‘ဝ’တောင်ပိုင်းတွင် ဘိန်းပင်လုံးဝမရှိဟု ကြွေးကြော်

‘၀’တောင်ပိုင်းဒေသ စစ်ဒေသ၁၇၁တွင် ဇွန်လ၂၆ရက်က မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ−စိုင်းဇော်)

 ‘ဝ’တောင်ပိုင်းဒေသ တွင် ဘိန်းစိုက်ပျိုးမှု လုံးဝမရှိ ကြောင်း လာရောက်စစ်ဆေးလေ့ လာရန် မြန်မာအစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူများ နှင့် အမေရိကန်အပါ အဝင် နိုင်ငံတကာကို ‘ဝ’လက်နက်ကိုင် အဖွဲ့ UWSA က ဇွန်လ ၂၆ ရက် တွင် ဖိတ်ခေါ်ကြေညာခဲ့သည်။

ရွှေတြိဂံဒေသ မူးယစ်ဆေး ဝါး အဓိကထုတ်လုပ်ဖြန့်ဖြူးသူ တစ်ဦးအဖြစ် နိုင်ငံတကာ၏ စွပ်စွဲ မှုကို ခံနေရသော UWSA က ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ကုန်ကူးမှု တိုက်ဖျက် ရေးနေ့တွင် မြန်မာ-ထိုင်းနယ် စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်ရှိ UWSAတောင်ပိုင်း စစ်ဒေသ ၁၇၁ ၌ သတင်းမီဒီယာများကို ပထမဆုံး အကြိမ် ဖိတ်ခေါ်၍ မူးယစ်ဆေး မီးရှို့ဖျက်ဆီးပွဲပြုလုပ်ခဲ့သည်။

‘‘နိုင်ငံတော်ဌာနမှ ကိုယ်စား လှယ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်သူများ၊ နိုင်ငံခြား သားများ၊ ကျွန်တော်တို့ ‘ဝ’နယ် တောင်ပိုင်းကို လာရောက်စစ် ဆေးလေ့လာဖို့အတွက် ရိုးသား စွာ ဖိတ်ခေါ်ပါတယ်။ ကျွန်တော် တို့ စစ်ဒေသ ၁၇၁ ထိန်းချုပ်တဲ့ နယ်မြေတောင်ပိုင်းမှာ ဘိန်းပင် လုံးဝမရှိဘူးလို့ အာမခံပါတယ်။ ဒီဒေသမှာ ဘိန်းပန်းရှိတယ်ဆို တာ သမိုင်းမှာ ကျန်ရစ်ခဲ့ပါပြီ’’ဟု UWSA စစ်ဒေသ အမှတ်  (၂) နယ် မြေစစ်ဦးစီးမှူး၊ မူးယစ်တိုက်ဖျက် ရေးတပ်ဖွဲ့မှူး ဦးရန်ကော်ကျုံးက ပြောသည်။

UWSA ခေါင်းဆောင် ဦးပေါက်ယူချမ်းက ၎င်း၏ ထိန်း ချုပ်နယ်မြေအတွင်း ဘိန်းနှင့် မူးယစ်ဆေးဝါးကင်းစင်အောင် ဆောင်ရွက်နေသည်ဟု ၎င်း၏ ဦးခေါင်းဖြင့် အာမခံ၍ နိုင်ငံတကာကို ကြေညာထားသည်ဟု ပြောခဲ့ သည်။ နိုင်ငံတကာအစီရင်ခံစာ အချို့က UWSA ကို အရှေ့တောင်အာရှ၌ မူးယစ်ဆေးထုတ်လုပ် သည့် အကြီးဆုံးအဖွဲ့အဖြစ် ဖော် ပြခဲ့ကြသည်။ အမေရိကန်အစိုးရ သည် ၂၀၀၃ တွင် UWSA ကို မူး ယစ်ဆေးဝါးကုန်ကူးအဖွဲ့အစည်း အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၅ တွင် UWSA၊ ၎င်း၏ တပ်မှူး ဝေရှောက်ခန်တို့နှင့် ဘဏ္ဍာရေး၊ စီးပွားရေး ပတ်သက်မှုရှိသော လူပုဂ္ဂိုလ် ၁၁ ဦးနှင့် ကုမ္ပဏီ ၁၆ ခုတို့ကို ဒဏ် ခတ်ပိတ်ဆို့စာရင်းသွင်းခဲ့သည် က ယခုအချိန်ထိပင်။

‘‘တအားဖိတ်ခေါ်ချင်တာ။ အမေရိကန်၊ မင်း ငါတို့အတွင်းထဲ လာ၊ မင်း အမြဲတမ်းအော်နေတာ၊ မင်း ငါတို့အတွင်းထဲမှာ လာပြီးမှ စစ်ဆေးပါ။ လာကြည့်။ ထိုင်းအပါ အဝင်ပေါ့’’ဟု UWSA အမှတ်(၁) နယ်မြေ၊ စစ်ဦးစီးမှူး ဦးကာစုမ်းက အမေရိကန်အစိုးရတာဝန် ရှိသူများ ‘ဝ’တောင်ပိုင်းဒေသတွင် ဘိန်းစိုက်ပျိုးမှုရှိ၊ မရှိ လာရောက် စစ်ဆေးစေလိုကြောင်း ပြော သည်။

မကြာသေးမီက ထိုင်းနိုင်ငံ တွင် ဖမ်းဆီးရမိခဲ့သော မူးယစ် ဆေးဝါးအများအပြားမှာ UWSA ထံမှ လာသည်ဟု ထိုင်းက စွပ်စွဲ ထားသည်။ မြန်မာ-ထိုင်းနယ်စပ် ရှိ စစ်ဒေသ ၁၇၁ ‘ဝ’တောင်ပိုင်း နယ်မြေမှနေ၍ ‘ဝ’ လက်နက်ကိုင် အဖွဲ့များ ဆုတ်ခွာရန်လည်း မြန်မာအစိုးရထံ ထိုင်းက တောင်းဆိုခဲ့ ကြောင်း ထိုင်းသတင်းများက ဖော်ပြခဲ့သည်။ ယင်းစွပ်စွဲချက် များမှာ ‘ဝ’အမည်ကို ရောင်းစား ခြင်းဖြစ်သည်ဟု ‘ဝ’ခေါင်းဆောင် များက တုံ့ပြန်သည်။

‘‘ထိုင်းက စွပ်စွဲသလို ကျွန် တော်တို့ လုံးဝမဟုတ်ဘူး’’ဟု UWSA စစ်ဒေသ ၁၇၁ ဒုနိုင်ငံရေး မှူး ဦးညီကပ်က ပြောသည်။ တပ် များလည်း မည်သည့်အခါမျှ ဆုတ်ပေးမည်မဟုတ်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ စစ်တမ်းများ အရ မြန်မာနိုင်ငံတွင် ဘိန်းစိုက် ပျိုးမှု ၈၀ ရာခိုင်နှုန်းမှာ ရှမ်းပြည် နယ်တွင် တည်ရှိသည်။ ထို့အပြင် ၂၀၀၆ က ဘိန်းစိုက်ပျိုးမှု ဟက် တာ ၂၁,၆၀၀ ခန့်ရှိခဲ့ရာမှ ၂၀၁၅ တွင် ခန့်မှန်းခြေ ဟက်တာ ၅၅,၅၀၀ အထိ နှစ်ဆကျော်မြင့် တက်ခဲ့သည်။ ယခင်က ဘိန်းစိုက် ပျိုးမှု မရှိသလောက်နည်းခဲ့သော ချင်းပြည်နယ် အနောက်ပိုင်း အိန္ဒိယနယ်စပ်တွင် ဘိန်းခင်းများ တိုးပွားလာခဲ့ကြောင်း ဖော်ပြထား သည်။ ကုလသမဂ္ဂမူးယစ်ဆေး ဝါးနှင့် ပြစ်မှုများဆိုင်ရာဌာန၏ မြေပုံ၌ UWSA နှင့် ၎င်း၏ မဟာ မိတ်များ ထိန်းချုပ်ရာ ရှမ်းပြည် နယ်ရှိ ဒေသများတွင် ဘိန်းခင်း များ မရှိပေ။ ထိုမြေပုံ၌ ဖော်ပြ ထားချက်အရ တောင်ကြီးမြို့အနီး၌ ဘိန်းခင်းကြီးများရှိနေသည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ ပြည်သူ့စစ်ထိန်းချုပ်ရာ ဒေသတွင်လည်း ဘိန်းခင်းကြီးများရှိနေဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

‘‘ဒီဒေသ (‘ဝ’တောင်ပိုင်း ဒေသ)မှာ မူးယစ်ဆေးဝါး လုံးဝ ကင်းစင်သွားပြီလို့ ကျွန်တော့်အ နေနဲ့ ပြောလို့မရဘူး။ ကျွန်တော် တို့ အရပ်သားတွေ လုံးဝမသုံးစွဲ ဘူး၊ မလုပ်ဘူးဆိုရင်တော့ အာမ ခံနိုင်တယ်။ ဒီဒေသဟာ နိုင်ငံ တော်နဲ့ ကျွန်တော်တို့ ‘ဝ’နဲ့ ရော စပ်ပြီးနေတဲ့အတွက် ကိုယ့်လူ မျိုး၊ ကိုယ့်လူတော့ အာမခံရဲ တယ်’’ဟု ဦးကာစုမ်းက ဆိုသည်။

၂၀၁၁ တွင် UWSA မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ချိန်မှစ၍ ၎င်းတို့ဒေသအ တွင်း ဘိန်းနှင့် မူးယစ်ဆေးထုတ် လုပ်သုံးစွဲမှု လုံးဝမရှိအောင် နှိမ် နင်းခဲ့ပြီး ပြီးခဲ့သည့် ခြောက်နှစ် တာအတွင်း မူးယစ်ဆေးဝါးသုံးစွဲ သူ ၉၀ ရာခိုင်နှုန်းခန့် လျော့နည်း သွားကြောင်း UWSA က ဆိုလေ သည်။ မူးယစ်ဆေးဝါးကုန်ကူး သော စီးပွားရေးသမားများအနေ ဖြင့် ၎င်းတို့ဒေသကို ဖြတ်သန်း သွားလာမှုရှိပြီး တွေ့ရှိလျှင် ဖမ်း ဆီးသည်ဟု ဆိုသည်။ ‘ဝ’လက် နက်ကိုင်အဖွဲ့ ၁၇၁ စစ်ဒေသ၌ ၂၀၁၄ ကစ၍ သုံးနှစ်တာအတွင်း ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၂၈,၅၉၉ ပြား၊ ဘိန်းဖြူ လေးကီလိုဂရမ်၊ ဘိန်းမဲ ၁၄ ကီလိုတို့ကို မီးရှို့ဖျက်ဆီးပွဲကို ဇွန်လ ၂၆ ရက်တွင် ပုံပါကျင်မြို့နယ် ခွဲရှိ ဟွေအော်၌ ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ရှမ်းပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးဆန်းဝင်း အောင်၊ ပြည်နယ်သစ်တောဦးစီး ဌာန အစရှိသည်တို့လည်း တက် ရောက်ခဲ့ကြသည်။ ယခင်က လည်း နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ဖူး ပြီး ယင်းဖျက်ဆီးခဲ့သည်များမှာ ဘိန်းအတုနှင့် မူးယစ်ဆေးဝါး အတုများဖြစ်ကြောင်း ရှမ်းပြည် နယ်အတွင်း ဝေဖန်မှုများ ထွက် ပေါ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခု နှစ်တွင် သတင်းထောက်များကို ပထမဆုံးအကြိမ် ဖိတ်ခေါ်ပြသ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သုံးနှစ်တာအ တွင်း ၁၇၁ စစ်ဒေသ၌ တစ်အိမ် တက်ဆင်း လေးကြိမ်ရှာဖွေခဲ့ရာ တွင် မူးယစ်ဆေးဝါးများနှင့်အတူ ကားငယ်ငါးစီး၊ ဆိုင်ကယ်ခြောက် စီး၊ စကားပြောစက် နှစ်လုံး၊ လက်ကိုင်ဖုန်း ၁၃ လုံး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂၀ ဦး၊ သုံးစွဲသူ ၆၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ကြေညာသည်။

UWSA ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနက် အင်အားအကြီးဆုံးအ ဖွဲ့အဖြစ် သတ်မှတ်ထားကြသည်။ လက်နက်ကိုင်အင်အား သုံး သောင်းခန့်ရှိသည်ဟု စစ်တမ်း များက ခန့်မှန်းထားကြသည်။ ၁၉၈၉ တွင် စစ်အစိုးရနှင့် ငြိမ်း ချမ်းရေးယူခဲ့ပြီး အမျိုးသားညီလာ ခံကို ထောက်ခံတက်ရောက်ခဲ့၍ ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲသည့်အခါ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော။ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန် ဆန်းမြို့နယ် ခြောက်မြို့နယ်တို့ ကို ခရိုင်နှစ်ခုဖွဲ့ပြီး ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ပြဋ္ဌာန်း ခဲ့သည်။ ဦးသိန်းစိန်အစိုးရနှင့် နှစ် ဖက်အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးခဲ့သော ပထမဆုံးအဖွဲ့ဖြစ် သည်။ သို့သော် NCA စာချုပ်တွင် ပါဝင်ညှိနှိုင်းခြင်းမရှိသလို လက် မှတ်ရေးထိုးခြင်းလည်း မရှိပေ။ ဒီချုပ်အစိုးရလက်ထက်တွင် မြောက်ပိုင်းတိုင်းရင်းသားလက် နက်ကိုင်ခြောက်ဖွဲ့ကို ဦးဆောင် ၍ နိုင်ငံရေးဆွေးနွေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီး NCA မဟုတ်သော အခြားလမ်းကြောင်း ဖြင့် နိုင်ငံရေးဆွေးနွေးမည်ဟု ဆို ထားသည်။