စာသင်ပေးတာအပြင် ဆရာ၊ ဆရာမတွေက ဘာတွေ ကူညီလုပ်ဆောင်နိုင်သလဲ

ပညာသင်ယူခြင်း ဆိုတာဟာ ကျောင်းသူကျောင်းသားတိုင်းရဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။ သင်ယူ လေ့လာနိုင်စွမ်း ဆိုတာက စာသင်သား တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အရည်အသွေးနဲ့ ကြိုးစား အားထုတ်မှုတွေအပေါ် အဓိက မူတည်ပေမယ့် ကောင်းမွန် ထိရောက်တဲ့ ပံ့ပိုးမှုမျိုး ရခဲ့မယ် ဆိုရင်တော့ ကောင်းကျိုး ပိုများတဲ့ တွန်းအားမျိုး ဖြစ်စေနိုင်ပါတယ်။

အရင်တစ်ခါတုန်းက မိဘတွေ အနေနဲ့ သားသမီးတွေရဲ့ ပညာရေးကို ကူညီ မြှင့်တင်ပေးဖို့ ဘာတွေ လုပ်သင့်သလဲဆိုတဲ့ အကြံပြုချက်တွေကို ဖော်ပြခဲ့ပြီးပါပြီ။ အခုဆောင်းပါးမှာတော့ ဆရာ၊ ဆရာမတွေက စာပေသင်ကြား ပို့ချရုံ သက်သက်ထက်ပိုပြီး ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအတွက် ဘယ်လို နည်းလမ်းတွေနဲ့ ဝန်းရံ ထောက်ပံ့သင့်သလဲ ဆိုတာကို ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

၁။ ရည်မှန်းချက်ထားတတ်အောင် သင်ပေးပါ

ရည်မှန်းချက် မြင့်မြင့်ထားတာဟာ အောင်မြင်ရေး လမ်းကြောင်းအတွက် အခြေခံ အကျဆုံး လိုအပ်ချက် ပန်းတိုင်တစ်ခု ဖြစ်ပါတယ်။ စာသင်ခန်းထဲက တပည့်တွေ အားလုံးကိုလည်း သူတို့ရဲ့ ပညာရေး မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး ကိုယ့်အတိုင်းအတာနဲ့ကိုယ် မြင့်မားတဲ့ ရည်မှန်းချက်မျိုး ထားရှိနိုင်ဖို့ လမ်းကြောင်း ဖော်ပေးသင့်ပါတယ်။ ဒါပေမဲ့ ကျောင်းသူကျောင်းသားတိုင်း ရည်မှန်းချက် တစ်ခုတည်းကို ဦးတည်ခိုင်းထားတဲ့ ပုံသေကားချပ်မျိုး မဖြစ်စေဘဲ တစ်ဦးချင်းနဲ့ ကိုက်ညီသင့်တော်မယ့် ရွေးချယ်မှုတိုင်းကို အမြင့်ဆုံး ရောက်နိုင်အောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။

၂။ စရိုက်သဘာဝတွေကို ပိုလေ့လာပါ

လူတစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်၊ အကျင့်စရိုက်၊ ဗီဇပါရမီတွေက တူညီမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆယ်ဂဏန်း အတော်များများရှိတဲ့ စာသင်ခန်း တစ်ခုထဲက ကျောင်းသူကျောင်းသားတွေရဲ့ ဝိသေသ လက္ခဏာတွေကလည်း ကွဲပြားပါလိမ့်မယ်။ တစ်ဦးချင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆရာ၊ ဆရာမတွေက သေသေချာချာ ဆန်းစစ် လေ့လာထားတဲ့အခါ ကျောင်းသူကျောင်းသားတွေရဲ့ လိုအပ်ချက်ကို ပိုပြီး ပီပီပြင်ပြင် ပြည့်ပြည့်ဝဝ အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ကျောင်းသူ အတွက်တော့ ဘယ်လိုနည်းလမ်းနဲ့ ချဉ်းကပ် ကူညီသင့်တယ်၊ ဘယ်ကျောင်းသား အတွက်တော့ ဘယ်ပုံစံမျိုးက အဆင်ပြေတယ် ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

၃။ ပညာရေး တိုးတက်မှုကို မျက်ခြေမပြတ်ပါစေနဲ့

များသောအားဖြင့် စာသင်ခန်းထဲက ပညာရေး ကွာဟချက် အခြေအနေကို ပညာရေး အစီရင်ခံစာ ကတ်ပြား (ရီပို့တ်ကတ်) နဲ့ပဲ တိုင်းတာတတ်ကြပါတယ်။ အဲဒီအခါမှာ အဓိက ကြုံရတဲ့ ပြဿနာက စာတော်တဲ့ ကျောင်းသားတွေနဲ့ စာညံ့တဲ့ ကျောင်းသားတွေလောက်ကိုပဲ ဆရာ၊ ဆရာမတွေဘက်က သတိထားမိတတ်ပြီး အလယ်အလတ်သမားတွေကိုတော့ မျက်ခြေပြတ်နေလေ့ ရှိပါတယ်။ တကယ်တမ်း ဖြစ်သင့်တာက ကျောင်းသူကျောင်းသား အားလုံးရဲ့ ပညာရေး အခြေအနေ၊ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု အားလုံးကို အချိန်ပေးပြီး စိစစ်သင့်ပါတယ်။ ဒါမှသာ ဘယ်သူ့အတွက် ဘာလိုအပ်ပြီး ဘယ်လို ဖြည့်ဆည်းပေးရင် အဆင်ပြေမလဲ ဆိုတာကို ကွဲကွဲပြားပြား အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။


၄။ ဆွေးနွေးပါ

ဆွေးနွေးဖို့ဆိုပြီး ခြုံပြောပေမယ့် အဓိက လမ်းကြောင်းသုံးခု ဖြာထွက်သွားပါလိမ့်မယ်။ ပထမဆုံးက ကိုယ့်ရဲ့တပည့် ကျောင်းသူကျောင်းသားတွေနဲ့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ သူတို့ ဘာလိုအပ်သလဲ၊ ဘာတွေ ဖြစ်ချင်သလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောရဲအောင် လမ်းဖွင့်ပေးရပါမယ်။ ကျောင်းသူကျောင်းသားတွေရဲ့ အသံကို အရှိအတိုင်း နားထောင်မှသာ ကိုယ့်ရဲ့ သင်ကြားမှုကို ပိုပြီး ထိရောက် ထက်မြေ့နေအောင် သွေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် ဆွေးနွေးရမှာက လုပ်ဖော်ကိုင်ဖက်တွေကိုပါ။ ကိုယ့်အတန်းမှာ ဘာသာရပ်အလိုက် တာဝန်ယူ သင်ကြားပေးနေတဲ့ ဆရာဆရာမတွေနဲ့ ပိုပြီး နီးနီးစပ်စပ် နှီးနှော တိုင်ပင်ခြင်းက ကျောင်းသူကျောင်းသားတွေရဲ့ အထာကို ပိုသိလာစေမှာ ဖြစ်ပါတယ်။ နောက်ဆုံး ဆွေးနွေးဖို့ လိုတာကတော့ ကျောင်းသူကျောင်းသား မိဘတွေနဲ့ပါ စာသင်ခန်း အပြင်ဘက် ရောက်နေတဲ့ အချိန်မှာ ကျောင်းသူကျောင်းသားတွေရဲ့ အနေအထိုင် အပြုအမူက ဘယ်လိုရှိတယ်၊ ဘာတွေ သွန်သင်ပေးဖို့ လိုတယ်၊ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေ ဘယ်လိုဘယ်ပုံ ဖြစ်နေတယ် ဆိုတာတွေကို မိဘနဲ့ဆရာ ထိထိရောက်ရောက် ပူးပေါင်းကိုင်တွယ်ဖို့ အရေးကြီးပါတယ်။


၅။ ကျောင်းပြင်ပလှုပ်ရှားမှုတွေကို ဦးဆောင်ပါ

ခေါက်ရိုးကျိုးနေတဲ့ ပုံစံအရတော့ ဆရာ၊ ဆရာမဆိုတာ စာသင်ပြီး ကျောင်းသူကျောင်းသားတွေကတော့ သင်သမျှ လိုက်မှတ်ဖို့ ကျောင်းတက်နေရတဲ့ သဘောပါပဲ။ ဒါပေမဲ့ စာသင်ချိန် ပြင်ပတွေမှာ တပည့်တွေကို စုစည်းပြီး လူမှုရေး လုပ်ငန်းတွေ ပါဝင်ဆောင်ရွက်တာမျိုး၊ စုပေါင်း အားကစား လုပ်တာမျိုး၊ ခရီးတိုတွေ သွားရောက် လည်ပတ်တာမျိုး ဦးဆောင်ဦးရွက် လုပ်ပေးသင့်ပါတယ်။ ဒါဟာ စာသင်ခန်းရဲ့ စည်းလုံးညီညွတ်မှု၊ ရင်းနှီးခင်မင်မှုကို ပိုမိုကျစ်လစ် အားကောင်းလာစေသလို ဆရာတပည့် ဆက်ဆံရေးမှာလည်း အရင်ကထက် ပွင့်လင်းမှု ရှိလာမှာ ဖြစ်ပါတယ်။


၆။ ပွင့်လင်းမြင်သာ ရှိပါစေ

ကျောင်းသူကျောင်းသားတွေနဲ့ ဆက်ဆံရာမှာ နည်းလမ်းမှန်မှန်နဲ့ ပွင့်လင်းမြင်သာရှိအောင် ဆက်ဆံကိုင်တွယ်ဖို့ သိပ်အရေးကြီးပါတယ်။ ခံယူချက်မှန်မှန်၊ စိတ်ထားမှန်မှန်နဲ့ ဆရာဆရာမမျိုးကို ကျောင်းသူကျောင်းသားတွေ ဘက်ကလည်း ချစ်ကြောက်ရိုသေကြတာ ဓမ္မတာပါပဲ။ ဒဏ်ပေးချိန်မှာဖြစ်ဖြစ်၊ ဆုချချိန်မှာဖြစ်ဖြစ်၊ ဆုံးမချိန်မှာဖြစ်ဖြစ် အားလုံးကို တစ်ပြေးညီ သဘောထား ဆက်ဆံတယ် ဆိုတာကို ထင်သာမြင်သာ အမြဲတမ်း ရှိနေစေဖို့ လိုပါတယ်။ တစ်ခါတလေတော့ ဆရာဆရာမဆိုတာ အတန်းထဲမှာ တရားသူကြီးလို ကိုင်တွယ်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အဲဒီလို အခြေအနေတိုင်းမှာ မှန်ကန်ပွင့်လင်းတဲ့ သဘောထားမျိုးကို အထင်အရှား ပြသနိုင်နေမှသာ ကျောင်းသူကျောင်းသားတွေက ကိုယ့်အပေါ် ပိုလေးစားပြီး ကိုယ့်သင်ကြားမှုကို ပိုမို အလေးထားမှာ ဖြစ်ပါတယ်။


၇။ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပါ

ကျောင်းသူကျောင်းသားတွေကို ကူညီပေးနေရုံနဲ့တင် မလုံလောက်ပါဘူး။ ကိုယ့်အရည်အသွေးကို ဖြည့်တင်းဖို့လည်း အရမ်းလိုအပ်ပါတယ်။ ကွဲပြားတဲ့ သင်ကြားပို့ချမှု စနစ်တွေ၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ သင်ကြားမှု နည်းလမ်းတွေကို လေ့လာနေရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ့်တပည့်တွေကို ပြန်ပြီး သင်ကြားပေးချိန်မှာ ကျယ်ပြန့်တဲ့ ရွေးချယ်မှု ပုံစံတွေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါလိမ့်မယ်။ အထွေထွေ ဗဟုသုတတွေ၊ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်တဲ့ စိတ်ဝင်စားစရာ ပြင်ပ အချက်အလက်တွေကိုလည်း သိုမှီး ဖြည့်ဆည်းထားသင့်ပါတယ်။ ပြန်လည် သင်ကြားပို့ချတဲ့အခါ အဲဒီ အချက်အလက် အကြောင်းအရာတွေကို ဆက်စပ် ထည့်သွင်းပြီး စီကာပတ်ကုံး ရှင်းပြလိုက်ရင် ကျောင်းသူကျောင်းသားတွေအတွက် ပိုပြီး စွဲစွဲမြဲမြဲ မှတ်မိလွယ်စေပါတယ်။


အရေးကြီးတာက ဆရာဆရာမတွေဟာ ကျောင်းသူကျောင်းသားတွေကို သင်ရိုးအတိုင်း ပို့ချသင်ကြားပေးတယ်ဆိုတဲ့ သမားရိုးကျ စံနှုန်းကနေ ဖောက်ထွက်ပြီး အခြေအနေတိုင်း၊ ရှုထောင့်တိုင်းကနေ အကူအညီတွေ ပေးနေဖို့ ဖြစ်ပါတယ်။ စေတနာရော၊ နည်းလမ်းပါ မှန်ကန်တဲ့ ပံ့ပိုးမှုတွေကြောင့် ကျောင်းသူကျောင်းသားတွေအတွက် အများကြီး ကောင်းကျိုးဖြစ်ထွန်းစေနိုင်သလို ဆရာတပည့် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာ တည်တံ့စေမှာ မလွဲပါဘူး။


နည်းပညာ ခေတ်မှာတော့ လူနေမှုကဏ္ဍ အသီးသီးမှာ နည်းပညာ ဖြည့်တင်း သုံးစွဲမှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ လူမှုရေး နယ်ပယ်တွေနည်းတူ ပညာရေး ကဏ္ဍမှာလည်း နည်းပညာ အသုံးပြုပြီး မြှင့်တင် ဖြည့်ဆည်းပေးဖို့ ပညာရှင်တွေက ဘက်ပေါင်းစုံ စဉ်းစား ကြံဆလာပါတယ်။ ဒါပေမဲ့ ဝိဝါဒ ကွဲပြားမှုတွေလည်း ရှိနေဆဲပါ။

ရှေးရိုးစွဲ ပုံစံကို ပိုကြိုက်တဲ့ ဆရာတချို့နဲ့ ကျွမ်းကျင်သူ တချို့က နည်းပညာ အထောက်အကူပြု Toolတွေကို သင်ကြားရေး ကဏ္ဍမှာ အသုံးပြုလာခြင်းက ကောင်းကျိုးထက် ဆုတ်ယုတ်မှု ပိုများစေတယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ထားတဲ့ သုတေသန ရလဒ်တွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ သဘောထား စစ်တမ်းတွေမှာတော့ ပညာရေးအတွက် နည်းပညာသစ်တွေ လက်တွေ့ အသုံးချလာတာဟာ ကြိုဆိုသင့်တဲ့ ကိစ္စတစ်ခုလို့ ထောက်ခံကြပါတယ်။ ပညာသင်ကြား ပို့ချမှုတွေမှာ နည်းပညာ အထောက်အပံ့ တိုးမြှင့်ပေးခြင်းကြောင့် မြင်သာထင်သာရှိတဲ့ အခြေခံ ကောင်းကျိုး ၇ ခုကို စုစည်း ဖော်ပြလိုက်ပါတယ်။


၁။ သင်ကြားမှု ပိုလွယ်ကူခြင်း

အမေရိကန်နဲ့ ဥရောပ နိုင်ငံတချို့က စာသင်ခန်းတွေမှာ ပြုလုပ်တဲ့ စစ်တမ်းတွေအရ ကျောင်းသူကျောင်းသားတွေ နားလည်ရ ခက်ခဲတဲ့ သီအိုရီ သဘောတရားတွေကို ရှင်းလင်း သင်ပြရတဲ့အခါ နည်းပညာ အထောက်အပံ့ကို ဖြည့်တင်း အသုံးပြုရင် ပိုမိုချောမော အဆင်ပြေစေတယ်လို့ သိရပါတယ်။ နည်းပညာမှာ အားကောင်းတဲ့ သင်ကြားပို့ချမှု ပါဝါမျို ရှိနေပါတယ်။ ဥပမာ ပြောရရင် ပရိုဂျက်တာတွေသုံးပြီး ရုပ်ပုံကားချပ်တွေ၊ သရုပ်ပြ ဗီဒီယိုတွေနဲ့ ရှင်းပြတာမျိုးပေါ့။ နည်းပညာနဲ့ ရုပ်လုံးဖော်ပြီး လက်တွေ့ ပြသထားတဲ့ သင်ခန်းစာတွေက ကျောင်းသူ ကျောင်းသားတွေ ဦးနှောက်ထဲမှာ ပိုမို စွဲမြဲစေတယ်လို့ ဆိုပါတယ်။


၂။ တိုးတက်မှုကို ခြေရာခံနိုင်ခြင်း

အတန်းထဲက ကျောင်းသူကျောင်းသား တစ်ဦးချင်းစီရဲ့ ဖြစ်ထွန်း တိုးတက်မှုကို ဒိုင်ယာရီ စာအုပ်ဟောင်းထဲမှ ရေးမှတ်ပြီး လအလိုက် ပြန်ချိန်ထိုး ဆန်းစစ်ရတဲ့ ခေတ်မျိုးက ကုန်သင့်နေပါပြီ။ ဒီနေ့ခေတ်မှာ ပညာရည် တိုးတက်မှု၊ ဆုတ်ယုတ်မှုကို မှတ်တမ်းတင်ထားပြီး ချိန်ထိုး နှိုင်းယှဉ်နိုင်တဲ့ နည်းပညာ ပလက်ဖောင်းတွေ၊ ကိရိယာတွေ အများအပြား ထွက်ပေါ်လာပါတယ်။ MyStudentsProgressနဲ့ TeacherCloud Progress Trackerတို့လို နည်းပညာ Toolတွေကို အွန်လိုင်းပေါ်မှာ အလွယ်တကူ ရယူ အသုံးပြုနိုင်ပါတယ်။ စာသင်ကျောင်းအလိုက် သီးခြား Softwareတွေ အသုံးပြုနိုင်ရင်တော့ ပိုပြီးတောင် အကျိုးရှိဦးမှာပါ။


၃။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု

ရုံးခန်းတွေမှာရော၊ စာသင်ခန်းတွေမှာပါ မလိုအပ်ဘဲ ပြုန်းတီးမှု များလွန်းတဲ့ စာရွက် အရေအတွက်ကို လျှော့ချနိုင်ခဲ့မယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ စာရွက်ထုတ်လုပ်မယ့် ဝါးပင်ပေါင်း မြောက်မြားစွာကို ကယ်တင်ပြီးသား ဖြစ်လာနိုင်တယ်။ နိုင်ငံကြီး တချို့မှာတော့ စာသင်ခန်းသုံး ဖတ်စာအုပ် အားလုံးကို ဒစ်ဂျစ်တယ် ဗားရှင်း ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်။ ဒီရည်မှန်းချက်က လောလောဆယ်တော့ လက်တွေ့ ဖြစ်လာဖို့ ခက်နေသေးပေမယ့် တွန်းအားပေး ကြိုဆိုရမယ့် ကိစ္စတစ်ခုပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ရည်ရွယ်ချက် တစ်ခုတည်းတင် မကဘဲ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကြား Assignment စစ်ဆေးတာတွေ၊ အိမ်စာ တင်တာတွေ အကုန်လုံးကို ဒစ်ဂျစ်တယ် ကိရိယာတွေကနေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါလိမ့်မယ်။


၄။ သင်ယူမှုမှာ ပျော်ရွှင်ခြင်း

ကျောင်းသား ၁၀ဝ မှာ ၉၅ ဦးကတော့ စာသင်ရတာကို ပျော်ရွှင်မနေကြောင်း ရိုးရိုးသားသား ဖြေကြပါလိမ့်မယ်။ ဒစ်ဂျစ်တယ် နည်းပညာတွေ အသုံးပြုပြီး သင်ယူတဲ့ အခါမှာတော့ လူငယ်လူရွယ်တွေအပေါ် ပိုပြီး ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဒီနည်းလမ်းနဲ့ သင်ယူနေတဲ့ ပညာရပ်၊ အကြောင်းအရာတွေအပေါ် စိတ်ဝင်စားမှုလည်း သာမန် စာအုပ်တွေ သုံးတာထက် ပိုအားကောင်းလာပါတယ်။ နည်းပညာ ပလက်ဖောင်းပေါ်မှာ စုစည်းထားတဲ့အခါ ကျောင်းသူ ကျောင်းသား အချင်းချင်း ဆက်သွယ်မှု၊ နှီးနှော ဆွေးနွေးမှုတွေလည်း ပိုပြီး လွယ်ကူလာပါတယ်။ အကျိုးဆက် အနေနဲ့ သင်ခန်းစာတွေကို ဝတ္တရား တစ်ခုအနေနဲ့ သင်ယူနေရတဲ့ သဘောထားမျိုး ပျောက်သွားပြီး လိုလိုလားလား ပိုရှိလာမှာ ဖြစ်ပါတယ်။


၅။ ကျယ်ပြန့်သော ပညာရေး ရင်းမြစ်များကို ထိတွေ့နိုင်ခြင်း

နည်းပညာကို အကျိုးရှိရှိ အသုံးချပြီး သင်ယူရာမှာ ကွဲပြား ကျယ်ပြန့်တဲ့ အရင်းအမြစ် တော်တော်များများကို လက်လှမ်းမီနိုင်ပါလိမ့်မယ်။ အွန်လိုင်း ချိတ်ဆက်ထားတဲ့အခါ ကိုယ့်ကျောင်းသင်ခန်းစာပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပိုမို အနုစိတ် ဖော်ပြထားတဲ့ အချက်အလက်တွေကို အင်တာနက်မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် ဘာသာစကား လေ့လာမှု၊ ကျောင်းသင်ခန်းစာမှ မပါဝင်ပေမယ့် အကျိုးရှိတဲ့ ပြင်ပ ဗဟုသုတ ရှာမှီးမှုတွေကိုလည်း နည်းပညာ ပလက်ဖောင်းကို ထိထိရောက်ရောက် အသုံးပြုပြီး လက်တွေ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


၆။ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုထိရောက်ခြင်း

ခေတ်သစ် ပညာရေး အယူအဆမှာ စာသင်ခန်းအတွင်း ဟန်ချက်ညီညီ အသင်းအဖွဲ့လိုက် လှုပ်ရှားမှုက အရမ်း အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။ နည်းပညာဟာ ကျောင်းသူကျောင်းသား အချင်းချင်း ဆက်သွယ်မှုကို ပိုမိုထိရောက် လျင်မြန်စေပြီး ရင်းနှီး ကျွမ်းဝင်မှု ပိုရစေပါတယ်။ ဒါ့အပြင် ပညာရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ၊ အချင်းချင်း တိုင်ပင်တာတွေကိုလည်း အကန့်အသတ် သိပ်မရှိဘဲ အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ ကျောင်းသူကျောင်းသား တစ်ယောက်ချင်းက ကိုယ့်အိမ်မှာကိုယ် ရှိနေရင်တောင် ကျောင်းသင်ခန်းစာနဲ့ ပတ်သက်လို့ဖြစ်စေ၊ ကျောင်းပြင်ပ လှုပ်ရှားမှုတွေနဲ့ဖြစ်စေ အွန်လိုင်းမှာ စုဖွဲ့ ဆွေးနွေးနိုင်တာမျိုးကလည်း နည်းပညာရဲ့ အားသာချက် တစ်ခုပါပဲ။


၇။ ဆရာ-တပည့် ထိတွေ့နိုင်မှု အားကောင်းလာခြင်း

နည်းပညာ တိုးတက်လာမှုရဲ့ အခြေခံ အကျဆုံး ကောင်းကျိုးက လူအချင်းချင်း ဆက်သွယ်မှု မြန်ဆန် လွယ်ကူလာတာလို့ ဆိုရပါမယ်။ ဒီအချက်ဟာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကြား လိုအပ်တဲ့ ဆက်ဆံရေး အတွက်ပါ တူညီတဲ့ သက်ရောက်မှု ရှိပါတယ်။ ဒီနေ့ခေတ်မှာ နည်းပညာ အမျိုးမျိုးက ဖွဲ့စည်းပုံ ကွဲပြားပေမယ့် ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်အောင် တီထွင်ထားတာကြောင့် အသက်အရွယ်မရွေး လွယ်လွယ်ကူကူ သုံးစွဲနိုင်ပါတယ်။ ဆရာ၊ ဆရာမတွေက ကျောင်းသူကျောင်းသားတွေကို အိမ်စာ သတ်မှတ်ပေးတာ၊ စာစစ်တာတွေ အကုန်လုံး နည်းပညာ ပလက်ဖောင်း တစ်ခုပေါ်မှာ လုပ်ဆောင်နိုင်ပြီ ဖြစ်သလို စာသင်သားတွေဘက်က မရှင်းလင်းတဲ့ အကြောင်းအရာတွေ၊ စာမေးချင်တာတွေကိုလည်း နည်းပညာ အားကိုးနဲ့ ခပ်မြန်မြန် ပြီးမြောက်အောင် ဆောင်ရွက်လို့ ရနေပါပြီ။ ဒစ်ဂျစ်တယ် ဝန်းကျင် တစ်ခုထဲမှာ ထိတွေ့နေရတယ် ဆိုပေမယ့် ပညာရေးကို ဗဟိုပြုတဲ့ ဆရာ-တပည့် ဆက်ဆံရေးမှာ ပိုမြန်ဆန်၊ ပိုအားကောင်းအောင် အထောက်အပံ့ ပေးနိုင်တာ သေချာပါတယ်။


အနှစ်ချုပ် ပြောရရင်တော့ နည်းပညာရဲ့ ထောက်ပံ့ ဖြည့်တင်းနိုင်စွမ်း ပါဝါတစ်ခုကို ပညာရေး နယ်ပယ်မှာ ကျင်လည်နေသူတိုင်း လျှော့မတွက်သင့်ပါဘူး။ ကိုက်ညီ မှန်ကန်တဲ့ နည်းပညာ အကူအညီမျိုးကို စနစ်တကျ အသုံးပြုနိုင်ရင် ကောင်းကျိုးတွေ အများကြီး ရှိနိုင်တာ ဧကန်အမှန်ပါ။ နည်းပညာခေတ်မှာ တခြား နယ်ပယ် အသီးသီးနည်းတူ ပညာရေး အတွက်လည်း ထိရောက်တဲ့ အသုံးချမှုမျိုး ရွေးချယ်နိုင်ရင် သင်ကြားသူတွေ အတွက်ရော၊ သင်ယူသူတွေ အတွက်ပါ ဘက်ပေါင်းစုံက ပိုမို အဆင်ပြေ ချောမွေ့လာမှာ ဖြစ်ပါတယ်။

Webster ရဲ့ New World အဘိဓာန်မှာတော့ Teamwork (စုပေါင်းဆောင်ရွက်မှု) ဆိုတဲ့ ဝေါဟာရကို အခုလို အဓိပ္ပါယ်ဖွင့်ပါတယ်။ “လူတစ်စုဟာ တစ်ဦးချင်းရဲ့ အကျိုးအမြတ်နဲ့ စိတ်ဝင်စားမှုတွေ၊ အမြင်တွေကို ချုပ်တီးထားပြီး အစုအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ အကျိုးရှိမှုကို ပူးပေါင်း အကောင်အထည်ဖော်ခြင်း” ဆိုပြီးတော့ပါ။ တစ်နည်းအားဖြင့် ငါစွဲတွေ၊ တစ်ဦးကောင်း ခံယူချက်တွေကို ချိုးနှိမ်ပြီး ရည်မှန်းချက်တစ်ခုတည်းအတွက် အားလုံး စုပေါင်း အားထုတ်ကြတာကို ရည်ညွှန်းတဲ့ အဓိပ္ပါယ်ပါပဲ။

ကျောင်းတစ်ကျောင်း၊ စာသင်ခန်းတစ်ခန်းက ကျောင်းသူကျောင်းသားတွေ အတွက်လည်း စုပေါင်း ဆောင်ရွက်မှုရဲ့ အခြေခံသဘောတရားကို ထဲထဲဝင်ဝင် နားလည်ပြီး လေးလေးနက်နက် လိုက်နာကျင့်သုံးဖို့က ခေတ်သစ် ပညာသင်ယူမှု ဝန်းကျင်မှာ အရမ်းအရေးကြီးလာပြီလို့ လေ့လာသူတွေက အသိအမှတ်ပြု ပြောကြားထားပါတယ်။ လေ့လာသင်ယူမှုတွေမှာ တစ်ဦးချင်း အရည်အချင်းကို သီးသန့် မှီခိုနေတာထက် စုပေါင်း အလုပ်လုပ်တာ၊ စုပေါင်း အဖြေရှာတာတွေက ခေတ်မီတဲ့ ပညာသင်ယူမှု ပတ်ဝန်းကျင်တွေရဲ့ သင်္ကေတလို ဖြစ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပညာသင်ယူရာမှာ ရရှိပိုင်ဆိုင်နိုင်မယ့် ကောင်းကျိုး ၇ ခုကို ဖော်ပြလိုက်ပါတယ်။


၁။ ထိရောက်မှု အားကောင်းခြင်း

အပေါ်ယံ ယေဘုယျဆန်ဆန် တွေးကြည့်ရင်တောင် ဒီအချက်က ရှင်းပါတယ်။ ပြဿနာ တစ်ခုအတွက် စဉ်းစားရာမှာ ခေါင်းတစ်ခေါင်းထက် နှစ်ခေါင်းက ပိုအလုပ်ဖြစ်ပါတယ်။ လူသုံးယောက်ရဲ့ ဦးနှောက်က လူနှစ်ယောက်စာ တွေးခေါ်တာထက် ပိုပြီး ဉာဏ်အလင်း ပွင့်နိုင်ခြေ များပါတယ်။ ဒီသဘောပါပဲ။ ပညာသင်ယူရာမှာလည်း အဖြေရှာမှု၊ ဆန်းစစ် တွေးခေါ်မှုတွေမှာ ကျောင်းသူကျောင်းသား တစ်ယောက်တည်းထက် စုဖွဲ့ပူးပေါင်းပြီး တိုင်ပင်ကြတာက ပိုထိရောက်၊ ပိုမြန်ဆန်ပါတယ်။ ဒီသဘောတရားဟာ ကျောင်းစာသင်ခန်းမှာဖြစ်ဖြစ်၊ ပရောက်ဖက်ရှင်နယ် လုပ်ငန်းခွင်မှာဖြစ်ဖြစ် တူတူပါပဲ။ သူတစ်လူ၊ ငါတစ်မင်း စိတ်မျိုးနဲ့ မဟုတ်ဘဲ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ဖို့တော့ လိုပါတယ်။


၂။ အပြန်အလှန် ကူညီနိုင်ခြင်း

ရင်းနှီးမှု အားကောင်းပြီး ဟန်ချက်ညီညီ လက်တွဲ အလုပ်လုပ်နေတဲ့ အစုအဖွဲ့ တစ်ခုဟာ အချင်းချင်း ကွန်ရက် ချိတ်ဆက်မှုလည်း ပီပြင်ထိရောက်နေမှာ ဖြစ်ပါတယ်။ လူဆိုတာ အားသာချက်၊ အားနည်းချက်တွေ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ညီညွတ်တဲ့ အဖွဲ့လိုက် လှုပ်ရှားမှုတွေမှာတော့ တစ်ယောက်ရဲ့ အားနည်းချက်၊ ဟာကွက်၊ ပျော့ကွက်တွေကို ကျန်တဲ့တစ်ယောက်ရဲ့ အားသာချက်နဲ့ အဖတ်ဆယ် ဖြည့်ဆည်းပေးရင်း ပြီးပြည့်စုံတဲ့ အင်အားတစ်ရပ်ကို ပေါ်လွင်လာစေပါတယ်။ ဒါဟာ တစ်ဦးချင်းစီ အတွက်ရော၊ အသင်းအဖွဲ့ အတွက်ပါ ကောင်းကျိုး ဖြစ်စေတဲ့ တန်ဖိုးတစ်ရပ်ပါပဲ။


၃။ ထိုးထွင်းဖန်တီးနိုင်စွမ်း အားကောင်းလာခြင်း

ပထမဆုံးအချက်မှာ ပြောဖူးတဲ့ စကားအစကိုပဲ ပြန်ကောက်ရပါမယ်။ ခေါင်းနှစ်လုံး ဝိုင်းစဉ်းစားတာက ခေါင်းတစ်လုံးတည်း စဉ်းစားတာထက် ပိုအကွက်မြင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို စုစုစည်းစည်း ရင်ဆိုင် ဖြေရှင်းကြရာမှာ သမားရိုးကျ နည်းလမ်းတွေက ဖောက်ထွက်သွားတဲ့ ထိုးထွင်း ဖန်တီးမှုမျိုး ရှိလာနိုင်ပါတယ်။ အဲဒီအခါမှာ တစ်ဦးရဲ့အတွေးသစ်ကို အားလုံးဝိုင်းပြီး အကြံပေးကြ၊ မွမ်းမံ အဆင့်မြှင့်ကြရင်း စင်းလုံးချော ကောင်းမွန်တဲ့ ဖန်တီးမှုတွေ ဖြစ်ပေါ်လာပါတယ်။ တစ်ယောက်တည်း ကြံစည် တွေးတောပြီး လုပ်ဆောင်တာမျိုးကလည်း ကောင်းကွက်တွေ ရှိပါတယ်။ ဒါပေမဲ့ အချောသပ်မှု အပိုင်းမှာတော့ အားနည်းချက်တွေ ပါလာနိုင်တာ အမှန်ပါပဲ။


၄။ ခံယူချက်ပိုင်း တိုးတက်လာခြင်း

စုပေါင်း အလုပ်လုပ်တဲ့ အခါမှာ အသင်းအဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဦးစားပေး ချီတက်ရပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ပိုင်လောဘနဲ့ ကိုယ်ပိုင် မာနကို နောက်ပို့ထားရပါတယ်။ ဒီခံယူချက်ဟာ တစ်ကိုယ်ကောင်း ဆန်မှုကို လျော့ပါးသွားစေပြီး ကောင်းမွန်တဲ့ စိတ်ဓာတ်ကို မွေးမြူဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ပြီးတော့ အချင်းချင်း ရိုင်းပင်း ကူညီမှု ရှိလာပြီး စိတ်ဖိစီးမှုတွေအတွက် အပြန်အလှန် ဖေးမကြ၊ အားပေးကြရင်း စိန်ခေါ်မှုတွေကို ကျော်ဖြတ်ကြပါတယ်။ ဒီခံယူချက် အခြေခံတွေဟာ ကျောင်းသူ ကျောင်းသားဘဝ ငယ်ရွယ်စဉ်မှာသာ မကဘဲ ဘဝ တလျှောက်လုံးမှာပါ လူတော် လူကောင်းတွေ ဖြစ်လာစေဖို့ ဦးဆောင်သွားမယ့် သင်ယူဖြည့်ဆည်းမှုမျိုး ဖြစ်ပါတယ်။


၅။ ညှိနှိုင်းဆောင်ရွက်တတ်လာခြင်း

စုပေါင်း လုပ်ဆောင်ကြတဲ့အခါ ကွဲပြားခြားနားတဲ့ အမြင်တွေကို ညှိယူရမယ့် အပိုင်းတွေ အများကြီး ကြုံလာပါလိမ့်မယ်။ သဘောထား ကွဲလွဲမှုတွေထဲကမှ နှစ်ဦးနှစ်ဖက် အဆင်အပြေဆုံး အဖြေတစ်ခုကို ရွေးချယ်ရတာဟာ ပူးပေါင်း ဆောင်ရွက်မှုတွေရဲ့ အခြေခံ အကျဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာလည်း ပရောဂျက် တစ်ခုကိုဖြစ်စေ၊ Assignment တစ်ခုအတွက်ဖြစ်စေ စုပေါင်း အလုပ်လုပ်တဲ့ အခါမှာ အချင်းချင်း ညှိနှိုင်းရမယ့် အပိုင်းတွေ ရှိပါလိမ့်မယ်။ အမြင်ကွဲတဲ့ အခြေအနေတွေကို ဖြတ်ကျော်ပြီး အဖြေတစ်ခုအတွက် ပေါင်းစည်း ညှိနှိုင်းယူနိုင်ခြင်းဟာ အတွေ့အကြုံက ပို့ချပေးမယ့် တန်ဖိုးအရှိဆုံး သင်ခန်းစာ တစ်ရပ်ဆိုရင်လည်း မမှားပါဘူး။


၆။ တာဝန်သိစိတ် နိုးကြားလာခြင်း

အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့ အခါမှာ ကြုံလာတဲ့ အကောင်းအဆိုး မှန်သမျှက တစ်ဦးပိုင် မဟုတ်တော့ပါဘူး။ စုပေါင်းလုပ်ဆောင်သူ အားလုံးနဲ့ သက်ဆိုင်တဲ့ ရလဒ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် အမှားတစ်ခု ကြုံလာရင်၊ လွဲချော်မှုတစ်ခု ရှိလာရင် အားလုံးနဲ့အတူ တာဝန်ခွဲယူဖို့ လိုပါတယ်။ ဒီစိတ်ဓာတ်မျိုးကို သေသေချာချာ ပျိုးထောင် မွေးမြူဖို့ အရေးကြီးပါတယ်။ ဘယ်ကိစ္စမဆို အမြဲတမ်း အောင်မြင်နေမှာ မဟုတ်ပါဘူး။ အမှားဆိုတာ ရှိလာနိုင်ပါတယ်။ စုပေါင်း လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ အကျိုးဆက်တွေကို အစိတ်အပိုင်းအလိုက် တာဝန်ယူတတ်တာဟာ အရွယ်ရောက်လာချိန် ဘဝရဲ့ လက်တွေ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့ အခါမှာ အများယုံကြည် အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေမယ့် အရည်သွေးတစ်ရပ်ပါပဲ။


၇။ ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်ခြင်း

ပညာရေး ပရောဂျက် တစ်ခုမှာ စုပေါင်း လုပ်ဆောင်ရတာ ဖြစ်ဦးတော့၊ အဖွဲ့သား အချင်းချင်း ပြောဆို ဆွေးနွေးရတာတွေ ရှိမှာပါပဲ။ ဒီအခါမှာ ရင်းနှီးမှုလည်း တိုးလာပါလိမ့်မယ်။ လူအများစုနဲ့ အဆင်ပြေအောင် ပြောဆိုတတ်လာတာက လူမှုဆက်ဆံရေး ကျွမ်းကျင်မှုကိုလည်း ကောင်းမွန်လာစေပါတယ်။ အချင်းချင်း ယုံကြည်မှု၊ နားလည်မှု၊ အပြန်အလှန် ရိုင်းပင်းမှုတွေအပေါ် အခြေတည်ပြီး ကြီးထွားလာတဲ့ ပေါင်းသင်း ဆက်ဆံရေးဟာ အပေါင်းလက္ခဏာပဲ ဆန်ပါလိမ့်မယ်။ စိတ်တူကိုယ်တူ ယုံကြည်မှု ရှိရှိနဲ့ စုပေါင်း အကောင်အထည် ဖော်ရတဲ့ လုပ်ဆောင်မှုမျိုးဟာ မိတ်ဆွေကောင်းတွေကို ဖန်တီး မွေးထုတ်ပေးတဲ့ နယ်မြေ တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။


စုပေါင်း ဆောင်ရွက်မှု ဆိုတာမျိုးက စာသင်ခန်းထဲက ပညာရေး ပရောဂျက် တစ်ခုတည်းနဲ့တင် ပြီးဆုံးမသွားနိုင်ပါဘူး။ ဘဝတလျှောက်မှာ အလားတူ အခြေအနေတွေ အများကြီး ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသား မောင်မယ်တွေ အနေနဲ့ ပညာရေး နယ်ပယ်မှာ ညီညီညွတ်ညွတ် စုပေါင်း ဆောင်ရွက်မှုတွေကို အခြေတည်ပြီး အနာဂတ်မှာ ဖြတ်သန်းရမယ့် လက်တွေ့ လောကအတွက် တန်ဖိုးရှိတဲ့ အခြေခံကောင်းတွေကို လေ့ကျင့် ဆောက်တည်သွားနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေး လေ့ကျင့်ခန်းတွေ လိုက်စားခြင်းဟာ ယေဘုယျအနေနဲ့ ပြောရရင် လူတန်းစားတိုင်း၊ အသက်အရွယ်တိုင်းအတွက် ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုလို့ အလွယ်တကူ မှတ်ချက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သုတေသီတွေက ကျောင်းသူကျောင်းသားတွေအနေနဲ့ ကိုယ်လက် လေ့ကျင့်ခန်းတွေ၊ ဒါမှမဟုတ် အားကစားနည်းတွေမှာ ပါဝင်တဲ့အတွက် ဘယ်လိုဘယ်ပုံ ကောင်းကျိုးတွေ ရရှိနိုင်မလဲ ဆိုတာကိုပါ စူးစိုက် လေ့လာခဲ့ကြပါတယ်။

စစ်တမ်းတွေအရတော့ အခြေခံအကျဆုံး ကောင်းကျိုးအနေနဲ့ ကိုယ်လက်လှုပ်ရှား အားကစားကြောင့် ဦးနှောက်ကို သွေးစီးဝင်မှု မြန်ဆန်စေပြီး ခန္ဓာကိုယ် အနှံ့က အာရုံကြောတွေနဲ့ ချိတ်ဆက်မှုကို ပိုမိုမြှင့်တင်ပေးပြီး ပညာရေးအတွက် သွယ်ဝိုက် ကောင်းကျိုးတွေ ရရှိစေနိုင်တယ်လို့ သိရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောတွေကြား ချိတ်ဆက်မှု အားကောင်းလာခြင်းကြောင့် မှတ်ဉာဏ်စွမ်းရည် မြင့်တက်လာခြင်း၊ ဖန်တီးမှု အတွေးအခေါ်တွေ နိုးကြားလာခြင်းနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည် ပိုမို ထက်မြက်လာခြင်းစတဲ့ သက်ရောက်မှုတွေ ရရှိစေနိုင်ပါတယ်။ ဒါတွေ အကုန်လုံးဟာ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအတွက် အရေးကြီးတဲ့ အထောက်အပံ့မျိုး ဖြစ်စေမယ်ဆိုတာ ရှင်းပြနေဖို့ မလိုပါဘူး။

ဒါ့အပြင် စနစ်တကျ အားကစား လိုက်စားမှုတွေကြောင့် စည်းကမ်းပိုင်း၊ တာဝန်ယူမှုပိုင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည် အားကိုးမှုပိုင်း၊ အဖွဲ့အစည်းနဲ့ ချိတ်ဆက် ဆောင်ရွက်မှုပိုင်းတွေမှာလည်း တိုးတက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ခြုံပြီး ပြောရရင်တော့ တခြား အသက်အရွယ်စုံ၊ လူတန်းစား အလွှာစုံနည်းတူ အားကစား လိုက်စားခြင်းက ကျောင်းသူ ကျောင်းသားတွေကိုလည်း ကောင်းကျိုး များစေတယ်လို့ ကောက်ချက် ချနိုင်ပါတယ်။

အရေးကြီးတာက ဘယ်အရာမဆို လွန်ကဲသွားရင် မကောင်းဘူးဆိုတဲ့ အချက်ပါ။ တန်ဆေး၊ လွန်ဘေးဆိုတဲ့ စကားလည်း ရှိပါတယ်။ စာသင်သား အရွယ်မှာတော့ ပညာသင်ကြားမှုနဲ့ ကျောင်းစာဟာ ပထမ ဦးစားပေး ဖြစ်သင့်ပြီး အားကစားကို အလွန်အကျွံ ခုံမင်ပြီး ကျောင်းသင်ခန်းစာဘက် လစ်ဟင်းတာမျိုး မဖြစ်အောင် ကြပ်ကြပ်မတ်မတ် ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ သင့်တင့်မျှတပြီး ပညာရေးဘက်မှာလည်း တာဝန်ပျက်မှု မရှိလောက်တဲ့ ကိုယ်လက်လှုပ်ရှား အားကစား လိုက်စားမှုမျိုးကြောင့် ကျောင်းသူကျောင်းသားတွေအပေါ် ကောင်းကျိုး ဖြစ်ထွန်းစေမှုအတွက် အခုလို ကဏ္ဍသုံးခု ပိုင်းခြား ဆန်းစစ်နိုင်ပါတယ်။


ကျန်းမာရေးအတွက် ကောင်းကျိုး

စာနောက်ကိုပဲ သဲကြီးမဲကြီး လိုက်နေလို့ ကျန်းမာရေးဘက်မှာ လစ်ဟင်းပြီး မလိုလားအပ်တဲ့ အခြေအနေတွေဆီ ဦးတည်သွားတဲ့ ဖြစ်ရပ်တွေ လက်တွေ့လောကမှာ အများကြီး ကြုံခဲ့ပြီးပါပြီ။ ကျောင်းသူကျောင်းသားတွေ အပါအဝင် လူတိုင်းအတွက် ကျန်းမာရေးဟာ အကြီးမားဆုံး အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ သင့်တင့်မျှတတဲ့ ကိုယ်လက် လှုပ်ရှားမှုတွေ ပုံမှန်လေး လုပ်ပေးနေနိုင်မယ် ဆိုရင်တော့ ကျန်းမာရေး ကောင်းမွန်တဲ့အပြင် လူရော၊ စိတ်ပါ လန်းဆန်း ပေါ့ပါးနေမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ အသက်အရွယ် ကြီးလာလေလေ၊ ကိုယ်လက်လှုပ်ရှားမှု လျော့ပါးလာလေပါပဲ။ အထက်တန်း အရွယ်လောက်မှာ ဝါသနာပါရာ အားကစား တစ်မျိုးကို စွဲစွဲမြဲမြဲ လိုက်စားခဲ့မယ်ဆိုရင် အရွယ်ရောက်လာတဲ့ အချိန်ထိ အားကစားနဲ့ ကင်းကွာမှု မပြတ်အောင် ထိန်းသိမ်းထားနိုင်ခြေလည်း ပိုများပါတယ်။ ဒါ့အပြင် အသက်အရွယ်မရွေး ကြုံတွေ့နိုင်တဲ့ ကိုယ်အလေးချိန် တိုးပြီး အဝလွန်တဲ့ ပြဿနာမျိုးကနေလည်း ကင်းဝေးစေမှာပါ။ ဒါကြောင့် သင့်တင့်တဲ့ အတိုင်းအတာထိ အားကစား လိုက်စားခြင်းဟာ ကျောင်းသူကျောင်းသားတွေ အပါအဝင် လူတိုင်းရဲ့ ကျန်းမာရေးအတွက် မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။


လူမှုရေးအတွက် ကောင်းကျိုး

ခေတ်မီတဲ့ ပညာရေး ပတ်ဝန်းကျင်မှာတော့ ကျောင်းသူကျောင်းသားတွေရဲ့ စာသင်ခန်းပြင်ပ စုပေါင်း လှုပ်ရှားမှုတွေကိုလည်း စနစ်တကျ မြှင့်တင်ပေးလေ့ ရှိပါတယ်။ အားကစား စုပေါင်း လိုက်စားမှုဟာ အချင်းချင်း ညီညွတ်မှု၊ အသင်းအဖွဲ့လိုက် လှုပ်ရှားမှုနဲ့ ခင်မင်ရင်းနှီးမှုတွေကို တိုးပွားစေပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက် အရွယ်မှာ လမ်းမှားဆီ ဦးတည်သွားနိုင်တဲ့ မူးယစ်ဆေးဝါး၊ ဆေးလိပ် အစရှိတာတွေကို စမ်းသပ်တာမျိုးနဲ့ပါ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။

အသင်းအဖွဲ့လိုက် စုပေါင်းလှုပ်ရှားရတဲ့ အားကစားနည်းတွေမှာ ကျောင်းသူကျောင်းသားတွေ ပါဝင်ကြတဲ့အတွက် ရနိုင်တဲ့ လူမှုဆက်ဆံရေး ကောင်းကျိုးတွေကတော့ အများကြီးပါ။ ကျန်းမာဖျတ်လတ်ပြီး စိတ်ကူးဉာဏ် ပွင့်လန်းခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးလာစေပါတယ်။ ဒီအချက်ကလည်း လူမှုရေး ကဏ္ဍအတွက် အားသာချက် တစ်ခုအဖြစ် ကောက်နုတ်လို့ ရပါတယ်။ သုတေသီတွေကတော့ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကိုပါ အားပေးတဲ့အတွက် တစ်ဦးချင်း ပြဿနာ ဖြေရှင်းမှု စွမ်းရည်ကိုပါ အထောက်အပံ့ ဖြစ်စေသလို ပညာရေးနဲ့ သက်ဆိုင်တဲ့ စွမ်းဆောင်ရည်ကိုပါ အားကောင်းလာစေမယ်လို့ ထောက်ခံထားပါတယ်။


စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုး

ကျောင်းကျန်းမာရေး ဆေးပညာဂျာနယ်က သုတေသန စစ်တမ်းတစ်ရပ်အပေါ် အခြေခံပြီး ကျန်းမာရေး လေ့ကျင့်ခန်းတွေ လိုက်စားတဲ့ ဆယ်ကျော်သက် ကျောင်းသားကျောင်းသူတွေဟာ ပညာသင်ကြားမှုနဲ့ ဘဝရဲ့ နေထိုင် ဖြတ်သန်းမှုအပေါ် ပိုပြီး ကျေနပ် နှစ်သိမ့်တတ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အားကစား တစ်ခုကို ပုံမှန် လိုက်စားနေတဲ့အခါ စိတ်ဖိစီးမှုကို သိသိသာသာ လျှော့ချပေးနိုင်တယ်ဆိုတဲ့ စစ်တမ်း ရလဒ်တွေလည်း အများအပြား ရှိနေပြီးသားပါ။ အားကစားရုံမှာ လေ့ကျင့်တာပဲဖြစ်ဖြစ်၊ ကျောင်းက အားကစား အသင်းတွေမှာ ပါဝင် လှုပ်ရှားတာပဲဖြစ်ဖြစ် အကျိုးယုတ်စရာ အကြောင်း မရှိပါဘူး။ သင့်တင့်မျှတတဲ့ အတိုင်းအတာထိ အားကစား လိုက်စားခြင်းကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာ ပျော်ရွှင်တဲ့ ကောင်းကျိုးမျိုးကို ခံစားပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။


လူတစ်ဦးချင်းစီရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကွဲပြားမှုကြောင့် ကျောင်းသူကျောင်းသားတွေအတွက် သင့်တော်တဲ့ အားကစားပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာတွေလည်း တူညီမှာ မဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ နည်းပြဆရာတွေနဲ့ တိုင်ပင်ပြီး ကိုယ့်အတွက် အဆင်ပြေမယ့် အားကစားနည်းမျိုးမှာ ပါဝင်နေတာဟာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆောင်းပါး အစပိုင်းမှာ ပြောခဲ့သလိုပဲ အဓိက အရေးအကြီးဆုံး အချက်က စာသင်သား ဘဝမှာ ပညာရေးကသာ ဦးစားပေး ဖြစ်သင့်ပြီး အားကစားအပေါ် အလွန်အကျွံ အာရုံဝင်စားမှုကြောင့် စာသင်ခန်းထဲမှာ လစ်ဟင်းနေတာမျိုး မဖြစ်အောင် ထိန်းညှိဖို့ ဖြစ်ပါတယ်။

နည်းလမ်းမှန်တဲ့ ပြိုင်ဆိုင်မှုတွေဟာ ကျောင်းသူကျောင်းသားတွေရဲ့ ပညာသင်ယူမှု ကဏ္ဍမှာ အထောက်အပံ့ကောင်းတွေ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ထောက်ခံပါတယ်။ လန်ဒန် စီးပွားရေး သိပ္ပံကျောင်းက သုတေသီတွေဟာ ကျယ်ပြန့်တဲ့ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ပြီး စာသင်ခန်းတွေထဲမှာ ပြိုင်ဆိုင်မှု ရှိနေခြင်းက ပညာသင်ယူမှု ကဏ္ဍအပေါ် ဘယ်လိုဘယ်ပုံ သက်ရောက်နိုင်သလဲ ဆိုတာကို သိပ္ပံနည်းကျ ပြန်လည် ဆန်းစစ်ခဲ့တယ်။

ယေဘုယျ ထွက်ပေါ်လာတဲ့ ရလဒ်အနေနဲ့ကတော့ စာသင်ခန်းထဲမှာ ပြိုင်ဆိုင်မှုတစ်ခု ရှိနေခြင်းဟာ ကျောင်းသူကျောင်းသားတွေအပေါ် သေးငယ်ပေမယ့် ထင်ရှားထိရောက်တဲ့ ကောင်းကျိုးတွေ ပျံ့နှံ့ ရောက်ရှိစေတယ်လို့ ဆိုပါတယ်။ ပျမ်းမျှအားဖြင့်တော့ အပြိုင်အဆိုင် ရှိနေတဲ့ စာသင်ခန်းထဲက ကလေးတွေဟာ ပြိုင်ဆိုင်မှု မရှိအောင် ဖန်တီးထားတဲ့ ပတ်ဝန်းကျင်က ကလေးငယ်တွေထက် ပိုမိုကြိုးစားအားထုတ်ပြီး သင်ယူလိုစိတ်လည်း အားကောင်းကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြိုင်ဘက်ဆိုတာ ရန်သူမဟုတ်ဘူးဆိုတဲ့ အသိကို သေသေချာချာ ရှင်းပြဖို့ကတော့ ဆရာ ဆရာမတွေ အနေနဲ့ အလေးအနက်ထား ကိုင်တွယ်သင့်ကြောင်း ပညာရှင်တွေက သေသေချာချာ သတိပေးထားပါတယ်။ ပြိုင်ဆိုင်မှုဟာ မျှတပြီး နည်းလမ်းကျတဲ့ အခြေအနေ ဖြစ်ဖို့ အရေးကြီးပြီး လမ်းကြောင်းချော်သွားရင်တော့ ကလေးတွေရဲ့ ခံယူချက် အခြေခံကိုပါ ထိခိုက်သွားနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့်ပါ။

နည်းလမ်းမှန်တဲ့ ပြိုင်ဆိုင်မှုတွေကြောင့် ကျောင်းသူကျောင်းသားတွေအပေါ် သက်ရောက်နိုင်တဲ့ ကောင်းကျိုးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


သင်ယူမှုမှာ ပိုမိုစိတ်အားထက်သန်ခြင်း

ကောင်းမွန်တဲ့ ပြိုင်ဘက်မျိုး ရှိနေတာဟာ ပျော်စရာကောင်းပြီး စိတ်ဓာတ်ရေးရာ တွန်းအားလည်း ဖြစ်စေပါတယ်။ စာမေးပွဲမှာ အမှတ်ကောင်းကောင်း၊ အဆင့်ကောင်းကောင်း ရရှိဖို့အတွက် အကြိတ်အနယ် ပြိုင်ဆိုင်နေတဲ့အခါ သင်ယူမှုကို ပိုပြီးလိုလား ထက်သန်တဲ့ သက်ရောက်မှုမျိုး ဖြစ်ပေါ်လာစေပါတယ်။ လူဆိုတာ အခြေခံ သဘောအရ ပြိုင်ဆိုင်မှုရှိရင် ပိုကြိုးစားတတ်ပြီး စာသင်ခန်းထဲမှာလည်း ဒီသဘောတရားက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။


စံပြု ရပ်တည်မှု

ပြိုင်ဆိုင်မှု တစ်ခုဟာ ကိုယ့်ထက်မြင့်တဲ့၊ ဒါမှမဟုတ် ကိုယ်နဲ့တန်းတူရှိတဲ့ ပြိုင်ဘက်ကိုသာ ယှဉ်ပြိုင်ဖို့ လိုပါတယ်။ ကိုယ့်ထက် အားနည်းချက်တွေ ရှိနေတဲ့သူနဲ့ သွားပြိုင်နေရင်တော့ တိုးတက်မှုထက် ဆုတ်ယုတ်မှုပဲ ပိုများပါလိမ့်မယ်။ ကိုယ့်ထက် အဆင့်ကောင်းတဲ့၊ အမှတ်များတဲ့ အတန်းဖော်ကို ပြိုင်ဆိုင်ခြင်းဟာ သူ့ကို စံနမူနာပြုပြီး လေးစားမှုထားတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်က ကောင်းမွန်တဲ့ အားထုတ်မှုမျိုးတွေကြောင့် ပညာရေးမှာ အဆင့်အတန်း မြင့်မြင့် ရပ်တည်လာတဲ့အခါ တခြားအတန်းဖော်တွေက စံပြအဖြစ် လေးစားပြိုင်ဆိုင်ကြတဲ့ ရပ်တည်မှုမျိုးဆီ ကိုယ်တိုင် ရောက်လာမှာပါ။


နှိုင်းယှဉ်စရာ အခြေအနေ

ပြိုင်ဆိုင်တယ်ဆိုတာ တကယ်တော့ နှိုင်းယှဉ်မှု ပုံစံတစ်ခုပါပဲ။ ကိုယ့်မှာ ပြိုင်ဘက်ကောင်း ရှိနေတဲ့အခါ သင်ယူမှုနဲ့ ပတ်သက်ပြီး တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေ ဘယ်လိုဘယ်ပုံ ပြောင်းလဲနေသလဲ ဆိုတာကို စံတစ်ခု အနေနဲ့ ပြန်လည် ချိန်ဆလို့ ရပါတယ်။ ဒါဟာ ကျောင်းစာကဏ္ဍ တစ်ခုတည်းမှာ မဟုတ်ပါဘူး။ အားကစား၊ ကျောင်းပြင်ပ ဗဟုသုတနဲ့ တခြား ကောင်းမွန်တဲ့ ကဏ္ဍ အသီးသီးအတွက်လည်း နှိုင်းယှဉ်တန်ဖိုးကို ဆန်းစစ် အဖြေထုတ်လို့ ရပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အပိုင်းမျိုးမှာပဲ အခုလို နှိုင်းယှဉ်မှုကို ကန့်သတ်ထားဖို့ လိုပါတယ်။


စိတ်တ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု

ပြိုင်ဆိုင်မှုဆိုတာဟာ စိန်ခေါ်မှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် တရားဝင် သတ်မှတ်မထားတဲ့ ပြိုင်ပွဲတစ်ခု အသွင်ကိုလည်း ဆောင်ပါတယ်။ ပြိုင်ပွဲတစ်ပွဲမှာ အမြဲနိုင်မနေသလို၊ အမြဲလည်း မရှုံးနိုင်ပါဘူး။ ပညာရေးမှာ ပြိုင်ဆိုင်ရင်း အနိမ့်အမြင့်မျိုးစုံ ဖြတ်သန်းရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ကြံ့ခိုင်မှုတွေကိုလည်း အလိုလို တည်ဆောက်ပြီးသား ဖြစ်လာပါတယ်။ အခြေအနေ မြင့်မားနေတဲ့ အခါတွေ၊ နိမ့်ကျနေတဲ့ အခါတွေမှာ ဘယ်လိုဘယ်ပုံ တုံ့ပြန် ကိုင်တွယ်ရမလဲ၊ ခံယူချက် ဘယ်လိုထားရှိရမလဲ ဆိုတာတွေကို လက်တွေ့ကျကျ သင်ယူပြီးသား ဖြစ်လာပါမယ်။


စိတ်ကူးဉာဏ် ထက်သန်မှု

ပြိုင်ဘက်ကောင်းတစ်ယောက် ရှိနေတဲ့အခါ သူ့ထက် အသာရအောင် ဘယ်လိုဘယ်ပုံ ကြံဆောင်ရမလဲ ဆိုတာကို အမြဲတမ်း တွေးဖြစ်နေမှာပါပဲ။ ကိုယ်က သူ့ထက် ဘယ်အပိုင်းမှာသာပြီး ဘယ်အပိုင်းမှာတော့ ပိုအားနည်းတယ် ဆိုတာမျိုးကို ပြန်ဆန်းစစ်ပြီး ဒီအခြေအနေတွေကို ဘယ်လိုပြင်ဆင် ပြောင်းလဲမလဲ ဆိုတာကို စိတ်ကူးကြံဆနေရမှာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ သင်ယူမှုနဲ့ဖြစ်စေ၊ ပြိုင်ဆိုင်မှုနဲ့ဖြစ်စေ ပတ်သက်တဲ့ အတွေးသစ်၊ စိတ်ကူးသစ်တွေ ထွက်ပေါ်လာနိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ တွေးခေါ် ကြံဆမှုတွေဟာ ရိုးသားပြီး နည်းလမ်းမှန်ကန်ဖို့တော့ အရမ်းအရေးကြီးတယ် ဆိုတာကို စွဲစွဲမြဲမြဲ မှတ်သားထားရပါမယ်။


တကယ်တော့ နည်းလမ်းမှန်ကန်တဲ့ ပြိုင်ဆိုင်မှုဆိုတာ စာသင်ခန်းထဲမှာသာ မကဘဲ ဘယ်လို ပတ်ဝန်းကျင် အခြေအနေမှာမဆို လိုအပ်တဲ့ စိတ်ဓာတ်ရေးရာ တွန်းအားတစ်ရပ် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ မပါတဲ့ တခြား သွယ်ဝိုက်ကောင်းကျိုးတွေလည်း အများကြီး ရှိဦးမှာပါ။ အရေးကြီးတာက ကိုယ့်ရဲ့ ပြိုင်ဆိုင်ခြင်းဟာ ခံယူချက်ပိုင်း ရိုးသားပြီး တရားမျှတတဲ့ အားထုတ်မှုမျိုး ဖြစ်နေဖို့ပါပဲ။

ဉာဏ်စမ်း ပဟေဠိတွေအကြောင်း ပြောကြရင် ပျော်စရာ ကစားနည်း တစ်ခုလို့ ယေဘုယျ ထင်မြင်တတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အမြင်မျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ကွယ်မှာ ပိုမိုကျယ်ပြန့်တဲ့ ကောင်းကျိုးတွေ တော်တော်များများလည်း ရှိနေပါသေးတယ်။ ဉာဏ်စမ်း ပဟေဠိတွေက လူတစ်ဦးချင်းစီရဲ့ ဆင်ခြင်နိုင်စွမ်း၊ ဆက်စပ် တွေးခေါ်နိုင်စွမ်းနဲ့ ဖြတ်ထိုးဉာဏ်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဘက်ပေါင်းစုံ လက်တွေ့ စမ်းသပ်မှုတွေအရ ကျောင်းသူကျောင်းသားတွေရဲ့ ပညာသင်ယူ ဆည်းပူးမှု စွမ်းရည်ကိုလည်း တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးနိုင်ကြောင်း သုတေသီတွေက ထောက်ခံကြပါတယ်။

ကျောင်းသင်ခန်းစာနဲ့ ပတ်သက်လို့ဖြစ်စေ၊ ပြင်ပ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ဖြစ်စေ ဉာဏ်စမ်း ကစားနည်းနဲ့ အမေးအဖြေတွေ ပြုလုပ်ပြီး ပြဿနာတွေ ဖြေရှင်းကြည့်တဲ့အခါ ရရှိနိုင်တဲ့ အခြေခံ အကျိုးကျေးဇူး ၇ ခုကို စုစည်း ဖော်ပြလိုက်ပါတယ်။


၁။ စွဲစွဲမြဲမြဲ အမှတ်ရစေခြင်း

ဉာဏ်စမ်းပဟေဠိ တစ်ခုခုကို ဖြေနိုင်သည်ဖြစ်စေ၊ မဖြေနိုင်သည်ဖြစ်စေ စိတ်ထဲမှာတော့ ပိုပြီး မှတ်မှတ်သားသား ဖြစ်သွားတတ်ပါတယ်။ ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တဲ့ ပဟေဠိမျိုးဆိုရင် ဒီအချက်က အတော်လေး အကျိုးကျေးဇူး များစေပါတယ်။ ဉာဏ်စမ်းပုစာၦအဖြစ် ဖြေဆိုဖူးတဲ့ သင်ခန်းစာ အစိတ်အပိုင်းမျိုးကို တော်ရုံ မမေ့တော့ပါဘူး။ အဲဒီ အကြောင်းအရာကို စာမေးပွဲမှာ မေးလာပြီဆိုရင်တော့ အဖြေကို အစရှာမရဘဲ မေ့နေတာမျိုး လုံးဝမဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာပါတယ်။


၂။ ကိုယ်ပိုင်ဗဟုသုတကို ဆန်းစစ်နိုင်ခြင်း

ဒါကတော့ ရိုးရှင်းပါတယ်။ ဉာဏ်စမ်း အမေးအဖြေ ကစားနည်းတွေက ကိုယ့်ရဲ့ ဘက်ပေါင်းစုံ ဗဟုသုတကို ပြန်လည် ဆန်းစစ်တဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ အကြောင်းအရာအလိုက် ကိုယ်က ဘယ်လောက်သိသလဲ၊ ဘယ်လောက် ဗဟုသုတရှိသလဲ ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ နားလည်လာနိုင်ပါတယ်။ နောက်ပြီး အတူတွဲဖက် ဖြေဆိုတဲ့ သူငယ်ချင်းတွေ၊ အတန်းဖော်တွေနဲ့ နှိုင်းယှဉ်ပြီး ကဏ္ဍအလိုက် ဗဟုသုတ ကွာဟမှုကို ချိန်ထိုးကြည့်နိုင်ပါတယ်။


၃။ သင်ကြားမှု အချိတ်အဆက်

ပုံမှန်ဆိုရင်တော့ ဘာသာရပ်တစ်ခုစီအတွက် သင်ခန်းစာတွေ ပို့ချရာမှာ အချိတ်အဆက်မိမိ စီစဉ်ထားလေ့ ရှိပါတယ်။ သင်ခန်းစာ တစ်ခုအပြီးမှာ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဉာဏ်စမ်း ပဟေဠိတွေ ထုတ်ပြီး ဆရာဆရာမတွေက မေးမြန်းပေးမယ်ဆိုရင် ကျောင်းသူကျောင်းသားတွေ စာပိုကျေသလို နောက်ထပ်သင်ခန်းစာကို ကူးပြောင်းရာမှာလည်း အချိတ်အဆက် ပိုမိပြီး အခြေခံပိုင်ပိုင်နဲ့ သင်ယူနိုင်မှာ ဖြစ်ပါတယ်။


၄။ ခင်မင်ရင်းနှီးမှု

ဉာဏ်စမ်းကစားနည်း တစ်ခုအတွက် အနည်းဆုံး လူနှစ်ယောက်တော့ လိုပါလိမ့်မယ်။ ဒီထက်လည်း အများကြီး ပိုနိုင်ပါတယ်။ ကောင်းမွန်ပြီး စနစ်ကျတဲ့ ဉာဏ်စမ်းမေးခွန်း ကစားနည်းတွေက အချင်းချင်း ပိုမိုရင်းနှီး ကျွမ်းဝင်စေသလို စည်းလုံးညီညွတ်မှု၊ စုပေါင်း အဖြေရှာမှု အစရှိတဲ့ အမူအကျင့်ကောင်းတွေကိုပါ ဖြစ်တည်စေပါတယ်။ ပြီးတော့ ကျောင်းသူ ကျောင်းသား အချင်းချင်းဖြစ်စေ၊ ဆရာ ဆရာမတွေနဲ့ဖြစ်စေ ဗဟုသုတတွေ ဖလှယ်မျှဝေပြီး အသိဉာဏ်လည်း တိုးပွားလာမှာပါ။


၅။ ချင့်ချိန်နိုင်စွမ်း

ဒါကတော့ ဉာဏ်စမ်းပဟေဠိ ကစားနည်းတွေမှာ အခြေခံ အကျဆုံး ကောင်းကျိုးတစ်ခု ဖြစ်ပါတယ်။ မေးခွန်းနဲ့ ပတ်သက်ပြီး ကိုယ်သိထားတဲ့ ဗဟုသုတတွေကို လက်တွေ့ အသုံးချပြီး အဖြေရှာရင်း ဦးနှောက်ရဲ့ တွေးခေါ် ချင့်ချိန်နိုင်စွမ်းကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဉာဏ်စမ်းဆိုကတည်းက ဉာဏ်ရည် ဉာဏ်သွေးကို စမ်းသပ်ဖို့ အဓိက ရည်ရွယ်ထားတာပါ။ အရည်အသွေး မြင့်မားတဲ့ ဉာဏ်စမ်း ပဟေဠိတွေဆိုတာ ကိုယ်ပိုင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို ထက်မြေ့နေအောင် သွေးပေးနေတဲ့ ဓားသွေးကျောက်လိုပါပဲ။


၆။ အသိပညာတိုးပွားခြင်း

ဉာဏ်စမ်း ပဟေဠိတွေဆိုတာက ဖြေနိုင်တာရှိသလို မဖြေနိုင်တဲ့ မေးခွန်းတွေလည်း ပါလာမှာပါပဲ။ မဖြေနိုင်တော့ ဘာဖြစ်သလဲ။ အကျိုးယုတ်သွားတာ ဘာမှမရှိပါဘူး။ ကိုယ်မသိသေးတဲ့ ကိစ္စတစ်ခုရဲ့ အဖြေကို ပြန်သိလာတာ အမြတ်ပါ။ ဉာဏ်စမ်း ကစားနည်းတွေမှာ ကိုယ်တိုင်ပါဝင်ဖြေဆိုတာ မဟုတ်ရင်တောင် ဘေးလူအနေနဲ့ အဖြေရှာကြည့်၊ ချိန်ကိုက်ကြည့်နေရင်း မသိသေးတာတွေ၊ နားမလည်သေးတာတွေ တော်တော်များများကို သိလာ၊ နားလည်လာပါလိမ့်မယ်။ ဗဟုသုတတွေ အများကြီး စုဆောင်းရယူနိုင်မှာ ဖြစ်ပါတယ်။


၇။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

ဉာဏ်စမ်းပဟေဠိ ကစားနည်းတွေဆိုတာ စမ်းသပ်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် ဗဟုသုတ၊ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းတွေကို စမ်းသပ်တဲ့သဘောမျိုးပါ။ အစပိုင်းမှာ နည်းနည်း တွေးပူတာ၊ စိုးရိမ်တာတွေ ရှိနိုင်ပေမယ့် ဉာဏ်စမ်းပဟေဠိ ကစားနည်းတွေနဲ့ နီးစပ်အံဝင်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည် အားကိုးချင်စိတ် ပိုတိုးလာမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် အားကောင်းနေတာဟာ ပညာရေးကဏ္ဍ တစ်ခုတည်းသာမကဘဲ ဘဝမှာ ကြုံလာရမယ့် အခြေအနေတိုင်း၊ ဖြတ်သန်းမှုတိုင်းအတွက် ကောင်းကျိုး ကြီးကြီးမားမား ရရှိစေမှာပါ။


တကယ်တော့ ဉာဏ်စမ်းပဟေဠိတွေနဲ့ အကျွမ်းတဝင် ရှိခြင်းအတွက် တခြား ကောင်းကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ကိစ္စတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတတ်ပေမယ့် ပညာရေးနဲ့ဆက်စပ်တဲ့ ဉာဏ်စမ်း ကစားနည်းတွေ၊ မေးခွန်းတွေကို ကိုင်တွယ် ဖြေဆိုနေခြင်းကတော့ ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ ကိုယ်ပိုင်ဉာဏ်ရည်ကို မြှင့်တင်ဆန်းစစ်တဲ့ ဉာဏ်စမ်း စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ရင်း ပိုထူးချွန်တဲ့၊ ပိုပြီး စွယ်စုံကျွမ်းကျင်တဲ့ အရည်အသွေးမြင့် လူတော်လူကောင်း ကျောင်းသူကျောင်းသားတွေ ဖြစ်လာမှာ သေချာပါတယ်။

ဗဟုသုတ များပြားခြင်းဟာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ဖြည့်ဆည်းမှု တစ်ခုဆိုတာ သံသယရှိစရာ မလိုပါဘူး။ အရွယ်သုံးပါးမရွေး ဘက်စုံ အထွေထွေ ဗဟုသုတတွေ ပြည့်ဝပြီး ကွဲပြားတဲ့ အကြောင်းအရာတွေကို လေ့လာ မှတ်သားထားရင် တစ်ချိန်ချိန်မှာ အသုံးဝင်လာမှာပဲ ဖြစ်ပါတယ်။ စာသင်သား ကျောင်းသူကျောင်းသားတွေ အတွက်လည်း အတူတူပါပဲ။

ကျောင်းသင်ခန်းစာတွေထဲက အကြောင်းအရာတွေ အပြင်ဘက်ကို ဖောက်ထွက်ပြီး သိသင့်သိထိုက်၊ မှတ်သင့်မှတ်ထိုက်တဲ့ ဗဟုသုတတွေ ရှာမှီးထားခြင်းဟာ ပညာသင်ယူမှုကို နည်းလမ်း အသွယ်သွယ်က ပံ့ပိုး ထောက်ကူလာနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်သင့်တော်တဲ့ ဗဟုသုတမျိုး၊ သိသင့်တတ်ထိုက်တဲ့ ဗဟုသုတမျိုးကို ရွေးချယ် စုဆောင်းဖို့တော့ လိုပါတယ်။ အခုဆောင်းပါးမှာတော့ ပြင်ပ အထွေထွေ ဗဟုသုတတွေကြောင့် ကျောင်းပညာရေးအပေါ် ဘယ်လို ကောင်းကျိုးတွေ သက်ရောက်နိုင်သလဲ ဆိုတာကို စုစည်း ဖော်ပြပေးထားပါတယ်။


၁။ ဆွေးနွေးမှုတွေ ပိုလွယ်ကူ

သိပ္ပံဘာသာရပ်ပဲဖြစ်ဖြစ်၊ ဝိဇ္ဇာဘာသာရပ်ပဲဖြစ်ဖြစ် ဖတ်စာအုပ်ထဲမှာ ဖော်ပြမှုကတော့ အကန့်အသတ်နဲ့သာ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် လေ့လာထားတဲ့ ပြင်ပ ဗဟုသုတတွေ ရှိနေမယ်ဆိုရင် ဘာသာရပ်ပိုင်း ဆွေးနွေး နှီးနှောကြတဲ့ အခါမှာ အများကြီး ကောင်းကျိုး ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ နောက်ခံ အကြောင်းတရားတွေ၊ ကွင်းဆက် သဘောတရားတွေကို သိရှိ နားလည်ထားတဲ့အခါ ရှုပ်ထွေးတဲ့ အခြေအနေတွေကို ပိုပြီး အဆင်ပြေပြေ ဖြေရှင်းပြနိုင်ပါတယ်။ အဲဒီအခါ စကားဝိုင်းမှာ ကိုယ်က ဦးဆောင်သူတောင် ဖြစ်လာပါလိမ့်မယ်။


၂။ ဖန်တီးမှုစွမ်းရည် ပိုကောင်း

သင်ရိုးအတိုင်း ပြဋ္ဌာန်းချက်တွေကို စာမေးပွဲမှာ ပိုင်ပိုင်နိုင်နိုင် တိတိကျကျ ဖြေဆိုနိုင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင် ဗဟုသုတနဲ့ ပေါင်းစပ် ဖြည့်တင်းထားတဲ့ ဖြေဆိုမှုကတော့ ကောင်းတဲ့အဆင့်ထက် ပိုတယ်။ အမှတ်ပေးတဲ့ ဆရာ၊ ဆရာမတွေ အထင်ကြီးသွားအောင် ဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ပိုင် ဗဟုသုတတွေကို ကျောင်းစာမှာ သင့်တော် မှန်ကန်အောင် ပေါင်းစပ်နိုင်ရင် ကိုယ့်ရဲ့ ဖန်တီးမှု အရည်အသွေးက ပိုမြင့်တက်မှာ သေချာပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ စာစီစာကုံးနဲ့ Essay တွေ ဖြေဆိုတဲ့အခါမျိုးမှာပါ။ ပုံမှန် သုံးနှုန်းနေတဲ့ ဥပမာတွေထဲက ကွဲထွက်နေပြီး ကိုယ်ပိုင် ဗဟုသုတနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ စာတစ်ပုဒ်ဟာ အများကြီး ပိုဆွဲဆောင်နိုင်တယ်လို့ အမှတ်ပေးတဲ့ ဆရာ၊ ဆရာမတိုင်း လက်ခံကြပါလိမ့်မယ်။


၃။ ဆုံးဖြတ်ချက် ပိုမှန်ကန်

ဒီအချက်က ပညာသင်ယူနေတဲ့ အချိန်တင်မကဘဲ ဘဝတစ်ခုလုံးစာ အတွက်ပါ အကျုံးဝင်မယ့် ကိစ္စပါ။ စာသင်သား ဘဝမှာတော့ စာမေးပွဲ ဖြေနေတဲ့ အချိန်မှာ မေးခွန်းတစ်ခုကို သိပ်မရှင်းဘူး၊ ဒါမှမဟုတ် ကိုယ်လေ့လာ ကျက်မှတ်ထားတဲ့ အကြောင်းအရာ မဟုတ်ဘူး ဆိုတာမျိုး ကြုံလာရင် စိတ်ပူသွားတတ်ပါတယ်။ ဒါပေမဲ့ ဆက်စပ် အခြေအနေတွေနဲ့ ပတ်သက်လို့ ဗဟုသုတ သေသေချာချာ ရှိထားရင် ဘယ်အဖြေမျိုးဟာ ပိုသင့်တော်သလဲ၊ ဒါမှမဟုတ် ကိုယ်ပိုင် သင်ယူလေ့လာထားတဲ့ ဗဟုသုတတွေထဲက ဘယ်အကြောင်းအရာတွေကို ထည့်ဖြေလို့ ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်မှာပါ။ မေးခွန်းအတွက် အဖြေကို အတိအကျ ကျက်မှတ် မထားမိရင်တောင် ဆက်စပ် ဗဟုသုတတွေ ရှိနေရင် အဲဒီအကြောင်းအရာတွေကို ဖြေဆိုပြီး အမှတ်ပြည့် မဟုတ်တာတောင် ကျေနပ်လောက်စရာ အတိုင်းအတာမျိုး အမှတ်ပြန်ယူနိုင်တဲ့ အားသာချက်လည်း ရှိနိုင်ပါသေးတယ်။


၄။ ယုံကြည်မှု ပိုအားကောင်း

ပညာရေးဆိုတာ သင်ယူမှတ်သားမှု ပုံစံတစ်မျိုးသာ ဖြစ်ပါတယ်။ များများ သင်ယူ၊ များများ မှတ်သား၊ များများ ဗဟုသုတ ရှိထားသူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုအားကောင်းတတ်တာ ဓမ္မတာပါပဲ။ ကိုယ်ပိုင် ဗဟုသုတ ပေါများတဲ့သူဟာ စာသင်ခန်းထဲမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိနေမှာ ဖြစ်ပါတယ်။ ပြီးတော့ အတန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစား အားကိုးမှု၊ မေးမြန်း မှီငြမ်းမှုကိုလည်း ခံယူနိုင်မှာပါ။ အတန်းထဲမှာ ဆိုရင်လည်း ကိုယ်တိုင် ဆည်းပူး မှတ်သားထားတဲ့ ဗဟုသုတတွေကို ပြန်လည် ဝေမျှပေးတဲ့အခါ ဆရာ၊ ဆရာမတွေရော၊ အတန်းဖော်တွေကပါ အထင်တကြီး ရှိကြပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ထားနိုင်ခြင်းဟာ ဘယ်လို အခြေအနေမှာမှ အမှားမရှိတာ သေချာပါတယ်။


၅။ အတွေးအခေါ် ပိုအားကောင်း

ဒလူဆိုတာ ကိုယ်ပိုင် လေ့လာမှုတွေကို အခြေခံပြီး ဆင့်ပွား တွေးခေါ်တတ်တဲ့ သက်ရှိမျိုးစိတ်ပါ။ ကိုယ်တိုင် လေ့လာသင်ယူထားတဲ့ ဗဟုသုတတွေ များပြား စည်ပင်နေမှသာ အဲဒီအသိတွေကို အခြေခံပြီး အကောင်းအဆိုး၊ အမှန်အမှား တဖြည်းဖြည်း ဆန်းစစ် ဆုံးဖြတ်လာကြတာ ဖြစ်ပါတယ်။ စာသင်ခန်း ပတ်ဝန်းကျင်မှာလည်း ဒီသက်ရောက်မှုက တူတူပါပဲ။ အသိဉာဏ် မဖွံ့ဖြိုးသူတွေ အမှန်ထင်နေတဲ့ အရာဟာ ဗဟုသုတ များပြားတဲ့ ကျောင်းသူကျောင်းသား တစ်ယောက်ရဲ့ အမြင်မှာ အမှားဖြစ်နေနိုင်ပါတယ်။ လေ့လာမှု အားကောင်းသူ တစ်ဦးဟာ ကိုယ်ပိုင် ဗဟုသုတတွေကို ပိုင်းခြားဆုံးဖြတ် စီစဉ်ပြီးမှ ဆုံးဖြတ်တဲ့အတွက် လက်တွေ့ ကောင်းကျိုးနဲ့ ပိုနီးစပ်အောင် ရွေးချယ်နိုင်ပါတယ်။ ဒါဟာ စာသင်သား မောင်မယ်တွေရဲ့ ပညာရေး ကဏ္ဍအပြင် ကိုယ်ကျင့်တရားနဲ့ ခံယူချက်တွေကိုပါ ပိုမို အကျိုးဖြစ်ထွန်းစေမယ့် ကောင်းကျိုးတစ်ရပ် ဖြစ်ပါတယ်။


ဗဟုသုတ ကြွယ်ဝခြင်း ဆိုတာဟာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ အခြေအနေမရွေး ကောင်းကျိုး ဖြစ်ထွန်းစေတဲ့ ဝိသေသ တစ်ရပ်ပါ။ ဒါပေမဲ့ စာသင်သားအရွယ်မှာ ရှာမှီးတဲ့ ပြင်ပ ဗဟုသုတတွေမှာတော့ အဆိပ်အတောက် ပါဝင်တဲ့ အကြောင်းအရာတွေကို ရှောင်ဖို့ အရေးကြီးပါတယ်။ ဒါဟာ မိဘ၊ ဆရာတွေက ကူညီ လမ်းပြပေးရမယ့် အပိုင်းဖြစ်သလို ကိုယ်တိုင်လည်း ဆင်ခြင်စဉ်းစားရမယ့် ကျင့်ဝတ်တစ်ခုပါ။ မှန်ကန်သင့်တော်တဲ့ အထွေထွေ ပြင်ပ ဗဟုသုတမျိုး အများအပြား ပိုင်ဆိုင်ပြီး ပညာရေးအတွက် တစ်ဖက်တစ်လမ်းက အသုံးချနိုင်မယ် ဆိုရင်တော့ ဘက်ပေါင်းစုံ ထူးချွန်ထက်မြက်တဲ့၊ ဦးဆောင်နိုင်တဲ့၊ စာရိတ္တ မြင့်မားတဲ့ ကျောင်းသူ ကျောင်းသားကောင်းတွေ ပေါ်ထွန်းလာဖို့ ကောင်းမွန်တဲ့ အစပြုမှုတစ်ခုလို့ ရည်ညွှန်းရမှာ ဖြစ်ပါတယ်။

နည်းပညာတွေ မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်မှာ မိုဘိုင်းဖုန်းဆိုတာက လူတိုင်းလက်ထဲမှာ ရှိနေတဲ့ အသုံးအဆောင် ပစ္စည်းမျိုး ဖြစ်လာပါပြီ။ ကျောင်းသူကျောင်းသားတွေ ကိုယ်စီကိုယ်စီမှာလည်း ခေတ်နဲ့အညီ စမတ်ဖုန်းတွေ ကိုင်ဆောင်နေကြပါတယ်။ စမတ်ဖုန်းတွေနဲ့ တွဲဖက် အသုံးပြုဖို့ App တွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးဆွဲဖန်တီးနေကြရာမှာ ပညာရေးအတွက် ဘက်ပေါင်းစုံက စဉ်းစားပြီး အထောက်အပံ့ ပေးနိုင်တဲ့ App မျိုးတွေလည်း ရှိပါတယ်။

ဒါကြောင့် စမတ်ဖုန်းတစ်လုံးကို ဆက်သွယ်ရေးကိရိယာ၊ ဖျော်ဖြေရေး ကိရိယာအနေနဲ့အပြင် ကိုယ့်ရဲ့ ပညာရေးအတွက် ကောင်းကျိုးဖြစ်စေမယ့် ပစ္စည်းတစ်ခုအသွင်ပါ ပြောင်းလဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အထက််တန်းအဆင့် ကျောင်းသူကျောင်းသားတွေရဲ့ ဖုန်းထဲမှာ ထည့်သွင်းထားသင့်ပြီး လက်တွေ့လည်း အသုံးပြုနေသင့်တဲ့ ပညာရေး အထောက်အကူပြု မိုဘိုင်း App တွေကို စုစည်းဖော်ပြလိုက်ပါတယ်။


၁။ အချိန် စီမံခန့်ခွဲမှု App တွေ

ကျောင်းသူကျောင်းသား တစ်ယောက်အတွက် အချိန်ကို စီမံခန့်ခွဲ ပိုင်းခြားရတယ် ဆိုတာဟာ ထင်သလောက် မလွယ်ပါဘူး။ ကျောင်း၊ ကျူရှင်နဲ့ နေအိမ်ကြားမှာ နိစ္စဓူဝ လှုပ်ရှားနေရတဲ့ အကြောင်းအရာတွေက စုံလင်လွန်းပြီး အပြောင်းအလဲတွေလည်း ရှိနေပါတယ်။ တစ်နေ့မှာ ၂၄ နာရီ ရှိတဲ့အနက် ဘယ်အချိန်ကို စာကျက်မယ်၊ ဘယ်အချိန်ကို နားနေမယ်၊ ဘယ်အချိန်ကို ကျန်းမာရေး လေ့ကျင့်ခန်းတွေအတွက် အသုံးချမယ် စသဖြင့် ကိုယ်နဲ့ ကိုက်ညီအောင် အစီအစဉ်ချထားဖို့ လိုပါတယ်။ အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အခမဲ့ မိုဘိုင်း App တွေ တော်တော်များများ ရှိနေပါတယ်။ အသုံးဝင်မှုကလည်း အမျိုးမျိုးပါပဲ။ ဥပမာ 30/30 လို App မျိုးဆိုရင် စာကျက်ချိန်နဲ့ နားချိန်ကို သင့်တော်အောင် ပိုင်းခြားပေးရာမှာ အတော် အဆင်ပြေပါတယ်။


၂။ အဆိုအမိန့် App တွေ

ထူးချွန်သူတွေ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့် စကားတွေကို စုစည်းပေးထားတဲ့ မိုဘိုင်း App တွေ အများအပြား ရှိပါတယ်။ ကိုယ့်အတွက် အဆင်ပြေတဲ့ တစ်ခုကို ဖုန်းထဲမှာ ထည့်ထားသင့်ပါတယ်။ မြန်မာစာ စာစီစာကုံးနဲ့ အင်္ဂလိပ်စာ Essay တွေ ရေးတဲ့အခါမှာ ကိုယ်ဖတ်ထားဖူးတဲ့၊ စိတ်ထဲမှာ မှတ်မှတ်သားသားဖြစ်နေတဲ့ အဆိုအမိန့်တွေကို ထည့်ရေးနိုင်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ ပြင်ပဗဟုသုတ မှီငြမ်းလေ့လာမှုကို ထုတ်ပြသလို ဖြစ်စေပြီး စာမေးပွဲမှာ အမှတ်ပေးတဲ့ ဆရာ၊ ဆရာမရဲ့ အထင်ကြီးမှုကိုပါ ရရှိနိုင်ပါတယ်။


၃။ eBook ဖတ်နိုင်တဲ့ App တွေ

ဒါကတော့ ရှင်းပါတယ်။ စာဖတ်ခြင်းဟာ အထက်တန်း ကျောင်းသူကျောင်းသား အရွယ်တင်မကဘဲ အရွယ်သုံးပါး မရွေး သင့်တော်ကောင်းမွန်တဲ့ အလေ့အထကောင်း ဖြစ်ပါတယ်။ နည်းပညာခေတ်မှာ လက်ထဲ ကိုင်ဖတ်နေတဲ့ စာအုပ်တွေအစား ဒစ်ဂျစ်တယ်ဖိုင်အဖြစ် ပြောင်းလဲထားတဲ့ eBook တွေကို အင်တာနက်မှာ အလွယ်တကူ ရယူနိုင်ပါပြီ။ iBook လို App တွေဟာ ဖုန်းထဲမှာ စာအုပ်ပေါင်း ထောင်နဲ့ချီပြီး သိုမှီးထားဖို့နဲ့ အကြောင်းအရာလိုက် စီစဉ်သတ်မှတ်ထားဖို့ ကူညီပေးနိုင်ပါတယ်။ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်တဲ့ စာအုပ်တွေအပြင် ပြင်ပဗဟုသုတ ရရှိမယ့် စာအုပ်တွေကို ဖုန်းထဲထည့်ထားပြီး အချိန်ရတဲ့အခါ စာဖတ်နေရင် အကျိုးယုတ်စရာ အကြောင်းမရှိပါဘူး။


၄။ သိပ္ပံပညာဆိုင်ရာ App တွေ

ဒါကတော့ ရှင်းပါတယ်။ စာဖတ်ခြင်းဟာ အထက်တန်း ကျောင်းသူကျောင်းသား အရွယ်တင်မကဘဲ အရွယ်သုံးပါး မရွေး သင့်တော်ကောင်းမွန်တဲ့ အလေ့အထကောင်း ဖြစ်ပါတယ်။ နည်းပညာခေတ်မှာ လက်ထဲ ကိုင်ဖတ်နေတဲ့ စာအုပ်တွေအစား ဒစ်ဂျစ်တယ်ဖိုင်အဖြစ် ပြောင်းလဲထားတဲ့ eBook တွေကို အင်တာနက်မှာ အလွယ်တကူ ရယူနိုင်ပါပြီ။ iBook လို App တွေဟာ ဖုန်းထဲမှာ စာအုပ်ပေါင်း ထောင်နဲ့ချီပြီး သိုမှီးထားဖို့နဲ့ အကြောင်းအရာလိုက် စီစဉ်သတ်မှတ်ထားဖို့ ကူညီပေးနိုင်ပါတယ်။ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်တဲ့ စာအုပ်တွေအပြင် ပြင်ပဗဟုသုတ ရရှိမယ့် စာအုပ်တွေကို ဖုန်းထဲထည့်ထားပြီး အချိန်ရတဲ့အခါ စာဖတ်နေရင် အကျိုးယုတ်စရာ အကြောင်းမရှိပါဘူး။


၅။ အဘိဓာန် App တွေ

ဒီကိစ္စကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။ အင်္ဂလိပ်စာနဲ့ ရေးသားထားတဲ့ အကြောင်းအရာတွေအတွက် အဘိဓာန်တွေကတော့ မဖြစ်မနေ အသုံးလိုမှာပါပဲ။ ခေတ်အခြေအနေကြောင့် ဟိုးအရင်ကလို စာအုပ်အထူကြီးတွေ တကူးတက ဆောင်ထားစရာ မလိုတော့ဘဲ စမတ်ဖုန်း အသုံးပြု App တွေအဖြစ် အဘိဓာန်အမျိုးမျိုးကို ရယူနိုင်ပါပြီ။ ကမ္ဘာကျော် တက္ကသိုလ်တွေက ထုတ်တဲ့ အဘိဓာန်တွေကအစ၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေထိ အင်တာနက်ပေါ်မှာ ရှိနေပါတယ်။ ကိုယ်နဲ့ အဆင်ပြေရာ၊ ကိုက်ညီရာကို သေချာရွေးချယ်ပြီး ဖုန်းထဲ ထည့်ထားရုံပါပဲ။


၆။ စွယ်စုံကျမ်း App တွေ

ဒီအပိုင်းမှာတော့ Wikipedia ကို လူတိုင်းသိပြီးသား ဖြစ်ပါလိမ့်မယ်။ စွယ်စုံကျမ်း App ကောင်းကောင်းကို ထည့်ထားခြင်းအားဖြင့် ကိုယ့်ရဲ့ သင်ခန်းစာပါ အကြောင်းအရာတစ်ခုကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းရှင်းလင်းလင်း ဖြစ်လာအောင် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အခြေခံ နည်းနည်းကောင်းဖို့တော့ လိုပါလိမ့်မယ်။ Wikipedia လို App တွေမှာ သိပ္ပံဆိုင်ရာ၊ သမိုင်းဆိုင်ရာ အကြောင်းအရာပေါင်း မြောက်မြားစွာကို ကမ္ဘာအနှံ့က ပညာရှင်တွေ စုပေါင်းရေးသား ပေးထားတဲ့အတွက် ထိရောက်တဲ့ သင်ယူဆန်းစစ်မှုမျိုး ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ အကြောင်းအရာစုံကို လေ့လာနိုင်တဲ့အတွက် ပြင်ပ ဗဟုသုတ တိုးပွားလာတဲ့ ကောင်းကျိုးမျိုးကိုပါ ရရှိနိုင်ပါတယ်။


တကယ်တော့ ပညာသင်ကြားနေတဲ့ အချိန်မှာ မိုဘိုင်းဖုန်း သုံးစွဲမှုကို အတိုင်းအတာ တစ်ခုထိ ကန့်သတ်ထားသင့်ပါတယ်။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းအရ မိဘတွေအနေနဲ့လည်း သားသမီးတွေကို ဖုန်းမဝယ်ပေးလို့ မဖြစ်တဲ့ တောင်းဆိုမှုတွေလည်း ကြုံရတတ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေကို ပညာရေး အထောက်အပံ့ ပစ္စည်းအနေနဲ့ပါ အသုံးချနိုင်အောင် လေ့ကျင့်သင်ကြားပေးခြင်းက ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာတဲ့ ဖြေရှင်းမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

စာတစ်ပုဒ်ကို ဦးနှောက်ထဲ စွဲမြဲနေအောင် မှတ်သားရာမှာ စာကျက်နည်း ပုံစံ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခြေခံ သဘောတရားကတော့ နှစ်ခုတည်းပဲ ခွဲခြားယူနိုင်ပါတယ်။ အဲဒါက အလွတ်ကျက်ခြင်းနဲ့ အကြောင်းအရာကို နားလည်အောင် ဝေဖန်ပိုင်းခြား မှတ်သားခြင်းပဲ ဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားတွေရော၊ ဆရာဆရာမတွေ အတွက်ပါ ဒီနည်းလမ်း နှစ်ခုကြားမှာ ဘယ်ဟာက ပိုသင့်တော်သလဲ ဆိုတာကို အမြဲလိုလို ဒွိဟ ဖြစ်လေ့ရှိပါတယ်။ အလွတ်ကျက်မှတ်ရတာ အားသန်သူတွေ ရှိသလို စာတစ်ပုဒ်ကို နားလည်အောင် သေချာဖတ်ပြီး ကိုယ့်အာဘော်နဲ့ ကိုယ်တိုင် မှတ်သားတတ်တဲ့ ကျောင်းသူကျောင်းသားတွေလည်း ရှိကြမှာပါ။

ယေဘုယျအနေနဲ့ ဆန်းစစ်ရင်တော့ ဘာသာဗေဒနဲ့ အတိအကျ အဓိပ္ပါယ် သတ်မှတ်ထားတဲ့ အပိုင်းတွေကို အလွတ်ကျက်တာ ပိုကောင်းပါလိမ့်မယ်။ သင်္ချာဘာသာနဲ့ သိပ္ပံရေးရာ သဘောတရားတွေကတော့ နားလည်အောင် မှတ်သားတာ ပိုအဆင်ပြေနိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ အလွတ်ကျက်မှတ်ခြင်းနဲ့ နားလည်အောင် မှတ်သားခြင်း ပုံစံနှစ်ခုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။


၁။ အလွတ်ကျက်မှတ်ခြင်း

ကောင်းကျိုးများ
- စာတစ်ပုဒ်၊ အကြောင်းအရာတစ်ခုကို ၏၊ သည်မရွေး မှတ်မိဖို့ ပိုပြီး အသုံးဝင်ပါတယ်။ စကားလုံး အသုံးအနှုန်း မှားလို့မရတဲ့ အခြေအနေတွေ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ကျက်မှတ်ရာမှာ အရမ်းထိရောက်ပါတယ်။
- သေသေချာချာ အားစိုက်ကျက်မှတ်ထားမယ်ဆိုရင် စာပါအကြောင်းအရာ အသေးစိတ်ကို ပိုပြီး စွဲစွဲထင်ထင် မှတ်မိနေနိုင်ပါတယ်။
- ပိုင်ပိုင်နိုင်နိုင် အလွတ်ကျက်မှတ်ထားတဲ့ စာတစ်ပုဒ်ကို စာမေးပွဲမှာ ဖြေခွင့်ရပြီဆိုရင် စဉ်းစားနေစရာ မလိုလောက်အောင် တရစပ် မြန်မြန်ဆန်ဆန် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
- အထစ်အငေါ့ မရှိလောက်အောင် ကျက်မှတ်ထားတဲ့ စာတစ်ပုဒ်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကလည်း အမြင့်ဆုံး ဖြစ်နေမှာပါ။

ဆိုးကျိုးများ
- စာပါ အကြောင်းအရာအတိုင်း တသွေမတိမ်း ကျက်မှတ်ထားတဲ့အတွက် ပြင်ပအမြင်နဲ့ ဆန်းစစ်နိုင်စွမ်း နည်းသွားတတ်ပါတယ်။ ခြုံငုံသုံးသပ်နိုင်စွမ်း၊ ထုတ်နုတ်ဆင်ခြင်နိုင်စွမ်းတွေ လျော့ပါးသွားတတ်တယ်။
- စာကို အလွတ်ရနေရင်တောင် တခြားသူကို ပြန်ရှင်းပြပါဆိုရင် ရေရေလည်လည် ပြောပြတတ်ဖို့ ခက်ပါတယ်။ ကိုယ်ကျက်မှတ်ထားတဲ့ အကြောင်းအရာတွေကို ဝေမျှရာမှာ ပြဿနာတွေ ရှိနိုင်တယ်။
- ပြင်ပ အသိပညာ ဗဟုသုတတွေနဲ့ စာပါ အကြောင်းအရာတွေ ချိတ်ဆက် တွေးတောဖို့ အတားအဆီး ဖြစ်နေတတ်ပါတယ်။
- ကျက်မှတ်ထားတဲ့ အကြောင်းအရာမှာ ဘယ်ဟာက ဆိုလိုရင်း၊ ဘယ်အချက်က အရေးကြီးတယ်၊ ဘယ်အပိုင်းက အရေးကြီးတယ် စတာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ အရောရောအနှောနှော ဖြစ်နေနိုင်ပါတယ်။


၂။ နားလည်အောင် မှတ်သားခြင်း

ကောင်းကျိုးများ
- စာပါ အကြောင်းအရာကို ပိုပြီး အခြေခံကျကျ၊ စေ့စေ့စပ်စပ် ခြုံငုံ နားလည်နိုင်သလို အလွတ်ကျက်ထားတာထက် ရေရှည်ပိုမိုပြီး မှတ်မိနိုင်ပါတယ်။
- အကြောင်းအရာ တစ်ခုကို မှတ်သားတဲ့အခါမှာ အဓိပ္ပါယ်၊ အချိတ်အဆက်၊ အတွေးအမြင်၊ ဆိုလိုရင်း စတဲ့ ကဏ္ဍတစ်ခုချင်းစီကို ပိုပြီး ကွဲကွဲပြားပြား နားလည်နိုင်ပါတယ်။
- သတ်မှတ်ထားတဲ့ ဘောင်တစ်ခုထဲမှာ ပိတ်မိမနေဘဲ ဖြန့်ကျက်စဉ်းစားနိုင်စွမ်း၊ အသွင်တူတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်ချိတ်ဆက်နိုင်စွမ်း ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။ စာတစ်ပုဒ်ရဲ့ အဓိကအကျဆုံး အချက်တွေကိုလည်း ပိုပြီး ထိထိရောက်ရောက် မှတ်သားနိုင်ပါတယ်။
- မေးခွန်းတစ်ခုအတွက် အဖြေဟာ ဘယ်အထိ ချုံ့နိုင်မလဲ၊ ချဲ့နိုင်မလဲ ဆိုတာကို ပိုင်းခြားဆုံးဖြတ်နိုင်တယ်။ မေးခွန်းလှည့်တဲ့ဒဏ်ကို ပိုခံနိုင်တယ်။ ဒါမေးလို့ ဒါဖြေတယ်ဆိုတာမျိုး ပုံသေကားချပ် မဟုတ်ဘဲ မေးခွန်းနဲ့ လိုက်ဖက်ညီထွေ ဆင်ခြင်ထုတ်နုတ်ထားတဲ့ အဖြေမျိုးဟာ အမှတ်ပေးသူတွေကို ပိုပြီး အထင်ကြီးစေပါတယ်။

ဆိုးကျိုးများ
- စာတစ်ပုဒ်ရဲ့ အဓိက အကြောင်းရင်းတွေကို စွဲစွဲမြဲမြဲ မှတ်မိနေပေမယ့် အသေးစိတ်တော့ ဖြစ်ဖို့ မလွယ်ပါဘူး။
- စာမေးပွဲ ဖြေရာမှာ မေးခွန်းရဲ့အဖြေကို လည်လည်ပတ်ပတ် သိထားရင်တောင် ကိုယ်နားလည်ထားတဲ့ ကိစ္စတွေကို ဘယ်နေရာက အစပြုရမလဲ ဆိုတာမျိုး ဇဝေဇဝါ ဖြစ်တတ်ပါတယ်။
- စကားအသုံးအနှုန်းတွေ၊ ဝေါဟာရတွေ တိတိကျကျ ရေးပြဖို့လိုတဲ့ စာမျိုး၊ ဥပမာ အဓိပ္ပါယ် သတ်မှတ်ချက်တွေဆိုရင် ဒီနည်းလမ်းကိုသုံးရတာ အန္တရာယ်များပါတယ်။
- စာတစ်ပုဒ်ကို အလွတ်ကျက်ထားတာနဲ့ ယှဉ်ရင်တော့ ပြန်စဉ်းစားရ၊ ခေါင်းထဲမှာ ပြန်စာစီရတာမျိုး ရှိတာကြောင့် စာမေးပွဲဖြေရင် နည်းနည်းအချိန်ပိုယူရနိုင်ပါတယ်။




ကိစ္စတိုင်းမှာ အကောင်းနဲ့အဆိုး၊ အဖြူနဲ့အမည်း ဒွန်တွဲပြီး ရှိနေမှာပါပဲ။ အခုလည်း အလွတ်ကျက်မှတ်ခြင်းနဲ့ နားလည်အောင် မှတ်သားခြင်းမှာ အားသာချက်၊ အားနည်းချက်တွေ အသီးသီး ရှိနေတာအမှန်ပါ။ ကျောင်းသူကျောင်းသားတွေ အနေနဲ့ ဘယ်နည်းလမ်းဟာ ကိုယ်နဲ့ ပိုကိုက်ညီသလဲ ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုက နည်းလမ်းတစ်ခုတည်းကို ဆုပ်ကိုင်ပြီး တခြားတစ်ခုကို လုံးဝ မျက်ကွယ်ပြုထားလို့ မရနိုင်ဘူး ဆိုတာပါပဲ။


ပြိုင်ဆိုင်မှုဆိုတာ လူသားတွေရဲ့ အခြေခံအကျဆုံး စိတ်ဓာတ်တွန်းအား တစ်ခုလို့ ဆိုနိုင်ပါတယ်။ နေရာတိုင်း၊ ဒေသတိုင်း၊ ပတ်ဝန်းကျင်တိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ပြိုင်ဆိုင်မှုတွေရှိတတ်တာ ဓမ္မတာပါပဲ။ စာသင်ခန်းထဲမှာလည်း ကျောင်းသူကျောင်းသားချင်း စာမေးပွဲအမှတ်တွေ၊ အဆင့်တွေ ပြိုင်တတ်ကြတာ ထုံးတမ်းစဉ်လာလို ဖြစ်နေပါပြီ။ ဒီအမူအကျင့်ဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာကို ဝေခွဲဖို့မလွယ်ပါဘူး။

ကဒါပေမဲ့ ခေတ်သစ် သင်ကြားမှုစနစ်တွေ၊ အထူးသဖြင့် ကျောင်းသူကျောင်းသားကို ဗဟိုပြုချဉ်းကပ်တဲ့ စာသင်ခန်းတွေမှာတော့ ပြိုင်ဆိုင်မှုထက် ကျောင်းသူကျောင်းသား အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ဦးစားပေးလာတာ တွေ့ရပါတယ်။ ပြိုင်ဆိုင်မှုဆိုတာ တစ်ဦးချင်း ထူးချွန်မှုကို ပိုမို အသားပေးပြီး ပေါင်းစည်းလုပ်ဆောင်မှုကတော့ အသင်းလိုက် လှုပ်ရှားမှုနဲ့ ပိုပြီး ဆက်နွှယ်တယ်လို့ ယေဘုယျ ယူဆနိုင်ပါတယ်။


၁။ အပြိုင်အဆိုင်ရှိတဲ့ စာသင်ခန်း

ဒီပုံစံကို တစ်ဦးချင်း စူးစိုက်ချဉ်းကပ်တဲ့ သင်ယူမှုပုံစံလို့လည်း ခေါ်ဝေါ်တတ်ကြပါတယ်။ ပိုပြီး သမားရိုးကျဆန်တယ်။ ပိုပြီး တိုက်ရိုက်ကျတယ်။ စာသင်သား ကျောင်းသူ ကျောင်းသားတွေဟာ ကိုယ်တိုင်ကိုယ်ကျ စာကျေအောင်၊ စာရအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ရတယ်။ ဆရာ ဆရာမတွေကလည်း တစ်ဦးချင်း လုပ်ဆောင်မှုကို ကြည့်ပြီးတော့ အမှတ်ပေးတဲ့ပုံစံမျိုးပါ။ “ကိုယ်ကျက်မှ ကိုယ်စာရမှာ” ဆိုတဲ့ လက်သုံးစကားကို ခေတ်အဆက်ဆက် ကျောင်းသူကျောင်းသားတွေ ကြားခဲ့ဖူးပြီး ဖြစ်ပါလိမ့်မယ်။ ဒီစနစ်မှာတော့ ကျောင်းသူကျောင်းသား တစ်ယောက်ချင်းစီက ကိုယ့်အမှတ်ကောင်းဖို့၊ ပညာရည် စိစစ်မှု ကတ်ပြားမှာ အဆင့်မြင့်မြင့်ရှိနေဖို့ပဲ အဓိက ပစ်မှတ်ထားလေ့ ရှိပါတယ်။ ပြိုင်ဆိုင်မှု အသားပေး စာသင်ခန်းတွေမှာ တွေ့ရတတ်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး တချို့ကို အခုလိုခွဲထုတ်နိုင်ပါတယ်။

ကောင်းကျိုးများ
- ကျောင်းသူကျောင်းသား ဘဝမှာကတည်းက လူ့လောကရဲ့ ပြိုင်ဆိုင်မှု သဘောတရားကို လက်တွေ့ နားလည်လာစေပါတယ်။
- တစ်ဦးချင်း အရည်အသွေးကို မြှင့်တင်ဖို့အတွက် ကျောင်းသူကျောင်းသားတွေကို အကောင်းဆုံး တွန်းအားဖြစ်စေပါတယ်။
- တစ်ဦးချင်းစီ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းနဲ့ ကိုယ်တိုင် ဆုံးဖြတ်နိုင်မှုတွေကို အားပေးတယ်။
- အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့ အချိန်မှာတောင် အများထက်သာအောင် ကြိုးစားချင်တဲ့ ပြိုင်ဆိုင်လိုစိတ်မျိုး ပေါ်ပေါက်လာစေတယ်။
ဆိုးကျိုးများ
- တချို့ ကျောင်းသူကျောင်းသားတွေ စိတ်ထဲမှာ မျှော်လင့်သလောက် ဖြစ်မလာရင် စိတ်ဓာတ်ကျသွားတတ်တယ်။ အဆင့်မကောင်းတာ၊ အမှတ်မများတာမျိုးအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုး ကြုံသွားတတ်ပါတယ်။
- တတ်မြောက်နားလည်အောင် သင်ယူဖို့ထက် အမှတ်ကောင်းဖို့၊ အဆင့်ကောင်းဖို့က အဓိကကျတယ်ဆိုတဲ့ အစွဲမျိုး ဝင်သွားတတ်တယ်။
- အထိန်းအကွပ် မကောင်းရင် တစ်ကိုယ်ကောင်းဆန်တဲ့ ညာဉ်မျိုး စွဲကပ်လာနိုင်သလို မမျှတတဲ့ နည်းလမ်းမျိုးနဲ့ ပြိုင်ဆိုင်ချင်တာတွေ ဖြစ်လာနိုင်ပါတယ်။
- ကျောင်းသူကျောင်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားလည်း ပိုများပါတယ်။


၂။ ပူးပေါင်းဆောင်ရွက်တဲ့ စာသင်ခန်း

ဒီသင်ကြားမှု နည်းလမ်းကတော့ ကျောင်းသူကျောင်းသား အချင်းချင်း မျှဝေမှုကို အားပြုပါတယ်။ စာသင်ခန်းထဲမှာ အဖွဲ့လေးတွေ ခွဲပြီးတော့ သင်ယူနိုင်မှု အတိုင်းအတာကို အမြင့်ဆုံး မှတ်သားနားလည်နိုင်အောင် အပြန်အလှန် ဆွေးနွေးဖေးမကြတဲ့ ပုံစံပါ။ တစ်ယောက် သိရှိထားတဲ့ သင်ခန်းစာတွေ၊ ဆက်စပ် ဗဟုသုတတွေကို ကိုယ့်အဖွဲ့သားတွေ ကြားသိအောင် ပြန်လည် မျှဝေရှင်းပြတာမျိုး၊ သင်ခန်းစာ ပရောဂျက်တွေကို အတူပေါင်းစည်းပြီး အကောင်အထည် ဖော်တာမျိုးတွေက ဒီနည်းလမ်းမှာ အခြေခံလှုပ်ရှားမှုတွေလို့ ဆိုနိုင်ပါတယ်။ ဒီသင်ယူမှုပုံစံကလည်း အကောင်းအဆိုး ဒွန်တွဲနေတာပါပဲ။

ကောင်းကျိုးများ
- ကျောင်းသူကျောင်းသားတွေဟာ ပူးပေါင်းလုပ်ဆောင်မှုရဲ့ တန်ဖိုးကို ခြေခြေမြစ်မြစ် နားလည်နိုင်သလို အသင်းအဖွဲ့လိုက် လှုပ်ရှားမှုနဲ့လည်း အသားကျလာပါတယ်။ အနာဂတ်လုပ်ငန်းခွင်မှာ ဒါဟာ အရမ်းတန်ဖိုးရှိတဲ့ သင်ယူမှုတစ်ခုအဖြစ် အကျိုးပြုပါလိမ့်မယ်။
- တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီနေတဲ့အတွက် အားသာချက်၊ အားနည်းချက်တွေကို ပေါင်းစည်းဝေမျှပြီး သင်ခန်းစာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။
- တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်နေတာမျိုး မတွေးဘဲ ရည်မှန်းချက်တစ်ခုကို အတူချီတက်နေတဲ့အတွက် အချင်းချင်း ခင်မင်ရင်းနှီးမှုလည်း တိုးပွားလာပါတယ်။
ဆိုးကျိုးများ
- ကျောင်းသူကျောင်းသား တစ်ဦးချင်းစီရဲ့ တိုးတက်မှုကို အကဲဖြတ်တဲ့အခါ ဒီစနစ်မှာ ဆရာဆရာမတွေအတွက် အခက်အခဲတွေ ရှိနိုင်ပါတယ်။
- ကိုယ့်အသင်းဖော်က အရာရာ ဦးဆောင်ဖြေရှင်းနိုင်တယ်ဆိုတဲ့ အသိမျိုး ဝင်နေရင် ကျောင်းသူကျောင်းသားတွေက သူတို့ရဲ့အရည်အသွေးကို အကောင်းဆုံး ထုတ်မပြတော့ဘဲ ခိုကပ်နေတာမျိုး ဖြစ်တတ်ပါတယ်။
- ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေကလည်း သူတို့ရဲ့ တစ်ဦးချင်း အားထုတ်မှုတွေ၊ အရည်အသွေးတွေကို ထင်ထင်ရှားရှား အသိအမှတ် အပြုမခံရရင် စိတ်ပျက်လာမှာပါပဲ။


၃။ ဟန်ချက်ညီအောင် ထိန်းညှိဖို့

ဘဝမှာ ကြုံရသမျှ အခြေအနေ အားလုံးလိုပဲ သင်ကြားမှု ပုံစံတွေမှာလည်း အကောင်းရော၊ အဆိုးပါ ရှိနေမှာပါပဲ။ အဖြူနဲ့အမည်း ရောနှောနေမှာပါပဲ။ စာသင်ခန်းတစ်ခုမှာ ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ တစ်ဦးချင်း ခံယူချက်၊ အရည်အချင်း၊ စိတ်သဘောတွေက မတူပါဘူး။ ဒီတော့ ဘယ်သင်ကြားနည်းက ပိုကောင်းသလဲ ဆိုတာထက် ဘယ်နည်းလမ်းက ပိုအဆင်ပြေသလဲ ဆိုတာကိုသာ ဆန်းစစ် အဖြေထုတ်ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာလည်း ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေပါ ဝိုင်းဝန်း ညှိနှိုင်းဆွေးနွေးတာမျိုး ဖြစ်သင့်ပါတယ်။

ယေဘုယျ ပိုင်းခြားကြည့်မယ်ဆိုရင်တော့ သိပ္ပံနဲ့ သမိုင်းဆိုင်ရာ သင်ခန်းစာမျိုးတွေ ဆိုရင်တော့ ရှေးရိုးဆန်ချင်ဆန်ပါစေ၊ တစ်ဦးချင်းကို အသားပေးပြီး ပြိုင်ဆိုင်မှုရှိိတဲ့ နည်းလမ်းနဲ့ သင်ကြားတာ ပိုကောင်းနိုင်ပါတယ်။ ဒါပေမဲ့ အထက်တန်းနဲ့ တက္ကသိုလ်အဆင့်မျိုးတွေမှာ ပိုကြီးမားတဲ့ သင်ကြားရေး ပရောဂျက်တွေ ရှိလာပြီ၊ ဥပမာအားဖြင့် Lab တွေမှာ ဆွေးနွေးတာ၊ လက်တွေ့လုပ်ဆောင်တာတွေ ပါလာပြီဆိုရင်တော့ ပူးပေါင်းဆောင်ရွက်တဲ့ သင်ကြားမှုပုံစံက ပိုပြီးထိရောက်နိုင်ပါတယ်။

အထက်မှာ ပြောခဲ့သလိုပါပဲ။ ဘယ်နည်းလမ်းက ပိုကောင်းတယ်ဆိုတာကို အကဲဖြတ်လို့ မရနိုင်ပါဘူး။ ဒါဟာ ကျောင်းသူကျောင်းသား တစ်ဦးချင်းစီရဲ့ အားသာချက် အားနည်းချက်တွေ၊ သင်ကြားရတဲ့ ဘာသာရပ် သဘောတရားတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ အကောင်းအဆိုး အားလုံးကို ဝေဖန်သုံးသပ်ပြီး စာသင်ခန်းနဲ့ အသင့်တော်ဆုံး ပုံစံတစ်ခုကို ညှိနှိုင်းဖန်တီးနိုင်မယ် ဆိုရင်တော့ ပညာသင်ကြားမှုအပိုင်းမှာ ပိုပြီး ထိရောက်အကျိုးရှိလာမှာ သေချာပါတယ်။


ပညာရေးကို အလေးထားတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ဖိအားအများဆုံးအချိန်က စာမေးပွဲနီးလာတဲ့ ကာလတွေဖြစ်ပါတယ်။ စာမေးပွဲခန်းထဲ ရောက်သွားပြီး လက်တွေ့ဖြေဆိုတဲ့ အချိန်မှာတောင် ကြိုတင်ပြင်ဆင်ရတဲ့ နေ့ရက်တွေလောက် ဖိစီးမှုမရှိပါဘူး။

ကိုယ့်ဘက်က ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားပါစေ၊ လေ့ကျင့်ဖြည့်တင်းမှုတွေ လုပ်ထားပါစေ စာမေးပွဲရဲ့ ဖိအားကတော့ ကျောင်းသူကျောင်းသားတိုင်းအပေါ် ကျရောက်တတ်တာ ပုံသေနည်းလို ဖြစ်နေပါပြီ။ ဒီဆောင်းပါးမှာတော့ စာမေးပွဲနဲ့ပတ်သက်တဲ့ ဖိအားတွေ၊ စိတ်ဖိစီးမှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်မယ့် အခြေခံနည်းလမ်း ၇ ခုကို စုစည်းဖော်ပြလိုက်ပါတယ်။


၁။ စိန်ခေါ်မှုတစ်ခုလို သဘောထား

စာမေးပွဲကို ဘယ်တော့မှ မပေါ့ဆပါနဲ့။ ဒါပေမဲ့ အလွန်အကျွံ အရေးပါတဲ့ ကိစ္စကြီးအဖြစ် သဘောထားဖို့လည်း မလိုပါဘူး။ ကိုယ့်ရဲ့ အရည်အချင်းကို ဆန်းစစ်တဲ့ စိန်ခေါ်မှုတစ်ခု အနေနဲ့သာ လက်တွေ့ကျကျ ရှုမြင်ပါ။ ပြင်ဆင်နိုင်စွမ်းရှိသမျှ အစွမ်းကုန်ပြင်ဆင်ပါ။ ဒါဆိုရင် ကိုယ့်ဘက်က တာဝန်ကျေပါပြီ။ စာမေးပွဲတွေဆိုတာဟာ ပညာရေးကဏ္ဍမှာ ကျော်လွှားဖြတ်သန်းရတဲ့ အတားအဆီးတွေထဲက တစ်ခုသာဖြစ်ပါတယ်။ ဘဝရဲ့ သေရေးရှင်ရေး အခိုက်အတန့်တွေ မဟုတ်ပါဘူး။ စာမေးပွဲကို တွေးကြောက်နေတာထက် ပျော်စရာ စိန်ခေါ်မှုတစ်ခုအဖြစ် ပြောင်းလဲ ခံယူနိုင်ရင် အများကြီး ဝန်ပေါ့သွားပါလိမ့်မယ်။


၂။ ရလဒ်ကို သိပ်မတွေးပါနဲ့

“စာမေးပွဲမှာ အမှတ်မကောင်းရင် ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ ပူပန်မှုမျိုး ကျောင်းသူကျောင်းသားတိုင်းလိုလို ကြုံဖူးပါလိမ့်မယ်။ ကာလတစ်ခုထိ စူးစိုက် ကြိုးစားထားတဲ့အတွက် ရလဒ်ကောင်းချင်တာ မဆန်းပါဘူး။ ဒါပေမဲ့ အဲဒီစိတ်က ကိုယ့်ကိုယ်ကိုယ် သွယ်ဝိုက်ပြီး ဖိစီးမှုဖြစ်စေတာကိုလည်း နားလည်ထားဖို့ လိုပါတယ်။ စာမေးပွဲရလဒ်ဆိုတာက ကံနဲ့လည်း ဆိုင်ပါသေးတယ်။ ကြိုးစားအားထုတ်မှုဆိုတာက ကိုယ်တိုင်ဖန်တီးလို့ရတဲ့ အရာပါ။ ဒါကြောင့် ကိုယ်ပိုင်လုပ်နိုင်စွမ်းကိုသာ အပြည့်အဝ ထုတ်သုံးဖို့ အာရုံစိုက်ထားပါ။ စာမေးပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်အကြောင်း ကြိုတွေးပြီး စိတ်အညစ်မခံပါနဲ့။


၃။ အောင်မြင်ခဲ့တာတွေ ပြန်စဉ်းစား

ဘဝမှာ ဖြတ်သန်းတွေ့ကြုံရမှာတွေက ပညာရေးဆိုတဲ့ ဘောင်ကန့်သတ်ချက်လေး တစ်ခုတည်း မဟုတ်ပါဘူး။ အသက်အရွယ်အလိုက်၊ အတွေ့အကြုံလိုက် စိန်ခေါ်မှုတွေ၊ ပြိုင်ဆိုင်မှုတွေ အမျိုးမျိုး ကြုံရမှာဖြစ်ပါတယ်။ အဲဒီအခါ ကျရှုံးတာတွေရှိသလို အောင်မြင်မှုတွေလည်း ပိုင်ဆိုင်ခဲ့ဖူးမှာပါ။ စာမေးပွဲနဲ့ ပတ်သက်လို့ စိတ်ပူ့ပန်ပြီး ခေါင်းခြောက်လာပြီဆိုရင် အရင်က ကိုယ့်အတွက် ရရှိဖူးတဲ့ ကျေနပ်စရာ အောင်မြင်မှုတွေကို ပြန်တွေးကြည့်ပါ။ “ဒီလို ခက်ခဲတဲ့ အခြေအနေကိုတောင် ငါကျော်ဖြတ်နိုင်ခဲ့သေးတာပဲ” လို့ ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ ကိုယ့်တန်ဖိုးကိုယ် မြင့်မြင့်မားမား သိမြင်လာတဲ့အခါ ယုံကြည်မှုလည်း တိုးလာပါလိမ့်မယ်။ ဒါဆိုရင် စာမေးပွဲအတွက် ပြင်ဆင်ရာမှာလည်း ပိုပြီးအရှိန်ကောင်းလာမှာ သေချာပါတယ်။


၄။ မြန်ဖို့ထက် မှန်ဖို့လို

စာမေးပွဲနီးလာရင် စာတွေ အလိုလို မေ့သလို ဖြစ်တတ်တာ ဓမ္မတာပါ။ ကျက်ပြီးသား စာတွေတောင် ရုတ်တရက် ပြန်စဉ်းစားလို့ မရသလို ဖြစ်တတ်ပါတယ်။ စိတ်ကို အေးအေးထားပါ။ စာတွေကို အလောတကြီး မြန်မြန်ဆန်ဆန် နှုတ်တိုက်ကျက်ဖို့ထက် နည်းလမ်းမှန်မှန်နဲ့ ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင်ပဲ ကြိုးစားကျက်မှတ်ပါ။ မြန်ဖို့ထက် မှန်ဖို့ကို ဦးစားပေးသင့်ပါတယ်။ စာတစ်ပုဒ်ကို လုံးဝ လှည့်ကြည့်စရာမလိုအောင် နားလည် မှတ်မိသွားပြီဆိုမှ နောက်တစ်ပုဒ်ဆီကူးပါ။ ဒီနေရာမှာ ဖြစ်သင့်တဲ့ ကိစ္စတစ်ခု အရေးကြီးတဲ့ အပုဒ်တွေကို ဦးစားပေး ကျက်ဖြစ်အောင် ကိုယ့်ဖာသာပြန်ပြီး ထုတ်နုတ် တန်းစီထားခြင်းမျိုးပါပဲ။ စာကျက်မြန်ခြင်းထက် လုံးဝစာပိုင်တဲ့ထိ ဖြည်းဖြည်းနဲ့မှန်မှန် ကျက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး အဲဒီလမ်းစဉ်အတိုင်း စိတ်အေးအေးနဲ့ ရှေ့ဆက်ဖို့ပဲ တွေးထားသင့်ပါတယ်။


၅။ အိပ်ရေးဝဝအိပ်

စာမေးပွဲနီးလာမှ အိပ်ရေးဝဝ အိပ်ခိုင်းတယ်ဆိုတာ တစ်မျိုးကြီးတော့ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါက ဖိအားတွေကို လျှော့ချဖို့ တကယ့်ကို အထောက်အကူ ဖြစ်စေတဲ့ နည်းလမ်းပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ပပျောက်စေတဲ့ အကောင်းဆုံး သဘာဝကုထုံးတစ်ခုလို့ စိတ်ပညာ သုတေသီတွေက ညွှန်းဆိုထားပါတယ်။ အရမ်းစိတ်ညစ်နေတဲ့ အချိန်မျိုးမှာ အိပ်ရေးဝဝ အိပ်ခွင့်ရလိုက်ရင် နိုးထလာတဲ့အခါ အခြေအနေတွေကို ပိုမို အကောင်းမြင်လာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စာမေးပွဲနီးလာရင် အကြာကြီး မဟုတ်တာတောင် ကိုယ့်အတွက် ဝဝလင်လင် ဖြစ်လောက်မယ့် အချိန်မျိုး သတ်မှတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပါ။ စိတ်ဖိစီးမှု နည်းသွားတဲ့အပြင် စာကျက်ချိန်မှာ ပိုမိုလန်းဆန်းနေတဲ့ အပိုဆောင်း ကောင်းကျိုးမျိုးပါ ရရှိနိုင်ပါတယ်။


၆။ အပန်းလည်းဖြေ

ကမ်းခြေလို နေရာမျိုးသွားပြီး ဇိမ်နဲ့ အပန်းဖြေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ စာမေးပွဲ နီးလာတဲ့အခါ ကျောင်းသူကျောင်းသားတွေ စိတ်ထဲမှာ “စာသာ အဓိက၊ စာသာ ပထမ၊ စာသာ ပဓာန” ဆိုတာမျိုး တစ်ယူသန်ဆန်ဆန် ကြီးစိုးလာတတ်ပါတယ်။ အကြောင်းအရာ တစ်ခုတည်းအတွက် အစွမ်းကုန် အားသုံးထားတဲ့အခါ ကြာလာရင် စိတ်ခန္ဓာရော၊ ရုပ်ခန္ဓာပါ နွမ်းနယ်လာတတ်ပါတယ်။ စိတ်ပန်းလူပန်း ဖြစ်နေချိန်မှာ ဖိအားဒဏ် ပိုခံရတတ်တာ ဓမ္မတာပါပဲ။ ဒါကြောင့် သင့်တင့်တဲ့ နားချိန်ယူပါ။ ကိုယ်စိတ်နှစ်ပါးစလုံး အပန်းဖြေပါ။ စာလည်းကျက်ရင်း၊ ဝါသနာပါရာလေးတွေ အချိန်အတိုင်းအတာနဲ့ လုပ်ရင်း တစ်လှည့်စီ သတ်မှတ်ထားပါ။ ဒီအလေ့အကျင့်ကို ပျိုးထောင်ထားခြင်းက စာမေးပွဲတင်မကဘဲ တခြား ဖိအားများတဲ့ အခြေအနေတွေမှာပါ အသုံးဝင်နိုင်ပါတယ်။


၇။ ဖြစ်နိုင်ခြေတိုင်းအတွက် ပြင်ဆင်

“စာမေးပွဲဆိုတာ နတ်ကြီးတယ်” ဆိုတာမျိုး ဆိုရိုးစကားတောင် ရှိပါတယ်။ မေးခွန်းအလှည့်အပတ်တွေ၊ ကိုယ်တိုင်ကျူးလွန်မှုနဲ့ အမှတ်မထင် လွဲချော်မှုတွေကြောင့် အရွေးမှား၊ အဖြေမှားသွားတာမျိုး ရှိနိုင်ပါတယ်။ ဒါကို လက်တွေ့ကျကျ လက်ခံထားဖို့ လိုပါတယ်။ အဲဒီတော့ အပေါင်းဘက်ကရော၊ အနုတ်လက္ခဏာဆန်တဲ့ ဘက်ကပါ ဖြစ်နိုင်ခြေ အားလုံးကို ကြိုတွေးထားတာ မမှားပါဘူး။ ဥပမာပြောရရင် ကိုယ်မပိုင်တဲ့ အခန်းတစ်ခုကို မေးလာရင် အမှတ်အရနိုင်ဆုံးဖြစ်အောင် ဘယ်လို လှည့်ပတ်ဖြေမလဲ ဆိုတာမျိုးပေါ့။ ကိုယ်လေ့ကျင့်မထားတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံးမျိုး ဖြေရမယ်ဆိုရင် ကိုယ်သိထားတဲ့ အချက်အလက်၊ ဗဟုသုတတွေကို ဘယ်လိုနှိုက်ထုတ်ပြီး အသုံးချမလဲ ဆိုတာမျိုးပေါ့။ ဒီအခြေအနေတွေကို ကိုယ့်ဖာသာ စိတ်ကူးယဉ်ပြီး မေးခွန်းထုတ်ကြည့် ထားသင့်ပါတယ်။ ပြီးရင် ဘယ်လိုဖြေမလဲ ဆိုတာကိုပါ တွဲပြီး စဉ်းစားကြည့်ပါ။ လက်တွေ့အခက်ကြုံလာရင် ဒီလိုပြင်ဆင်မှုမျိုးက အရမ်း တန်ဖိုးရှိပါတယ်။ ပထမနေ့ဘာသာမှာ ကောင်းကောင်း မဖြေနိုင်လို့ ဒုတိယနေ့ ဘာသာရပ်အတွက် စိတ်ဓာတ် ကျသွားတာမျိုးက သိပ်အန္တရာယ်ကြီးပါတယ်။ အမှားတစ်ခုကြောင့် အလွန်အကျွံ တုန်လှုပ်သွားတာမျိုး မဖြစ်အောင် စိတ်ကို ကြိုတင် လေ့ကျင့်ထားတာမျိုးကလည်း ပညာသားပါတဲ့ ရွေးချယ်မှုပါပဲ။

စာမေးပွဲဆိုတာ ပညာရေးအတွက် အရေးပါတဲ့ မှတ်ကျောက်တင်မှု လုပ်ငန်းစဉ် တစ်ခုဆိုတာကိုတော့ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ အရေးကြီးတယ်ဆိုတဲ့ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး ကြောက်လန့်နေစရာ၊ တုန်လှုပ်နေစရာ အကြောင်းမရှိပါဘူး။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားရင် ကျောင်းသူကျောင်းသား မောင်မယ်တိုင်းအတွက် စာမေးပွဲနဲ့ ဆက်စပ်ပြီး ကြုံလာမယ့် ဖိအားအများစုကို အလိုလို ဖယ်ရှားတွန်းလှန်ပြီးသား ဖြစ်နေမှာ သေချာပါတယ်။

စာကျက်ခြင်း ဆိုတာဟာ အားထုတ်မှု တစ်ခုပါ။ စာရခြင်း၊ မရခြင်း ဆိုတာကတော့ ရလဒ်လို့ ဆိုနိုင်ပါတယ်။ တစ်ခါတလေမှာ အားထုတ်သလောက် ရလဒ်ပိုင်းက အားရစရာ မဟုတ်ဘဲ ဖြစ်နေတတ်တဲ့ အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။ စာကျက်တဲ့ နေရာမှာလည်း အတူတူပါပဲ။ ကျောင်းသူကျောင်းသားတွေ အနေနဲ့ စာကို အားသွန်ခွန်စိုက် ကျက်မှတ်သလောက် စွဲစွဲမြဲမြဲ မှတ်မိမနေတာမျိုး၊ ဒါမှမဟုတ် အချိန်တိုအတွင်း မေ့သွားတာမျိုးတွေ ဖြစ်ဖူးမှာပါ။

နည်းလမ်း မကျရင်၊ ကိုယ့်ရဲ့ မှတ်သားနိုင်မှု ပုံစံနဲ့ မကိုက်ညီရင်လည်း ဒီအခက်အခဲတွေ ကြုံရတတ်ပါတယ်။ စာကို သမားရိုးကျ နှုတ်တိုက် ကျက်နေတာမျိုး မဟုတ်ဘဲ မှတ်ဉာဏ်ထဲ ပိုပြီး စွဲမြဲစေမယ့် ဖြတ်လမ်းနည်းလေးတချို့ တွဲသုံးတာက ကိုယ်ကျက်မှတ်ထားတဲ့ အကြောင်းအရာတွေကို ရေရှည် မှတ်မိနေစေပါတယ်။ ကျောင်းသူကျောင်းသား တစ်ယောက်နဲ့ တစ်ယောက်တော့ အားသန်ရာ ပုံစံချင်း တူကြမှာ မဟုတ်ပါဘူး။ အောက်ပါ နည်းလမ်းတွေကို စမ်းသပ်ကြည့်ပြီး ကိုယ်နဲ့ သင့်တော်ရာကို ကျင့်သုံးသင့်ပါတယ်။


၁။ အတိုကောက် မှတ်စုထုတ်ပါ

ရှည်ရှည်လျားလျား စာတစ်ပုဒ်ကို ကျက်တော့မယ် ဆိုပါစို့။ စာလုံးတွေ အများအပြားနဲ့ စာပိုဒ်ရှည်ကြီးတွေကြောင့် အမြင်နဲ့တင် မသိစိတ်မှာ အားလျော့စရာ ဖြစ်သွားတတ်ပါတယ်။ အရင်ဆုံး စာတစ်ပုဒ်လုံးကို ခြုံပြီးဖတ်လိုက်ပါ။ အဓိက အကြောင်းအရာတွေကို မှတ်စုအနေနဲ့ တစ်ချက်ချင်း ဆွဲထုတ်ပြီး တန်းစီချရေးပါ။ ဖြစ်နိုင်ရင် သိပ်ပြီး အရေးမကြီးတဲ့ အချက်တွေကိုတော့ အဓိက အချက်တွေနဲ့ တွဲပြီး စိတ်ထဲမှာပဲ မှတ်ထားပါ။ မှတ်စုကို ကျစ်ကျစ်လစ်လစ် ထုတ်နိုင်ရင် စာတစ်ပုဒ်ရဲ့ သုံးပုံတစ်ပုံ၊ ဒါမှမဟုတ် လေးပုံတစ်ပုံလောက်ထိ တိုသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ မှတ်စုတိုကို ကြည့်ပြီး မူရင်းစာပိုဒ်နဲ့ တွဲကျက်ပါ။ စာရတာ ပိုမြန်သလို မှတ်စုလေးတွေကို အဓိက မှတ်တဲ့အတွက် ဦးနှောက်သုံးရတာလည်း သိပ်မပင်ပန်းဘဲ အဆင်ပြေစေပါတယ်။


၂။ နားထောင်ပါ

အလှူခံ မဏ္ဍပ်က ကိုယ်မကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ခဏခဏ ဖွင့်နေတာမျိုး ကြုံဖူးမှာပါ။ ပိုထူးဆန်းတာက မကြိုက်ပါဘူးဆိုတဲ့ အဲဒီ သီချင်းရဲ့ စာသားတွေကို ကိုယ်က အလွတ်ရနေတာမျိုးပါ ဖြစ်ဖူးပါလိမ့်မယ်။ တကယ်တော့ အကြားအာရုံက ထပ်ကာထပ်ကာ သက်ရောက် ရိုက်ခတ်လာတဲ့ အသံတွေကို ဦးနှောက်ဆီ ပေးပို့ပြီး မသိစိတ်က မှတ်သားစေခဲ့တာကြောင့် ဖြစ်ပါတယ်။ ကိုယ်မကျက်ရသေးတဲ့ စာတွေကို အသံကျယ်ကျယ် ထွက်ဖတ်ပြီး Music Playerလို ဒစ်ဂျစ်တယ် ပစ္စည်းတွေ၊ ဖုန်းတွေမှာ အသံသွင်းထားပါ။ စာမကျက်ဖြစ်ဘဲ အားလပ်နေတဲ့ အချိန်တွေဆိုရင် နားကြပ်တတ်ပြီး အဲဒီစာဖတ်သံကို ခဏခဏ ပြန်နားထောင်ကြည့်ပါ။ ရေရှည်မှာ စိတ်ထဲ စွဲမြဲလာပြီး သေသေချာချာ အားစိုက် ကျက်မှတ်စရာ မလိုဘဲနဲ့တောင် အဲဒီစာတွေကို အတော်လေး ရနေပြီးသား ဖြစ်သွားပါလိမ့်မယ်။


၃။ တွဲမှတ်ပါ

စကားလုံးတွေ၊ စာလုံးပေါင်းတွေ၊ အကြောင်းအရာတွေကို ကိုယ်အဆင်ပြေပြေ အမှတ်ရနေမယ့် ကိစ္စမျိုးနဲ့ တွဲဖက်ပြီး မှတ်သားတာမျိုး ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ခုနှစ် သက္ကရာဇ်တွေကို ကိုယ်အမြဲတမ်း သတိရနေပြီးသား နံပါတ်တွေထဲက သင့်တော်ရာနဲ့ တွဲမှတ်ထားတာမျိုးပါ။ မွေးနေ့၊ ဖုန်းနံပါတ်၊ အိမ်နံပါတ်၊ ကားနံပါတ် စသဖြင့်ပေါ့။ နောက်ပြီး အဓိပ္ပါယ် ဆင်တူတဲ့ စကားလုံးတွေ၊ ဒါမှမဟုတ် အဓိပ္ပါယ် လုံးဝ ဆန့်ကျင်နေတဲ့ စကားလုံးတွေ၊ အကြောင်းအရာတွေကို တွဲမှတ်ထားရင်လည်း စာကျက်တဲ့အခါ စိတ်ထဲမှာ ပိုပြီး စွဲစွဲမြဲမြဲ ဖြစ်စေပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်တစ်ယောက်တည်း သိနိုင်မယ့် ကိုယ့်စိတ်ကြိုက် ပုံစံမျိုး တီထွင်ပြီး မှတ်သားပါ။ Tremendous (ထရီမန်းဒက်စ်)ဆိုတဲ့ စကားလုံးကို ကျောင်းသားလေး တစ်ယောက်က ခဏခဏ မေ့တဲ့အတွက် သူ့အမှတ်အသားနဲ့သူ အဆင်ပြေအောင် တီထွင်ထားတာလေး ပြောပြဖူးပါတယ်။ သူမှတ်ထားပုံက “မဏ္ဍပ်ပေါ် တံတွေးထွေးတာ”တဲ့။ (တံတွေးထွေး=ထွီ)နဲ့ (မဏ္ဍပ်)ကို ပေါင်းလိုက်တော့ ထွီမဏ္ဍပ်ဖြစ်သွားပါတယ်။ အဲဒီအသံထွက်ကို သတိရရင် ထရီမန်းဒက်စ်ကို အလိုလို အစဖော် မှတ်မိသွားတယ်လို့ အဲဒီကျောင်းသားလေးက ရှင်းပြတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ပါပဲ။


၄။ အမေးအဖြေလုပ်ပါ

ဒါကတော့ စာတစ်ပုဒ် ကျက်ပြီးရင် လုပ်သင့်တဲ့ ကိစ္စပါ။ ကိုယ့်ကိုယ်ကိုယ် အဲဒီစာပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် မှတ်မှတ်ထင်ထင် ရှိသလဲ ဆိုတာကို ပြန်လည် စမ်းသပ်ခြင်းပါပဲ။ မေးခွန်းတွေ ထုတ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် မညှာပါနဲ့။ ပြီးရင် အဲဒီမေးခွန်းကို လိပ်ပတ်လည်အောင် ရေရေရာရာ ဖြေနိုင်သလား ဆိုတာကို ပြန်ဆန်းစစ်ပါ။ မဖြေနိုင်ဘူးဆိုရင် စာအုပ်ကို ချက်ချင်း ပြန်ဖွင့်ဖို့ မပျင်းပါနဲ့။ မေ့နေတဲ့ အကြောင်းအရာကို မှတ်သားပါ။ တစ်ကြိမ် မေ့ထားလို့ သေချာ ပြန်မှတ်လိုက်ရတဲ့ ကိစ္စက ခေါင်းထဲမှာ ပိုစွဲမြဲတတ်ပါတယ်။ ဒါကြောင့် စာရပြီဆိုပြီး ကျေနပ်မနေဘဲ အဲဒီစာနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် မေးခွန်းထုတ်နေတဲ့ အကျင့်မျိုး မွေးမြူထားသင့်ပါတယ်။ ပြီးတော့ မေးခွန်းဟောင်းတွေကို လေ့လာပြီး ကိုယ်ကျက်ထားတဲ့ စာတစ်ပုဒ်ကို ဘယ်လို လှည့်ပတ် မေးနိုင်သလဲ ဆိုတာမျိုးတွေပါ တွဲလေ့ကျင့်ထားရင်တော့ အတိုင်းထက် အလွန်ပါပဲ။


၅။ အချိန်နဲ့ နေရာကို ရွေးချယ်ပါ

စာကျက်တယ် ဆိုတာဟာ အချိန်မရွေး၊ နေရာမရွေး လုပ်လို့ရတဲ့ ကိစ္စလို့ ပြောနိုင်ပါတယ်။ ဒါမမှားပါဘူး။ ဒါပေမဲ့ စာကျက်သလောက် စာရနိုင်၊ မရနိုင် ဆိုတာကတော့ ကာလံ ဒေသံနဲ့ ဆိုင်သွားပါပြီ။ အထူးသဖြင့် အချိန်ပါ။ ကျောင်းသူကျောင်းသား တစ်ယောက်ချင်းစီရဲ့ အာရုံနိုးကြားမှု ကာလတွေက မတူနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်လေ့လာပါ။ မနက်စောစော စာထကျက်ရင် စိတ်လန်းလန်းဆန်းဆန်းနဲ့ စာပိုရတတ်သလား။ ဒါမှမဟုတ် ညဘက်မှ အသံဗလံ တိတ်တိတ်ဆိတ်ဆိတ် ကျက်တဲ့အခါ အာရုံပိုစိုက်နိုင်သလား စသဖြင့်ပေါ့။ ဖြစ်နိုင်ရင်တော့ တစ်ညလုံး မိုးလင်းပေါက် စာကျက်တယ် ဆိုတာမျိုးကို အရမ်းအရေးမကြီးရင် ရှောင်လိုက်တာ အကောင်းဆုံးပါပဲ။ အချိန်ပြီးတော့ နေရာနဲ့ ပတ်သက်ပြီး စဉ်းစားပါ။ စာကျက်ခန်းထဲမှာ အမြဲတမ်း ကျက်နေရင် အာရုံမှာ ငြီးစီစီ ဖြစ်လာတတ်ပါတယ်။ ဒါဆိုရင် အိမ်အပြင်ဘက် ဝရန်တာမှာ ခဏထွက်ကျက်မလား။ ဒါမှမဟုတ် ပန်းခြံထဲမှာ လေညင်းခံရန် စာကျက်မလား ဆိုတာမျိုးကိုပါ Backup Plan အနေနဲ့ စဉ်းစားထားသင့်ပါတယ်။ ဘယ်နေရာကို ရွေးတာပဲဖြစ်ဖြစ် ဆူညံပြီး အာရုံများစရာ ပတ်ဝန်းကျင်မျိုးကိုတော့ ရာနှုန်းပြည့် မျက်နှာလွှဲနေဖို့ လိုပါလိမ့်မယ်။

ကျောင်းသူကျောင်းသား တစ်ဦးချင်းစီရဲ့ ပင်ကို အခြေခံ ကွဲပြားမှုအပေါ် မူတည်ပြီး အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်း အားလုံးနဲ့ ကိုက်ညီ အဆင်ပြေဖို့တော့ မလွယ်လောက်ပါဘူး။ နည်းလမ်း တစ်ခုစီကို စမ်းသပ်ကြည့်ပြီး ကိုယ့်အကြိုက်၊ ကိုယ့်အခြေအနေနဲ့ အကိုက်ညီဆုံး အကြံပြုချက်ကို ရွေးချယ် ကျင့်သုံးရင်တော့ ကျက်မှတ်ထားတဲ့ စာတွေကို ပိုပြီး အချိန်ကြာကြာ မှတ်မိနေအောင် အထောက်အကူ ဖြစ်နိုင်ပါလိမ့်မယ်။

အထက်တန်း ပညာရေး သင်ယူဆည်းပူးနေတဲ့ ဆယ်ကျော်သက် အရွယ်တွေမှာ ကျောင်းသင်ပညာရေးဟာ အရေးအကြီးဆုံး အာရုံစူးစိုက်ရာအဖြစ် ကျောင်းသူကျောင်းသားတွေရော၊ မိဘတွေကပါ ရှုမြင်ထားလေ့ ရှိပါတယ်။ ဒီအတွေးဟာ မှားယွင်းနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျောင်းသင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်ကို လုံးဝမျက်ကွယ်ပြုထားတဲ့ အတိုင်းအတာထိ ဖြစ်သွားရင်တော့ နည်းလမ်းမမှန်ဘူးလို့ ဆိုနိုင်ပါတယ်။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးကို ပုံမှန် ပညာရေးသင်ရိုးတွေရဲ့ ပြင်ပက သင့်တော်တဲ့ အဖွဲ့အစည်းနဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ စီမံခန့်ခွဲပေးခြင်းအားဖြင့် စာသင်ခန်းထဲမှာ ရှာတွေ့ဖို့ မလွယ်တဲ့ သီးခြားကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ၊ အတွေးအခေါ်နဲ့ အနာဂတ်ကာလ ပညာဆည်းပူးမှု ကဏ္ဍတွေမှာလည်း သွယ်ဝိုက်ပြီး အထောက်အပံ့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြင်ပလှုပ်ရှားမှုတွေမှာ အရမ်းစိတ်ပါသွားပြီး ကျောင်းသင်ပညာရေးဘက် အာရုံလျော့သွားတာမျိုး မဖြစ်အောင်လည်း နည်းပေးလမ်းပြ ကြပ်မတ်ဖို့ အရေးကြီးပါတယ်။

ကျောင်းသင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာ ကျောင်းသူကျောင်းသားတွေ ပါဝင်ပတ်သက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို ဖော်ပြလိုက်ပါတယ်။


၁။ အချိန်ကို စီမံခန့်ခွဲ အသုံးချနိုင်မှု

မိဘတွေရဲ့ အသက်အရွယ်မှာတော့ လုပ်ငန်းဆောင်တာအလိုက် အချိန်ကို ဘယ်လိုဘယ်ပုံ ထိရောက်အသုံးဝင်အောင် စီမံသတ်မှတ်ရမလဲဆိုတာကို ကောင်းကောင်း သိနေလောက်ပါပြီ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်မှာတော့ ဒီအပိုင်းကို ဖြတ်သန်း သင်ယူနေဆဲဆိုတာကို မမေ့သင့်ပါဘူး။ ကျောင်းသူကျောင်းသားတွေအနေနဲ့ ဝါသနာပါရာ၊ စိတ်ဝင်စားရာ သင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ကျောင်းသင်ခန်းစာတွေ ဆည်းပူးလေ့လာမှုနဲ့ ဟန်ချက်ညီအောင် အချိန်ဇယားတွေ ရေးဆွဲပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီအချက်က အချိန်ကို စီမံပိုင်းခြား ခန့်ခွဲတဲ့ အရည်အသွေးမှာ သူတို့ကိုယ်သူတို့ လေ့ကျင့်ဖြည့်ဆည်းရာလည်း ရောက်ပါတယ်။


၂။ ဆန်းစစ် ရွေးချယ်နိုင်မှု

သင်ရိုးပြင်ပ လှုပ်ရှားမှုတွေက ကျောင်းသင်ခန်းစာမှာ မပါဝင်တဲ့ အသိပညာ၊ ဗဟုသုတ အမြောက်အမြားကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေ အတွက်လည်း ကွဲပြားခြားနားတဲ့ အခြေအနေတွေထဲမှာ သူတို့ရဲ့ စိတ်ဝင်စားရာကဏ္ဍကို ရွေးချယ်ဖို့ လမ်းဖွင့်ပေးရာ ရောက်မှာပါ။ ဒါကြောင့် ကွဲပြားစုံလင်တဲ့ သင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာ ကိုယ့်အနေနဲ့ ဘယ်အရာကို ပိုဝါသနာပါလဲ၊ ကိုယ့်အတွက် ဘာက ပိုသင့်တော်သလဲ၊ လက်တွေ့မှာ ဘယ်အရာက ပိုဖြစ်သင့်သလဲ ဆိုတာတွေကို ရွေးချယ်စိစစ်နိုင်တဲ့ စိတ်ပိုင်းဖြတ်မှုကို လှုံ့ဆော်မြှင့်တင်ပေးပါလိမ့်မယ်။


၃။ အသင်းအဖွဲ့လိုက် လှုပ်ရှားမှု

စာသင်ခန်းထဲမှာ သူငယ်ချင်းတွေ အများကြီးရှိပေမယ့် စကားပြောဖြစ်ရုံ၊ သင်ခန်းစာတွေအကြောင်း ဆွေးနွေးရုံဆိုတာထက် ပိုပြီးစုစည်းမိဖို့ ခက်ခဲတတ်ပါတယ်။ ကျောင်းပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းနဲ့ ပတ်သက်ပြီး အကောင်းဆုံး အကျိုးကျေးဇူး တစ်ခုကတော့ အဖွဲ့အစည်းနဲ့ အံဝင်အောင် ချိတ်ဆက် လှုပ်ရှားရတဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုကို မြှင့်တင်ပေးတာပါပဲ။ စာသင်ခန်းထဲမှာလို စည်းကမ်းကြပ်မတ်ထားတဲ့ ဝန်းကျင်မဟုတ်ဘဲ အဖွဲ့အစည်း၊ အသင်းအပင်းနဲ့ လက်တွေ့လောကမှာ အဆင်ပြေအောင် ထိတွေ့ ညှိနှိုင်းတတ်လာသလို အပေးအယူမျှတမှု သဘောကိုလည်း ပိုမိုနားလည်လာနိုင်ပါတယ်။ ဒီကောင်းကျိုးတွေကို စာသင်ခန်းထဲမှာ ရှာတွေ့ဖို့တော့ သိပ်မလွယ်တာ အမှန်ပါ။


၄။ ဝေမျှတတ်မှု

ကျောင်းသင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းက ဆယ်ကျော်သက် လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို သွယ်ဝိုက်မြှင့်တင်ပေးနိုင်ပါတယ်။ အစုအဖွဲ့ထဲမှာ ပါဝင်လှုပ်ရှားနေခြင်းမျိုးကြောင့် ကိုယ့်တစ်ယောက်တည်းအတွက် တစ်ကိုယ်ကောင်းဆန်ဆန် ကြည့်တတ်တဲ့ ခံယူချက်မျိုး လျော့သွားပြီး တခြားသူတွေနဲ့ မျှဝေလိုစိတ်ကို တွန်းအားပေးပါတယ်။ ဒီအချက်က ရင့်ကျက်သိတတ်စွာ လူလားမြောက် ကြီးပြင်းလာရေးအတွက် သိပ်အရေးကြီးပါတယ်။


၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးမှု

များသောအားဖြင့် ဆယ်ကျော်သက်အရွယ် ဖြတ်သန်းမှု အချိန်အများစုဟာ ကျောင်းမှာပဲ ကုန်ဆုံးတတ်ပါတယ်။ ဒါမှမဟုတ်လည်း ကျူရှင်လိုမျိုး ပညာရေးနဲ့ ပတ်သက်တဲ့ ကန့်သတ်ပတ်ဝန်းကျင်မှာပဲ ဖြစ်နေတတ်တယ်။ သင်ရိုးပြင်ပကို ဖောက်ထွက်ပြီး ပါဝင်ရတဲ့ လှုပ်ရှားမှုတွေမှာတော့ လုံးဝ ကွဲပြားဆန်းသစ်သွားတဲ့ နယ်ပယ်မျိုး ဖြစ်နေပါလိမ့်မယ်။ ပတ်ဝန်းကျင်သစ်တစ်ခုမှာ ပါဝင်လှုပ်ရှားရင်း ကိုယ့်ကိုယ်ကိုယ် သင့်တော်အောင် ပြင်ဆင်တည်ဆောက်နေတာဟာ ဆယ်ကျော်သက် လူငယ်ပိုင်းအတွက်တော့ ရင်ခုန်စရာ စွန့်စားမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ကျောင်းပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ဖြတ်သန်းရင်း ကိုယ်ရည်ကိုယ်သွေးအပေါ် ယုံကြည်အားကိုးစိတ်ကလည်း ပိုမိုကောင်းမွန်လာပါလိမ့်မယ်။


၆။ လူမှုဆက်ဆံရေး

ကျောင်းခန်းထဲက ပတ်ဝန်းကျင်ကို ကျော်လွန်ပြီး လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ ကွဲပြားတဲ့ စရိုက်သဘာဝတွေအကြောင်း ပိုပြီးသိလာနိုင်ပါတယ်။ တကယ်တော့ ဆယ်ကျော်သက်အရွယ်ဆိုတာ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍမှာ သူငယ်ချင်း၊ ဆရာဆရာမ၊ မိသားစုဆိုတဲ့ ဘောင်လေးထဲမှာပဲ ရှိနေတာပါ။ လူငယ်တွေအနေနဲ့ ကျောင်းပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း လူမှုဆက်ဆံရေးနဲ့ ပတ်သက်လို့ ပိုမိုတတ်သိ ပါးနပ်လိမ္မာလာပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့ အနာဂတ်ကာလ လူလားမြောက် ကြီးပြင်းလာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်နယ်ပယ်မှာ အဆင်ပြေပြေ ကျင့်ကြံပြောဆိုတတ်သူ တစ်ယောက်အဖြစ် ရင့်ကျက်လာစေမယ့် အခြေခံကောင်း တစ်ခုပါပဲ။


၇။ အနာဂတ် အခြေခံကောင်းများ

နိုင်ငံရပ်ခြား တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာဆိုရင် ဝင်ခွင့်လျှောက်ထားတဲ့အခါ ကျောင်းသင်ပညာရေး အချက်အလက်တွေအပြင် သင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ဘယ်လောက် ပါဝင်သလဲ ဆိုတာကိုတောင် အလေးထား ဆန်းစစ်လေ့ရှိပါတယ်။ အထက်တန်းအဆင့်မှာ မှန်ကန် သင့်တော်တဲ့ ကျောင်းပြင်ပ လှုပ်ရှားမှုတွေမှာ ထိထိရောက်ရောက် ပါဝင်ထားခြင်းဟာ အနာဂတ် တက္ကသိုလ်ပညာရပ်တွေ ဆည်းပူးသင်ယူတဲ့အခါ ပိုမိုအဆင်ပြေစေသလို ကောင်းမွန်တဲ့ လူ့အသိုက်အဝန်းတစ်ခုကို ပါဝင်ထူထောင်တဲ့ ပညာတတ်တစ်ဦးအဖြစ် ရပ်တည်နိုင်မယ်လို့လည်း အခြေခံအားဖြင့် ယူဆတာကြောင့်ပါ။ တက္ကသိုလ်၊ ကောလိပ် အဆင့်မှာတော့ ပညာသင်ယူမှုဟာ စာသင်ခန်းဧရိယာထဲမှာ ကန့်သတ်ထားတော့မှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုး ရောက်လာရင် အရင်ကတည်းက သင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ထားတဲ့ အတွေ့အကြုံတွေက အများကြီး အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။

နည်းပညာခေတ်လို့ ညွှန်းဆိုရလောက်အောင် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့မှုမှာ လက်ရှိကာလဟာ နည်းပညာပိုင်း အထွန်းကားဆုံး၊ တိုးတက်မှု အမြန်ဆုံး၊ လူနေမှုကဏ္ဍမှာလည်း နည်းပညာအပေါ် အမှီခိုဆုံး အချိန်မျိုး ဖြစ်လာပါပြီ။ ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်းအများစုဟာ စမတ်ဖုန်းတွေ ကိုင်ဆောင်ပြီး အင်တာနက်နဲ့ ချိတ်ဆက်လာကြပါတယ်။ အင်တာနက် သုံးစွဲမှုတွေ၊ နည်းပညာနဲ့ ထိတွေ့မှုတွေ ပိုမို ထူထပ်အားကောင်းလာတဲ့ အချိန်မျိုးမှာ ပညာရေး အထောက်အပံ့အနေနဲ့လည်း ဒီနယ်ပယ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့ စဉ်းစားသင့်ပါတယ်။ အခု ဆောင်းပါးမှာတော့ နည်းပညာ အခြေပြုပြီး သင်ကြားမှု အဆင့်မြှင့်တင်နိုင်မယ့် အခြေခံ နည်းလမ်း ၇ မျိုးကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။


၁။ သရုပ်တူစံပြုဒီဇိုင်းတွေ

ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ဘာသာရပ်အလိုက် သရုပ်တူ ဖန်တီးရေးဆွဲပြထားတဲ့ ဒီဇိုင်းတွေ၊ သင်ကြားရေး အထောက်အပံ့ စနစ်တွေ အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။ အထူးသဖြင့် သိပ္ပံနဲ့ သင်္ချာ ဘာသာရပ်တွေကို လေ့လာရာမှာ ပိုပြီး အမြင်ရှင်းလင်းတဲ့ အဆင့်လိုက် သရုပ်ခွဲ ပြသမှုမျိုးတွေကို လေ့လာနိုင်မှာပါ။ ဥပမာအနေနဲ့ ထုတ်ပြရရင် Concord Consortium လို အန်ဂျီအိုအဖွဲ့အစည်းတွေဟာ သင်္ချာ၊ သိပ္ပံနဲ့ အင်ဂျင်နီယာ ပညာရပ်တွေကို ပိုမိုရှင်းလင်း နားလည်နိုင်မယ့် နည်းပညာ အထောက်အပံ့ သရုပ်တူဒီဇိုင်းတွေ မျှဝေပေးနေပါတယ်။ ဒါကြောင့် ပုံရိပ်ယောင်တွေကို အသုံးချပြီး လက်တွေ့တည်ဆောက်မှု၊ စမ်းသပ်မှုတွေကို ကောင်းကောင်း ကိုင်တွယ် လုပ်ဆောင်ခွင့် ရလာမှာဖြစ်ပါတယ်။


၂။ နိုင်ငံတကာသင်ယူမှုပုံစံတွေ

အင်တာနက်မှာ မွေွှနှောက်ရှာဖွေရင် ပညာရေး ဝက်ဘ်ဆိုက်တွေ၊ ဝန်ဆောင်မှုနေရာတွေ အများကြီး တွေ့နိုင်ပါတယ်။ ကိုယ့်ရဲ့ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဘယ်လိုပုံစံတွေနဲ့ ကွဲကွဲပြားပြား ပို့ချနေသလဲဆိုတာကို ရှာဖွေကြည့်နိုင်တယ်။ မတူညီတဲ့ သင်ကြားမှု ပုံစံအမျိုးမျိုးကို ချိန်ဆပြီး မှတ်သားနားလည်ဖို့ လွယ်ကူတဲ့ နည်းလမ်းတွေကိုလည်း ထုတ်နုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတကာ ကျောင်းသူကျောင်းသားတွေရဲ့ အားသာချက်တွေ၊ အခက်အခဲတွေကိုလည်း ဆန်းစစ်ပြီး ကိုယ့်ရဲ့ လက်တွေ့သင်ယူမှုမှာ အကျိုးရှိရှိ ထည့်သွင်းအသုံးချနိုင်မှာ ဖြစ်ပါတယ်။


၃။ ဂိမ်းတွေ

ဗီဒီယိုဂိမ်းတွေနဲ့ ပတ်သက်ရင် ကျောင်းသားမိဘတွေနဲ့ ဆရာဆရာမတွေက ပညာရေးရဲ့ရန်ဘက်လို့ အယူအဆ လွဲနေတတ်ပါတယ်။ ဒါဟာ လုံးဝမှားပါတယ်။ အလွန်အကျွံ စွဲလမ်းမှု မဖြစ်အောင် ထိန်းသိမ်းပေးနိုင်ရင် ဗီဒီယိုဂိမ်းတွေဆီက ကောင်းမွန်တဲ့ ပညာရေး အထောက်အပံ့တွေ အများကြီးရနိုင်ပါတယ်။ ပထမဆုံး ကောင်းကျိုးက အပျင်းပြေဂိမ်းကစားရင်း အင်္ဂလိပ်စာ ဝေါဟာရ အသုံးအနှုန်းတွေ တိုးပွားသိရှိလာနိုင်ပါတယ်။ ပြီးတော့ သမိုင်းကြောင်း အခြေခံတဲ့ ဂိမ်းမျိုးတွေကနေ ပြင်ပဗဟုသုတတွေ အများကြီး ရနိုင်ပါသေးတယ်။ ဒါ့အပြင် ပညာရပ်တစ်ခုစီကို အထူးပြုပြီး သဏ္ဍန်တူ ဖန်တီးထားတဲ့ ဂိမ်းတွေလည်း ရှိပါသေးတယ်။ အရေးကြီးတာက အဆိပ်အတောက် ကင်းစင်တဲ့ ဂိမ်းအမျိုးအစားကို ရွေးချယ်ဖို့နဲ့ အလွန်အကျွံ စွဲလမ်းမှုမရှိအောင် ထိန်းသိမ်းဖို့ပါပဲ။


၄။ နည်းပညာနဲ့ ပိုရင်းနှီးကျွမ်းဝင်နိုင်မှုတွေ

ဒီအချက်က အရေးကြီးပါတယ်။ ပညာသင်ယူမှုဟာ အထက်တန်း အဆင့်လောက်နဲ့ ရပ်သွားမှာ မဟုတ်ပါဘူး။ တက္ကသိုလ်အဆင့်၊ ဘွဲ့လွန်အဆင့်တွေအပြင် နိုင်ငံရပ်ခြားထိ ပညာသွားရောက် ဆည်းပူးရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာ သင်ရိုးတွေမှာ နည်းပညာအခြေပြု သင်ကြားပို့ချတာတွေက ကျယ်ကျယ်ပြန့်ပြန့် ထွန်းကား အကောင်အထည် ပေါ်နေပါပြီ။ နည်းပညာ ရေစီးကြောင်းမှာ အခြေခံကစပြီး အကျွမ်းတဝင် ရင်းနှီးနေတာဟာ အနာဂတ် သင်ယူမှုတွေအတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်မျိုး ဖြစ်စေနိုင်ပါတယ်။ ပညာရေးဝက်ဘ်ဆိုက်တွေကို ဘယ်လို ရှာဖွေရမယ်၊ ပညာသင်ဆုတွေ အင်တာနက်ကနေ ဘယ်လိုဘယ်ပုံ လျှေက်ထားနိုင်တယ် ဆိုတာတွေကို သင်ယူ နားလည်ထားတာဟာ ဘယ်လိုမှ အရှုံးမရှိပါဘူး။ Facebook ချည်း သုံးနေတာမျိုးမဟုတ်ဘဲ နည်းပညာပိုင်းမှာ ပိုပိုပြီး ရင်းနှီးကျွမ်းဝင်တဲ့ အခြေအနေမျိုး ဖြစ်လာအောင် ဖြည့်ဆည်းထားဖို့တော့ လိုပါတယ်။


၅။ e-Book တွေ

ဒစ်ဂျစ်တယ်စာပေတွေ ထွန်းကားလာချိန်မှာ သမားရိုးကျစာအုပ်တွေ ဖတ်ရှုမှုနှုန်းက အတိုင်းအတာတစ်ခုထိ ကျဆင်းလာတာ ငြင်းလို့မရပါဘူး။ လူတိုင်း လက်ထဲမှာ Tablet ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေရှိနေတဲ့ ခေတ်ကာလမျိုးမှာ အင်တာနက်ပေါ်က ဖတ်စရာတွေက အရမ်းပေါများလာပါတယ်။ ဒါပေမဲ့ ကျောင်းသူကျောင်းသားတွေ အတွက်တော့ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်ဗဟုသုတတွေကို ဖတ်ရှုနေဖို့ နည်းပညာကို ထိထိရောက်ရောက် အသုံးချနိုင်မှာပါ။ e-Book တွေအဖြစ် သိုလှောင်သိမ်းဆည်းထားတဲ့ ဒစ်ဂျစ်တယ်ဖိုင်တွေကို အချိန်မရွေး၊ နေရာမရွေး ဖတ်ရှုနိုင်တဲ့ အခွင့်အရေးမျိုး ဒီနေ့ခေတ်မှာ ပိ်ုင်ဆိုင်လာပါပြီ။ ဘယ်နေရာသွားသွား စာအုပ်တွေ တပြုံတခေါင်းကြီး သယ်သွားရတဲ့ ဒုက္ခမျိုးမရှိဘဲ ဖုန်းတစ်လုံးထဲမှာ e-Book တွေ အများကြီး ထည့်ထားနိုင်ပါပြီ။ နည်းပညာခေတ်ရဲ့ ကောင်းကျိုးနောက်တစ်ခု ဆိုရင်လည်း မမှားပါဘူး။


၆။ ကျောင်းသားဗဟိုပြုသင်ယူမှုတွေ

ပညာသင်ကြားမှုမှာ နည်းပညာကို အကျိုးရှိရှိ ချိတ်ဆက်အသုံးပြုမှုဟာ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်နဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ သင်ယူမှုကို ကျောင်းသူကျောင်းသားကိုယ်တိုင်က ရွေးချယ်နိုင်ပြီး ကိုယ်နဲ့ အကိုက်ညီဆုံး နည်းလမ်းတွေကိုလည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ နည်းပညာ Gadget နဲ့ တခြားပစ္စည်းတွေကိုတော့ မိဘနဲ့ ဆရာသမားတွေက စုပေါင်းဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ကျောင်းသူကျောင်းသား အချင်းချင်း သူတို့ ရှာဖွေတွေ့ရှိထားတဲ့ သင်ယူမှု ပုံစံသစ်တွေ၊ အတွေးအခေါ်တွေ ဝေမျှနှီးနှောခြင်းကလည်း ပိုမိုကောင်းမွန် ပြည့်စုံတဲ့ သင်ကြားမှုဝန်းကျင်သစ် တစ်ခုကို ပေါ်ပေါက်လာစေမှာပါ။


၇။ ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေ

နည်းပညာ ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားသေးတဲ့ အချိန်ကာလ တစ်ခုတုန်းကတော့ ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်စရာ အကန့်အသတ်က ကြီးမားလွန်းပါတယ်။ ကျောင်းချိန်ပြင်ပမှာ အချင်းချင်းဖြစ်စေ၊ ဆရာဆရာမကို စာမေးဖို့ဖြစ်စေ ဖုန်းကိုပဲ အားကိုးရတယ်။ ဒါတောင် အိမ်မှာဖုန်းရှိဦးမှ၊ ဒါမှမဟုတ် တစ်ဖက်က ဖုန်းကိုင်ဦးမှပါ။ လူမှုကွန်ရက်မီဒီယာတွေနဲ့ တခြား ဆက်စပ်မီဒီယာ အမျိုးမျိုး ထွန်းကားလာတဲ့ ခေတ်မှာတော့ ဆွေးနွေးမှုနည်းလမ်းတွေက အရမ်းကျယ်ပြန့်လာပါတယ်။ Video Call တွေကနေ တိုက်ရိုက် သရုပ်ပြ သင်ကြားနိုင်လာတယ်။ Group အလိုက်ဖွဲ့ပြီး ပညာရေးနဲ့ပတ်သက်တဲ့ ခေါင်းစဉ်တစ်ခုတိုင်းကို မျှဝေဆွေးနွေးလာနိုင်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်မှာ လုံးဝမစဉ်းစားရဲခဲ့တဲ့ အားသာချက်တွေ အခုတော့ ပိုင်ဆိုင်လာနိုင်ပါပြီ။ ကိုယ့်ပညာရေးအတွက် သင့်တော်မယ့် နည်းပညာ အထောက်အပံ့တွေကို ရွေးချယ်ရှာဖွေဖို့ကတော့ ကျောင်းသူကျောင်းသား တစ်ဦးချင်းအပေါ် မူတည်ပြီး ကွဲပြားမှုတွေ ရှိနိုင်ပါလိမ့်မယ်။

ကြိုးစားအားထုတ်မှု ပြင်းထန်ခြင်းဟာ အောင်မြင်မှုရဲ့ အခြေခံအကျဆုံး အုတ်မြစ် ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးပါတဲ့ မေးခွန်းတစ်ခုက ကြိုးစားတိုင်း အောင်မြင်နိုင်မှာလား ဆိုတာပါပဲ။ ကျောင်းသူကျောင်းသားတွေ ထဲမှာလည်း စာကို ကြိုးကြိုးစားစား ထက်ထက်သန်သန် ကျက်မှတ်ပေမယ့် အားထုတ်မှုနဲ့ ထိုက်တန်သလောက် စာမရဘဲ ဖြစ်နေတတ်တာမျိုး အမှန်တကယ် ကြုံနေသူတွေ ရှိပါတယ်။

ဒါဟာ ပင်ကိုမှတ်ဉာဏ်အားနည်းလို့၊ ဒါမှမဟုတ် အာရုံစူးစိုက်မှုပိုင်း လျော့ပါးတတ်လို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ စာကျက်အားနဲ့ ညီမျှအောင် စာမရဘူးလို့ ခံစားရရင်ဖြစ်စေ၊ စာမေးပွဲ နီးလာလေ အာရုံပျံ့လွင့်လေလို့ ယူဆရင် အောက်ပါနည်းလမ်း ၇ ခုကို စမ်းသပ်ကြည့်သင့်ပါတယ်။


၁။ စာမကျက်ခင်လမ်းလျှောက်ပါ

လမ်းလျှောက်ခြင်းရဲ့ ရည်ရွယ်ချက်က သင့်တင့်မျှတတဲ့ ကိုယ်လက် လှုပ်ရှားမှုမျိုး ဖြစ်စေဖို့ပါ။ ဒါကြောင့် လမ်းမလျှောက်ဘဲ သင့်တော်တဲ့ အားကစားနည်းတစ်ခုခု ခပ်သာသာလုပ်လည်း အဆင်ပြေပါတယ်။ အရမ်းပြင်းပြင်းထန်ထန်တော့ မဖြစ်ပါစေနဲ့။ ပင်ပန်းနွမ်းနယ်မှုက စာကျက်တဲ့အချိန်မှာ ဆိုးကျိုးသက်ရောက်နိုင်တာကြောင့်ပါ။ ကောင်းမွန်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးဟာ ဦးနှောက်ကို ရေတို လှုံ့ဆော်ပေးနိုင်တယ်လို့ အီလီနွိုက်စ်တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် စာစမကျက်ခင် မိနစ် ၂၀ လောက် အေးအေးလူလူ လမ်းလျှောက်ခြင်းဟာ ကောင်းမွန်တဲ့ အစပြုပြင်ဆင်မှု ဖြစ်ပါလိမ့်မယ်။


၂။ စာကို အသံထွက်ပြီးကျက်ပါ

ကိုယ်လေ့လာမှတ်သားရတဲ့ စာတွေကို စိတ်ထဲကဖတ်ပြီး လိုက်မှတ်နေရုံနဲ့ မကျေနပ်ပါနဲ့။ အသံထွက်ပြီး ရွတ်ဖတ်ပါ။ ကို်ယ့်အသံကို လူကြားမှာ ကြောက်မနေပါနဲ့။ အရမ်းကြီး အော်စရာ မလိုသလို အရမ်းကြီး အသံတိုးတိုးနဲ့ စာကျက်တာလည်း မကောင်းပါဘူး။ အသံထွက်ပြီး စာကျက်တဲ့အခါ စိတ်က မှတ်သားမှုအပြင် အကြားအာရုံကို အခြေခံပြီး အကြားအာရုံရဲ့ တုံ့ပြန်မှုကိုပါ အသုံးချနိုင်တဲ့အတွက် စိတ်ထဲမှာ ပိုစွဲမြဲနိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ စာကြည့်တိုက်လို အသံတိတ်ဆိိတ်နေရမယ့် နေရာမျိုးမှာ စာသွားကျက်တာတော့ မလုပ်နဲ့ပေါ့။


၃။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွေးနွေးပါ

ကိုယ်ကျက်မှတ်ထားတဲ့ စာတွေကို ကိုယ်တိုင်ကိုယ်ကျ အမေးအဖြေ ပြန်လုပ်ကြည့်ပါ။ တကယ်လို့ စာမေးပွဲမှာ ဒီစာတစ်ပုဒ်ကို ဘယ်လိုလှည့်ပတ်ပြီး မေးလာမလဲ ဆိုတာကို စိတ်ကူးယဉ်ပြီး ဖန်တီးယူကြည့်ပါ။ ပြီးတော့ အဲဒီအခြေအနေမှာ ကိုယ်က ဘယ်လို သင့်တော်အောင် ပြောင်းလဲဖြေဆိုမလဲ ဆိုတာကိုလည်း ဆန်းစစ်ပါ။ ဒါတွေအကုန်လုံး စိတ်ထဲမှာပဲ တွက်ချက် ဖန်တီးကြည့်နေရမှာ ဖြစ်ပါတယ်။ ဒီနည်းက စာမေးပွဲ မေးခွန်းအလှည့်အပြောင်းတွေနဲ့ ပတ်သက်ရင် ကြိုတင်ပြင်ဆင်ပြီး ဖြစ်စေသလို ရထားတဲ့စာတွေကို မသိမသာ ပြန်နွေွှးသလို ဖြစ်နေတဲ့အတွက် မှတ်ဉာဏ်ထဲမှာ ပိုစွဲထင်နေပါလိမ့်မယ်။


၄။ စာကျက်နည်းအသစ်တွေရှာပါ

စာကို ဘယ်လိုကျက်ရင် ပိုအဆင်ပြေမလဲဆိုတာကို အမြဲတမ်း နည်းလမ်းသစ်တွေ ရှာကြံပြီး စဉ်းစားနေသင့်ပါတယ်။ ကိုယ်နဲ့ ဘယ်နည်းက အကိုက်ဆုံးလဲ ဆိုတာကို ကိုယ်တိုင်ရွေးချယ်ပါ။ လက်တန်း ခပ်မြန်မြန် အလွတ်ကျက်တာလား။ အဓိကအချက်အလက်တွေကို အတိုချုပ် ထုတ်နုတ်ပြီး မှတ်တဲ့နည်းက ပိုသင့်တော်သလား။ ဒါမှမဟုတ် အချက်အလက်လေးတွေကို အစစာလုံးလေးတွေ စုယူပြီး ကဗျာလို သီကုံးမှတ်သားမလား အစရှိသဖြင့် နည်းလမ်းပေါင်းစုံ စမ်းသပ်ပါ။ ဘာသာရပ်အလိုက် ကိုယ်နဲ့ အဆင်အပြေဆုံး နည်းလမ်းတွေကို ခွဲခြားထားနိုင်မယ်ဆိုရင် စူးစိုက်မှုပိုကောင်းသလို စာအရပိုမြန်ပါလိမ့်မယ်။


၅။ နေရာစုံရွှေ့ပြီးစာကျက်ပါ

မြင်ပါများတော့ ရိုးတယ်ထင်ဆိုတဲ့ စကားပုံလည်း ရှိပါတယ်။ စာကျက်တဲ့အခါ နေရာတစ်ခုတည်းမှာ အထိုင်ချထားရင် အချိန်အတိုင်းအတာတစ်ခုမှာ ပတ်ဝန်းကျင်ကို ငြီးငွေ့လာနိုင်ပါတယ်။ အဲဒီအခါမှာ စာက ကျက်သာကျက်နေတယ်၊ ရသင့်သလောက်တော့ မရဘူးဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ စာကျက်ပြီဆိုရင် သုံးလေးနေရာသတ်မှတ်ပြီး အလျဉ်းသင့်သလို ပြောင်းလဲနေသင့်ပါတယ်။ ဒါဟာ အာရုံကို ပိုလန်းဆန်းစေပြီး မှတ်သားနိုင်စွမ်းကိုလည်း ပိုကောင်းမွန်စေပါလိမ့်မယ်။ ဒါပေမဲ့ ဂဏှာမငြိမ်ဘဲ ခဏခဏ ဟိုရွှေ့ဒီရွှေ့ လုပ်နေတာမျိုး ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။


၆။ အနားယူပါ

ဒါက သိပ်အရေးကြီးပါတယ်။ ဦးနှောက်ဟာ အင်ဂျင်တစ်လုံးလိုပါပဲ။ ဆက်တိုက်သုံးရင် ထူပူလာပါလိမ့်မယ်။ စာရလိုဇောနဲ့ ဆက်တိုက်ကျက်မှတ်နေတဲ့အခါကျရင် မှတ်သားနိုင်စွမ်းက တအိအိ လျော့သွားပါလိမ့်မယ်။ ဒါကြောင့် အခိုက်အတန့်တစ်ခုလောက် အနားယူပါ။ မျက်နှာလေးဘာလေးသစ်၊ ခြေဆန့်လက်ဆန့်လေးတွေလုပ်ပြီး အညောင်းအညာဖြေပါ။ စိတ်အပန်းပြေရာ တစ်ခုခု ခဏတဖြုတ် လုပ်ချင်လည်းလုပ်ပါ။ ဦးနှောက်ကို အထိုက်အလျောက် အနားပေးပြီးမှ စာပြန်ကျက်တဲ့အခါ လူလည်းလန်း၊ စာလည်း ပိုရပါလိမ့်မယ်။ စာမေးပွဲမတိုင်ခင် ရက်မျိုးမှာဆိုရင် အလွန်အကျွံ စာမကျက်တော့ဘဲ စောစော အနားယူတာမျိုးက ပိုပြီးသင့်တော်ပါတယ်။


၇။ စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ

ဘာသာရေးအကြောင်း ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ကို တည်ငြိမ်စေတဲ့ နည်းလမ်းတွေကို ရှာဖွေလေ့ကျင့်တာက အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုမြင့်မားစေပါတယ်။ ကိုးကွယ်တဲ့ ဘာသာတရားအလိုက် တရားထိုင်ပါ။ အချိ်န်ရနိုင်သလောက် ဝိပဿနာလုပ်ကြည့်ပါ။ ဒါမှမဟုတ်လည်း သမထလို စိတ်ကိုတည်ငြိမ်အောင် ကျင့်ကြံမှတ်သားတဲ့ ကျင့်စဉ်မျိုးကို မိနစ်ပိုင်းလောက် အနည်းဆုံး ပုံမှန်လုပ်ပါ။ ရေရှည်မှာ စူးစိုက်နိုင်စွမ်း ပိုကောင်းလာပြီး စာကျက်ရာမှာလည်း အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။

မရပ်မနား ပြင်းပြင်းထန်ထန် စာကျက်တဲ့အခါ ညောင်းညာတာ၊ ပင်ပန်းတာတွေ ရှိလာမှာပါပဲ။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ဖို့ ခဏအနားယူတာ၊ အညောင်းအညာ ဖြေလျှော့တာတွေ လုပ်နိုင်ပေမယ့် အဓိကအလိုအပ်ဆုံးဖြစ်တဲ့ မျက်စိကို ဂရုစိုက်ရေးနဲ့ ပတ်သက်ရင်တော့ ကျောင်းသူကျောင်းသားတွေ သတိမမူမိဘဲ မေ့လျော့နေတတ်ပါတယ်။ ခန္ဓာကိုယ်မှာ အလုပ်အများဆုံး၊ အနုနယ်ဆုံး အစိတ်အပိုင်း ဖြစ်သလို စာကျက်တဲ့အခါ အားအစိုက်ရဆုံးဖြစ်တဲ့ မျက်လုံးတွေကို ဂရုစိုက်ဖို့ အရမ်း အရေးကြီးပါတယ်။

ဒီဆောင်းပါးမှာတော့ ဆက်တိုက်စာကျက်ရင်း မျက်စိညောင်းလာတဲ့အခါ လုပ်ဆောင်သင့်တဲ့ မျက်စိလေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။ စာကြည့်စားပွဲနဲ့ နေအိမ်မှာ အလွယ်တကူလုပ်လို့ရပြီး မျက်စိညောင်းညာမှုကို ပြေလျော့စေမယ့် နည်းလမ်းတွေလည်း ဖြစ်ပါတယ်။


၁။ ခဏမှိတ်

စာကြည့်ရင်း အချိန်ကြာလာလို့ မျက်စိညောင်းလာပြီဆိုရင် မျက်လုံးနှစ်လုံးစလုံးကို ခဏမှိတ်ထားပါ။ စက္ကန့်ပိုင်းလောက် မျက်လုံးကို ခပ်တင်းတင်း မှိတ်ထားပါ။ အဲဒီနောက် မျက်လုံးကို ခပ်မြန်မြန်ပြန်ဖွင့်ပါ။ ဒီပုံစံမျိုး လေးငါးခါလောက် ဆက်တိုက်လုပ်ရပါမယ်။ ပြီးရင်တော့ မျက်လုံးကို ခပ်တင်းတင်း တစ်မိနစ်လောက် ပိတ်ထားလိုက်ပါ။ မျက်နှာနဲ့ မျက်လုံးအနီးတဝိုက်က အကြောတွေကို ပြေလျော့စေပါလိမ့်မယ်။ အဲဒီအတောအတွင်း အသက်ရှူ လေ့ကျင့်ခန်းပါ တွဲလုပ်နိုင်ရင် လူလည်းလန်းဆန်းပြီး စာကျက်ဖို့ အထိုက်အလျောက် အားသစ်လောင်းပြီးသား ဖြစ်လာမှာပါ။


၂။ နှိပ်နယ်

မျက်လုံးကို မှိတ်ထားပြီး အပေါ်ကနေ လက်ဖဝါးနှစ်ဖက်နဲ့ အုပ်ထားပါ။ လက်ချောင်းထိပ်တွေနဲ့ မျက်ခွံပေါ်ကနေ အသာလေး ဖိနှိပ်ပေးပါ။ ဒါ့အပြင် မျက်လုံးကို အလင်းလုံအောင် လက်ဖဝါးနဲ့ပိတ်ပြီး လက်ချောင်းတွေက မျက်လုံးတဝိုက်က ကြွက်သားတွေကို ညင်ညင်သာသာ နှိပ်ပေးရပါမယ်။ အရေးကြီးတာက မျက်လုံးတဝိုက်ကို ကိုင်တွယ်ချိန်မှာ လက်တွေသန့်ရှင်းနေဖို့ပါပဲ။ လက်မသန့်ရင် မျက်လုံးထဲ ပိုးမွှားဝင်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ မျက်လုံးကို လုံးဝဥဿုံ အမှောင်ချထားပြီး အသာအယာ နှိပ်နယ်ပေးခြင်းဟာ ထိရောက်တဲ့ လေ့ကျင့်ခန်း နည်းစနစ်တစ်ခုဖြစ်ပါတယ်။


၃။ အနွေးပေး

ဒီနည်းမှာလည်း လက်ကို သန့်သန့်ရှင်းရှင်းရှိနေစေဖို့ အရေးကြီးပါတယ်။ မျက်လုံးဟာ အရမ်း အာရုံခံမှုနုနယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါ။ မျက်လုံးကို အရမ်းပူတာ တစ်ခုခုနဲ့ အနွေးပေးဖို့ မလုပ်ရပါဘူး။ စာကျက်ရင်း မျက်လုံးတွေ ညောင်းလာပြီဆိုရင် နည်းကောင်းတစ်ခုက လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး အထိုက်အလျောက် ပူလာအောင်လုပ်ပါ။ ပြီးရင် မှိတ်ထားတဲ့ မျက်လုံးတွေပေါ်ကနေ လက်ဖဝါးရဲ့ အနွေးဓာတ် ထိတွေ့ပေးပါ။ ဒီနည်းဟာ မျက်လုံးညောင်းညာမှုကို ဖြေလျှော့ဖို့ အရမ်းအသုံးဝင်ပါတယ်။


၄။ 20-20-20 Rule

ဒါဟာ အခြေခံအကျဆုံးနဲ့ အလွယ်ကူဆုံး မျက်စိစောင့်ရှောက်မှု နည်းလမ်းတစ်ရပ်အနေနဲ့ ညွှန်းဆိုခံရပါတယ်။ ဆိုလိုရင်းက အနီးကြည့်ပုံစံနဲ့ မျက်လုံးအသုံးချမှုတွေကို အချိန်အကန့်အသတ်နဲ့ နားချိန်ပေးဖို့ဖြစ်ပါတယ်။ စာကျက်တာ၊ ကွန်ပျူတာသုံးတာ အားလုံးက စာအုပ်ကို၊ ဒါမှမဟုတ် Screen ကို အနီးကပ်ကြည့်ပြီး မျက်လုံးကို အသုံးချနေရတာ ဖြစ်ပါတယ်။ ဒါကို တန်ပြန်ဖို့ 20-20-20 Rule ကို သုံးလေ့ရှိပါတယ်။ မိနစ် ၂၀ စာကျက်ပြီးတိုင်း စက္ကန့် ၂၀ လောက် ခဏနားရမှာ ဖြစ်ပါတယ်။ အဲဒီ စက္ကန့် ၂၀ လောက်မှာ မျက်လုံးကို စာအုပ်နဲ့ ကွန်ပျူတာက ခွာပြီးတော့ အနည်းဆုံး ပေ ၂၀ လောက်ဝေးတဲ့ နေရာက တခြား အရာဝတ္ထု တစ်ခုခုဆီ အကြည့်လွှဲထားရပါမယ်။ ဒီအလေ့အကျင့်ကို ပုံမှန် လုပ်ဆောင်ပေးမယ်ဆိုရင် မျက်မှန် စောစောတပ်ရနိုင်တဲ့ အခြေအနေကို အထိုက်အလျောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။


၅။ ရေနဲ့သန့်ရှင်း

မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညနေတစ်ကြိမ်လောက် မျက်လုံးကို ရေနဲ့ သန့်ရှင်းပေးသင့်ပါတယ်။ မျက်နှာသစ်တာနဲ့ မဆိုင်ပါဘူး။ သန့်ရှင်းပြီး အေးမြတဲ့ရေနဲ့ မျက်လုံးကို စက္ကန့်အနည်းငယ်လောက် ဆေးကြောပေးတာကို ပြောတာပါ။ ရေအေးအေးနဲ့ ထိတွေ့ပေးခြင်းက မျက်သားတွေကို ပြေလျော့ပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ရေသန့်ဖို့တော့ အရေးကြီးပါတယ်။ စာကျက်ရင်း ငြီးစီစီဖြစ်လာတဲ့အခါ မျက်နှာထသစ်ရင်း မျက်လုံးကိုပါ ဆေးလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ နောက်တစ်နည်းကတော့ မျက်လုံးကို ငါးမိနစ်၊ ဆယ်မိနစ်လောက် မှိတ်ထားရင်း မျက်ခွံပေါ်မှာ သခွားသီး ပါးပါးလေးတွေ အကွင်းလိုက် တင်ထားတဲ့နည်းပါ။ သဘာဝအေးမြမှုက မျက်လုံးနဲ့ အနီးတဝိုက်က အကြောအချဉ်တွေကို ပြေလျော့စေပြီး သိသာကောင်းမွန်တဲ့ ပေါ့ပါးမှုကို ခံစားရပါလိမ့်မယ်။


၆။ အခြား

မျက်လုံးတွေဟာ ဘဝတလျှောက်လုံး အရေးအပါဆုံး အခန်းကဏ္ဍကနေ အသုံးပြုရမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးတွေကို အသုံးပြုရာမှာ လွန်ကဲတဲ့ ဝန်ပိမှုမျိုးမဖြစ်အောင် ပြန်ပြီးချိန်ညှိပေးရပါမယ်။ စာကျက်ရင်း မျက်စိအသုံးများထားတဲ့အခါ တခြား ဖုန်းလို၊ TV လို Screen တွေကို ကြည့်တာမျိုး တတ်နိုင်သလျှောက် လျှော့ချပြီး မျက်လုံးကို အနားပေးသင့်ပါတယ်။ စာကြည့်စားပွဲ များများထိုင်ပြီးရင် စိမ်းစိုတဲ့ပတ်ဝန်းကျင်မျိုးကို အချိန်ပေးပြီး လှမ်းကြည့်တာမျိုးလည်း လုပ်သင့်ပါတယ်။ အမြင်အာရုံမှာ မူမှန်မဟုတ်တာမျိုး၊ တခြားပြဿနာမျိုး ရှိနေတယ်လို့ ခံစားရရင်တော့ မျက်စိဆရာဝန်နဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

စာကျက်ခြင်းဟာ ကျောင်းသူကျောင်းသားတွေအတွက် ရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုပါ။ ဒီတာဝန်ကို စိတ်ထက်ထက်သန်သန် ဖြည့်ဆည်းသူနဲ့ ပျင်းပျင်းရိရိ ကိုင်တွယ်နေသူပဲ ကွာပါလိမ့်မယ်။ သေချာတာကတော့ ကျောင်းသားဘဝမှာ စာကျက်ရတယ်ဆိုတာက မဖြစ်မနေလုပ်ရတဲ့ တာဝန်တစ်ခုပါပဲ။

စာမေးပွဲနီးတဲ့ ကာလမျိုးမှာဆိုရင် နာရီပေါင်းတော်တော်များများ ဆက်တိုက် စာကြည့်ရတာတွေ ကြုံလာတတ်ပါတယ်။ အဲဒီအခါ လူက စိတ်မွန်းကျပ်တာ၊ အာရုံများတာတွေ ဖြစ်လာတတ်တာ ဓမ္မတာပါ။ ဒါကြောင့် စာကျက်ရင်း စိတ်ကို အနားပေးဖို့၊ အာရုံပြောင်းဖို့ လိုပါတယ်။ စာဆက်တိုက်ကျက်ရင်း ကြုံလာတဲ့ စိတ်တင်းကျပ်မှုတွေကို ဖြေလျှော့ဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း ၇ ခုကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ကိုယ်လက်လှုပ်ရှား

ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ပါးစေတယ်လို့ နိုင်ငံတကာ သုတေသန စစ်တမ်းရလဒ် တော်တော်များများက ညွှန်းဆိုပါတယ်။ အညောင်းထိုင်ပြီး စာကျက်တာ အချိန်ကြာလာရင် ခဏတဖြုတ်ထပြီး ကျန်းမာရေး လေ့ကျင့်ခန်းလေး နည်းနည်းပါးပါး လုပ်သင့်ပါတယ်။ အားရပါးရ အညောင်းဆန့်ပစ်ပါ။ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်လိုက်ပါ။ အညောင်းလည်းပြေ၊ စိတ်လည်းကြည်၊ အာရုံအပြောင်းအလဲလည်း ဖြစ်သွားပါလိမ့်မယ်။


၂။ အိမ်အပြင်ခဏထွက်

စာကျက်တဲ့အခါ အတော်အများများက စာကြည့်စားပွဲလို နေရာတစ်ခုတည်းမှာပဲ သတ်သတ်မှတ်မှတ် စာကျက်တတ်ကြပါတယ်။ စာကို ဆက်တိုက် ကျက်နေတဲ့အခါ ကိုယ့်အမြင်အာရုံက အခန်းတစ်ခုနဲ့ စာအုပ်ပေါ်က စာမျက်နှာတွေမှာပဲ ပိတ်လှောင်ထားသလို ဖြစ်နေပါတယ်။ ကြာတော့ မသိစိတ်က ဒါကိုငြီးငွေ့ပြီး အာရုံတွေလည်း ပျံ့လာတတ်တယ်။ စာထဲမှာ စိတ်နှစ်ထားလို့ မရသလို ဖြစ်လာပြီဆိုရင် စိတ်ဒုံးဒုံးချပြီး ခဏနားလိုက်ပါ။ အိမ်အပြင်ကို ထွက်ပြီး လမ်းလေးဘာလေးလျှောက်၊ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ရင် အတော်လေး အဆင်ပြေသွားပါလိမ့်မယ်။ မြင်ကွင်း အပြောင်းအလဲကြောင့် စိတ်ကြည်လင်ပြီး အာရုံလည်း ပြန်လန်းဆန်းလာနိုင်ပါတယ်။


၃။ သီချင်းဆို

ဘယ်သီချင်း ဆိုရမလဲလို့ စဉ်းစားမနေပါနဲ့။ ပါးစပ်ထဲက ရရာသီချင်းကိုသာ ဆိုလိုက်ပါ။ ကိုယ့်အသံက ပတ်ဝန်းကျင်ကို ဒုက္ခပေးနိုင်လောက်အောင် ပါရမီထူးရင်တော့ ရေချိုးခန်းထဲဖြစ်ဖြစ် ခဏဝင်ပြီး သီချင်းအော်ဆိုပါ။ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်မှုဟာ တင်းကျပ်မှုတွေ၊ ဖိအားတွေကို သိသိသာသာ လျော့ပါးသွားစေနိုင်တယ်လို့ စိတ်ပညာရှင်တွေက ထောက်ခံထားပါတယ်။ သီချင်းဆိုခြင်းဟာလည်း အလားတူ ကောင်းကျိုးမျိုး သက်ရောက်နိုင်တယ်။ ဒါကြောင့် စာကျက်ရင်း ငြီးစီစီခံစားလာရပြီဆိုရင် ခဏတဖြုတ်နားပြီး စိတ်ကူးပေါက်တဲ့သီချင်းကို အသံနေအသံထားနဲ့ အပီအပြင်သာ ဟဲပစ်လိုက်ပါ။


၄။ စာရေး

စိတ်ထဲရှိနေတာကို ချရေးပစ်လိုက်တာမျိုးကို ဆိုလိုပါတယ်။ ကိုယ့်ကိုထိန်းချုပ်ထားတဲ့ အရာတွေအားလုံးကို ခဏမေ့ထားပြီး ကိုယ်အာရုံလာတဲ့ အကြောင်းအရာတိုင်းကို ရေးချလိုက်ပါ။ ဒီနည်းလမ်းဟာ လူအများစု ယုံကြည်ကြတဲ့ အတိုင်းအတာထက် အများကြီး အကျိုးပိုရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ "သင်္ချာတွေက ခက်လိုက်တာ”၊ "ဂိမ်းဆိုင်သွားရင် အမေက ဆူမှာ” စသဖြင့် ရေးချင်ရာကို ချရေးပါ။ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာ တစ်ယောက်လို့ ခံယူစရာမလိုပါဘူး။ ဒါဟာ မွန်းကျပ်မှုကို စာရွက်ပေါ် သွန်ချပြီး ဖောက်ထွက်တဲ့ အလွယ်ကူဆုံးနည်းတစ်ခုပဲ ဖြစ်ပါတယ်။


၅။ ဝါသနာပါရာ

လူတိုင်းဟာ ကိုယ်ဝါသနာပါတဲ့ကိစ္စကို လုပ်နေရရင် စိတ်လည်းပျော်ရွှင်၊ မောရပန်းရမှန်းလည်းမသိ ဖြစ်နေတတ်ပါတယ်။ ဝါသနာမပါတဲ့ ကိစ္စကို ဆက်တိုက် အကြာကြီးလုပ်ရရင်တော့ စိတ်ပင်ပန်းပါတယ်။ ဒါက ပုံသေနည်း တစ်ခုပါ။ စာကျက်တာကို ဝါသနာပါတယ်ဆိုတဲ့ ကျောင်းသူကျောင်းသားမျိုးကတော့ အတော်နည်းပါလိမ့်မယ်။ ဒါကြောင့် စာဆက်တိုက်ကျက်ရင် စိတ်ပင်ပန်းလာမှာ သေချာပါတယ်။ အဲဒီအခါ ကိုယ်ဝါသနာပါတဲ့ အရာကို ခဏတဖြုတ် အချိန်ပေးပြီး လုပ်သင့်ပါတယ်။ ငါးနာရီလောက် ဆက်တိုက် ကျက်ပြီးရင် တစ်နာရီလောက် ဂိမ်းကစားတာ၊ သီချင်းနားထောင်တာ၊ ဗီဒီယိုကြည့်တာ၊ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တာ ဘာမဆို ကိုယ်ဆန္ဒရှိတာကို လုပ်လိုက်ပါ။ ဒီလိုလုပ်မယ်ဆိုရင် သတိထားစရာနှစ်ခုတော့ ရှိပါတယ်။ ပထမတစ်ခုက ဝါသနာပါတာကို ထလုပ်တဲ့အချိန်ကို တိတိကျကျ သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်က အရမ်းပင်ပန်းတဲ့ကိစ္စမျိုးကို ရှောင်ဖို့ပါ။ ကိုယ်လက်နွမ်းနယ်သွားရင် စာပြန်မကျက်နိုင်ဘဲ အိပ်ငိုက်နေပါလိမ့်မယ်။


၆။ ခဏတဖြုတ်မှေး

စာဆက်တိုက်ကျက်ရင် မျက်လုံးတွေ ညောင်းလာတတ်ပါတယ်။ ကိုယ်က အအိပ်လည်း မက်တဲ့သူဆိုရင် ခဏတဖြုတ် မှေးအိပ်လိုက်ဖို့ ဒွိဟဖြစ်မနေပါနဲ့။ ခဏလောက် မှေးလိုက်တာဟာ စိတ်ရော၊ ခန္ဓာကိုယ် ကြွက်သားတွေကိုပါ ဖိစီးမှု လျော့ပါးသက်သာစေပါတယ်။ တစ်ခုရှိတာက အိပ်ချိန်ကိုတော့ အတိုင်းအတာတစ်ခုထိ ကန့်သတ်ထားဖို့ပါ။ စာမေးပွဲ နီးနေပြီဆိုရင်တော့ တစ်နာရီထက် ပိုမမှေးသင့်ပါဘူး။ ပြန်နိုးလာရင်တော့ မျက်နှာသစ်၊ လန်းလန်းဆန်းဆန်းဖြစ်အောင် ပြုပြင်ပြီး စာကို အာရုံအပြည့်နဲ့ ဆက်ကျက်ရုံပါပဲ။


၇။ အစားကောင်းကောင်း

စာကျက်တာ ကြာလာရင် ဗိုက်လည်း ဆာလာတတ်ပါတယ်။ ဒီအချိန်မှာ ခဏတဖြုတ်နားရင်း အစားအသောက် အရသာရှိရှိလေးနဲ့ ဗိုက်ဖြည့်လိုက်ရရင် ဘဝဆိုတာ ကျေနပ်စရာကြီး ဖြစ်သွားပါလိမ့်မယ်။ ကိုယ်စားချင်တာလေး ခပ်မြန်မြန် လုပ်စားပါ။ ဒါမှမဟုတ် မိဘတွေကို အကူအညီတောင်းပြီး ပြင်ဆင်ပေးဖို့ ပြောပါ။ ဒါပေမဲ့ ဗိုက်အရမ်းပြည့်တဲ့အထိတော့ မစားသင့်ပါဘူး။ အစားအသောက်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ အကောင်းဆုံး လည်ပတ်အောင် တွန်းအားပေးမယ့် လောင်စာလည်း ဖြစ်ပါတယ်။ ဒီတော့ လောင်စာကောင်းကောင်း ပြန်ဖြည့်ပြီး စိတ်ကျေနပ်နေတဲ့အခါ စာဆက်ကျက်ဖို့ တက်တက်ကြွကြွ နိုးနိုးကြားကြား ပြန်ဖြစ်လာမှာ အမှန်ပါပဲ။

ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသူကျောင်းသား လူငယ်တွေအတွက် အလယ်တန်း၊ အထက်တန်း ပညာရေးအဆင့်ဟာ အရမ်းအရေးကြီးတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်ပညာရေးနယ်ပယ်ထဲ ချဉ်းနင်းဝင်ရောက်မှုမတိုင်ခင် အခြေခံကောင်းတွေ ပိုင်ဆိုင်ဖို့အတွက် စာသင်ကျောင်းတွေမှာ ဖြည့်ဆည်းသင်ယူကြရတာပါ။

ဒီလို အရေးကြီးတဲ့ကာလမျိုးမှာ ကျောင်းသူကျောင်းသား လူငယ်မောင်မယ်တွေရဲ့ ပညာသင်ယူဆည်းပူးမှုကို မိဘနဲ့ ဆရာသမားတွေက စုပေါင်း ကူညီပံ့ပိုးပေးနိုင်ရင် အများကြီး ပိုပြီးအကျိုးရှိနိုင်ပါတယ်။ ဆရာ၊ ဆရာမတွေက စာသင်ချိန်အများစုမှာ ထိတွေ့ဆက်ဆံနေရပေမယ့် မိဘတွေကျတော့ တိုက်ရိုက်ပါဝင်နိုင်မှုက ယေဘုယျအားဖြင့် နည်းနေတတ်ပါတယ်။ ဒါက ဓမ္မတာပါပဲ။

ဒါပေမဲ့ သားသမီးတွေရဲ့ ပညာရေးကို မိဘတွေက သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ဖြစ်စေ ကူညီပါဝင်ပံ့ပိုးနိုင်တဲ့ အတိုင်းအတာတွေတော့ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ပညာရေးအတွက် မိဘတွေ တစ်တပ်တစ်အား ဝင်ရောက် ပူးပေါင်းနိုင်မယ့် ကိစ္စလေးတချို့ကို အကြံပြုဖော်ပြလိုက်ပါတယ်။


၁။ အနီးကပ်ဆွေးနွေးပါ

သားသမီးရဲ့ ပညာရေးအတွက် ဘာတွေလိုအပ်သလဲ၊ ဘယ်အပိုင်းမှာ ဖြည့်တင်းသင့်သလဲဆိုတာကို သေချာမေးမြန်း စုံစမ်းရပါမယ်။ ကိုယ့်ရဲ့ သားသမီးက သူ့ရဲ့ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာထိ မျှော်လင့်ထားသလဲဆိုတာကို အကဲဖြတ်ပါ။ ကိုယ့်မျှော်လင့်ချက်က ဘယ်လောက်ထိလဲ ဆိုတာကိုလည်း ရှင်းပြပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်း ပံ့ပိုးရမယ့် ကိစ္စတွေကို သေချာမေးမြန်း ဆွေးနွေးပြီး အတတ်နိုင်ဆုံး ပြည့်စုံထမြောက်အောင် ကူညီ ဖြည့်ဆည်းသင့်ပါတယ်။


၂။ ဖိအားတွေကို လျှော့ချပေးပါ

စာကြိုးစားတဲ့၊ စာလိုလားတဲ့ ကလေးတွေ ဖြစ်ဦးတော့။ ပညာရေးမှာ ဖိအားဝင်တဲ့ အချိန်ကာလတွေ ကြုံလာတတ်ပါတယ်။ အလွယ်ဆုံး ဥပမာ ပေးရရင် စာမေးပွဲနီးလာတဲ့ ကာလမျိုးပေါ့။ စာတွေကို ပိုင်ပိုင်နိုင်နိုင် သင်ယူမှတ်သား လေ့လာထားပြီးတာတောင် စာမရသေးဘူးလို့ထင်နေပြီး ထူပူစိတ်လှုပ်ရှားနေတာမျိုး ဖြစ်တတ်ပါတယ်။ မိဘတွေအနေနဲ့ ဒီလိုအနေအထားမှာ ကိုယ့်သားသမီး ကျောင်းသူကျောင်းသားရဲ့ ဖိအားတွေကို ကူညီ ဖယ်ရှားပေးဖို့ သိပ်အရေးကြီးပါတယ်။ နှစ်သိမ့်စကား ပြောတာမျိုး၊ စိတ်လက်ပေါ့ပါးစေမယ့် အစီအစဉ်မျိုးတွေ ဖန်တီးပေးတာမျိုးနဲ့ စိတ်ဓာတ်ပြန်မြှင့်တင်ပေးရမယ်။ မိဘတွေ ကိုယ်တိုင်ကပါ “အဆင့်တစ်မရလို့ မဖြစ်ဘူး” ဆိုတာမျိုး သွားပြောနေရင်တော့ ဖိအားက နှစ်ဆတိုးသွားနိုင်တာကို သတိပြုသင့်ပါတယ်။


၃။ စာကျက်ရာမှာ ပူးပေါင်းပါ

သားသမီးရဲ့ စာကျက်မှု၊ သင်ယူမှုတွေမှာ ကိုယ်က တတ်နိုင်တဲ့ဘက်က ဝင်ပူးပေါင်းပေးတာဟာ သင်ယူမှုမှာ အထောက်အပံ့ ဖြစ်စေသလို ကျောင်းသူ၊ ကျောင်းသားအတွက်လည်း ပိုပြီး ကျေနပ်စရာဖြစ်နိုင်ပါတယ်။ ပြီးတော့ မိဘက သားသမီးရဲ့ ကျောင်းသင်ခန်းစာတွေအကြောင်း ပိုပြီးနားလည်လာနိုင်တယ်။ အလွယ်ကျက်နည်းတွေ ကူစဉ်းစားပေးလို့ရတယ်။ ပိုထိရောက်တဲ့ သင်ယူမှု ပုံစံမျိုးကို မျှဝေပေးနိုင်တယ်။ စာအံချိန်မှာ သေချာ အချိန်ပေး နားထောင်ပေးတာမျိုးတွေက ပညာရေး အခြေခံပုံစံထက်ပိုတဲ့ သားသမီးနဲ့ မိဘကြား ပိုနီးစပ်တဲ့ ဆက်ဆံရေးမျိုးဆီ ဦးတည်စေနိုင်တဲ့ ကောင်းကျိုးမျိုးလည်း ရှိပါတယ်။


၄။ ကျန်းမာရေးအတွက် အကြံပေးပါ

စာကြိုးစားတာ ကောင်းပါတယ်။ စာကြိုးစားလွန်းပြီး ကျန်တဲ့ ကျန်းမာရေး၊ ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ အာဟာရကဏ္ဍတွေကို မေ့တဲ့ထိ ဖြစ်လာရင်တော့ မကောင်းပါဘူး။ စာဇောကပ်နေတဲ့ ကျောင်းသူကျောင်းသားတွေမှာ ဒီလို အခြေအနေမျိုးတွေ မြင်ရလေ့ရှိပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစာအာဟာရတွေ ချက်ပြုတ်ကျွေးမွေးတာမျိုး၊ အိပ်ချိန်စားချိန်မှန်အောင် ဂရုစိုက်စီမံခန့်ခွဲပေးတာမျိုးတွေ လုပ်ပေးရမှာပါ။ ဖြစ်နိုင်ရင် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ သေသေချာချာ လုပ်နိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုလောက် စီစဉ်သတ်မှတ်ပေးတာ ပိုကောင်းပါတယ်။ ကျန်းမာရေး ကောင်းမွန်ပြည့်စုံမှ ပညာသင်ကြားမှုကို ရာနှုန်းပြည့် အာရုံစိုက်နိုင်မယ်ဆိုတာကိုလည်း ကျောင်းသူကျောင်းသားတွေ နားလည်အောင် ရှင်းပြနေရမှာပါ။


၅။ ပြင်ပဗဟုသုတ မျှဝေပါ

ကျောင်းစာထဲမှာ အချိန်ပြည့် နစ်မြုပ်နေတာမျိုးက အကောင်းဆုံး အခြေအနေတော့ မဟုတ်ပါဘူး။ စာကြိုးစားတဲ့ သားသမီးကို ကျောင်းစာပြင်ပ ဗဟုသုတတွေ သိရှိအောင် မိဘတွေက ဖြည့်ဆည်းပေးဖို့လိုပါတယ်။ ပညာရေးအတွက် အထောက်အပံ့ဖြစ်နိုင်မယ့် သတင်းတွေ၊ အသိပညာ အချက်အလက်တွေ ပြင်ပကနေ ရှာဖွေပေးတာမျိုး၊ ကမ္ဘာ့ရေးရာကိစ္စတွေကို ရှာဖွေပြီး ဖတ်ရှုစေတာမျိုးတွေ စီစဉ်ပေးရပါမယ်။ ဒါဟာ ကျောင်းစာအပေါ် အတိုင်းအတာတစ်ခုထိ ငြီးငွေ့နေမှုကို ပြေပျောက်စေတဲ့အပြင် စာမေးပွဲမှာ စာစီစာကုံး (Essay) ရေးသားမှုတွေအတွက်ပါ ကိုးကားစရာ ဗဟုသုတသစ်တွေ ဖြည့်တင်းပြီးသား ဖြစ်စေပါတယ်။


၆။ တိုးတက်မှုကို စောင့်ကြည့်ပါ

စာကျက်တိုင်း ပညာရေးကဏ္ဍမှာ တိုးတက်လာနေတယ်လို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးက ပုံမှန် စာကျက်နေတာပဲဆိုပြီးတော့ လွှတ်ထားရင် မှားပါလိမ့်မယ်။ လစဉ် ပညာရေးအစီရင်ခံမှု အခြေအနေတွေကို ဆန်းစစ်ပြီး အမှန်တကယ် တိုးတက်မှု ရှိမရှိဆိုတာကို အကဲဖြတ်ရပါမယ်။ တိုးတက်မှု အားနည်းနေတယ်လို့ထင်ရင် ဘယ်အပိုင်းတွေမှာ လစ်ဟာနေသလဲဆိုတာကို ပြန်စိစစ်ရပါမယ်။ သားသမီးရဲ့ ပညာရေးအတွက် ကိုယ်တိုင် ပြင်ပရှုထောင့်ကနေ သုတေသနပြု လေ့လာတာမျိုး လုပ်သင့်ပါတယ်။ လိုအပ်တဲ့အပိုင်းတွေမှာ သွယ်ဝိုက်ဖြည့်ဆည်းပေးတာ၊ ဆရာဆရာမတွေနဲ့ တိုင်ပင်နှီးနှောပြီး အဖြေရှာတာမျိုးတွေက ပိုကောင်းတဲ့ ပညာသင်ယူ မှတ်သားမှုမျိုး အခြေခိုင်ခိုင် ဖြစ်ပေါ်လာစေပါလိမ့်မယ်။


၇။ အနာဂတ်ကို ပုံဖော်ပါ

ရည်မှန်းချက်ကင်းမဲ့တဲ့ အလုပ်တိုင်းဟာ ဖြစ်မြောက်သင့်သလောက် အောင်မြင်မှု မရရှိနိုင်ပါဘူး။ ပညာရေးနဲ့ပတ်သက်ပြီး ကိုယ့်သားသမီးကို ရည်မှန်းချက် ခိုင်ခိုင်မာမာထားတတ်အောင်၊ ပန်းတိုင်တစ်ခု ရွေးချယ်တတ်အောင် ဆွေးနွေးသင်ပြပေးဖို့ အရေးကြီးပါတယ်။ ကျောင်းသူကျောင်းသား တစ်ဦးချင်းစီမှာ ကောင်းမွန်တဲ့ ရည်မှန်းချက်တစ်ခု ရှိနှင့်ပြီးသားဆိုရင်လည်း မိဘတွေက အဲဒါကို အကောင်အထည်ပေါ်အောင် ပံ့ပိုးပုံဖော်ပေးဖို့ လိုပါတယ်။ ဥပမာ အင်ဂျင်နီယာဖြစ်ဖို့ ရည်မှန်းထားတဲ့ ကလေးတွေကို ဆရာဝန်လုပ်ဖို့ တိုက်တွန်းတာမျိုးကို ရှောင်သင့်ပါတယ်။ ရည်မှန်းချက် ခိုင်မာအားကောင်းတဲ့ ပညာသင်ယူမှုဟာ ပညာရေးကို ဝတ်ကျေတန်းကျေ ဖြည့်ဆည်းသင်ယူနေတာထက် အများကြီး ပိုမို အကျိုးများ တန်ဖိုးရှိမှာ အမှန်ပါပဲ။

မြန်မာကျောင်းသူကျောင်းသား လူငယ်လူရွယ်တွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကို အကောင်းဆုံးဖော်ထုတ်ပေးနိုင်မယ့် ပညာရေးအထောက်အပံ့ အစီအစဉ်ကောင်းတစ်ခုအဖြစ် Samsung Quiz Show ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Samsung Quiz Show ဟာ ပညာရေးရဲ့တန်ဖိုးကြီးမားမှုကို မီးမောင်းထိုးပြဖို့နဲ့ လူငယ်တွေရဲ့ လေ့လာသင်ယူချင်စိတ် ပိုမိုအားကောင်းလာအောင် လှုံ့ဆော်ပေးဖို့ ရည်ရွယ်ထားတာပါ။

ယေဘုယျအနေနဲ့ပြောရရင် ဒီအစီအစဉ်ဟာ ကျောင်းသူကျောင်းသားတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်သလိုရှိပေမယ့် အမှန်တကယ်တော့ မိဘတွေ၊ ဆရာဆရာမတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ပါ အကျုံးဝင်နေပါတယ်။ အထူးသဖြင့် Samsung Quiz Showမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေဟာလည်း အစီအစဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလို့ ယူဆရမှာဖြစ်ပါတယ်။

မိဘတိုင်းဟာ သားသမီးတွေအပေါ် အမြင့်ဆုံး၊ အကောင်းဆုံး မျှော်လင့်ချက် ထားတတ်ကြတာ ဓမ္မတာပါ။ Samsung Quiz Show ရဲ့ ပြိုင်ပွဲဝင် လူတော်လူမော် ကျောင်းသူကျောင်းသားလေးတွေရဲ့ မိဘတွေလည်း အတူတူပါပဲ။ အခုတစ်ပတ်မှာတော့ မိဘတွေက သားသမီးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ထားတတ်တဲ့ အဖြူရောင် လောဘလေးတွေအကြောင်း စုစည်းဖော်ပြလိုက်ပါတယ်။


ပညာရဲရင့် ပွဲလယ်တင့်စေချင်တယ်

သားသမီးတွေ အောင်မြင်နေတာ၊ ကောင်းသတင်းတွေနဲ့ ထင်ပေါ်ကျော်ကြားနေတာကို မိဘတိုင်းက လိုလားကြ၊ ဖြစ်စေချင်ကြပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေအနေနဲ့ကတော့ ကိုယ့်သားသမီးကို ပညာဂုဏ်နဲ့ ထွန်းလင်းနေစေချင်တာ မဆန်းပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်သားသမီးကို စာတော်စေချင်တာ၊ ပညာအထူးချွန်ဆုံး ဖြစ်စေချင်တာ မိဘတိုင်းရဲ့ဆန္ဒပါပဲ။

Samsung Quiz Show ပြိုင်ပွဲဝင် မခိုင်ဇာဇာသင်းရဲ့ မိခင်က “ပညာတတ်တယ်ဆိုရင် ဘယ်နေရာပဲသွားသွား၊ ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်တော့ဖြစ်ဖြစ် မျက်နှာမငယ်ဘူးပေါ့။ ပညာရဲရင့် ပွဲလယ်တင့် ဆိုတာလည်း ရှိတာကိုး” လို့ပြောပါတယ်။ တကယ်တော့ သားသမီးတွေရဲ့ပညာရေးဟာ မိဘတိုင်း စိတ်ထဲမှာ အလေးအနက်ထား စဉ်းစားနေတဲ့ ကဏ္ဍတစ်ခုပါပဲ။


သားသမီးရဲ့ ပညာရေးအတွက် ဂုဏ်ယူချင်တယ်

မိဘတိုင်းဟာ ကိုယ့်သားသမီးအတွက် ဘက်ပေါင်းစုံက ဂုဏ်ယူချင်ကြပါတယ်။ ပညာထူးချွန်တဲ့၊ စာတော်တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေ ဆိုရင်တော့ သားသမီးရဲ့ ပညာရေးအတွက်ပါ ဂုဏ်ယူခွင့်ရကြတာပေါ့။ တကယ်တော့ မိဘတိုင်းက ကိုယ့်သားသမီး ဘယ်လောက်စာတော်ကြောင်း၊ ဘယ်လို ပညာရည်ချွန်ဆုတွေ ရနေကြောင်းကို အချိန်တိုင်း ဂုဏ်ယူစိတ် အပြည့်နဲ့ မမောနိုင်မပန်းနိုင် ကြွားချင်နေတဲ့ သူတွေချည်းပါပဲ။

မရွှေရည်ဖူးပွင့်ရဲ့ မိခင်ကတော့ သမီးအတွက် ဂုဏ်ယူခွင့်ရနေသူတွေထဲက တစ်ယောက်ပါ။ “သမီးက နှစ်စဉ်နှစ်တိုင်း ဆုတွေရတယ်။ ကျွန်မက အဲဒီလိုမရဖူးဘူး ကျွန်မဘဝမှာ။ ကျွန်မသမီးလေးက အဲဒီလိုရတယ်ဆိုတော့ ကျွန်မအိမ်က ညီမကလည်း ဝမ်းသာတယ်၊ ကျွန်မကလည်း ဝမ်းသာတယ်ပေါ့။ ငါတို့တော့ တော်တဲ့သမီးလေးတစ်ယောက်ရပြီ ဆိုပြီးတော့လေ” လို့ သမီးအလိမ္မာရဲ့အကြောင်းကို ကျေနပ်နှစ်သိမ့်မှုအပြည့်နဲ့ ပြောပြပါတယ်။


ကိုယ့်ထက်ပိုပြီး ပညာတတ်စေချင်တယ်

မိဘတိုင်းက သားသမီးတွေကို ကိုယ့်တုန်းကထက် ပိုကောင်းမွန်၊ ပိုထက်မြက်ဖို့ လိုလားကြပါတယ်။ ဒီခံစားချက်ဟာ ပညာရေးကဏ္ဍမှာလည်း ခြွင်းချက် ရှိမနေပါဘူး။ ကိုယ့်ထက်ပိုတော်တဲ့၊ ပညာပိုထူးချွန်တဲ့၊ အဆင့်မြင့်ဘွဲ့ဒီဂရီတွေ ပိုရထားတဲ့ သားသမီးတွေကို မျှော်လင့် မြင်ယောင်နေတတ်တာ မိဘတိုင်းရဲ့ အနာဂတ်အိပ်မက်တစ်ခုပါပဲ။

Samsung Quiz Show ပြိုင်ပွဲဝင် မပိုးအိဆွေရဲ့မိခင်က “အမေတို့လို ဘွဲ့လေးနဲ့တင် မကျေနပ်နဲ့ပေါ့။ သမီး၊ အခုအချိန်မှာ အမေတို့က ပံ့ပိုးနိုင်သလောက် ပံ့ပိုးမှာ။ သမီးကလည်း ကြိုးစား။ နေရိပ်ထဲမှာပဲ ကြိုးစားရတာပေါ့။ နေပူမှာ လုပ်ကိုင်မစားရအောင်လို့ပေါ့နော်” လို့ အရိုးခံစိတ်နဲ့ ပြောပြပါတယ်။ မိဘတွေ ပံ့ပိုးမှုကို အပြည့်အဝအသုံးချပြီး သမီးဖြစ်သူက ပညာရေးနယ်ပယ်မှာ ထိပ်ဆုံးထိ တက်လှမ်းသွားတာကို မျှော်လင့်မိတယ်လို့လည်း မပိုးအိဆွေရဲ့မိခင်က ဖွင့်ဟခဲ့ပါတယ်။


အတော်ဆုံး မဟုတ်ရင်တော့ မညံ့စေချင်ဘူး

Samsung Quiz Show ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသားတွေရဲ့ မိဘတိုင်းက ကိုယ့်သားသမီးအတွက် အစွမ်းရှိသမျှ ဝိုင်းဝန်းပံ့ပိုးနေကြမှာ သံသယရှိစရာ မလိုပါဘူး။ တစ်ချိန်တည်းမှာလည်း ကိုယ်ရည်ကိုယ်သွေးကို အကောင်းဆုံး၊ အထက်မြက်ဆုံး ပြသနိုင်ဖို့ ကြိုးစားရင်း ဖိအားဝင်မသွားအောင်လည်း ပြန်ပြီး ထိန်းထိန်းသိမ်းသိမ်း အကြံပေးတဲ့ မိဘတွေလည်း ရှိနေပါတယ်။

မောင်အံ့ဘုန်းမိုရ်ရဲ့မိခင်က သားဖြစ်သူကို အကြံပေးလေ့ရှိတဲ့ စကားကို အခုလို ပြောပြပါတယ်။ “သားကိုတော့လေ၊ အစ်မ အမြဲတမ်း ဆုံးမသလိုပဲ ဘယ်နေရာကိုရောက်ရောက်၊ ဘာပဲလုပ်လုပ် သူများထက်တော်တဲ့၊ အားလုံးထဲမှာ အတော်ဆုံး ‘တစ်’ မဖြစ်ခဲ့ရင်တောင် တော်တဲ့အထဲလေးတော့ ပါစေချင်တာပေါ့နော်။ အဲဒီလိုပါဖို့အတွက်က ကိုယ့်မှာ ဘုရားပေးတဲ့ ဉာဏ်ပညာ ရှိထားပြီးသားဆိုရင် ဝီရိယလေးကတော့ ရှိသမျှအားကုန် ထုတ်စေချင်တာပေါ့” လို့ တိုက်တွန်း အကြံပြုခဲ့ပါတယ်။


ပညာရေးကို အမွေပေးချင်တယ်

သားသမီးတွေကို အကောင်းဆုံး ပျိုးထောင်ပေးတဲ့အပြင် အကောင်းဆုံး အမွေဆက်ခံ လက်ဆင့်ကမ်းဖို့ စဉ်းစားပြင်ဆင်ပေးကြတာဟာ မိဘတိုင်း ကျေပြွန်ချင်တဲ့ ဝတ္တရားတစ်ခုပါ။ ဒီအပိုင်းမှာ ဥစ္စာအမွေအပြင် ပညာအမွေကိုပါ ဖြည့်ဆည်းပေးဖို့ပါ စဉ်းစားကြပါတယ်။ ကျောင်းသူကျောင်းသား အရွယ်ကစပြီး နောင်အနာဂတ်မှာ ပညာတတ်ကြီးတွေအနေနဲ့ လူလားမြောက် ကြီးပြင်းလာတာကို တွေ့မြင်ချင်ကြတယ်။

မိဘတွေ ပံ့ပိုးနိုင်တဲ့အချိန်မှာ ထိပ်ဆုံးရောက်အောင် သမီးကို ကြိုးစားစေချင်တယ်လို့ မပိုးအိဆွေရဲ့ မိခင်ကပြောပါတယ်။ မခိုင်ဇာဇာသင်းရဲ့ မိခင်ကတော့ “ပညာကတော့ အရေးကြီးတယ်။ အခုခေတ်မှာလည်း ပညာခေတ်လည်းဆိုတော့ ပညာကတော့ အရေးကြီးတဲ့အတွက် သားသမီးတွေကို မိဘတွေအနေနဲ့လည်း အမွေပေးနိုင်တာ ဒီပညာပဲရှိတာကိုး” လို့ သုံးသပ်ပါတယ်။ မရွှေရည်ဖူးပွင့်ရဲ့ မိခင်ကတော့ “ပညာမတတ်ရင် လူရာလည်း မဝင်ဘူးလို့ ထင်တယ်။ ပိုက်ဆံရှိတာနဲ့ ပညာတတ်တာနဲ့တောင် မတူပါဘူး” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

စာစီစာကုံး (Essay) ရေးသားခြင်းဟာ ကျောင်းသင်ခန်းစာ အစိတ်အပိုင်း တစ်ရပ်အနေနဲ့တင် အရေးကြီးတာမဟုတ်ပါဘူး။ ပညာသင်ကြားမှုအပြီး လက်တွေ့လုပ်ငန်းခွင် ဝင်တဲ့အခါမှာလည်း ရုံးပိုင်းဆိုင်ရာနဲ့ တခြား အကြောင်းအရာတွေကို ပြေပြေပြစ်ပြစ် ရေးသားနိုင်ဖို့ အခြေခံကောင်းတွေလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ ပညာသင်ယူဆဲ အဆင့်မှာလည်း ဘာသာစကား (Language) ကို သင်ယူရတဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာလို ဘာသာရပ်တွေမှာ ဂုဏ်ထူးအတွက် အဓိက အကဲဖြတ်စိစစ်တဲ့ ကဏ္ဍတစ်ခု ဖြစ်နေပါတယ်။ ကျောင်းသူ ကျောင်းသားတစ်ယောက်ရဲ့ ရေးသားတင်ပြမှု စွမ်းရည်ဟာ အထင်ကြီးလောက်စရာ ဟုတ်မဟုတ်ဆိုတာကို စာစီစာကုံး (Essay) တွေမှာ ဆရာဆရာမတွေက အကဲဖြတ်လေ့ ရှိပါတယ်။

ဒါကြောင့် အရေးအသား ပြေပြစ်ထက်မြက်ပြီး ဆွဲဆောင်မှုရှိတဲ့ စာစီစာကုံး (Essay) ကောင်းတစ်ပုဒ် ရေးသားဖို့ သတိပြုလိုက်နာရမယ့် အကြုံပြုချက် ၇ ခုကို ဖော်ပြလိုက်ပါတယ်။


၁။ ခေါင်းစဉ်ရဲ့ ဆိုလိုရင်း

အခြေခံအကျဆုံးက ပေးထားတဲ့ခေါင်းစဥ်ရဲ့ ဆိုလိုရင်းကို တိတိကျကျ လိုက်နာပုံဖော်ထားတဲ့ စာစီစာကုံးမျိုး ကိုယ့်ဘက်က တင်ပြနိုင်ဖို့ဖြစ်ပါတယ်။ ခေါင်းစဥ်ရဲ့ တောင်းဆိုမှုနဲ့ အံချော်သွားပြီဆိုရင် ကိုယ်ရေးထားတဲ့ စာစီစာကုံးက ဘယ်လောက် ထူးခြားပြောင်မြောက်နေပါစေ၊ အမှတ်ပေး စည်းမျဥ်းအရ အကျုံးဝင်ဖို့ ခက်သွားပါပြီ။ အထက်တန်း ဆရာဆရာမတွေ ကိုယ်တိုင်က စာမေးပွဲအဖြေလွှာမှာ ခေါင်းစဥ်နဲ့ ဆိုလိုရင်းလွဲနေတဲ့ စာစီစာကုံး တော်တော်များများကို နှမြောစရာ ကောင်းလောက်အောင် တွေ့မြင်ခဲ့ဖူးကြောင်း ဝန်ခံထားကြပါတယ်။ ဥပမာ ဇွဲရှိမှုအကြောင်း ရေးသင့်တဲ့နေရာမှာ လုံ့လနဲ့ ဝီရိယအကြောင်း အသားပေး ရေးမိတာမျိုး၊ မိတ်ဆွေကောင်း တစ်ယောက်ရဲ့ တန်ဖိုးတွေအကြောင်း ရေးရမယ့်နေရာမှာ ကိုယ့်သူငယ်ချင်း တစ်ယောက်ရဲ့ အရည်အချင်းတွေကို ချရေးပြမိတာမျိုးတွေပေါ့။ ဒါကြောင့် သံတူကြောင်းကွဲ ဖြစ်မသွားဘဲ ခေါင်းစဥ်ရဲ့ စံသတ်မှတ်ချက်နဲ့အညီ လမ်းကြောင်းမချော်ရေးဟာ နံပါတ်တစ် ဦးစားပေး အရေးကြီးပါတယ်။


၂။ နိဒါန်း၊ စာကိုယ်၊ နိဂုံး

စာစီစာကုံးတစ်ပုဒ်မှာ အင်္ဂါရပ်သုံးခု ပါဝင်တယ်ဆိုတာကို အားလုံးလိုလို သိပြီးသားပါ။ ဘယ်လောက်ကောင်းတဲ့ အရေးအသားမျိုးဖြစ်ဖြစ် အဲဒီအင်္ဂါသုံးရပ်မစုံလင်ရင် ဂုဏ်ထူးမှတ်အတွက် မျှော်လင့်လို့မရနိုင်ပါဘူး။ နိဒါန်းဟာ ရေးသားမယ့် အကြောင်းအရာကို တစ်ပိုဒ်တည်းနဲ့ ဆွဲဆောင်မှုရှိရှိ မိတ်ဆက်တဲ့ အပျိုးမျိုး ဖြစ်ဖို့လိုပါတယ်။ တိတိကျကျ သတ်မှတ်ထားတာ မဟုတ်ပေမယ့် အရမ်းရှည်လျားတဲ့ နိဒါန်းမျိုးကို ရှောင်ကိုရှောင်သင့်ပါတယ်။ စာကိုယ်ကတော့ အပိုဒ်ရေများများ ခွဲထုတ်ပြီး အကြောင်းကိစ္စတစ်ခုစီကို စီကာပတ်ကုံး ရေးရမှာဖြစ်ပါတယ်။ အပိုဒ်များများခွဲတာ အမှားမရှိပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ အရေးအသားပညာခန်းကို အပြည့်အဝ သွန်ချပြရမယ့် နယ်ပယ်လည်း ဖြစ်ပါတယ်။ နိဂုံးက စာစီစာကုံးတစ်ခုလုံးရဲ့ အနှစ်ချုပ်သဘော ဖြစ်ရပါမယ်။ အားကောင်းတဲ့ အပြီးသတ်ကောက်ချက်မျိုး ထည့်ပေးနိုင်ရင် ပိုပြည့်စုံမှာပါ။ အရေးကြီးတာတစ်ချက်က ရေးကောင်းကောင်းနဲ့ စွတ်ရေးနေတဲ့အခါ နိဂုံးချုပ်ဖို့ အချိန်မလောက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နိဂုံးအတွက် သတ်သတ်မှတ်မှတ် အချိန်ယူနိုင်အောင် ပြင်ဆင်ထားပါ။


၃။ အချက်အလက်တွေ ဆွဲထုတ်ပါ

စာမေးပွဲမတိုင်ခင် ကြိုကြိုတင်တင် လေ့ကျင့်ပြင်ဆင်ထားတယ် ဆိုရင်တော့ ခေါင်းစဉ်တစ်ခုနဲ့ ကိုက်ညီတဲ့ အကြောင်းအရာ တော်တော်များများကို သိထားပြီး ဖြစ်နေနိုင်ပါတယ်။ စာစီစာကုံး ခေါင်းစဉ်တစ်ခုအတွက် ဘယ်အချက်တွေကို ထည့်ရမလဲ၊ ဘယ်အကြောင်းအရာတွေက သင့်တော်မလဲဆိုတာကို စဉ်းစားပြီးတာနဲ့ အတိုကောက် အချက်လေးတွေ ဆွဲထုတ်ပြီး ချရေးထားပါ။ ဘယ်အချက်ကို အကျယ်ချဲ့ပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသင့်သလဲ၊ ဘယ်အချက်ကတော့ လိုရင်းတိုရှင်းပဲ ထည့်သင့်သလဲ ဆိုတာတွေကို တစ်ခါတည်း အမှတ်အသား ပေးထားပါ။ ဖြစ်နိုင်ရင်တော့ သင့်တော်တဲ့စကားပုံလေးတွေ၊ ဥပမာကောင်းလေးတွေကိုပါ စာရင်းတို့ထားပါ။


၄။ ကိုယ်တိုင်ရေး အကြောင်းကိစ္စတွေ

စာမေးပွဲအဖြေလွှာတွေကို အမှတ်ပေးမယ့် ဆရာ၊ ဆရာမတွေနေရာက ခဏဝင်ပြီး စဉ်းစားကြည့်ရအောင်။ သူတို့ဟာ အကြောင်းအရာတစ်ခုတည်းကို ပုံစံမျိုးစုံ ရေးထားတဲ့ စာစီစာကုံးတွေကို အမှတ်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျောင်းသူကျောင်းသား အများစုက စာစီစာကုံး အထူးထုတ်စာအုပ်တွေကို လေ့လာဖတ်ရှု မှီငြမ်းပြီး ပြန်ရေးကြမယ်ဆိုတာ အသေအချာပါပဲ။ ဒီတော့ အဖြေလွှာတွေမှာ အရေးအသားကွာပေမယ့် အကြောင်းအရာတွေက ထပ်နေနိုင်တယ်။ ကိုယ့်ရဲ့စာစီစာကုံးထဲမှာ ကိုယ်တွေ့ကြုံဖူးထားတာတွေ၊ ဒါမှမဟုတ် ခေါင်းစဉ်နဲ့ကိုက်ညီမယ့် ကြားဖူးနားဝအဖြစ်အပျက်တွေကို နေရာတကျ ထည့်ရေးပြနိုင်ရင် အမှတ်ပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ စိတ်ကို ဖမ်းစားလာနိုင်ပါတယ်။ လုံးဝဥဿုံ ကွဲထွက်နေတဲ့ ဖြစ်တည်မှုအကြောင်းအရာတွေကို ဖတ်ရတဲ့အခါ ဆရာ၊ ဆရာမတွေကလည်း အမှတ်ပေးဖို့ ပိုပြီး ရက်ရက်ရောရော ရှိလာနိုင်တယ်။ အရေးကြီးတာက ထည့်ရေးမယ့် ကိုယ်တွေ့အကြောင်းအရာဟာ စာစီစာကုံးခေါင်းစဉ်နဲ့ လိုက်ဖက်ညီကိုညီရမယ် ဆိုတာပါပဲ။


၅။ အပြင်စာများများဖတ်ပါ

“အလိမ္မာ စာမှာရှိ”ဆိုတဲ့ စကားပုံ ရှိပါတယ်။ တကယ်က အလိမ္မာတင် မကပါဘူး။ ဗဟုသုတ အသိအမြင်တွေလည်း စာမှာရှိပါတယ်။ ကျောင်းစာမဟုတ်တဲ့ ပြင်ပစာပေတွေကို အားလပ်ချိန်တွေမှာ များများဖတ်ထားခြင်းက စာစီစာကုံး ရေးသားချိန်မှာ လိုအပ်တဲ့ဗဟုသုတတွေ ရရှိစေသလို စာအရေးအသား ပြေပြစ်မှုကိုလည်း သွယ်ဝိုက် အထောက်အပံ့ပေးပါတယ်။ ဒါပေမဲ့ ကိုယ်ဖတ်တဲ့စာဟာ ပညာရေးအတွက် ဆက်စပ် အထောက်အပံ့ပေးနိုင်တဲ့ အကျိုးရှိတဲ့ စာပေတွေဖြစ်ဖို့တော့ စိစစ်ရွေးချယ်ရပါမယ်။ ကျော်ကြားသူတွေရဲ့ အဆိုအမိန့်တွေ၊ ကဗျာဖွဲ့ဆိုမှုတွေကို ပြင်ပစာပေတွေထဲကနေ ကောက်နုတ် မှတ်သားထားပြီး စာစီစာကုံးအတွက် သင့်တော်တဲ့ အခြေအနေမှာ ထည့်သုံးပြတာက အမှတ်ပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ အထင်ကြီးမှုကိုပါ လှုံ့ဆော်ယူနိုင်ပါလိမ့်မယ်။


၆။ အားလုံးရှင်းပါစေ

ဖွဲ့နွဲ့ခြင်းဟာ စာပေအရေးအသား စွမ်းရည်ကို ထင်ရှားစေတဲ့ ပညာပြမှုတစ်ခုပါ။ ဒါပေမဲ့ ဆိုလိုရင်းတော့ ရှင်းဖို့လိုပါတယ်။ တစ်ခါတလေမှာ အကွန့်အညွန့်လွန်ပြီး လိုရင်းပျောက်သွားတဲ့ စာစီစာကုံးကောင်းတွေ မြင်ဖူးတယ်လို့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ပြောပြဖူးပါတယ်။ အမြဲတမ်း သတိကြီးကြီး ထားနေရမယ့်အချက်က ကိုယ့်ဆိုလိုရင်းကို အရှင်းဆုံးပြသနိုင်ဖို့ ဖြစ်ပါတယ်။ နောက်ထပ်ရှင်းရမှာက လက်ရေးပါ။ အဖြေလွှာမှာ ရေးဖြေရတဲ့အခါမှာ လက်ရေးက မလှရင်တောင် ရှင်းဖို့တော့လိုပါတယ်။ စာလုံးကို ကြီးကြီးနဲ့ ရှင်းရှင်း ရေးတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ရှင်းလင်းတဲ့ လက်ရေးမျိုးနဲ့ ရေးထားတဲ့ စာစီစာကုံးတစ်ပုဒ်ဟာ ဖတ်ရတာ ပိုကောင်းသလို ထင်သွားရစေတတ်ပါတယ်။


၇။ အချောသပ်ပါ

ငါးမိနစ်စာလောက်အချိန်ကို သေချာသတ်မှတ်ပြီး ချန်ထားသင့်ပါတယ်။ စာစီစာကုံးရေးပြီးချိန်မှာ ပြန်စစ်ဖို့ဖြစ်ပါတယ်။ ပြန်စစ်တဲ့အခါမှာ အဓိက အလေးထားရမယ့် နှစ်ပိုင်းရှိပါတယ်။ ပထမတစ်ခုက စာလုံးပေါင်းပါ။ ခပ်မြန်မြန် ရေးလိုက်တဲ့အခါ ကိုယ်သိပြီးသား စာလုံးပေါင်းအမှန်တွေမှာတောင် အမှားပါသွားတတ်ပါတယ်။ တချို့ စာလုံးပေါင်းအမှားတွေက တော်တော်လေး အမြင်ဆိုးသလို ဖြစ်နေတတ်တဲ့အတွက် ကိုယ်အားထုတ်ထားတဲ့ စာစီစာကုံးကောင်းမှာ အနာအဆာကြီးတစ်ခုလို ဖြစ်နေနိုင်ပါတယ်။ နောက်ထပ်စစ်ရမှာက အသုံးအနှုန်းပါ။ ပိုပြီးသင့်တော်တဲ့၊ ပြေပြစ်တဲ့ ဝေါဟာရမျိုး ရှိမယ်ထင်ရင် ပြန်အစားထိုး လဲလှယ်ပါ။ စာကြောင်းနှစ်ကြောင်း၊ သုံးကြောင်းလောက် အဆုံးသတ်ပုံ ဆက်တိုက်တူညီနေရင် ပုံစံကွဲအောင် ပြန်ပြင်ရေးသင့်ပါတယ်။ ဒါဆိုရင် အချိတ်အဆက်ပိုမိပြီး ဖတ်ရတာ ပြေပြစ်အရသာရှိတဲ့ စာစီစာကုံးကောင်းတစ်ပုဒ် အသွင်အပြင်မျိုး ပေါ်လွင်အောင် အပြီးသတ် အချောကိုင်ပြီးသား ဖြစ်လာမှာ သေချာပါတယ်။

ပညာသင်ကြားမှုကဏ္ဍမှာ ခေတ်မီဆန်းသစ်တဲ့ ပုံစံတစ်ခုအနေနဲ့ ကျောင်းသား ဗဟိုပြု သင်ကြားမှုကို တီထွင်ကျင့်သုံးလာကြတာ ကာလ အတိုင်းအတာတစ်ခုထိ ကြာမြင့်နေပါပြီ။ ဆရာ၊ ဆရာမက သင်ကြားပြီး ကျောင်းသူ ကျောင်းသားတွေက သင်ယူတယ်ဆိုတဲ့ သမားရိုးကျ စာသင်ခန်းတွေပုံစံကနေ လုံးဝဥဿုံ ခွဲထွက်လာတဲ့ စိတ်ကူးသစ် ပုံစံတစ်ခုအဖြစ်လည်း နိုင်ငံတကာမှာ အသိအမှတ် ပြုကြပါတယ်။

ကျောင်းသားဗဟိုပြု သင်ကြားမှုစနစ်မှာ အဓိက အာရုံစိုက်မှု နယ်ပယ်က ဆရာ၊ ဆရာမတွေ မဟုတ်တော့ဘဲ ကျောင်းသူကျောင်းသားတွေ ဖြစ်လာပါတယ်။ သင်ကြားမှုကဏ္ဍမှာ ကျောင်းသူကျောင်းသားတွေရဲ့ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းမှုကို မြှင့်တင်ပေးပြီး သင်ကြားပို့ချမှုထက် သင်ယူတတ်သိမှုကို ပိုမိုအလေးပေး ချဉ်းကပ်လာခဲ့ပါတယ်။ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် ပီပီပြင်ပြင်ဖြစ်ထွန်းစေတဲ့ စာသင်ခန်းပတ်ဝန်းကျင်မျိုး ဖန်တီးဖို့အတွက် အခြေခံအားဖြင့် အောက်ဖော်ပြပါ အချက်အလက်တွေနဲ့ ကိုက်ညီသင့်ပါတယ်။


၁။ ကျောင်းသူကျောင်းသားတွေရဲ့ ဦးစားပေး ရွေးချယ်ခွင့်

ပရောဂျက်တွေ၊ အိမ်စာသတ်မှတ်ချက်တွေ၊ အဆိုင်းမန့် ခွဲဝေမှုတွေကို ကျောင်းသူကျောင်းသားတွေရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်စီစဉ်ခွင့်ပေးတာမျိုး၊ စာသင်ခန်း ထိုင်ခုံနေရာချမှုကို ကျောင်းသူကျောင်းသားတွေ သဘောကျ ဖန်တီးပေးတာမျိုးက ကောင်းမွန်တဲ့အစပြုမှု ဖြစ်နိုင်ပါတယ်။ သင်ကြားတဲ့ပုံစံမှာလည်း ကျောင်းသူကျောင်းသား တစ်ဦးချင်းရဲ့အမြင်နဲ့ လွတ်လွတ်လပ်လပ် ကွဲကွဲပြားပြား ဖြေကြားနိုင်စေမယ့် မေးခွန်းမျိုးတွေ ခပ်များများထုတ်တာမျိုးက စာသင်ခန်း လှုပ်ရှားမှုတွေမှာ ကျောင်းသူကျောင်းသားတွေ ပိုပြီး တက်တက်ကြွကြွ ပါဝင်လာအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။


၂။ လမ်းဖွင့်ပေးထားတဲ့ မေးခွန်းတွေ

သာမန်အားဖြင့် မေးခွန်းတွေမှာ အပိတ်နဲ့အဖွင့် နှစ်မျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။ အမေးတစ်ခုအတွက် အဖြေတစ်ခုတည်းရှိတာမျိုးက အပိတ်မေးခွန်းပါ။ မေးခွန်းတစ်ခုကို အခြေပြုပြီး လွတ်လွတ်လပ်လပ် ဖြန့်ကျက်တွေးခေါ်နိုင်တာမျိုးက အဖွင့်ပုံစံဖြစ်ပါတယ်။ ကျောင်းသားဗဟိုပြု သင်ကြားရေးမှာတော့ ဒုတိယ အမျိုးအစားက ပိုသင့်တော်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ ကိုယ်ပိုင် တွေးခေါ်မှုစွမ်းရည်ကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်တယ်။ အပိတ်မေးခွန်းတွေ လုံးဝမသုံးရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အဖြေတစ်ခုထက်ပိုပြီး စဉ်းစားခွင့်ရှိတဲ့ မေးခွန်းမျိုးတွေ များများပိုပြီး လိုအပ်ပါတယ်။


၃။ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ

အိမ်စာနဲ့ အဆိုင်းမန့်တွေ သတ်မှတ်ပေးတာမျိုးကအစ၊ လုပ်ငန်းတာဝန် ခွဲဝေပေးတာအဆုံး တိကျရှင်းလင်းအောင် ညွှန်ကြားပေးမယ်ဆိုရင် ကျောင်းသူကျောင်းသားတွေရဲ့ သင်ယူမှုမှာ ပိုမိုလွယ်ကူစေသလို တွေးခေါ်မြော်မြင်မှုမှာလည်း သင့်တင့်တဲ့အထိန်းအကွပ်မျိုး ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ သင်ခန်းစာရဲ့ ဆိုလိုရင်း ဗဟိုချက်ကို ကျောင်းသူကျောင်းသားတွေ ပိုပြီး ထဲထဲဝင်ဝင် နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။ ကျောင်းသူ ကျောင်းသားတွေ ကိုယ်တိုင်က သင်ကြားမှုမှာ တက်တက်ကြွကြွ ပါဝင်လာတာဟာ နားထောင် သင်ယူနေတာ သက်သက်ထက် အများကြီး အကျိုးပိုရှိပါတယ်။


၄။ အုပ်စုလိုက် လှုပ်ရှားမှုတွေ

တစ်ဦးချင်း သင်ယူမှုထက် အပြန်အလှန် မျှဝေညှိနှိုင်းပြီး သင်ယူတဲ့ ပုံစံမျိုးဟာ ကျောင်းသားဗဟိုပြု သင်ကြားရေးမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုအပြီး လေ့ကျင့်ခန်း သတ်မှတ်ပေးလိုက်တဲ့အခါမှာ ကျောင်းသူကျောင်းသား တစ်ဦးချင်းနေရာမှာ ကုပ်ကုပ်လေးထိုင်ပြီး စာလုပ်နေကြတာမျိုးထက် သင်ခန်းစာနဲ့ပတ်သက်လို့ နှီးနှောတိုင်ပင်ရင်း စုပေါင်း အဖြေရှာကြတဲ့ပုံစံက ပိုပြီးမှတ်မိလွယ်စေသလို ကွဲပြားတဲ့အမြင် ရှုထောင့်သစ်တွေကိုပါ သင်ယူခွင့်ရစေနိုင်ပါတယ်။ အသင်းအဖွဲ့လိုက် လုပ်ဆောင်မှု ပိုအားကောင်းအောင် ပံ့ပိုးသင်ကြားပေးခြင်းကလည်း ဒီစနစ်မှာ အရေးကြီးပါတယ်။


၅။ ကျောင်းသူကျောင်းသားတွေရဲ့ တုံ့ပြန်မှု

ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်မှာ ဆရာ၊ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေရဲ့ တုံ့ပြန်ပါဝင်မှုကို အလေးအနက်တောင်းဆိုဖို့ လိုပါတယ်။ ပူးပေါင်းပါဝင်မှု နည်းနေရင် ဆွဲဆောင်ခေါ်ယူရမယ့် တာဝန်လည်းရှိပါတယ်။ သင်ကြားမှုတိုင်းမှာ ကျောင်းသူကျောင်းသား တစ်ဦးစီရဲ့ ဦးနှောက်ကို ထိထိရောက်ရောက် အလုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ သင်ခန်းစာတိုင်းမှာ ကျောင်းသူကျောင်းသား တစ်ဦးချင်းစီရဲ့ တုံ့ပြန်အမြင်တွေ ထွက်ပေါ်လာစေဖို့ အချိန်နဲ့ နေရာ လိုအပ်ချက်ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့ ပြင်ဆင်ထားရမှာပါ။


၆။ တစ်ဦးချင်း သင့်လျော်မယ့် အစီအမံတွေ

ကျောင်းသူကျောင်းသား တစ်ဦးချင်းစီရဲ့ မှတ်ဉာဏ်၊ စိတ်အားထက်သန်မှု၊ အတွေးအခေါ်၊ အားသန်တဲ့ကဏ္ဍတွေက ကွဲပြားပါတယ်။ တကယ်လို့ ကျောင်းသူကျောင်းသား တစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ကိုက်ညီမယ့် အဆိုင်းမန့်မျိုးတွေ သေချာရွေးချယ်ပြီး ခွဲခြားစီစဉ်ပေးနိုင်ရင်တော့ သင်ကြားမှု ရလဒ်တွေက ပိုအားကောင်းလာနိုင်ပါတယ်။ ဒီအချက်က နည်းနည်းတော့ အလုပ်များနိုင်ပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ ကျောင်းသူကျောင်းသား တစ်ဦးချင်းက ကိုယ်သင်ယူနေတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာနိုင်မှာ ဖြစ်ပါတယ်။


၇။ ပြင်ပ ဗဟုသုတ

ကျောင်းသူကျောင်းသားတွေ ပညာရှာမှီးဖို့နေရာဟာ စာသင်ခန်းထဲမှာတင် ကန့်သတ်ထားလို့ မဖြစ်ပါဘူး။ ကျယ်ပြောတဲ့ ပြင်ပကမ္ဘာကနေ ကောင်းမွန်တဲ့ ဗဟုသုတတွေ သိုမှီးရယူဖို့လည်း လိုအပ်ပါတယ်။ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်မှာ ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး စာသင်ခန်း ပြင်ပ လူမှုနယ်ပယ်မှာ ပညာရေးကဏ္ဍနဲ့ဆက်စပ်တဲ့ ပါဝင်မှုတွေ စီစဉ်ပေးဖို့ လိုပါတယ်။ ပညာရေးဟာ လက်တွေ့ပိုမိုဆည်းပူးပြီး စာတွေ့အပေါ်မှီခိုမှုကို လျှော့ချရတဲ့ ရေစီးကြောင်းမျိုး ပြောင်းလဲလာနေပြီ ဖြစ်ပါတယ်။

စာသင်နှစ် တစ်နှစ်လုံးမှာ ထိထိရောက်ရောက် ပညာသင်ယူနိုင်ဖို့ပဲဖြစ်ဖြစ်၊ စာမေးပွဲ နီးကပ်လာချိန်မှာ အချိန်တိုအတွင်း စာကို ဖိဖိစီးစီး ကျက်မှတ်ဖို့ပဲဖြစ်ဖြစ် ရိုးရှင်းပြီး ထိရောက်တဲ့ အမူအကျင့်ကောင်းလေးတွေက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ စာကျက်တဲ့အခါ ပိုမှတ်မိလွယ်ပြီး အကျိုးအာနိသင် ထိထိရောက်ရောက်ဖြစ်စေမယ့် အမူအကျင့်ကောင်း ၁၀ မျိုးကို စုစည်း ဖော်ပြလိုက်ပါတယ်။


၁။ အချိန်စာရင်း သတ်မှတ်ပါ

ကိုယ်ဘယ်ဘာသာတွေကို ကျက်မှတ်မလဲ၊ ဘယ်အချိန်မှာ စာကျက်ပြီး ဘယ်အချိန်မှာ အနားယူမလဲ ဆိုတာတွေကို တိတိကျကျ အချိန်စာရင်း ဆွဲထားပြီး အမှန်တကယ်လည်း လိုက်နာ ကျင့်သုံးသင့်ပါတယ်။ စာချည်းပဲ ဆက်တိုက် လုပ်နေရတာလည်း ငြီးငွေ့စရာပါ။ သင့်တင့်တဲ့ အချိန်ဇယား သတ်မှတ်မှုက ကျောင်းစာနဲ့ ပုံမှန် လူနေမှုဘဝကြားမှာ ဟန်ချက်ညီတဲ့ စည်းခြားမှုတစ်ခု ဖြစ်နေစေပါလိမ့်မယ်။


၂။ စာကြည့်ခန်းကို သပ်သပ်ရပ်ရပ်ထားပါ

ကိုယ်ကျက်ရမယ့် စာအုပ်တွေကို အစီအစဉ်တကျ ညီညီညာညာ စီထားပြီး အခန်း အနေအထားကိုလည်း ရှင်းရှင်းလင်းလင်းနဲ့ မျက်စိအေးအောင် ဖန်တီးထားသင့်ပါတယ်။ ဒါဟာ စာကျက်နေချိန် ပတ်ဝန်းကျင်ရဲ့ အေးချမ်း တည်ငြိမ်မှုကို မသိစိတ်က ခံစားရစေပြီး အာရုံစူးစိုက်မှုလည်း ပိုကောင်းနိုင်ပါတယ်။ စာအုပ်တွေကို စနစ်တကျ ထားရှိတဲ့အတွက် စာကျက်ခါနီး စာအုပ်လိုက်ရှာပြီး အလုပ်ရှုပ်ရတဲ့ ဒုက္ခမျိုးနဲ့လည်း ကင်းဝေးပါလိမ့်မယ်။


၃။ လူမှုကွန်ရက်တွေ မသုံးပါနဲ့

Facebook လို လူမှုကွန်ရက် မီဒီယာမျိုးက လူနေမှုဘဝ အစိတ်အပိုင်း တစ်ခုလို ဖြစ်လာတဲ့ ဒီနေ့ခေတ်မှာ ဒီအချက်က လွယ်မလိုနဲ့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ စာပေသင်ယူလိုက်စားနေချိန်မှာ Facebook လို လူမှုကွန်ရက် မီဒီယာတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေတာက ပိုကောင်းပါတယ်။ လူမှုကွန်ရက်တွေ ပေါ်မှာက အကြောင်းအရာတွေက များပါတယ်။ ကိုယ်လည်း အာရုံလိုက်များပြီး စာကျက်ချိန်နဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်တယ်။ လုံးဝမသုံးဘဲ မနေနိုင်ရင်တောင် လျှော့သုံးဖို့တော့ အကြံပြုပါတယ်။ စာမေးပွဲ နီးရင်တော့ Deactivate သာ လုပ်ထားလိုက်ပါ။


၄။ ကျန်းမာရေးကို ဂရုစိုက်ပါ

စာကျက်ခြင်းနဲ့ တိုက်ရိုက်မဆိုင်ပေမယ့် ဒီအချက်က သိပ်အရေးကြီးပါတယ်။ ကျန်းမာမှ စာကို စူးစူးစိုက်စိုက် မှတ်သားနိုင်စွမ်း ရှိနေမှာပါ။ ရေများများသောက်ပါ။ စာမေးပွဲနီးနေတဲ့ ကာလမျိုးမဟုတ်ရင် တတ်နိုင်သမျှ အိပ်ရေးဝဝ အိပ်ပါ။ အိပ်ရေးမဝတာ၊ စားချိန်သောက်ချိန် ပုံမမှန်တာတွေက ဆန့်ကျင်ဘက် အနုတ်လက္ခဏာဆန်ဆန် သက်ရောက်မှုတွေ ဖြစ်စေပါလိမ့်မယ်။ ခန္ဓာကိုယ် ကျန်းမာမှ စိတ်လည်း ကျန်းမာမယ်ဆိုတာ မမေ့ပါနဲ့။


၅။ အသင်းအဖွဲ့စိတ်ဓာတ် ထားပါ

တချို့က စာကျက်ရင် တစ်နေရာတည်းမှာ ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ ခပ်အေးအေးပဲ ကျက်မှတ်နေတတ်ပါတယ်။ ကိုယ့်ဘေးမှာ ခင်မင်တဲ့ အတန်းဖော်တွေ၊ သူငယ်ချင်းတွေ ရှိနေတာက တစ်မျိုးတစ်ဖုံ ကောင်းမွန်တဲ့ ကျက်မှတ်မှု ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေတာကို မျက်ကွယ်မပြုသင့်ပါဘူး။ အဖွဲ့လိုက် စာစုကျက်တာမျိုးကို အလျဉ်းသင့်သလို စီစဉ်သင့်ပါတယ်။ အပြန်အလှန် မသိတာတွေ ရှင်းပြ၊ အမြင်ဖလှယ်ကြရင်း အပျင်းလည်းပြေ၊ စာလည်းရ ဖြစ်နေမှာပါ။ တစ်ခုတော့ ရှိပါတယ်။ လက်ဖက်သုပ်စားရင်း စကားဝိုင်းဖွဲ့ပြောနေလို့ စာမရဘဲ အချိန်ကုန်သွားတာမျိုးတော့ မဖြစ်ဖို့လိုတယ်။


၆။ နားချိန်သတ်မှတ်ပါ

လူ့ဦးနှောက်ဟာလည်း စက်အင်ဂျင် တစ်ခုလိုပါပဲ။ မရပ်မနား အလုပ်လုပ်ရင်း ထူပူလာနိုင်ပါတယ်။ နှစ်နာရီလောက် စာကျက်ပြီးတိုင်း နားချိန် သတ်မှတ်တာမျိုး လုပ်ပေးထားတာက အသင့်တော်ဆုံးပါ။ အဲဒီအချိန်ကျရင် အပျင်းပြေ တီဗီလေးကြည့်၊ စားချင်တာလေးတွေ ထစားပြီး ပြည့်ပြည့်ဝဝကို နားပစ်သင့်ပါတယ်။ ဒါမှမဟုတ် လေကောင်းလေသန့်လေး ထွက်ရှူနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ တစ်မှေးလောက်လေး မှေးလိုက်ပြီး ဇိမ်ယူလိုက်ရင်လည်း အဆင်ပြေတာပါပဲ။ အညောင်းအညာ မဖြစ်အောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေလည်း လုပ်သင့်ပါတယ်။ နှစ်နာရီ စာကျက်ပြီးတိုင်း နာရီဝက်လောက် အနားယူတာက အသင့်တော်ဆုံးပါ။


၇။ အရည်အချင်းစစ်ပါ

ကိုယ်ဘယ်လောက်ထိ ကျက်မှတ်ပြီးပြီလဲ၊ ဘယ်အတိုင်းအတာထိ အဆင်သင့် ဖြစ်နေပြီလဲဆိုတာကို လက်တွေ့ကျကျ အဖြေထုတ်နိုင်ဖို့ ဆန်းစစ်နေသင့်ပါတယ်။ စာမေးပွဲမှာ ကြုံရမယ့် မေးခွန်းပုံစံတွေအတိုင်း ကိုယ့်ကိုယ်ကိုယ် ကြိုတင်ပြီး စာမေးပွဲစစ်နေတာမျိုးက လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရင်း သိလာတဲ့ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပြီး လိုအပ်နေတဲ့ ကဏ္ဍတွေမှာ ပြန်လှန်လေ့ကျင့်ခန်းတွေနဲ့ အားဖြည့်ပေးတာမျိုးက စာမေးပွဲအတွက် ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုမျိုး ဖြစ်လာစေပါလိမ့်မယ်။

၈။ အတိုကောက် မှတ်နည်းတွေ တီထွင်ပါ

သင်ခန်းစာတွေထဲမှာ ရောနှောနိုင်တဲ့၊ အမှတ်မှားနိုင်တဲ့ အကြောင်းအရာတွေ ပါလာခဲ့ရင် ဖဲချပ်တွေလို အရွယ်တူ ကတ်ကလေးတွေ ညှပ်ထားပြီး မျက်နှာပြင် နှစ်ဖက်မှာ တူညီတဲ့အဓိပ္ပါယ်တွေ ရေးမှတ်ထားတာမျိုးက လွယ်ကူပြီး ထိရောက်တဲ့ အတိုကောက်မှတ်နည်းတစ်ခု ဖြစ်ပါတယ်။ ဥပမာပြောရရင် ရှေ့ဖက်မှာ H2O၊ နောက်ဖက်မှာ “ရေ” လို့ ရေးထားတာမျိုးပါ။ အဲဒီ ကတ်ကလေးတွေကို လက်ထဲမှာ ခဏခဏ လှန်လိုက်၊ မှောက်လိုက်လုပ်နေရင်း ကြာလာတဲ့အခါ မျက်စိစွဲပြီး အလွယ်တကူ မှတ်မိလာပါလိမ့်မယ်။ တခြား ကိုယ်ပိုင် အတိုကောက် မှတ်နည်းတွေကိုလည်း ဆန်းစစ်တီထွင်သင့်ပါတယ်။


၉။ အကူအညီတောင်းဖို့ တွန့်ဆုတ်မနေပါနဲ့

ကျောင်းစာတွေ ကျက်မှတ်ရင်း စိတ်ထဲမှာ မရှင်းတာ၊ နားမလည်တာမျိုးတွေ ကြုံနိုင်ပါတယ်။ မသိတာတွေကို အာဂုံဆောင် အလွတ်ကျက်နေတာက ကိုယ့်အတွက် အဆင်မပြေသလို ပင်ပန်းသလောက် ကောင်းကျိုးမရှိဘူး။ သင်ခန်းစာတွေနဲ့ ပတ်သက်လို့ ပြဿနာတွေ၊ မရှင်းလင်းတာတွေ ဖြစ်လာရင် ဆရာ၊ ဆရာမတွေ၊ ဒါမှမဟုတ် တတ်သိ နားလည်သူတွေကို ချက်ချင်း အကူအညီတောင်းပါ။ ရှင်းတဲ့အထိ သေချာမေးပါ။ ကိုယ်နားလည်တဲ့၊ သဘောပေါက်ထားတဲ့ ကိစ္စတွေကို ကျက်မှတ်ရတာက အများကြီး ပိုလွယ်၊ ပိုအဆင်ပြေပါတယ်။


၁၀။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

အကောင်းမြင်စိတ်မှာ ထူးကဲတဲ့ စွမ်းအားတွေ ရှိပါတယ်။ အောင်မြင်မှုအတွက် လက်တွေ့ကျတဲ့ သော့ချက် တစ်ခုလို့လည်း ဆိုနိုင်တယ်။ ခက်ခဲတဲ့ အခြေအနေတွေ ကြုံလာရင်တောင် ကိုယ်ပိုင် အရည်အသွေးနဲ့ အကောင်းဆုံး ဖြတ်ကျော်ပြမယ်ဆိုတဲ့ ယုံကြည်မှုကို မွေးမြူထားသင့်ပါတယ်။ ဒီစိတ်ဓာတ်ဟာ စာမေးပွဲခန်း အတွက်တင် မကဘဲ တစ်ဘဝလုံး အတွက်ပါ ထားရှိသင့်တဲ့ ခံယူချက်မျိုးပါ။ တစ်ခုတော့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားကိုးဖို့ ဆိုတာက ကြိုတင် ပြင်ဆင် ဖြည့်ဆည်းမှုတွေ ရှိနေရမယ် ဆိုတာကို မမေ့ဖို့ပါပဲ။

စာသင်နှစ် တစ်နှစ်လုံးမှာ ထိထိရောက်ရောက် ပညာသင်ယူနိုင်ဖို့ပဲဖြစ်ဖြစ်၊ စာမေးပွဲ နီးကပ်လာချိန်မှာ အချိန်တိုအတွင်း စာကို ဖိဖိစီးစီး ကျက်မှတ်ဖို့ပဲဖြစ်ဖြစ် ရိုးရှင်းပြီး ထိရောက်တဲ့ အမူအကျင့်ကောင်းလေးတွေက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ စာကျက်တဲ့အခါ ပိုမှတ်မိလွယ်ပြီး အကျိုးအာနိသင် ထိထိရောက်ရောက်ဖြစ်စေမယ့် အမူအကျင့်ကောင်း ၁၀ မျိုးကို စုစည်း ဖော်ပြလိုက်ပါတယ်။


၁။ အချိန်စာရင်း သတ်မှတ်ပါ

ကိုယ်ဘယ်ဘာသာတွေကို ကျက်မှတ်မလဲ၊ ဘယ်အချိန်မှာ စာကျက်ပြီး ဘယ်အချိန်မှာ အနားယူမလဲ ဆိုတာတွေကို တိတိကျကျ အချိန်စာရင်း ဆွဲထားပြီး အမှန်တကယ်လည်း လိုက်နာ ကျင့်သုံးသင့်ပါတယ်။ စာချည်းပဲ ဆက်တိုက် လုပ်နေရတာလည်း ငြီးငွေ့စရာပါ။ သင့်တင့်တဲ့ အချိန်ဇယား သတ်မှတ်မှုက ကျောင်းစာနဲ့ ပုံမှန် လူနေမှုဘဝကြားမှာ ဟန်ချက်ညီတဲ့ စည်းခြားမှုတစ်ခု ဖြစ်နေစေပါလိမ့်မယ်။


၂။ စာကြည့်ခန်းကို သပ်သပ်ရပ်ရပ်ထားပါ

ကိုယ်ကျက်ရမယ့် စာအုပ်တွေကို အစီအစဉ်တကျ ညီညီညာညာ စီထားပြီး အခန်း အနေအထားကိုလည်း ရှင်းရှင်းလင်းလင်းနဲ့ မျက်စိအေးအောင် ဖန်တီးထားသင့်ပါတယ်။ ဒါဟာ စာကျက်နေချိန် ပတ်ဝန်းကျင်ရဲ့ အေးချမ်း တည်ငြိမ်မှုကို မသိစိတ်က ခံစားရစေပြီး အာရုံစူးစိုက်မှုလည်း ပိုကောင်းနိုင်ပါတယ်။ စာအုပ်တွေကို စနစ်တကျ ထားရှိတဲ့အတွက် စာကျက်ခါနီး စာအုပ်လိုက်ရှာပြီး အလုပ်ရှုပ်ရတဲ့ ဒုက္ခမျိုးနဲ့လည်း ကင်းဝေးပါလိမ့်မယ်။


၃။ လူမှုကွန်ရက်တွေ မသုံးပါနဲ့

Facebook လို လူမှုကွန်ရက် မီဒီယာမျိုးက လူနေမှုဘဝ အစိတ်အပိုင်း တစ်ခုလို ဖြစ်လာတဲ့ ဒီနေ့ခေတ်မှာ ဒီအချက်က လွယ်မလိုနဲ့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ စာပေသင်ယူလိုက်စားနေချိန်မှာ Facebook လို လူမှုကွန်ရက် မီဒီယာတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေတာက ပိုကောင်းပါတယ်။ လူမှုကွန်ရက်တွေ ပေါ်မှာက အကြောင်းအရာတွေက များပါတယ်။ ကိုယ်လည်း အာရုံလိုက်များပြီး စာကျက်ချိန်နဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်တယ်။ လုံးဝမသုံးဘဲ မနေနိုင်ရင်တောင် လျှော့သုံးဖို့တော့ အကြံပြုပါတယ်။ စာမေးပွဲ နီးရင်တော့ Deactivate သာ လုပ်ထားလိုက်ပါ။


၄။ ကျန်းမာရေးကို ဂရုစိုက်ပါ

စာကျက်ခြင်းနဲ့ တိုက်ရိုက်မဆိုင်ပေမယ့် ဒီအချက်က သိပ်အရေးကြီးပါတယ်။ ကျန်းမာမှ စာကို စူးစူးစိုက်စိုက် မှတ်သားနိုင်စွမ်း ရှိနေမှာပါ။ ရေများများသောက်ပါ။ စာမေးပွဲနီးနေတဲ့ ကာလမျိုးမဟုတ်ရင် တတ်နိုင်သမျှ အိပ်ရေးဝဝ အိပ်ပါ။ အိပ်ရေးမဝတာ၊ စားချိန်သောက်ချိန် ပုံမမှန်တာတွေက ဆန့်ကျင်ဘက် အနုတ်လက္ခဏာဆန်ဆန် သက်ရောက်မှုတွေ ဖြစ်စေပါလိမ့်မယ်။ ခန္ဓာကိုယ် ကျန်းမာမှ စိတ်လည်း ကျန်းမာမယ်ဆိုတာ မမေ့ပါနဲ့။


၅။ အသင်းအဖွဲ့စိတ်ဓာတ် ထားပါ

တချို့က စာကျက်ရင် တစ်နေရာတည်းမှာ ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ ခပ်အေးအေးပဲ ကျက်မှတ်နေတတ်ပါတယ်။ ကိုယ့်ဘေးမှာ ခင်မင်တဲ့ အတန်းဖော်တွေ၊ သူငယ်ချင်းတွေ ရှိနေတာက တစ်မျိုးတစ်ဖုံ ကောင်းမွန်တဲ့ ကျက်မှတ်မှု ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေတာကို မျက်ကွယ်မပြုသင့်ပါဘူး။ အဖွဲ့လိုက် စာစုကျက်တာမျိုးကို အလျဉ်းသင့်သလို စီစဉ်သင့်ပါတယ်။ အပြန်အလှန် မသိတာတွေ ရှင်းပြ၊ အမြင်ဖလှယ်ကြရင်း အပျင်းလည်းပြေ၊ စာလည်းရ ဖြစ်နေမှာပါ။ တစ်ခုတော့ ရှိပါတယ်။ လက်ဖက်သုပ်စားရင်း စကားဝိုင်းဖွဲ့ပြောနေလို့ စာမရဘဲ အချိန်ကုန်သွားတာမျိုးတော့ မဖြစ်ဖို့လိုတယ်။


၆။ နားချိန်သတ်မှတ်ပါ

လူ့ဦးနှောက်ဟာလည်း စက်အင်ဂျင် တစ်ခုလိုပါပဲ။ မရပ်မနား အလုပ်လုပ်ရင်း ထူပူလာနိုင်ပါတယ်။ နှစ်နာရီလောက် စာကျက်ပြီးတိုင်း နားချိန် သတ်မှတ်တာမျိုး လုပ်ပေးထားတာက အသင့်တော်ဆုံးပါ။ အဲဒီအချိန်ကျရင် အပျင်းပြေ တီဗီလေးကြည့်၊ စားချင်တာလေးတွေ ထစားပြီး ပြည့်ပြည့်ဝဝကို နားပစ်သင့်ပါတယ်။ ဒါမှမဟုတ် လေကောင်းလေသန့်လေး ထွက်ရှူနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ တစ်မှေးလောက်လေး မှေးလိုက်ပြီး ဇိမ်ယူလိုက်ရင်လည်း အဆင်ပြေတာပါပဲ။ အညောင်းအညာ မဖြစ်အောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေလည်း လုပ်သင့်ပါတယ်။ နှစ်နာရီ စာကျက်ပြီးတိုင်း နာရီဝက်လောက် အနားယူတာက အသင့်တော်ဆုံးပါ။


၇။ အရည်အချင်းစစ်ပါ

ကိုယ်ဘယ်လောက်ထိ ကျက်မှတ်ပြီးပြီလဲ၊ ဘယ်အတိုင်းအတာထိ အဆင်သင့် ဖြစ်နေပြီလဲဆိုတာကို လက်တွေ့ကျကျ အဖြေထုတ်နိုင်ဖို့ ဆန်းစစ်နေသင့်ပါတယ်။ စာမေးပွဲမှာ ကြုံရမယ့် မေးခွန်းပုံစံတွေအတိုင်း ကိုယ့်ကိုယ်ကိုယ် ကြိုတင်ပြီး စာမေးပွဲစစ်နေတာမျိုးက လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရင်း သိလာတဲ့ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပြီး လိုအပ်နေတဲ့ ကဏ္ဍတွေမှာ ပြန်လှန်လေ့ကျင့်ခန်းတွေနဲ့ အားဖြည့်ပေးတာမျိုးက စာမေးပွဲအတွက် ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုမျိုး ဖြစ်လာစေပါလိမ့်မယ်။

၈။ အတိုကောက် မှတ်နည်းတွေ တီထွင်ပါ

သင်ခန်းစာတွေထဲမှာ ရောနှောနိုင်တဲ့၊ အမှတ်မှားနိုင်တဲ့ အကြောင်းအရာတွေ ပါလာခဲ့ရင် ဖဲချပ်တွေလို အရွယ်တူ ကတ်ကလေးတွေ ညှပ်ထားပြီး မျက်နှာပြင် နှစ်ဖက်မှာ တူညီတဲ့အဓိပ္ပါယ်တွေ ရေးမှတ်ထားတာမျိုးက လွယ်ကူပြီး ထိရောက်တဲ့ အတိုကောက်မှတ်နည်းတစ်ခု ဖြစ်ပါတယ်။ ဥပမာပြောရရင် ရှေ့ဖက်မှာ H2O၊ နောက်ဖက်မှာ “ရေ” လို့ ရေးထားတာမျိုးပါ။ အဲဒီ ကတ်ကလေးတွေကို လက်ထဲမှာ ခဏခဏ လှန်လိုက်၊ မှောက်လိုက်လုပ်နေရင်း ကြာလာတဲ့အခါ မျက်စိစွဲပြီး အလွယ်တကူ မှတ်မိလာပါလိမ့်မယ်။ တခြား ကိုယ်ပိုင် အတိုကောက် မှတ်နည်းတွေကိုလည်း ဆန်းစစ်တီထွင်သင့်ပါတယ်။


၉။ အကူအညီတောင်းဖို့ တွန့်ဆုတ်မနေပါနဲ့

ကျောင်းစာတွေ ကျက်မှတ်ရင်း စိတ်ထဲမှာ မရှင်းတာ၊ နားမလည်တာမျိုးတွေ ကြုံနိုင်ပါတယ်။ မသိတာတွေကို အာဂုံဆောင် အလွတ်ကျက်နေတာက ကိုယ့်အတွက် အဆင်မပြေသလို ပင်ပန်းသလောက် ကောင်းကျိုးမရှိဘူး။ သင်ခန်းစာတွေနဲ့ ပတ်သက်လို့ ပြဿနာတွေ၊ မရှင်းလင်းတာတွေ ဖြစ်လာရင် ဆရာ၊ ဆရာမတွေ၊ ဒါမှမဟုတ် တတ်သိ နားလည်သူတွေကို ချက်ချင်း အကူအညီတောင်းပါ။ ရှင်းတဲ့အထိ သေချာမေးပါ။ ကိုယ်နားလည်တဲ့၊ သဘောပေါက်ထားတဲ့ ကိစ္စတွေကို ကျက်မှတ်ရတာက အများကြီး ပိုလွယ်၊ ပိုအဆင်ပြေပါတယ်။


၁၀။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

အကောင်းမြင်စိတ်မှာ ထူးကဲတဲ့ စွမ်းအားတွေ ရှိပါတယ်။ အောင်မြင်မှုအတွက် လက်တွေ့ကျတဲ့ သော့ချက် တစ်ခုလို့လည်း ဆိုနိုင်တယ်။ ခက်ခဲတဲ့ အခြေအနေတွေ ကြုံလာရင်တောင် ကိုယ်ပိုင် အရည်အသွေးနဲ့ အကောင်းဆုံး ဖြတ်ကျော်ပြမယ်ဆိုတဲ့ ယုံကြည်မှုကို မွေးမြူထားသင့်ပါတယ်။ ဒီစိတ်ဓာတ်ဟာ စာမေးပွဲခန်း အတွက်တင် မကဘဲ တစ်ဘဝလုံး အတွက်ပါ ထားရှိသင့်တဲ့ ခံယူချက်မျိုးပါ။ တစ်ခုတော့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားကိုးဖို့ ဆိုတာက ကြိုတင် ပြင်ဆင် ဖြည့်ဆည်းမှုတွေ ရှိနေရမယ် ဆိုတာကို မမေ့ဖို့ပါပဲ။

“ကိုယ့်ကလေးက ဉာဏ်ကောင်းတယ်၊ စာလည်းလိုက်နိုင်တယ်။ ဒါပေမဲ့ ကျောင်းတက်ရတာ တက်တက်ကြွကြွမရှိဘဲ ဖြစ်နေတတ်တယ်။ ဒါကို ဘယ်လို ဖြေရှင်းသင့်သလဲ” ဆိုတဲ့ မေးခွန်းမျိုးက နိုင်ငံတကာ ပညာရေးအကြံပေး သုတေသီတွေ မကြာခဏ အမေးခံရတဲ့ကိစ္စပါ။

တကယ်တော့ ကလေးရဲ့ဉာဏ်ရည်နဲ့ ပညာသင်ယူနိုင်စွမ်းက မြင့်မားတဲ့တိုင် ကျောင်းပတ်ဝန်းကျင်က သူ့အတွက် ဆွဲဆောင်မှုရှိမနေဘူးဆိုရင် ဒီလို ပြဿနာမျိုး ကြုံရနိုင်ပါတယ်။ အထူးသဖြင့် မူလတန်းနဲ့ အလယ်တန်း အကူးအပြောင်း အသက်အရွယ်လောက်မှာ အခုလိုအခြေအနေ အဖြစ်များပါတယ်။

အခြေခံအကျဆုံး ဖြေရှင်းနည်းကတော့ မိဘနဲ့ဆရာ ညှိနှိုင်းပြီး ကလေးရဲ့ ကျောင်းအပေါ် စိတ်ဝင်စားမှု၊ ကျောင်းအပေါ်နှစ်လိုမှုကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးခြင်းပါပဲ။ မိဘတွေအနေနဲ့ အောက်ပါအချက်တွေကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးသင့်ပါတယ်။


၁။ ကျောင်းနဲ့ပူးပေါင်းပါ

ကိုယ့်ကလေးက ကျောင်းသွားရမှာ တက်တက်ကြွကြွ မရှိဘူးဖြစ်နေတာ သေချာရင် အကြောင်းရင်းကို ဆန်းစစ်ဖို့လိုပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေကို အသိပေးပြီး ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖို့ တွန့်ဆုတ်မနေပါနဲ့။ ဘာတွေ အမှားအယွင်း ရှိသလဲ၊ ဒါမှမဟုတ် ဘာတွေ ဖြည့်ဆည်းပေးသင့်သလဲ ဆိုတာကို ပူးပေါင်းကြံဆပြီး သင့်တော်တဲ့အဖြေမျိုး ရှာဖွေရပါမယ်။


၂။ အိမ်စာကူလုပ်ပါ

ကျောင်းသားကျောင်းသူတွေ အိမ်စာပါလာတတ်တာ ပုံမှန်အခြေအနေပါ။ ကလေးတွေရဲ့ အိမ်စာကိုကူလုပ်ရင်း သူတို့ရဲ့ သင်ယူမှုကဏ္ဍကို ပိုမိုနီးစပ်အောင် လေ့လာသင့်ပါတယ်။ ကျောင်းစာတွေအပေါ် နားမလည်တဲ့ အခြေအနေ ရှိနေရင်လည်း ကူညီရှင်းပြပေးပါ။ ကျောင်းမှာ သူကြုံရတဲ့အခြေအနေတွေကို စိတ်လိုလက်ရ ပြောပြတာမျိုးဆိုရင်လည်း နားထောင်ပေးဖို့လိုပါတယ်။


၃။ ကျောင်းအကြောင်းပြောပါ

ကျောင်းတက်ရတာဟာ စာသင်ဖို့သက်သက်မဟုတ်ဘဲ တခြား ကောင်းကျိုးတွေ ရှိနိ်ုင်တယ်ဆိုတာကို မသိမသာ ရှင်းပြသင့်ပါတယ်။ ကျောင်းအပေါ် ပိုပြီး ရင်းနှီးလာအောင်၊ စိတ်ဝင်စားလာအောင် စည်းရုံးပါ။ မိဘတွေကိုယ်တိုင် ငယ်ငယ်က ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသူကျောင်းသားဘဝ အမှတ်တရတွေကို ပျော်စရာဖြစ်အောင် စီကာပတ်ကုံး ပြန်ပြောပြပေးတာမျိုးက ကလေးတွေ မသိစိတ်မှာ ကျောင်းအပေါ် ပိုပြီး တွယ်တာလာစေနိုင်ပါတယ်။


၄။ သင်ယူမှုပုံစံကို ကူညီပြောင်းလဲပါ

ဥပမာ ဂဏန်းသင်္ချာလို ကိစ္စမျိုးတွေမှာ ချတွက်ရတာမျိုးအပြင် သင်ထောက်ကူ ပစ္စည်းတွေနဲ့ လက်တွေ့သရုပ်ပြပြီး သင်ကြားပေးတာမျိုးပါ။ ဖြတ်လမ်းနည်းနဲ့ စိတ်တွက် တွက်တာတွေ၊ အလွယ်မှတ်နည်းတွေ၊ အတိုကောက် စကားလုံးတွေကို ကဗျာလင်္ကာလို စပ်ဆိုပြီး မှတ်သားနည်းတွေ သင်ပေးရပါမယ်။ ဒါဟာ ကလေးရဲ့ သင်ယူမှုအတွေ့အကြုံမှာ ပိုမိုကောင်းမွန်လွယ်ကူအောင် အထောက်အပံ့ ဖြစ်စေတဲ့အပြင် ကလေးက သူ့သူငယ်ချင်းတွေကို လက်ဆင့်ကမ်း ဝေမျှဖို့အတွက်လည်း ကျောင်းသွားချင်စိတ်တွေ တက်ကြွ ထက်သန်လာပါလိမ့်မယ်။


၅။ ချီးကျူးပါ

တကယ်အရေးကြီးတဲ့ အချက်တစ်ခုပါ။ ကလေးရဲ့ ပညာရေး တိုးတက်မှုတွေကို လှိုက်လှိုက်လှဲလှဲ ချီးကျူးစကား ပြောသင့်ပါတယ်။ အဲဒီလို ချီးကျူးရတဲ့ အကြောင်းရင်းကိုလည်း ခြေခြေမြစ်မြစ် ရှင်းပြဖို့လိုပါတယ်။ ဒါမှသာ ကလေးတွေက ကျောင်းသင်ခန်းစာတွေမှာ သူတို့ ဘယ်လိုဘယ်ပုံ အားထုတ်တာက လမ်းကြောင်းမှန်ပေါ် ရောက်နေသလဲဆိုတာ သိလာမှာဖြစ်ပါတယ်။ ပညာထူးချွန်လာလေလေ၊ ပညာသင်ကြားရာ ရင်းမြစ်ဖြစ်တဲ့ ကျောင်းအပေါ် ရင်းနှီးစိတ် ပိုများလာလေလေပါပဲ။ ကောင်းမွန်တဲ့ အမူအကျင့်တွေကို နှစ်နှစ်ကာကာ ချီးကျူးသလို မှားယွင်းနေတဲ့ အပိုင်းလေးတွေကိုလည်း နားဝင်အောင် ရှင်းပြပြီး ပဲ့ပြင်ပေးဖို့တော့ လိုပါလိမ့်မယ်။


၆။ ကျောင်းပြင်ပလှုပ်ရှားမှုတွေကို အားပေးပါ

ကျောင်းက သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ခရီးတိုတွေထွက်တာ၊ အားကစား အတူလိုက်စားတာတွေကို မိဘတွေအနေနဲ့ အားပေးပံ့ပိုးဖို့ လိုပါတယ်။ ကျောင်းပြင်ပမှာ စုပေါင်းဆောင်ရွက်မှုတွေက သူငယ်ချင်း သံယောဇဉ်ကို ပိုမို ခိုင်မာလာစေမှာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ကိုယ့်ရဲ့ အရင်းနှီးဆုံး အတန်းဖော်တွေ၊ သူငယ်ချင်းတွေရှိနေတဲ့ နေရာကိုသွားဖို့ ကလေးတွေဘက်က အရင်ထက် တက်တက်ကြွကြွ၊ လိုလိုလားလား ဖြစ်လာပါလိမ့်မယ်။


၇။ ပေါ့ပေါ့ပါးပါးသင်ယူမှုပုံစံမျိုး ဖန်တီးပါ

စာသင်ခုံမှာထိုင်ပြီး သင်ယူရတဲ့ သမားရိုးကျ အခြေအနေကနေ အပြောင်းအလဲတွေ လမ်းပြပေးခြင်းက ကလေးတွေရဲ့ သင်ယူမှုစွမ်းရည်ကိုရော၊ ကျောင်းနေပျော်မှုကိုပါ အထောက်အပံ့ ဖြစ်စေပါတယ်။ အသင်းလိုက် စုစည်းလုပ်ဆောင်မှု စွမ်းရည်၊ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ တခြား ဖွံ့ဖြိုးရေးစွမ်းရည်တွေကို ဖြည့်ဆည်းပေးပြီး ကျောင်းပြင်ပ လှုပ်ရှားမှုတွေမှာတောင် ကျောင်းသင်ခန်းစာတွေနဲ့ ဆက်စပ်တဲ့ သင်ယူမှုမျိုးကို ဖန်တီးပေးသင့်ပါတယ်။ ဥပမာ အပျော်ခရီးတစ်ခုမှာ အဲဒီနေရာနဲ့ ဆက်စပ်တဲ့ ပထဝီနဲ့ သမိုင်း အကြောင်းအရာတွေကို ရှင်းပြတာမျိုးပါ။ အဲဒီလို ပေါ့ပါးတဲ့ သင်ယူမှုပုံစံနဲ့ ထောက်ပံ့ပေးခြင်းကြောင့် ကျောင်းစာသင်ကြားတဲ့အခါမှာ ပိုလွယ်ကူ ရှင်းလင်းပြီး ကျောင်းနေပျော်အောင် တွန်းအား ဖြစ်စေနိုင်ပါတယ်။

ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ဆွေးနွေးတတ်တဲ့ အလေ့အကျင့် မွေးမြူ ပေးထားတာဟာ ကြီးပြင်းလာချိန် ပညာသင်ယူတဲ့အခါမှာ ပိုဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ မြန်မာနိုင်ငံမှာတော့ အိမ်ထောင်စုတွေမှာရော စာသင်ကျောင်းတွေမှာပါ တိုင်ပင် ဆွေးနွေးတဲ့ အလေ့အထ ပျောက်ဆုံးနေတာပါ။ အချို့ကတော့ ဒီလို အလေ့အထရှိတဲ့ ကလေးတွေကို အငြင်းသန်တဲ့ ကလေးတွေရယ်လို့ ဝေဖန်ရှုတ်ချလေ့ရှိပါတယ်။

အင်္ဂလန်အခြေစိုက် NGOအဖွဲ့ တစ်ခုဖြစ်တဲ့ Sutton Trustက ထူထောင်ထားတဲ့ Education Endowment ဖောင်ဒေးရှင်း (EEF)က ကလေးတွေရဲ့ ဆွေးနွေးမှု အလေ့အထနဲ့ ပညာသင်ယူနိုင်စွမ်း ဆက်စပ်မှုကို ဆန်းစစ်လေ့လာ သုတေသန ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံပညာရပ်တွေ သင်ယူနိုင်စွမ်းအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို အလေးထား စောင့်ကြည့်ခဲ့တာပါ။

ဗြိတိန်နိုင်ငံတဝန်းက မူလတန်းနဲ့ မူလတန်းကြိုကျောင်း ၇၈ကျောင်းကို ဖြန့်ကျက် အခြေပြု လေ့လာတဲ့ စစ်တမ်းတစ်ခု လုပ်ခဲ့တာပါ။ အဲဒီစစ်တမ်းအရ အခြားကလေးတွေနဲ့ ငြင်းခုံ ဆွေးနွေးတတ်တဲ့ ကလေးတွေက ရမှတ်ပိုင်းမှာ သာမန်အဆင့်ထက် များနေတတ်တယ်လို့ သိရပါတယ်။

ဒီစစ်တမ်းကို လေ့လာပြုစုရာမှာ ၉ နှစ်၊ ၁၀နှစ်အရွယ် ကလေးငယ် ၂၅၀၀ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေကို မှတ်သားပြီး ရလဒ်တွေနဲ့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေက ကလေးတွေကို ရွေးချယ်စရာ အဖြေတွေ ပိုများတဲ့ မေးခွန်းမျိုး ထုတ်ပေးပြီး သာမန်ထက် ပိုရှုပ်ထွေးတဲ့ တွေးခေါ်စရာ အချက်တချို့ကို ထည့်သွင်း ပေးထားပါတယ်။

ပါဝင်ဖြေဆိုတဲ့ ကလေးတွေအနေနဲ့ လွတ်လွတ်လပ်လပ် တွေးတောကြံဆပြီး အပြန်အလှန် ငြင်းခုံခွင့်၊ ဆွေးနွေးမှုမှာ ထက်ထက်သန်သန် ပါဝင်တဲ့ ကလေးတွေဟာ ပျမ်းမျှ နှစ်လတာ သင်ကြားမှု ကာလအတွင်းမှာတင် သိသာတဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။ သုတေသီတွေက အင်္ဂလိပ်စာနဲ့ သင်္ချာ ဘာသာရပ်တွေမှာ ငြင်းခုံဆွေးနွေးတဲ့ ကလေးတွေ အုပ်စုနဲ့ ငြင်းခုံမှု မရှိဘဲ သင်ယူတဲ့ကလေးတွေ အုပ်စုနှစ်ခုခွဲပြီး ရလဒ်တွေကို ပြန်လည် နှိုင်းယှဉ် ကြည့်ကြတာဖြစ်ပါတယ်။

အပြီးသတ်ကောက်ချက်အရ ဆွေးနွေးမှုတွေနဲ့ သင်ယူခဲ့တဲ့ ကလေးတွေရဲ့ သင်ယူနိုင်စွမ်းက ပျမ်းမျှအားဖြင့် ပိုပြီး သိသိသာသာ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ အုပ်စုနှစ်ခုလုံးက ကလေးတွေကို ဒီစမ်းသပ်မှု အစီအစဉ် မစခင်မှာရော၊ အပြီးသတ်ချိန်မှာပါ သတ်မှတ်မေးခွန်းတွေကို ဖြေကြားစေပြီး မှတ်တမ်းပြုစုထားတာ ဖြစ်ပါတယ်။ EEFက တိုင်ပင်ဆွေးနွေးပြီး သင်ယူခဲ့တဲ့ ကလေးတွေဟာ သက်ဆိုင်ရာ ပညာရပ် တစ်ခုချင်းသာမကပဲ အထွေထွေ ဗဟုသုတ အပိုင်းမှာပါ ထင်ထင်ရှားရှား တိုးတက်လာတယ်လို့ ကြေညာပါတယ်။

EEFရဲ့ အမှုဆောင်ချုပ် ဆာကီဗန်ကောလင်းစ်ကတော့ ကလေးတွေကို ကိုယ်ပိုင် အတွေးအခေါ်တစ်ခု ဆွဲကိုင်ရင်း မတူညီတဲ့ အယူအဆတွေကို ငြင်းခုံ ဆွေးနွေး နိုင်အောင် လမ်းဖွင့်ပေးခြင်းဟာ တစ်ဦးချင်း သင်ယူမှတ်သားမှုကို မြှင့်တင်ပေးပြီး ပညာသင်ကြားမှု ကဏ္ဍမှာ ထိရောက်တဲ့ ကောင်းကျိုးတွေ ဖော်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့ပညာသင်ကြားနေတဲ့ ကျောင်းစာသင်ခန်းတွေထဲမှာ ဒီနည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ဖို့ကတော့ အခက်အခဲတွေ ရှိနေဆဲလို့လည်း ကောလင်းစ်က ဝန်ခံပါတယ်။

ကလေးတွေရဲ့ ငယ်ဘဝမှကတည်းက သင်ယူမှုနဲ့ ပတ်သတ်ရင် လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ပေးထားသင့်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို လက်တွေ့ အကောင်အထည် ကျင့်သုံးနိုင်ဖို့အတွက် နားလည်မှုရှိတဲ့ ဆရာ ဆရာမတွေနဲ့ သင့်တော်တဲ့ ပညာရေး ပတ်ဝန်းကျင်တွေ လိုအပ်ချက် ကြီးကြီးမားမား ရှိနိုင်ကြောင်းလည်း ကောလင်းစ်က ပြောကြားသွားပါတယ်။

အဲဒီလိုပဲ မြန်မာပြည်က အိမ်ထောင်စုတွေအတွင်းမှာ ကလေးငယ်တွေကို ပျိုးထောင်တဲ့အခါ ကလေးငယ်တွေကို မေးခွန်းမေးမြန်းခွင့်တွေ လွတ်လပ်စွာ သဘောထားကွဲလွဲ ငြင်းခုံခွင့်၊ ဆွေးနွေးခွင့်တွေ ရရှိဖို့လိုပါတယ်။ ဒါမှပဲ ပညာသင်ကြားချိန်မှာ ဖွံဖြိုးမှု အားကောင်းတဲ့ကလေးတွေ ဖြစ်လာပြီး မြန်မာလူငယ်တွေဟာ ထူးချွန်ထက်မြက်ပြီး အများနဲ့ယှဉ်ရင် ထင်ပေါ်တဲ့ကလေးငယ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

Samsung Quiz Show Introduction

မြန်မာနိုင်ငံအတွင်းရှိ ဥာဏ်ရည်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများအား ထုတ်ဖော်ပြသပြီး မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ အကောင်းဆုံးကြိုးစားရန် တွန်းအားပေးမည့် Samsung Quiz Show ပညာရေး ထောက်ကူ ဥာဏ်စမ်း ရုပ်မြင်သံကြား အစီအစဉ်အား Samsung Myanmar က ယနေ့မိတ်ဆက်လိုက်သည်။အဆိုပါအစီအစဉ်မှတဆင့် ပညာရေး၏ တန်ဖိုးကြီးမားပုံကို မီးမောင်းထိုးပြမည်ဖြစ်ပြီး လူငယ်များအား ပိုမိုလေ့လာ သင်ကြားလိုစိတ် ဖြစ်ပေါ်လာရန် လှုံ့ဆော် ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ စတင်လည်ပတ်သည့် အချိန်မှစ၍ ယနေ့ အချိန်အထိ လူမှုအကျိုးပြု လုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ကိုင်လျက်ရှိသည့် Samsung Myanmar သည် နိုင်ငံတစ်နိုင်ငံ၏ အရေးပါသော နယ်ပယ်များဖြစ်သည့် လူငယ်၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းစသည့် ကဏ္ဍများတွင် ကူညီပံ့ပိုးလျက်ရှိသည်။ တနည်းဆိုရသော် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲစေမည့် အကျိုးပြု လုပ်ငန်းများအား ဦးတည်လုပ်ဆောင်လျက်ရှိသည်။

အခု အစီအစဉ်နဲ့ ပတ်သတ်ပြီး Samsung Myanmar၏ Head of Marketing, Mr. Richard Seeမှ "ကျွန်တော်တို့ ဒီအစီအစဉ်ကို ၂၀၁၃တုန်းက ၁ကြိမ်ပြုလုပ်ဖူးပါတယ်။ အခုက ဒုတိယအကြိမ်မြောက်ပါ။ ဒီအစီအစဉ်မှ တဆင့် မိဘတွေနှင့် ဆရာ၊ ဆရာမတွေကို သူတို့ရဲ့ သားသမီးတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းသင်ခန်းစာတွေသာမက ကျောင်းပြင်ပ ဗဟုသုတနဲ့ တခြားအရေးပါတဲ့ ကျွမ်းကျင်မှုတွေကိုပါ လေ့လာလိုက်စားသင့်ကြောင်း မြေတောင်မြှောက်ပေးစေလိုတာ ဖြစ်ပါသည်။"

နိုင်ငံတကာ အမှတ်တံဆိပ်ဖြစ်တဲ့ Samsungက ဒီလိုအစီအစဉ်မျိုးကို ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ပြုလုပ်တာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ အနယ်နယ် အရပ်ရပ်က ကျောင်းသား၊ ကျောင်းသူလေးတွေအနေနဲ့လည်း ဒီအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ရင်း ပျော်ရွှင်စရာအမှတ်တရတွေ၊ ဆုတွေ ရရှိ ဆွတ်ခူးကြလိမ့်မယ်လို့ ကျွန်တော်တို့ အားလုံးမျှော်လင့်ပါတယ်" ဟု Mr.Richard Seeမှ ထပ်မံဖြည့်စွက် ပြောကြားခဲ့သည်။


ဥာဏ်စမ်းပဟေဋ္ဌိ အဖြေညှိကြစို့