လာတယ်။ အတန်းအောင်မြင်ရေးအတွက်ကတော့ မအောင်မဖြစ်အတန်း တင်ပေးတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့် Group Work ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သိပ်ပြဿနာမရှိဘူးပေါ့။ တတ်မြောက်မှုမှာတော့ Group Work ကို မေးခွန်းပုံစံပြောင်းစစ်ဆေးလိုက်မယ်ဆိုရင်တော့ တကယ်တတ် တဲ့သူတွေ၊ တကယ်စဉ်းစားတတ်တဲ့ကလေးတွေ ထွက်လာမှာပေါ့။ ရိုးရိုးမေးခွန်းအတိုင်းဆိုရင်တော့ ကလေး တွေက ပိုပြီးရေသာခိုသွားမယ်။ တော်တဲ့ကလေးက Group Work ဖြေလို့ဆုံးရှုံးနစ်နာသွားတာတော့ မရှိပါ ဘူး။ သူတို့ဖြေတာတွေအတွက် အမှတ်ရမှာပဲ။ နောက်ဆုံးစာမေးပွဲမှာလည်း တစ်ဦးချင်းပုံမှန်အတိုင်းပဲ ဖြေဆိုရမှာဆိုတော့  အမှတ်ကတော့ သူတို့ဖြေသလောက်ရမှာပဲ။ စာမေးပွဲအောင်မြင်တာကတော့ ပညာရေး စနစ်အရ အောင်မှာပဲ။ ကလေးတွေ တကယ်အကျိုးရှိမယ့် မေးခွန်းလေးတွေ ထုတ်ပေးဖို့ကို ပညာရေးဝန်ကြီး ဌာနက ညွှန်ကြားချက်လေးတွေနဲ့၊နမူနာ ပုံစံလေးတွေနဲ့ပေးပြီး ညွှန်ကြားမယ်ဆို ဒီထက်ပိုပြီးထိရောက်ပါမယ်။ ရုပ်မြင်သံကြားကနေ Group Work စစ်ဆေးတဲ့ နမူနာလေးတွေရိုက်ကူး ထုတ်လွှင့်ပေးမယ်ဆိုရင် မိဘတွေ လည်းသိမယ်။ ဆရာမတွေလည်း သိမယ်။ ကလေးတွေလည်း Group Work ဆိုတာဘာလဲသိမြင်သွားတာ ပေါ့။ အဲဒါကို အတုယူပြီး လုပ်ရင်တော့ စနစ်ကျတဲ့ Group Work စစ်ဆေးခြင်းဖြစ်လာမယ်လို့ထင်တယ်။

ကိုဇော်မင်း (ကျောင်းသားမိဘ)

အခုပညာသင်နှစ်မှာ အခြေခံပညာဒုတိယတန်းမှ အဋ္ဌမတန်းအထိ အခန်းဆုံးစာမေးပွဲ(အတန်းကူးပြောင်း) စစ်ဆေးရာမှာ တစ်ဦးချင်းအဖြေ လွှာနဲ့မစစ်ဆေးဘဲ အုပ်စုဖွဲ့စစ်ဆေးရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ကလေးတွေမှာ နောင်တဆိုတာပေးမရှိစေချင်လို့ ပါ။ တစ်ဦးတစ်ယောက်တည်းရဲ့ အရည်အချင်းဘယ်လိုဆုံးဖြတ်မှာလဲ။ ဝေလေလေတွေ များသွားမယ်။ ကိုယ့်အားကိုယ်ကိုးချင်စိတ်ပျောက် သွားကြမယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အရည်အချင်းကို ဘယ်လိုတိုင်း တာတော့မှာလဲ။ အစဉ်အဆက်ပညာရေးက မကောင်းလာရတဲ့ကြားထဲ ကလေးတွေကို တရားခံမဖြစ်စေချင်ဘူးလေ။ ကလေးတွေ ကြိုးစားမှု ရလဒ်ကလည်း ပထမ၊ ဒုတိယ၊ တတိယဖော်ပြတာကို ပို၍နှစ်သက်ပါတယ်။ လေးယောက်တစ်ဖွဲ့စီ အဖြေလွှာတစ်ခုအပေါ် တိုင်ပင်ပြီးဖြေဆို တာဟာလည်း အရည်အချင်းစစ်တာမဟုတ်တော့ပါဘူး။ အများနဲ့ တိုင်ပင်မှတော့ အောင်စာရင်းဖြစ်မလာ တော့သလို ဘယ်သူ့ရဲ့အရည်အချင်းမှန်း မသိနိုင်တဲ့အတွက် ကျွန်တော်ကတော့ မကြိုက်ပါဘူး။ ယခင်စနစ် က ကောင်းပါတယ်။ အရည်အချင်းသိရတယ်။ ပထမရသူ၊ ဒုတိယရသူ၊ တတိယရသူသိရတယ်။ အရည်အချင်းပေါ်တယ်။ ရောထွေးလုံးတုတ် မဖြစ်ဘူးပေါ့။ အရည်အချင်းစစ်တာ အရည်အချင်းပေါ်ဖို့ အဓိကပါ။  အားလုံးက ပြောင်းလဲတာကြိုက်ကြပါတယ်။ ကျွန်တော်တို့လည်း ပြောင်းလဲဖို့လုပ်ခဲ့တာပါ။ ချက်ချင်းပြောင်းလို့ရတဲ့ဟာတွေရှိသလို တဖြည်းဖြည်းပြောင်းမှရမယ့်ဟာတွေလည်း ရှိပါတယ်။ ပညာရေးစနစ်ဟာ ချက်ချင်း ပြောင်းယူလို့မရနိုင်ပါဘူး။  ကျွန်တော့်ရဲ့ဆန္ဒကတော့ ဒီအတိုင်းလေး သွားပေးနေတာ ကောင်းပါတယ်။

ဦးကျော်မင်းခန့် (ကျူရှင်ဆရာ)

ဒီလိုစုပေါင်းပြီးစစ်တဲ့ စာမေးပွဲစနစ် ပြောင်းတာက အစိုးရနဲ့ပညာ ရေးဝန်ကြီးဌာနမှာ မျှော်မှန်းချက်ရှိတာပေါ့။ ကလေးတွေစုပေါင်းပြီး အလုပ်လုပ်တတ်ဖို့ပေါ့။ အဲဒီစနစ်က ပီပြင်မယ်ဆိုရင်တော့ ကလေးတွေ Team Work စုပေါင်းပြီးအလုပ်လုပ်တတ်လာမယ်။ ကိုယ်ပိုင်ဆန်းသစ် တဲ့အရည်အသွေးတွေရှိလာမယ်။ အဲဒီလိုမဟုတ်ဘဲ မပီပြင်ဘူး။ အဖြစ် သဘောမျိုးနဲ့သာ လုပ်သွားမယ်ဆိုရင်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။ ကလေးတွေအတွက် ပိုပြီးဆိုးရွားသွားနိုင်ပါတယ်။ ဥပမာ-Teaching Aid ပေါ့။ ကျားပုံလေးတစ်ပုံကို ကလေးတွေကို ဆက်ခိုင်းမယ်။ အဲဒီမှာ တစ်ယောက်ကခြေထောက်ကိုကိုင်၊ နောက်တစ်ယောက်ကလက်ကိုကိုင်၊ နောက်တစ်ယောက်က ဦးခေါင်းက ကိုင် အဲဒီလိုတစ်ယောက်စီကိုင်ပြီး ဆက်လိုက်ကြမယ်ဆိုရင် ဒါဟာ Group Work ပီပြင်တယ်။ အဲဒီလို မဟုတ်ဘဲ ကလေးတစ်ယောက်တည်းကပဲ ယူပြီး ဆက်လိုက်မယ်။ ကျန်တဲ့ကလေးတွေ မဆက်ရဘူးဆိုရင် ဒါမပီပြင်ဘူး။ နောက်တစ်ခုက ဒီစနစ်ကို စလုပ်မယ်ဆိုရင် ကလေးတွေမှာရော၊ ဆရာတွေမှာရော အခက်အခဲ တွေရှိလာနိုင်တယ်။ ဒီစနစ်ကို မစခင် ဆရာတွေ၊ ဆရာမတွေကို သင်တန်းပေးသင့်တယ်။

ဇွန်သီအိုပန် (ဒဂုံတက္ကသိုလ်ကျောင်းသူ)

ကိုယ့်တစ်ဖို့တည်းတော်တဲ့၊တတ်တဲ့စနစ်ကို စတင်ရိုက်ချိုးလိုက်တာ ပါပဲ။ အများအားလုံးနဲ့ လက်တွဲလုပ်ဆောင်တတ်တဲ့စိတ်ဓာတ်တွေ၊ အားနည်းသူတွေကို ကူညီဖေးမလက်တွဲခေါ်ယူတဲ့ စိတ်ထားတွေဆိုတာ မွန်မြတ်တဲ့လောကပါလ တရားတွေပါပဲ။ ကျွန်မတို့ဝိုင်းဝန်းအကောင်အထည်ဖော်ကူညီကြခြင်းဖြင့် မြန်မာ့ပညာရေးပြန်လည်ဦးမော့လာနိုင်မှာ အမှန်ပါ။ တစ်ကိုယ်တည်းတော်ဖို့ မကြိုးစားကြဘဲ မိမိနဲ့လူမှုအဖွဲ့ အစည်းတစ်ရပ်လုံး အကျိုးတာဝန်မျှတယူတတ်တဲ့ စိတ်ဓာတ်ကို ခရမ်းပျိုးပေးတဲ့စနစ်လို့ပဲ ရှုမြင် သုံးသပ်မိပါတယ်။ အားသာချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ တစ်ယောက်တည်း ကိုယ်လုပ်ချင်တဲ့အတိုင်းလုပ်တာမျိုးမဟုတ်တော့ဘဲ စုစုစည်းစည်းနဲ့  သူငယ်ချင်းတွေနဲ့အတူ တိုင်ပင်ညှိနှိုင်းလုပ်ကိုင်တတ်လာမယ်။ အဖွဲ့အစည်းစိတ်ဓာတ်ရှိလာမယ်။ အားနည်းချက်အနေနဲ့ ကြည့်ရမယ်ဆိုရင်တော့ တော်၊ သင့်၊ ညံ့အမျိုးအစားသုံးခုစလုံး အဖွဲ့တစ်ဖွဲ့စီမှာ ပါနေမှာ ဖြစ်တဲ့အတွက် စာညံ့တဲ့သူက ကိုယ်ပိုင်အရည်အချင်းကို ထုတ်သုံးချင်စိတ်နည်းလာပြီး စာတော်တဲ့သူတွေရှိနေ တာပဲ။ အောင်ဖို့ က အေးဆေးပါဆိုတဲ့ အတွေးနဲ့အတူ တခြားသူအပေါ်မှီခိုချင်စိတ်ရှိလာ မယ်လို့ မြင်မိတယ်။ နောက်ဆုံးအတန်းတင်စာမေးပွဲမှာ အောင်မှတ်မရခဲ့ရင်လည်း အရင်က အခန်းဆုံးစစ်ဆေးမှုမှာ ရခဲ့တဲ့အမှတ် တွေကို ထည့်စဉ်းစားပြီးအအောင်၊အရှုံးဆုံးဖြတ်မယ်ဆိုကတည်းက မအောင်မနေရစနစ်ကြီးကတော့ ဆက်ရှိနေ မှာလို့ မြင်မိပါတယ်။ ဘယ်အရာကိုပဲ ပြောင်းလဲပြောင်းလဲ ပြောင်းလဲပြီဆိုကတည်းက ကောင်းကျိုးနဲ့ ဆိုးကျိုးက အမြဲဒွန်တွဲနေမှာပါပဲ။ အဲဒီအတွက်ကြောင့် ကလေးတွေအပေါ် သေချာထိရောက်နိုင်မယ့် နည်းလမ်းကို ရွေးချယ်ပြီး ပြောင်းလဲစေချင်ပါတယ်။ အကြောင်းအရာအပေါ် အမှန်တကယ် တတ်ကျွမ်းနားလည် အောင်သေချာ လေ့လာမယ်။  အဖွဲ့လိုက် Presentation တွေလုပ်မယ်။ ကိုယ်ဖတ်ထားတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးဖလှယ်မယ်။ အဲဒါက မအောင်မနေရအဖွဲ့လိုက် ကြည်တူရွေးစာကျက်လုပ်တာထက် အသိ ပညာ၊ ဗဟုသုတ ပိုတိုးတက်စေပြီး ထိရောက်တဲ့အဆင့်သတ်မှတ်ချက်တွေထက် တကယ်အကျိုးရှိမှုနဲ့ ဆုံးဖြတ်ပေးမယ့် စနစ်လို့ ရှုမြင်မိပါတယ်။

ဆရာဦးချစ်ထွေး (ထူးချွန်အောင်ဘော်ဒါ၊ ရွာထောင်ရပ်ကွက်၊အောင်လံ)

ကျောင်းသားမိဘတွေအနေနဲ့ရော၊ စာသင်နေတဲ့ဆရာ(ကျူရှင်) တစ်ယောက်အနေနဲ့ပါ ပြောချင်တာက လက်ရှိပညာရေးဟာ တရိပ်ရိပ် အကျဘက်ကို ဦးတည်လာတယ်လို့ထင်မြင်မိလို့ အပြောင်းအလဲကို ကြို ဆိုပါတယ်။ တစ်ဦးချင်းစစ်ဆေးတဲ့စာမေးပွဲမှာ တော်တဲ့သူတော်ပြီး ညံ့ တဲ့သူကတော့ ညံ့နေမှာပါ။ အုပ်စုဖွဲ့စစ်ဆေးတဲ့ပုံစံမှာတော့ ပူးပေါင်း ဆောင်ရွက်မှု (ညီညွတ်မှုတွေ)တိုးလာနိုင်သလို ကလေးတွေရဲ့ မိမိကိုယ် ကိုယ်ယုံကြည်မှုဟာလည်း ပိုတိုးလာနိုင်ပါတယ်။ အဖြေလွှာနဲ့ တစ်ဦးချင်းစစ်ဆေးမှုမှာ ညံ့တဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက် သွားတတ်ကြလို့ပါ။ ကျွန်တော်တစ်ဦးတည်းအမြင်အနေနဲ့ကတော့ အုပ်စုဖွဲ့ဖြေဆိုမှုကြောင့် တော်တဲ့ကလေး ညံ့မသွားနိုင်ဘူးလို့ မြင်ပါတယ်။ နောက်ပြီး ညံ့တဲ့ကလေးအတွက်လည်း တိုးတက်မှုသာရှိလာမှာဖြစ်တဲ့ အတွက် ဒီပြောင်းလဲမှုကို ၀မ်းပန်းတသာကြိုဆိုတယ်ဗျာ။ အပြောင်းအလဲတစ်ခုမှာ အခက်အခဲဆိုတာ ရှိစမြဲမို့ မိဘ၊ ဆရာနဲ့ကျောင်း သား/သူများအနေနဲ့ ကြံ့ကြံ့ခံနိုင်ဖို့တော့ လိုအပ်ပါတယ်။ မပြောင်းချင်တဲ့သူ လည်း ရှိနိုင်တာပဲလေ။ ဒါပေမဲ့ မပြောင်းဘဲ အရင်စနစ်အတိုင်း သွားမယ်ဆိုရင်ကော တိုးတက်လာနိုင် သလားဆိုတာ ကျွန်တော်တို့ တွေးသင့်ပါတယ်။

မစန်းလဲ့မူ (ကျောင်းသားမိဘ၊ အောင်လံမြို့)

Group Work ပေါ့။ အုပ်စုလိုက်အရည်အချင်းစစ်တဲ့စနစ်က အခု မှ စလုပ်တာလို့သိရတယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာတော့ မပြောတတ်ပါဘူး။ ကောင်းမယ်ထင်လို့ ပြောင်းလဲတာဖြစ်မှာပါ။ ကိုယ် တွေငယ်ငယ်ကတော့ စာမေးပွဲစစ်မယ်၊ ဖြေမယ်။ ကိုယ်ကြိုးစားရင် ကြိုး စားသလောက်ဖြစ်မယ်ပေါ့။ အခုကတော့ အဖွဲ့လေးတွေစုပြီး အစုအဖွဲ့ နဲ့ ကြိုးစားတဲ့စနစ်လို့မြင်တယ်။ ကိုယ့်ကလေးတွေ အစုအဖွဲ့နဲ့အလုပ်လုပ် တတ်လာမှာပေါ့။ ဒါပေမဲ့အခုကျောင်းမှာ ကလေးတွေကတော်တဲ့ ကလေးတွေအချင်းချင်းပဲ ဖွဲ့ချင်နေကြတာတွေ ဖြစ်နေပြီ။ ညံ့တဲ့ကလေး တွေကလည်း တော်တဲ့သူနဲ့ပဲ အဖွဲ့ဖြစ်ချင်တာပေါ့။ အဲဒါလေးတွေကို တော့ ဆရာ၊ ဆရာမတွေက သင့်တော်အောင်ဖွဲ့ပေးရင်ကောင်းမယ်။ မဟုတ်ရင် တော်တဲ့သူနဲ့ ညံ့တဲ့ကလေးတွေ သိသိသာသာကွဲပြားသွား လိမ့်မယ်။ နောက်ပြီးတော့ ကလေးတွေ တစ်ကိုယ်ရေကိုယ်တိုင်ကြိုးစားတတ်တဲ့ပုံစံတွေ ပျောက်သွားမှာ စိုးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုးတန်း၊ ဆယ်တန်းရောက်ရင် ကိုယ်တိုင်ကြိုးစားမှအောင်မယ့်စနစ် ဖြစ်နေလို့လေ။ မိဘတွေက ကိုယ့်ကလေးပညာရေးကို စိုးရိမ်စိတ်တော့ရှိပါတယ်။ ဒါကြောင့် ပညာရေးပုံစံ ပြောင်းလဲတဲ့အခါ မိဘတွေကိုလည်း သက်ဆိုင်ရာဆရာ၊ ဆရာမတွေက ခေါ်ပြီးအသိပေးတာမျိုး၊ ပြောင်းလဲ ရတဲ့ရည်ရွယ်ချက် အကျိုးအပြစ်ပေါ့၊ ဒါလေးတွေကို ရှင်းပြပေးစေချင်ပါတယ်။ ဒါမှလည်း မိဘတွေလည်း ပြောင်းလဲလာတဲ့ပညာရေးစနစ်အပေါ် ကိုယ်က ဘယ်လိုပံ့ပိုးရမလဲဆိုတာ သိရမှာပါ။

ဒေါ်သန်းသန်း (ဈေးရောင်း၊ သတ္တမတန်းကျောင်းသားမိဘ)

ကလေးတွေကတော့ ဒီစနစ်ပြောင်းသွားတဲ့အပေါ်မှာ ကြောက်နေ တယ်။ သူများက အဖြေရတာတစ်မျိုး၊ သူအဖြေရတာတစ်မျိုးမတူရင် ဘယ်လိုလုပ်မလဲတဲ့။ တစ်ယောက်အဖြေက ဒါဆိုရင် သူလည်းအဖြေက ဒါပဲထွက်ရမယ်ဆိုတာမျိုးဖြစ်နေတယ်။ ကိုယ့်ကလေးစာမရတာရယ်၊ စာမေးပွဲဖြေရမှာကြောက်တာကို စိုးရိမ်မိတယ်။ ဒီစနစ်ကိုတော့ မကြိုက် ဘူး။ ကလေးတွေ သူ့ဉာဏ်နဲ့သူဖြေဆိုတာပဲ ကြိုက်တယ်။ သူများအကူ အညီနဲ့ဖြေရတာမျိုးမလိုချင်ဘူး။ သူ့ဉာဏ်မီသလောက်နဲ့ဖြေဆိုတာပဲ လိုချင်တယ်။ တချို့ကလေးတွေကတော့ သူတို့အတူတူဖြေတဲ့အထဲမှာ တော်တဲ့သူပါလာရင် သူတို့ကြိုးစားချင်စိတ်ပါ လျော့ကျလာနိုင်တယ်လို့ မြင်ပါတယ်။

ဒေါက်တာခိုင်မြဲ (ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၊ ညွှန်ကြား ရေးမှူးချုပ်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန)

Group Work လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေ တစ် ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်တတ်အောင်က တစ်ချက်၊ နောက်တစ်ချက်ကတော့ ကလေးတွေမှာ ဉာဏ်ရည်မြင့်တဲ့သူရှိတယ်။ ဉာဏ်ရည်နိမ့်တဲ့သူရှိတယ်။ ဉာဏ်ရည်မြင့်တဲ့သူနဲ့ဉာဏ်ရည်နိမ့်တဲ့သူ ကြားမှာ ကွာဟချက်နည်းသွားအောင်၊ ဉာဏ်ရည်မြင့်တဲ့သူက ဉာဏ် ရည်နိမ့်တဲ့သူကို တွေးခေါ်မြော်မြင်တတ်မှုတွေကို တွဲခေါ်နိုင်အောင် ဒီလို ရည်ရွယ်ချက်မျိုးတွေနဲ့လုပ်တာပါ။ သင်ရိုးညွှန်းတမ်းအသစ်မှာ စစ်ဆေး နည်းအသစ်တွေပြောင်းပြီးသားပါ။ သူငယ်တန်း(KG)မှာလည်း သင်ရိုးညွှန်းတမ်းအသစ်၊ စစ်ဆေးအကဲဖြတ်မှုအသစ်၊ ပထမတန်း (Grade-1)ကလည်း သင်ရိုးအသစ်၊ စစ်ဆေးအကဲဖြတ်နည်းအသစ်ဖြစ်တယ်။ နောက်နှစ်မှာလာမယ့် Grade-2၊ တခြား KG+12 အသစ်တွေမှာလည်း သင်ရိုးအသစ်၊ စစ်ဆေးအကဲဖြတ်နည်းအသစ်ဖြစ်မှာပါ။ သင်ရိုးညွှန်းတမ်းအသစ်အားလုံးပြီးအောင် စောင့်ရင်တော့ နှစ်တွေအများကြီးထိုင်စောင့်နေ ရမလိုဖြစ်နေမယ်။ သင်ရိုးညွှန်တမ်းပြောင်းတာလည်း တစ်ပိုင်း၊ နိုင်ငံတကာမှာ လုပ်နေတဲ့ ၂၁ ရာစု ကျွမ်းကျင်မှုနဲ့ကိုက်အောင် အခု Group Work စစ်ဆေးနည်းကို စပြောင်းရတာပေါ့။

မထက်ထက်အောင် (ဒဂုံတက္ကသိုလ်ကျောင်းသူ)

အခုအုပ်စုဖွဲ့ဖြေမယ်ဆိုတဲ့ စနစ်ကို မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာ  အရင်လိုတစ်ယောက်တည်းဖြေတာက ကိုယ့်ဘာသာအားကိုးချင်စိတ် ရှိပြီး စာပိုလုပ်ဖြစ်မယ်။ မဖြစ်မနေစာလုပ်ရမယ်ဆိုတာ သိထားမယ်။ အုပ်စုလိုက်ကျတော့ ရေသာခိုချင်တဲ့သူအတွက် ကောင်းတယ်။ အုပ်စု လိုက်လုပ်ချင်စိတ်ရှိသူအတွက်သာကောင်းမယ်။ စာမလုပ်ချင်သူအ တွက်ကတော့  မကောင်းဘူး။ သူများပဲအားကိုးချင်စိတ်ရှိပြီး စာမတော် တဲ့သူက ပိုညံ့၊ စာတော်တဲ့သူက ပိုတော်ရင်တော် မတော်ရင် ပိုညံ့သွား နိုင်တယ်။ ဆရာ၊ ဆရာမဘက်ကကြည့်ရင်လည်း ကြည့်တဲ့အမြင်ကမှန် ဦးမှ၊ တော်တဲ့သူကို ညံ့တယ်ထင်၊ ညံ့တဲ့သူကို တော်တယ်ထင်ရင်သွားပြီလေ။ ကျောင်းသားမိဘဘက်က ကြည့်လည်းမကောင်းဘူး။ ကိုယ့် သား သမီးဆို တော်ပေးမှကြိုက်ကြတာလေ။ ရေရှည်အမှတ်ပေးမမှန်မကန်မှု တွေဖြစ်လာရင် မိဘနဲ့ဆရာကြား မကောင်းဘူး။ အဓိကထိခိုက်မှာက ကျောင်းသားကျောင်းသူတွေပဲ။ အဖွဲ့လိုက်လုပ်တာမကောင်းတာတစ်ခုက သူတစ်ယောက်က ပုဂ္ဂိုလ်စွဲစိတ်ပါသွားမှာစိုးရတယ်။ တစ်ခုရှိတာကအဖွဲ့လိုက်လုပ်ဆောင်မှုကို တခြားစာဆွေးနွေးချိန်သက်သက်ပေးပြီး လုပ်ဆောင်တာကောင်းတယ်လို့ ထင် တယ်။ စာမေးပွဲဖြေတဲ့နေရာမှာတော့ အုပ်စုလိုက်၊ အဖွဲ့လိုက်လုပ်ဆောင်မှုကို မဖြစ်စေချင်ဘူး။ ပြီးတော့ စာမေးပွဲအစီအစဉ်ကိုလည်း လပတ်ပုံမှန်စစ်ပြီး နှစ်ဝက်စာမေးပွဲ နှစ်ခါစစ်စေချင်တယ်။ အစ်မကတော့ အခုအုပ်စုဖွဲ့ဖြေမယ်ဆိုတဲ့စနစ်ကို မကြိုက်ဘူး။

ဦးမင်းသိန်းဇော် (ကုန်သည်၊ ဒုတိယတန်းကျောင်းသူမိဘ)

ဒီစနစ်လုပ်လိုက်ရင် ကလေးတွေ တစ်ယောက်ချင်းစီရဲ့ အရည် အချင်းတွေမပေါ်လွင်တော့ဘူးဖြစ်သွားမယ်။ တော်တဲ့ကျောင်းသားက လည်း ကြိုးစားချင်စိတ်နည်းသွားမယ်။ ပြီးတော့ ဒီအဖွဲ့ထဲမှာ တော်တဲ့ ကျောင်းသားပါရင် အဲဒီအဖွဲ့ထဲ ညံ့တဲ့ကျောင်းသားကလည်း သိပ်ဂရု မစိုက်ချင်တော့ဘူး။ သူ့အဖွဲ့ထဲမှာ တော်တဲ့ကျောင်းသားပါတယ်။ အေးဆေးပဲဆိုတာမျိုးဖြစ်သွားလိမ့်မယ်။ အဲဒီအတွက် ဒီစနစ်ကိုသိပ် တော့သဘောမကျဘူး။ အရင်စနစ်ကပဲကောင်းပါတယ်။ ကိုယ့်ရဲ့အ ရည်အချင်းပဲလေ။ ကိုယ်ဘယ်လောက်အထိ အာရုံစိုက်လုပ်ဆောင်နိုင် လဲ။ ကိုယ်တော်ရင်တော်သလိုသွားမယ်။  ကိုယ်ညံ့ရင် ညံ့သလိုသွားမယ်။ ကိုယ့်အခြေအနေကိုယ်သုံးသပ်လို့ရတယ်။ ဟိုလိုအဖွဲ့ကြီးနဲ့သွားတော့ သုံးသပ်လို့မရဘူး။  ကိုယ်ဘယ်လောက်ပဲတော်တော် တခြားသူ ညံ့နေရင် ကိုယ်ဘာမှလုပ်လို့မရဘူး။ ကိုယ့်ရဲ့အရည်အချင်းလည်း မပေါ်လွင်ဘူး။ စာမေးပွဲစနစ်ကို ပြောင်းစရာမလိုပါဘူး။ သင်ကြားတဲ့အပိုင်းမှာပဲ ဆရာ၊ ဆရာမတွေကြပ်ကြပ်မတ်မတ်နဲ့ သင်ရိုးကုန်၊ မာတိကာကုန် စနစ်တကျနဲ့ သေချာသင်ပေးစေချင်ပါတယ်။

ဒေါ်သူသူမာ (ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန် ရက်- NNER)

ပြောင်းတာ့ပြောင်းနေတယ်။ ပြောင်းတဲ့နေရာမှာ စစ်ဆေးရေးပုံစံ တွေလည်း ပြောင်းဖို့လိုတယ်။ သင်ကြားရေးပုံစံတွေလည်း ပြောင်းဖို့လို တယ်။ သင်ကြားရေးမှာ အခုသွားတာက စာတွေကို ဘယ်လောက်မှတ် မိတယ်ဆိုတာကို စစ်ဆေးတယ်။ သင်ကြားနည်းမှာ ကလေးတွေကို အ လွတ်ကျက်တာတစ်ခုတည်းမဟုတ်ဘဲ စဉ်းစားတွေးခေါ်မှုနဲ့တခြားစွမ်း ရည်တွေဖြစ်တဲ့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့စွမ်းရည်တွေ၊ တီထွင်ဆန်း သစ်တတ်တဲ့စွမ်းရည်တွေ၊ လူမှုရေးစွမ်းရည်တွေကိုပါ ရသွားဖို့အတွက် သင်ကြားနည်းတွေကို ပြောင်းလဲသင့်တယ်။ အဲဒီလိုနေရာမှာ တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အုပ်စုဖွဲ့သင်ကြား နည်းတွေရှိပါတယ်။ စစ်ဆေး နည်းမှာလည်း တစ်ဦးတည်းစစ်ဆေးနည်းရှိသလို နှစ်ဦးချင်း၊ အုပ်စုလိုက် စစ်ဆေးတာတွေရှိတယ်။ ဒါပေမဲ့လက်ရှိ သင်ကြားရေးပုံစံကို မပြောင်းဘဲ စစ်ဆေးရေးကို အုပ်စုဖွဲ့စစ်ဆေး မယ်ဆိုရင်တော့ အဲဒီဟာက ထိရောက်တဲ့စစ်ဆေးရေးပုံစံမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ ဆိုလိုတာက သင်ကြားရေးပုံစံပြောင်းမှ စစ်ဆေးရေးပုံစံပြောင်းတဲ့အခါမှာ သဟဇာတဖြစ်တဲ့၊ အဆက်အစပ်မိတဲ့ အခြေအနေဖြစ်မှာပါ။ လက်ရှိသင်ကြားနေတာက ဖတ်စာအုပ်ထဲက ပါတာတွေကို အလွတ်ကျက်တယ်။ စူးစမ်းမှုတွေ၊ ဆွေးနွေးမှုတွေကို အုပ်စုတွဲသင်ကြားပေးတာမျိုးလုပ်မပေးဘဲနဲ့ စစ်ဆေးရေးပုံစံမှာပဲ သွားပေးနေတာ ဘာအနှစ်သာရရှိလဲပေါ့။ အသစ်တစ်ခုကို ပြောင်းလဲမယ်ဆိုရင် မူလသုံးစွဲနေတဲ့ သင်ကြား ရေးနည်းလမ်းကနေ တခြားနည်းလမ်းတစ်ခုကို ပြောင်းမယ်။ မူလသုံးစွဲနေတဲ့ စစ်ဆေးရေးပုံစံကနေ တခြား ပုံစံတစ်ခုကို ပြောင်းမယ်ဆိုရင် ဆရာတွေအတွက် သင်တန်းတွေလိုပါတယ်။ ဆရာတွေကို သင်တန်းတွေ သေချာပေးပြီးတော့မှ ပုံစံအသစ်ပြောင်းတာမျိုးဖြစ်သင့်ပါတယ်။