ကလေးတွေကို ပိုပြီးထက်မြက်အောင်ကူညီမယ့် မိုဘိုင်း App ခုနစ်မျိုး

ဒစ်ဂျစ်တယ်ခေတ်ထဲမှာ ကလေးတွေနဲ့ နည်းပညာ Gadgetတွေ ထိတွေ့မှုများပြားလာခြင်းကို လိုက်လံတားမြစ်ဖို့ မလွယ်တော့ပါဘူး။ ဒီနေ့ကာလမျိုးမှာ (၂)နှစ်ခွဲ၊ (၃)နှစ်အရွယ် ကလေးတွေကတောင် တက်ဘလက်၊ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေက Touch-screen ကို သုံးပြီး သူတို့စိတ်ကြိုက် Appတွေကို ရွေးချယ်တတ်နေပါပြီ။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေရဲ့ နည်းပညာထိတွေ့မှုကဏ္ဍကို ကောင်းကျိုးပိုများတဲ့ဘက် ဦးတည်နိုင်ဖို့ ရွေးချယ်ပုံ
သွင်းပေးရမှာဖြစ်ပါတယ်။


မိုဘိုင်း App တွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖန်တီးထုတ်လုပ်ရာမှာ ကလေးတွေအတွက် အဓိကထား ရေးဆွဲထားတာမျိုး တွေလည်း ရှိပါတယ်။ အခု ဆောင်းပါးမှာတော့ ကလေးတွေ စိတ်ဝင်စားမှုလည်းရှိ၊ ဗဟုသုတ ဖြည့်တင်းသင်ယူနိုင်ဖို့လည်း သင့်တော်ပြီး ဉာဏ်ရည်မြှင့်တင်ဖို့ အထောက်အပံ့ကောင်းဖြစ်စေနိုင်မယ့် App တချို့ကို စုစည်းဖော်ပြထားပါတယ်။


BrainPOP

ဒီ App ဟာ Animation ဗီဒီယိုလေးတွေ၊ ဂိမ်းလေးတွေ၊ ပဟေဠိလေးတွေ ကိုသုံးပြီး သိပ္ပံ၊ သင်္ချာ၊အနုပညာနဲ့ ဂီတဆိုင်ရာ ကဏ္ဍတွေမှာ အခြေခံ အကြောင်းအရာလေးတွေကို စီကာပတ်ကုံး သင်ကြားပေးတာ ဖြစ်ပါ တယ်။ ကလေးတွေက ကိုယ်နှစ်သက်တဲ့ကဏ္ဍကို ရွေးချယ်ပြီး ဗဟုသုတရှာမှီးနိုင်ပါတယ်။ ဥပမာ သိပ္ပံပညာရပ်နဲ့ပတ်သက်လို့ ပထမဆုံးပုံတူ မျိုးပွားခံရတဲ့ သိုးမလေးဒေါ်လီလို အကြောင်းအရာတွေကို ဖော်ပြထားပါ တယ်။ ဒီ Appဟာ မူလတန်းကြိုအရွယ်ကနေ စတင်အသုံးပြုဖို့ သင့် တော်ပါတယ်။


The Human Body

TinyBop က ထုတ်တဲ့ ဒီ Appကတော့ ဇီဝဗေဒပညာရပ်ကို စတင်သင်ကြားနိုင်မယ့် အသက်အရွယ်လောက်အတွက် ရည်ရွယ်ထားတာ ဖြစ်ပါ တယ်။ လူ့ခန္ဓာ ကိုယ်ရဲ့ အရိုးအဆစ်၊ ကလီစာ၊ ကြွက်သား၊ တစ်သျှူးတွေ ဖွဲ့စည်းပုံကို ကလေးတွေရဲ့အတွေးနဲ့ အလိုက်သင့်နားလည်နိုင်လောက် အောင် ရှင်းပြပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရနဲ့ ကိုယ်ခံအား စနစ်အကြောင်းတွေကိုပါ ကလေးတွေ နားလည်အောင် သင်ပြပေးပါ လိမ့်မယ်။


Duolingo

ဒါကတော့ ဘာသာစကား အခြေခံသင်ကြားပေးမယ့် Appတစ်ခုဖြစ်ပါ တယ်။ ဘာသာစကားသင်ခန်းစာတွေကို နေ့တိုင်း သင် ယူပေးဖို့အတွက် သင်ရိုးတွေပါ သတ်မှတ်ပေးနိုင်တယ်။ သင်တန်းချိန်ကိုလည်း ၅ မိနစ်၊ ၁၀ မိနစ်၊ ၁၅ မိနစ် (ဒါမှမဟုတ်) မိနစ် ၂၀ စသဖြင့် ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ကလေးတွေ စိတ်ဝင်စားလောက်မယ့် အဆင် အပြင် လေးတွေနဲ့လည်း ဆွဲဆောင်မှာပါ။ ဘာသာစကား ၂၃ မျိုးထိ ထည့်သွင်းထားပါတယ်။


DragonBox Elements

ဒီ App ဟာ အရွယ်စုံ ကလေးငယ်တွေအတွက် သင်္ချာဉာဏ် ရည်တိုးတက် စေဖို့ ကူညီပါလိမ့်မယ်။ အသက်အရွယ်အလိုက် အဆင်ပြေစေဖို့ Ani-mation အထောက်အပံ့ ဂိမ်းလေးတွေ၊ ပဟေဠိလေးတွေကို ကစားရမှာ ဖြစ်ပါတယ်။ ကလေးဘဝ အစောပိုင်းကတည်းက ဂဏန်းသင်္ချာ အခြေခံတွေနဲ့ ရင်းနှီးဖို့၊ အတွက် အချက် သင်္ချာပညာရပ်မှာ ဝါသနာပါလာဖို့ DragonBox Elements ကကူညီပါလိမ့်မယ်။ အသက် (၉)နှစ်အရွယ် လောက် ကလေးတွေအတွက်ဆိုရင်တော့ ဂျီဩမေတြီပညာရပ်ဆိုင်ရာ ပျော်စရာ စိန်ခေါ်မှုတွေနဲ့ပါ တွေ့ဆုံခွင့်ရပါလိမ့်မယ်။


Professor Astro Cat’s Solar System

ကြောင်လေးတွေ အာကာသထဲ ရောက်လာပါပြီ။ ကြောင်လေးတစ် ကောင်နဲ့ ဆွဲဆောင်ပြီးအာကာသ သိပ္ပံပညာရပ်အကြောင်း သင်ကြားပေး တာထက် ကလေးတွေ ပိုစိတ်ဝင်စားစေမယ့် နည်းလမ်းရှိပါ့မလား။ ဒီ App ကကမ္ဘာမြေတည်ရှိရာ နေအဖွဲ့အစည်းနဲ့ ဂြိုဟ်တွေအကြောင်း၊ နက္ခတ်ဗေဒ ပညာရပ်အကြောင်းရှင်းပြဖို့ပါ။ ပရော်ဖက်ဆာကြီး Astro ဆိုတဲ့ ကြောင်လေးနဲ့ သူ့လက်ထောက် ကြွက်ကလေးက ကလေးတွေကို ဒုံးပျံတည်ဆောက်တဲ့ကိစ္စမှာ ပါဝင်စမ်းကြည့်ဖို့တောင် ဖိတ်ခေါ်ဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီ Appကနေ နေရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံတွေ၊ ကြယ်တွေ ဘယ်လိုမွေးဖွားဖြစ်တည်လာတယ် ဆိုတာတွေကိုပါ သေသေချာချာ ပြောပြပါလိမ့်မယ်။


Star Walk 2 Night Sky Map: Watch Stars and Planets

မြေပုံစနစ်နဲ့ပတ်သက်ရင် ပြိုင်ဘက်မရှိလောက်အောင် အောင်မြင်တယ် လို့ ညွှန်းရမယ့် Google ရဲ့ လက်ရာပါ။ ဒါက ညဘက် ကောင်းကင်ယံမှာ တွေ့ရမယ့် ကြယ်တွေရဲ့ မြေပုံကို အခြေခံထားတဲ့ App ဖြစ်ပါတယ်။ ကြယ်တွေ၊ ဂြိုဟ်တွေ၊ ဥက္ကာပျံတွေရဲ့ တည်နေရာ၊ ဂြိုဟ်တုတွေဘယ်လို လှုပ်ရှားသွားလာနေ သလဲဆိုတာတွေကို ကလေးတွေ လွယ်လွယ်နဲ့ ရှင်းရှင်းနားလည် သွားစေပါလိမ့်မယ်။ ကောင်းကင်မှာ တွေ့နေရတဲ့ ကြယ်တွေ၊ နက္ခတ်တာရာတွေအကြောင်း သိချင်တဲ့ ကလေးတွေအနေနဲ့ မိဘတွေ အလုပ်ရှုပ်အောင် မေးနေစရာ လိုတော့မှာ မဟုတ်ဘူး။


Vanido Singing Coach

ဒီ App ကတော့ ကလေးတွေကို သီချင်းသီဆိုမှု အသံပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ပို့ချဖို့ ရေးဆွဲထားတာပါ။ ကလေးတွေ အနေနဲ့ ယုံကြည်မှုရှိရှိ သီချင်းဆို နိုင်အောင် အခု App လေးက ကူညီပါလိမ့်မယ်။ ဖုန်းရဲ့ မိုက်ကရိုဖုန်းကနေတစ်ဆင့် ကလေးတွေရဲ့အသံကို ဖမ်းယူမှတ်သားထားပြီး အသံ အနိမ့်အမြင့်၊ ကီးအခြေအနေ စတာတွေကို အချိန်နဲ့တစ်ပြေးညီ ပုံဖော်ပြနေမယ်လို့ ဆိုပါတယ်။ ပြီးတော့ ဘယ်လိုပုံစံသီဆိုရင် ပိုအဆင်ပြေမယ်ဆိုတာမျိုးကိုအကြံပြုနိုင်သလို နေ့စဉ်အသုံးပြုဖို့ သင်ခန်းစာတွေ ပါ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။            

 —Ref: Popular Science