Life
အားလပ်ရက်မှာ လည်ပတ်စရာ
ဓာတ်ပုံ− ညီညီဇော်
ဒီတစ်ပတ် 7Day Daily စာ ဖတ်ပရိတ်သတ်အတွက် ကုန်ကျစရိတ် နည်းနည်းလေးနဲ့ သဘာဝအလှရှုခင်းတွေ တစ်ဝကြီး ခံစား ရမယ့် ခရီးစဉ်လေးတစ်ခုကို မိတ် ဆက်ပေးပါ့မယ်။ တကယ်ကော ဟုတ်ပါ့မလားလို့ ထင်မိနိုင်ပါ တယ်။ ဟုတ်ပါတယ်။ မြန်မာငွေ ၄,၀၀၀ ကျပ်တည်းနဲ့ ဧရာဝတီမြစ်အတွင်းက လူမှုဘဝကို တစ်နေကုန်အားပါးတရ ခံစားရမှာပါ။ အဲဒီခရီးစဉ်ကတော့ မန္တလေး-ညောင်ဦး သင်္ဘောခရီးစဉ်လေးပါပဲ။
မြန်မာ့ရေကြောင်းပို့ဆောင် ရေးကနေ မန္တလေး-ညောင်ဦး သင်္ဘောခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓ ဟူးနေ့နဲ့ တနင်္ဂနွေနေ့တိုင်း မနက် ၅ နာရီခွဲမှာ ထွက်လေ့ရှိပါတယ်။ အဲဒီခရီးစဉ်ကိုလိုက်ပါချင်တယ် ဆိုရင်  မန္တလေးမြို့ ဂေါဝိန်ဆိပ် ကမ်းကနေ သွားရောက်လိုက်ပါစီးနင်းရမှာပါ။ ပြည်တွင်းဧည့် သည်ဆိုရင်တော့ မြန်မာ  ငွေ ၄,၀၀၀ ကျပ်သာ ကျသင့်မှာဖြစ် ပြီး နိုင်ငံခြားသားဧည့်သည်ဆိုရင် တော့ မြန်မာငွေ ၁၈,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။
သင်္ဘောက နှစ်ထပ်သင်္ဘော ပါ။ အပေါ်ထပ်မှာ နေရာယူနိုင်ပြီး နောက်မှီပါတဲ့ ပလတ်စတစ်ခုံ တွေပေါ်မှာ အေးအေးဆေးဆေး ထိုင်နိုင်ပါတယ်။ ရေကြောင်းနဲ့ ခရီးသွားတတ်တဲ့ ဒေသခံတွေ လည်းပါလာမှာမို့ သူတို့ရဲ့လူနေမှုဘဝတွေကိုလည်း လေ့လာနိုင်မှာပါ။ မနက်စာမစားရသေးရင် သင်္ဘောပေါ်မှာ ထမင်းဆိုင် လေး တစ်ဆိုင် ပါပါတယ်။ ထမင်းဆီ ဆမ်း ကြက်ဥကြော်စတဲ့ နံနက်ခင်းစားဖွယ်တွေကို ဈေးနှုန်းချိုချိုသာ သာနဲ့ စားနိုင်ပါတယ်။ ကော်ဖီ သောက်တတ်သူတွေအတွက် လည်း ကော်ဖီမစ်ထုပ်တွေ ရောင်းချပေးပါတယ်။ တငြိမ့်ငြိမ့် သွားနေတဲ့ သင်္ဘောကြီးပေါ်မှာ မနက်ခင်းစာ စားသောက်ရင်း နံနက်အလင်းရောင် ကောင်းစွာမရသေးတဲ့၊ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဧရာဝတီမြစ်ပြင်ကို ငေးမောနိုင်မှာပါ။
သင်္ဘောက ရေကြောင်းအ ခြေအနေအပေါ် မူတည်ပြီး မောင်း နှင်ရတာမို့ စစ်ကိုင်းတံတား နှစ် စင်းကျော်ပြီး လောက်မှသာ မနက် နေရောင် ထွက်လာမှာပါ။ နေ ရောင် ထွက်ပြီဆိုတာနဲ့ ဧရာဝတီ က ပိုပြီးလှုပ်ရှားလာပါပြီ။ မြစ် ကမ်းဘေး တစ်လျှောက် ကျောင်း ဖွင့်ချိန်ဆို အဖြူအစိမ်းလေးတွေနဲ့ ကျောင်းသွားကြတဲ့ ကလေးတွေ၊ မြစ်အတွင်း ဝမ်းစာအတွက် ငါး ဖမ်းကြသူတွေ၊  ရွှေကျင်ကြသူ တွေ၊ မြစ်ကမ်းမှာ ရေချိုးအဝတ် လျှော်ကြသူတွေ စတဲ့မြင်ကွင်း တွေကို မြင်ကွင်းကျယ် ရုပ်ရှင် ဇာတ်ကားကြီးတစ်ကား ကြည့်ရ သလို မြင်တွေ့ခံစားရမှာပါ။
 မနက် ၁၀ နာရီဝန်းကျင် လောက်မှာတော့ စစ်ကိုင်း၊ မြင်းမူမြို့  ဆိပ်ကမ်းကို ရောက်ပြီး သင်္ဘော ခေတ္တရပ်ပါတယ်။ မြင်းမူ မှာ ခရီးသည်အတက်အဆင်းတ  ချို့ရှိပြီး ကုန်းပေါ်က ဈေးသည် တွေလည်း သင်္ဘောပေါ်တက်ပြီး ဈေးလာရောင်းကြပါတယ်။ ပြောင်းဖူးပြုတ်၊ အကြော်စုံ၊ စမူ ဆာစတဲ့ မုန်မျိုးစုံပါပဲ။ စားလို့ လည်းကောင်းလှပါတယ်။ မနက် စာမစားရသေးရင်တော့ မြင်းမူ ရောက်မှ ဝယ်စားလည်း ဖြစ်ပါ တယ်။ သင်္ဘောက ပြည်တွင်းရေ ကြောင်းက သင်္ဘောမို့ တစ်ရွာဝင် တစ်ရွာထွက်နဲ့ ရွာကြီးတွေမှာ ဆိုက်ပါတယ်။ နာမည်ကျော် သ မိုင်းဝင် ရန္တပိုရွာမှာလည်းဆိုက်ပါတယ်။ သိပ်အကြာကြီးတော့ မဟုတ်ပါဘူး။ ရွာမှာ ဆင်းမယ့် သူတွေဆင်းလိုကဆင်း၊ ကုန်ချစ ရာရှိတာ ကုန်ချပြီးတာနဲ့ ဆက် ထွက်ပါတယ်။ ကုန်တင်ကုန်ချ တာတွေ၊ လာကြိုကြတာတွေ၊ ဈေးသည်တွေ လာရောက်ကြတာ တွေဟာ တကယ့်လှုမှုဘဝတွေ ပါ။ ရိုးသားဖြူစင်စွာ အသက်မွေး နေကြ တဲ့ ကျေးလက်နေသူတွေရဲ့ ဘဝကို မြင်တွေ့ရမှာပါ။
နေ့ခင်းရောက်လာပြီဆိုရင် သင်္ဘောပေါ်က ထမင်းဆိုင်မှာ ထမင်းစားလို့လည်း ရသလိုဆိပ် ကမ်းကပ်တဲ့ ရွာတွေကရောင်းတဲ့ တောထမင်း၊ တောဟင်းတွေ လည်း ဝယ်စားလို့ရပါတယ်။ နေ့ လယ်စာ စားပြီးရင်တော့ ကိုယ့်ခုံ ပေါ်ထိုင်နားရင်း မြစ်လေတဖြူး ဖြူးမှာ တစ်ရေးတမော အိပ်စက် အနားယူလို့ရပါတယ်။ အိပ်ရာက နိုးရင် သင်္ဘောနောက်ပိုင်းမှာ မြစ် ရေကို သွယ်ထားတဲ့ ပိုက်ရှိပါ တယ်။ အဲဒီပိုက်ကလာတဲ့ မြစ်ရေ နဲ့ မျက်နှာသစ်ကိုယ်လက်သန့်စင် ကြည့်ပါ။ မြစ်ရေအေးအေးက စိတ်ကို လန်းဆန်းစေရုံမက မြစ် ထဲဆင်းပြီး ရေချိုးချင်စိတ်တောင် ပေါက်လာစေမှာပါ။
 သင်္ဘောက ပုံမှန်ဆိုက် ရောက်ချိန်က ည ၇ နာရီဝန်းကျင်ပါ။ ရေကြောင်းကောင်းရင် ဒီထက်စောပါတယ်။ ရေကြောင်းမ ကောင်းရင်တော့ အဲဒီထက်လည်း အနည်းငယ် နောက်ကျနိုင်ပါ တယ်။ ညောင်ဦးဆိပ်ကမ်းရောက် ရင် ညောင်ဦးမြို့ထဲပဲဖြစ်ဖြစ်၊ ပုဂံ  မြို့ထဲကိုပဲဖြစ်ဖြစ် တက္ကစီတွေနဲ့ အလွယ်တကူ သွားလို့ရပါတယ်။
တစ်နေကုန်စီးရမှာမို့ စာဖတ်ဝါသနာပါသူတွေဆိုရင် စာအုပ် တွေလည်း ထည့်သွားဖို့ အကြံပြု ချင်ပါတယ်။ ရှုခင်းတွေ ကြည့် လိုက် ၊ လူမှုဘဝတွေ လေ့လာ လိုက်၊ ပျင်းလာရင် စာကလေး ဖတ် လိုက် လုပ်လို့ရအောင်ပါ။
ဒါကြောင့် စာဖတ်သူအနေနဲ့ ပုဂံကို ကားတွေ၊ရထားတွေ၊ လေယာဉ်တွေနဲ့ သွားဖူးပြီးပြီဆိုရင် အပြောင်းအလဲလေး ဖြစ်သွား အောင် ဈေးအလွန်သက်သာတဲ့ မြန်မာ့ရေကြောင်းက  သင်္ဘော ကြီးနဲ့ တစ်ခေါက်လောက် သွားဖူးတယ်ရှိအောင် သွားကြည့်ပါလို့အကြံပေးပါရစေ။ စာဖတ်သူပေး လိုက်ရတဲ့အချိန်၊ ပေးလိုက်ရတဲ့ ငွေပမာဏထက်မကတဲ့ အတွေ့ အကြုံတွေ၊ ရှုခင်းအလှအပတွေ စာဖတ်သူ တစ်ဝကြီး ရသွားမှာ အသေအချာပါ။          ။
ဥယျာဉ်မှူးရဲ့ ရနံ့ကြွယ်သော အသီးအပွင့်များ
အားလပ်ရက်မှာ ဖတ်စရာ
ဓာတ်ပုံ− စိုင်းဇော်
မုံရွာမြို့က ချင်းတွင်းအိမ် စာပေဟာ အထွက်ကျဲပေမယ့် စာအုပ်ကောင်းတွေသာ ရွေး ချယ်ထုတ်ဝေလေ့ရှိပါတယ်။ ဒီ လိုထုတ်ဝေရာမှာလည်း ရသစာ ကောင်းတွေကိုသာ တစိုက် မတ်မတ်ရွေးချယ်ထုတ်ဝေခဲ့တာ ကြောင့် ရသစာဖတ်သူတွေကြား လူသိများပါတယ်။ ၂၀၁၅ က ထုတ်ဝေခဲ့တဲ့ မြန်မာကဗျာ (၁၀၀) နဲ့ ပြီးခဲ့တဲ့နှစ်အတွင်းထုတ် ဝေထားတဲ့ မြန်မာကဗျာလက်ရွေး စင်ဆောင်းပါးများ စာအုပ်တို့ဟာ ခေတ်ပေါ်ကဗျာ ချစ်သူတွေ၊ ခေတ်ပေါ်ကဗျာ ရေးသူတွေ တ​ရှိုက်မက်မက်ဝယ်ယူသိမ်းထားတဲ့ အထိလူကြိုက်များခဲ့ပါတယ်။
အဲဒီချင်းတွင်းအိမ်စာပေက ပဲ ယခုရက်ပိုင်းအတွင်းစာအုပ် ကောင်းတစ်အုပ်ကို ထပ်မံထုတ် ဝေလာပါတယ်။ ဒီစာအုပ်က တော့ ကွယ်လွန်သူစာရေးဆရာ ကြီးမြသန်းတင့်ရေးသားခဲ့တဲ့ စာ တွေထဲက ထုတ်ဝေသူအကြိုက် ဆုံးလို့ဆိုနိုင်တဲ့ စာတွေချည်းရွေး ချယ်ထားတဲ့  ချိုးဖျက်၍မရသော သမိုင်းမှတ်တိုင်များပဲဖြစ်ပါ တယ်။ ၁၉၉၈ ဖေဖော်ဝါရီက ကွယ်လွန်ခဲ့တဲ့စာရေးဆရာကြီးမြ သန်းတင့်ဟာ ယခုဆိုရင် ကွယ် လွန်ချိန်နှစ် ၂၀ နီးပါးရှိလာပါပြီ။ မြန်မာစာပေရဲ့ ကြယ်ကြီးတစ်ပွင့် ဖြစ်တဲ့ ဆရာမြသန်းတင့်ကို စာ အများဆုံးရေးသားခဲ့တဲ့စာရေး ဆရာအဖြစ် ပြည်သူတွေကအသိ အမှတ်ပြုပြီးသားပါ။ ဆရာမြ သန်းတင့်ဟာ စာပေအမျိုးအ စားစုံရေးနိုင်ခဲ့လို့ စာပဒေသာ ဥယျာဉ်မှူးကြီး ရယ်လို့ထင်ရှားခဲ့ သူဖြစ်ပါတယ်။ ယခုချင်းတွင်း အိမ်က စီစဉ်တဲ့စာအုပ်မှာဆိုရင် ဆရာမြသန်းတင့်ရေးသားခဲ့တဲ့ စာတွေထဲက အကောင်းဆုံးလို့ဆို နိုင်တဲ့ စာတွေချည်းစုစည်းထား တာမြင်ရပါမယ်။ ဒီလိုစုစည်းဖော် ပြရာမှာ ပင်ကိုရေးနဲ့ ဘာသာပြန် ကဗျာ၊ ဆောင်းပါး၊ ပြဇာတ်၊ မြန်မာရသစာတမ်း၊ နိုင်ငံတကာ ရသစာတမ်း၊ ခရီးသွား၊ ၀တ္ထုတို၊ ဘာသာပြန်ဝတ္ထုတို၊ လူပုဂ္ဂိုလ် အမှတ်တရ၊ လူပုဂ္ဂိုလ်ရုပ်ပုံလွှာ၊ ရေးသားခဲ့တဲ့ စာအုပ်အမှာစာ များ၊ ကျွန်တော်ဆက်၍ ရေးချင် သောဝတ္ထုများ၊ လူလေးသို့ ပေး စာ၊ စာပေအင်တာဗျူးနဲ့ ဆရာမြ သန်းတင့်ရဲ့ ကလောင်ခွဲများ၊ စာ စုစာရင်းနဲ့ ဘ၀နှင့်စာပေမှတ် တမ်းဆိုပြီး ကဏ္ဍများခွဲကာဖော်ပြ ထားပါတယ်။ ဒါ့အပြင် ပန်းချီ မောင်ညိုဝင်းရေးဆွဲတဲ့ ဆရာမြ သန်းတင့်ရဲ့ ပုံတူပန်းချီကားကို လည်း ရောင် စုံပုံနှိပ်ဖော်ပြထားပြီး နောက်ဆုံးဟောပြောခဲ့တဲ့ မုံရွာ စာပေဟောပြောပွဲ ဓာတ်ပုံကို ထည့်သွင်းထားပါတယ်။ စာ အုပ်နောက်ဆုံးမှာဆိုရင် အမျိုး သားစာပေဆုရစာအုပ်တွေဖြစ် ကြတဲ့ စစ်နှင့်ငြိမ်းချမ်းရေး၊ လေ ရူးသုန်သုန်၊ ခန်းဆောင်နီအိပ် မက်၊ သုခမြို့တော်နဲ့ အချစ်မိုး ကောင်းကင်စာအုပ်မိတ်ဆက်အ ကြောင်းတို့ကို ထည့်သွင်းဖော်ပြ ထားတာတွေ့ရပါမယ်။
ကဏ္ဍအ လိုက်အခန်းများခွဲပြီး ဖော်ပြထား ရာမှာ နာမည်ကြီး ‘စက္ကူမြင်း တောင်တွင်းရထား’ နဲ့ ‘အသင် ဥရောပ’ ကဗျာတွေကို ဖတ်ရ မှာဖြစ်ပြီး ဆောင်းပါးကဏ္ဍမှာဆို ရင် ‘လမင်းကို ထရံပေါက်မှ ကြည့်ခြင်း’၊ ‘တွိုင်ဘီ၏ ယဉ်ကျေး မှုစနစ်များ’၊ ‘ချိုးဖျက်၍ မရသော သမိုင်းမှတ်တိုင်များ’၊ ‘အာရင် ဘတ်ရဲ့ ၀င်းပသောလေ’၊ ‘သေ သူတို့သည် နားစွင့်နေကြသည်’ အစရှိတဲ့ ဆောင်းပါးတွေပါဝင်ပါ တယ်။ ‘တမာနုချိန် စစ်တမ်း’နဲ့ ‘ထီးကောက်နဲ့ ခေါက်ထီး’ကတော့ ဆရာရဲ့ ပင်ကိုရေးရသစာတမ်း တွေဖြစ်ပြီး နိုင်ငံတကာရသစာ တမ်းအဖြစ် ‘ကြောင်တစ်ကောင် နှင့်စကားပြောခြင်း’နဲ့ ‘ကဗျာအ ကြောင်း စာအကြောင်း’ တို့ကို ဖော်ပြထားပါတယ်။ ခရီးသွား ကဏ္ဍမှာဆိုရင် ဆောင်းပါးရှည် တစ်ပုဒ်ဖြစ်တဲ့ ‘ပီကာဆို၏ ပဉ္စ လက်မီးအိမ်၊ နှစ်သိန်းတန်ထမင်း ပွဲနှင့် မိုးကောင်း’ကို ဖတ်ရမှာဖြစ် ပြီး တာရာမဂ္ဂဇင်းမှာပထမဆုံး ရေးသားခဲ့တဲ့ ‘ဒုက္ခသည်’နဲ့ ‘မင်း သမီးရုပ်နှင့် ဘီလူးခေါင်း’အစရှိ တဲ့ ၀တ္ထုတိုတွေလည်းပါဝင်ပါ တယ်။ လူပုဂ္ဂိုလ်အမှတ်တရရုပ်ပုံ လွှာအဖြစ် လူထုဦးလှနဲ့ ဆရာ ဗန်းမော် တင်အောင်တို့အကြောင်း ဖတ်ရပါမယ်။ အမှာစာ ကဏ္ဍ မှာတော့ ဆရာထင်လင်း၊ ဦးဝင်း တင်နဲ့ ချစ်ဦးညိုတို့ရဲ့ စာအုပ်မိတ် ဆက်အမှာတွေကို ဖော်ပြထား ပါတယ်။ ဒီစာအုပ်မှာပါတဲ့ စာ အပုဒ်တိုင်းဟာ မြေဩဇာကြွယ်ဝ ပြီး လောင်းရိပ်ကင်းကင်းနဲ့ ရင့် မှည့်ခဲ့တဲ့ စာပေအသီးအပွင့်တွေချည်းပဲဆိုနိုင်ပါတယ်။ ဒါကြောင့် အားလပ်ရက်မှာ စိတ်အပန်းလည်း ပြေ၊ အဓိပ္ပာယ်ရှိရှိ အချိန်ကုန် ဆုံးနိုင်ဖို့ ယခုစာအုပ်ကိုညွှန်း ဆိုလိုက်ပါတယ်။ စာအုပ်ကို ၅,၀၀၀ ကျပ်နဲ့ဖြန့်ချိပြီး အိမ်တိုင် ရာရောက်ဖတ်လိုသူတွေ ဖုန်း ၀၉-၂၅၀၀၉၁၉၁၃ နဲ့ face-book/Wedistribution ကို ဆက် သွယ်မှာယူနိုင်ပါတယ်။           ။
ANNABELLE: CREATION
ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်
- ဒီတစ်ပတ်တော့ ပရိသတ်တွေကိုအသည်းတထိတ်ထိတ် ရင်တဖိုဖိုကြည့်ရမယ့် အမေရိကန် သဘာဝလွန် ဇာတ်ကား Annabelle:Creation ကြည့်ဖို့ညွှန်းချင်ပါတယ်။
၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။
ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။
အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့် ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလို လှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ ဂျန်နစ္စက ယာတောအိမ်ကြီးက ပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေ မိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။
နောက်တော့ တစ်ယောက်ပြီးတစ်ယောက် အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊ အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်က ဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊ သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့ သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်က ဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက စတက်ဖနီဆစ်မန်း၊ တာလီသာဘိတ်မန်း၊ လူလူဝီလ်ဆင်၊ ဖီလစ်ပါကော့လ်ဟာ့တ်၊ အန်သိုနီလာပါဂလီယာ၊ မီရန်ဒါအော့တို စသူတွေ ဖြစ်ပါတယ်။         ။
ပုစွန်သီးရွက်ကော်ရည်ကြော်
ဒီတစ်ပတ်တော့ ထမင်းမြိန်စရာ အသီးအရွက်ကို ပုစွန် လေးနဲ့ ကြော်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ပုစွန်များကို အခွံချွတ်၍ ရေစင်အောင်ဆေးကာ အရသာမှုန့်၊ သကြား၊ ဂျုံမှုန့်၊ ဆားတို့နဲ့ ရောနယ်ကာ ကြိတ်ပေးပါ။
၂။ ထိုအနှစ်ကို ခပ်ရှည်ရှည်အပြားလေးများ ပြုလုပ်၍ ဆီပူပူမှာ ရဲလာအောင် ကြော်ပေးပါ။ ပြီးနောက် လက်တစ်လုံးစာခန့် ညှပ်ထားပေးပါ။
၃။ အသီးအရွက်များကို မိမိစိတ်ကြိုက်ပုံစံလှီးဖြတ်၍ ရေဆေးကာ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို လေးစိတ်စိတ်ထားပါ။
၎။ ပန်းကန်လုံးတစ်ခုထဲတွင် ခရုဆီ၊ ပဲငံပြာရည်၊ ကော်မှုန့်၊ သကြား၊ ဆားတို့ကို ရေနှင့်ဖျော်ထားပါ။
၅။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ အပူပေးပြီး ဆီပူလျှင် ကြက်သွန်ဖြူဓားပြားရိုက်ထည့်ကာ ဆီသတ်ပါ။
၆။ အနံ့မွှေးလာလျှင် အသီးအရွက်များထည့်၍ ကြော်ပြီးနွမ်းပါက ပုစွန်အသားပြားများ ထည့်မွှေပါ။
၇။ ထို့နောက် ဖျော်ထားသော ကော်ရည်ထည့်၍ ပုစွန်အသားပြား အိအောင်တည်ပေးပါ။
၈။ ကော်ရည်ပျစ်လာလျှင် အရသာစိတ်ကြိုက်မြည်း၍ မီးပိတ်ပေးလို့ရပါပြီ။
ပါဝင်ပစ္စည်းများ
ပုစွန်၃၀ ကျပ်သား
ဂျုံမှုန့်စားပွဲတင်ဇွန်း နှစ်ဇွန်း
မုန်လာဥနီအနည်းငယ်
မုန်ညင်းထုပ်အနည်းငယ်
ပြောင်းဖူးသေးအနည်းငယ်
ရွှေပဲသီးအနည်းငယ်
ခရမ်းချဉ်သီးနှစ်လုံး
ကြက်သွန်နီတစ်လုံး
ကြက်သွန်ဖြူငါးမြွှာ
ခရုဆီစားပွဲတင်ဇွန်း နှစ်ဇွန်း
ပဲငံပြာရည်အပျစ်စားပွဲတင်ဇွန်း တစ်ဇွန်း
ကော်မှုန့်စားပွဲတင်ဇွန်း တစ်ဇွန်း
ဆီစားပွဲတင်ဇွန်း ဆယ်ဇွန်း
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
တောတောင်ရေမြေ သဘာဝကို ခံစားနိုင်မယ့် ဆောင်နိုင်ကြီးရေတံခွန်သို့ တစ်ခေါက်
အားလပ်ရက်မှာ လည်ပတ်စရာ
ဓာတ်ပုံ − Mountain View Hotel ဖေ့စ်ဘွတ်ခ်
မိုးတွင်းကာလ ဖြစ်တာကြောင့် အလုပ်ပိတ်ရက်တွေမှာ ခရီးသွားဖို့ နေရာရွေးချယ်ရတာ အခက်အခဲ ရှိနေသူတွေအတွက် အခုတစ်ပတ်အားလပ်ရက်မှာ ရန်ကုန်မြို့နဲ့ မနီးမဝေးမှာ တည်ရှိပြီး နေ့ချင်း ပြန်လည်းသွားရောက်လည်ပတ်နိုင်သလို တစ်ညအိပ်ခရီးလည်း သွားရောက်နိုင်တဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးက ဆောင်နိုင်ကြီးရေတံခွန်နဲ့ အနီးတစ်ဝိုက်ကို ဖော်ပြလိုက်ပါတယ်။
ရန်ကုန်ကနေ လေးနာရီဝန်း ကျင် မောင်းရုံနဲ့ရောက်ရှိနိုင်တဲ့ ကျိုက်ထိုမြို့က ကျိုက်ထီးရိုးဘုရားတည်ရှိရာ တောင်ခြေကင်မွန်းစခန်းအနီးမှာ ဆောင်နိုင်ကြီးရေတံခွန်တည်ရှိပါတယ်။
 ရေတံခွန်ကိုမသွားခင် ကျိုက်ထီးရိုးဘုရားကို တောင်တက်ကားတွေစီးပြီး နေ့တစ်ပိုင်း ဘုရားဖူးပြီးမှ တောင်ခြေကို ပြန်ဆင်းလာပြီး ရေတံခွန်ကိုသွားလို့ ရပါတယ်။
ကင်မွန်းစခန်းကနေ ကားနဲ့ မိနစ် ၂၀ ကျော်လောက် မောင်း နှင်ရုံနဲ့ တောင်တွေကြားထဲမှာ စီးဆင်းနေတဲ့ ဆောင်နိုင်ကြီးရေ တံခွန်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါ တယ်။ ခရီးလမ်းတစ်လျှောက်မှာ ရော်ဘာတောအုပ်တွေ၊ ကျွဲကော၊ ကြက်မောက်နဲ့ မာလကာဥယျာဉ် ခြံတွေကို တွေ့ရမှာပါ။ ခြေတံ ရှည်၊ ၀ရန်တာကျယ်ကျယ်နဲ့ မွန် ရိုးရာကျေးလက်အိမ်တွေနဲ့ ကရင် ရိုးရာဆန်တဲ့ အိမ်တွေကိုလည်း မြေနီလမ်းလေးတွေရဲ့ ဘေးမှာ တွေ့နိုင်ပါတယ်။
ကရင်လူမျိုး အများစု  နေ ထိုင်တဲ့ ရွာငယ်နှစ်ရွာရဲ့ကြားမှာ ဒီရေတံခွန်ကတည်ရှိတာ ဖြစ်ပါ တယ်။ ကျိုက်ထီးရိုးတောင်ပေါ် ကနေ ကျဆင်းလာတဲ့ ရေတံခွန်ကြီးကနေ တောင်ခြေအထိ ဆောင်နိုင်ကြီးရေတံခွန်ဖြစ်လာအောင် စီးဆင်းလာခြင်း ဖြစ်ပါတယ်။
ကားနဲ့သွားသွား၊ ဆိုင်ကယ် နဲ့ သွားသွား ရေတံခွန်ထိပ်ထိ မရောက်နိုင်ဘဲ ရေတံခွန်အစပ် မှာ တင်ရပ်နားရမှာ ဖြစ်ပါတယ်။ ရေကစားဖို့နဲ့ ဓာတ်ပုံလှလှတွေ ရိုက် နိုင်ဖို့ တောတွင်းလမ်းအတွင်း ၁၅ မိနစ်လောက် လမ်းလျှောက်ရမှာ ဖြစ်တဲ့အတွက် တောတွင်းလမ်း လျှောက်ခြင်းအရသာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
ရေတံခွန်က ရှည်လျားပြီးအ  မြင့်ကကျလာတဲ့ပုံစံမဟုတ်ဘဲ စမ်းချောင်းကြီးသဖွယ် ကျောက် တုံးတွေကြားမှ အရှိန်အဟုန်နဲ့ ကျ ဆင်းလာတာကြောင့် ရေကူးလို သူတွေအတွက် အဆင်ပြေနိုင်ပြီး နောက်ခံတောင်တန်းတွေနဲ့ အ မှတ်တရဓာတ်ပုံတွေ ရိုက်ကူးနိုင် မှာ ဖြစ်ပါတယ်။
ဆောင်နိုင်ကြီးရေတံခွန်ကို ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်က ဒေသခံတချို့သာ သွားရောက်လည် ပတ်ခဲ့ကြရာက အခုနောက်ပိုင်းမှာ တော့ ကျိုက်ထီးရိုးဘုရားဖူးပြီး ပြန်ဆင်းလာသူတိုင်းလာရောက် လည်ပတ်မှုများလာပြီး လူသိများ လာပြီဖြစ်တဲ့ ရေတံခွန်လည်း ဖြစ်ပါတယ်။
ရေတံခွန်အနီးတစ်ဝိုက်မှာ တော့  ဒေသခံတွေရောင်းချတဲ့ ခြံ ထွက်သီးနှံဆိုင်လေးတွေ ရှိပါ တယ်။ ဒါ့အပြင် အပန်းဖြေအနား ယူနိုင်ဖို့ စားသောက်ဆိုင်လေး တချို့လည်းရှိနေပါပြီ။
အကြံပြုလိုတာကတော့ လမ်းလျှောက်လို့သက်သောင့် သက်သာဖြစ်စေမယ့် ဖိနပ်မျိုး စီး လာဖို့နဲ့ ရေကစားပြီး လဲလှယ် ဖို့အတွက် အ၀တ်အစားအပို ထည့်လာဖို့ပါ။ ဆောင်နိုင်ကြီးရေ တံခွန်ပတ်ဝန်းကျင်ဟာ သဘာဝ ပတ်ဝန်းကျင်ပြုန်းတီးမှု မရှိသ လောက် နည်းပါးပြီးသန့်ရှင်းနေပါ သေးတယ်။ ဒါကြောင့် ခရီးသွား တွေအနေနဲ့ အပန်းဖြေဥယျာဉ်နဲ့ စမ်းချောင်းအတွင်းကို ပလတ် စတစ်၊ အမှိုက်နဲ့စားကြွင်းစားကျန် အမှိုက်တွေကို မစွန့်ပစ်ဖို့ ၀ိုင်းဝန်း ကူညီသင့်ပါတယ်။
ဆောင်နိုင်ကြီးရေတံခွန်က အပြန်ညအိပ်နားနေလိုသူတွေအ တွက် ကင်မွန်းစခန်းနဲ့ ကျိုက်ထို မြို့အကြားက စိမ်းလန်းပြီးအေး ချမ်းတဲ့ Thuwunna Bomi Mountain View Resort ကို ညွှန်းချင်ပါတယ်။ ရေတံခွန်ကနေလည်ပတ်ပြီး ပြန်လာတဲ့သူတွေအတွက် အနားယူလို့ကောင်းမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ ဆောင်နိုင်ကြီးရေ တံခွန်ကနေ မိနစ် ၃၀ အကြာ မောင်းနှင်ပါက ကျိုက်ထို-ကင် မွန်းစခန်းအဝေးပြေးကားလမ်း ပေါ်မှာ Resort တည်ရှိပါတယ်။
ဒေသခံတွေရဲ့ အခေါ်အရ တော့ တောင်တန်းသာဟိုတယ် လို့သာ လူသိများပါတယ်။ ကျယ် ၀န်းတဲ့ ခြံကျယ်ကြီးထဲမှာ ဘန်ဂ လိုပုံစံနဲ့ လွတ်လပ်စွာ အနားယူလို့ကောင်းတဲ့ ဟိုတယ်လည်း ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေရက်တွေမှာ အခန်းတွေ ပြည့်တတ်လေ့ရှိတာကြောင့် ရန်ကုန်ကနေပြီး ကြိုတင်ဘွတ်ကင်ယူလာဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
Resort ထဲမှာ ကျွဲကောခြံ တွေ၊ ရော်ဘာပင်တွေကြားထဲမှာ သစ်လုံးအိမ်ဆန်ဆန် ဘန်ဂလို လေးတွေ တည်ဆောက်ထားတာ ကြောင့် အေးချမ်းတိတ်ဆိတ်နေ ပါတယ်။ ကုန်းမြင့်တွေမှာ တည် ဆောက်ထားတဲ့ အခန်းတွေမှာ နေမယ်ဆိုရင်တော့ နောက်ခံ တောင်တန်းတွေနဲ့ အခန်းရဲ့ ၀ရန် တာရှေ့မှာ အလှဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။
ဟိုတယ်ရဲ့ အဓိကအားသာ ချက်ကတော့ ရေကူးကန်ဖြစ်ပါ တယ်။ ရေကူးကန်က ခြံရဲ့ အမြင့် ပိုင်းမှာ တည်ဆောက်ထားတာ ဖြစ်လို့ ရေကူးရင်းအဝေးက မြင် နေရတဲ့ တောင်တန်းတွေကို ငေး ရင်း အပန်းဖြေလို့ရမှာ ဖြစ်ပါ တယ်။
ဟိုတယ်ကိုရောက်တဲ့ သူအ များစုကတော့ ရေကူးကန်ထဲမှာ ရေကူးရင်းနောက်ခံတောင်တန်း တွေနဲ့ အလှဓာတ်ပုံရိုက်လေ့ရှိ ပါတယ်။ တောင်ကုန်းလေးတွေပေါ်ကို လှေကားလေးတွေနဲ့တစ်ဆင့်ချင်းတက်ရင်း ချစ်စရာကောင်းတဲ့ ဘန်ဂလိုလေးတွေဆီသွားရတာလည်း ဒီဟိုတယ်ကိုလာတဲ့သူတိုင်း သဘောကျတဲ့အချက်တစ်ခုပါ။
အခန်းခဈေးနှုန်းတွေကတော့ နေရာပေါ်မူတည်ပြီး ကျပ် ၂၁,၀၀၀ ကနေ ၄၅,၀၀၀ အထိရှိပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၉-၈၆၂၀၇၂၂ ပါ။ ခရီးသွားကားနဲ့ သွားလိုသူတွေအတွက် အောင်မင်္ဂလာအဝေးပြေးကနေ ကျိုက်ထိုမြို့ကို နေ့စဉ်အဝေးပြေးကားတွေရှိပါတယ်။ အပြန်ကိုလည်း ဟိုတယ်အရှေ့ကနေ အဝေးပြေးကားကို စောင့်စီးပြီး ပြန်လို့ရပါတယ်။   
VALERIAN AND THE CITY OF A THOUSAND PLANETS
ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်
-  ဒီတစ်ပတ် ပရိသတ်တွေကြည့်ဖို့ ညွှန်းပေးမှာကတော့ ပြင်သစ်စိတ်ကူးယဉ်သိပ္ပံ အက်ရှင်ဇာတ်ကား Valerian and the City of a Thousand Planets ပါ။ ပြင်သစ်သိပ္ပံကာတွန်းစီးရီး Valerian and Laureline ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ လက်ခ်ဘက်ဆန်ရဲ့ လက်ရာဖြစ်ပါတယ်။
၂၈ ရာစုကာလ မြင်ကွင်းနဲ့အတူ အယ်လ်ဖာဆိုတဲ့ အာကာသစခန်းမှာ ဂြိုဟ်အသီးသီးက သန်းပေါင်းများစွာသော သတ္တဝါတွေ လာရောက်ပြီး အတွေ့အကြုံတွေ၊ယဉ်ကျေးမှုတွေကို ဖလှယ်ကြတဲ့နေရာဖြစ်ပါတယ်။ ဗလီရီရန်နဲ့ လော်ရီလင်းတို့ဟာ ကမ္ဘာဂြိုဟ်ရဲ့တပ်ဖွဲ့က အထူးအေးဂျင့်တွေပါ။ ဗလီရီရန်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်လော် ရီလင်းကို လက်ထပ်ခွင့်တောင်းထားပေမယ့် မိန်းကလေးတွေနဲ့ အမြဲရှုပ်နေတာကြောင့် လက်မခံခဲ့ပါဘူး။ တစ်ရက်မှာတော့ သတ္တဝါတွေ အေးအေးချမ်းချမ်းရှိနေတဲ့ အယ်လ်ဖာစခန်းမှာ အမျိုးအမည် မသိတဲ့ စွမ်းအားတစ်ခုရဲ့ ကျူးကျော်ဖျက်ဆီးခြင်းခံရပြီး စေလွှတ်လိုက်တဲ့ စစ်တပ်လည်း ပြန်ရောက်မလာတာကြောင့် အထူး အေးဂျင့်တွေဖြစ်တဲ့ ဗလီရီရန်နဲ့ လော်ရီလင်းကို စေလွှတ်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ လူနဲ့ တူတဲ့အရာရဲ့ အလစ်အငိုက် တိုက်ခိုက်ခြင်းခံခဲ့ရပြီး အဲဒီအရာ ဟာ အယ်လ်ဖာစခန်းက လူတွေ ကို မသန်စွမ်းဖြစ်အောင် လုပ်ခဲ့ သလို ဗလီရီရန်ကိုလည်း ဖမ်းဆီး ခဲ့ပါတယ်။ ဗလီရီရန် ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် သူ့ရဲ့ ယာဉ် ပျက်စီးသွားတဲ့အတွက် လော်ရီလင်းနဲ့လည်း အဆက် အသွယ်ပြတ်တောက်ခဲ့ပါတော့ တယ်။
သတိလစ် မေ့မြောနေတဲ့ ဗလီရီရန်ကို လော်ရီလင်းရှာတွေ့ ခဲ့ပြီးနောက် အယ်လ်ဖာကို ဒုက္ခ ပေးတဲ့အဖွဲ့နောက်  နှစ်ယောက် သား ခြေရာခံခဲ့ကြပါတယ်။
အယ်လ်ဖာကို ကျူးကျော် ဖျက်ဆီးသူတွေကို ဗလီရီရန်နဲ့ လော်ရီလင်းက ဘယ်လိုချေမှုန်း မှာလဲ၊ အယ်လ်ဖာရဲ့ အနာဂတ် က ဘယ်လိုပုံစံနဲ့ အဆုံးသတ်ရမှာ လဲဆိုတာ အမိုက်စား အထူးပြု လုပ်ချက်တွေ၊ အက်ရှင်ဇာတ် ကွက်တွေနဲ့အတူ ဆက်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။
ဒီဇာတ်ကားမှာ ဒိန်းဒီဟန်၊ ကာရာဒယ်လီဗင်းန်၊ ကလစ်ဖ်အို ဝင်၊ ရီဟန်းနား၊ အီသန်ဟော့ခ်၊ ဟာဘီဟန်ကွတ်၊ ခရစ္စဝူ စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။             ။
လူငယ်တစ်ယောက်ရဲ့ ရုပ်ပုံလွှာ (သို့မဟုတ်) ခေတ်ပေါ်အရေး အသားတချို့
အားလပ်ရက်မှာ ဖတ်စရာ
ဓာတ်ပုံ− နစ်ကီ
ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် ခေတ်ပေါ်ကဗျာ ဆရာမောင်ယုပိုင် ရေးသားတဲ့ စကားပြေစာအုပ်ကို ရည်ညွှန်း လိုက်ပါတယ်။
မဂ္ဂဇင်းစာမျက်နှာတွေအ ပေါ် ဖြတ်သန်းနေသူ၊ မြိတ်မြို့ သားမောင်ယုပိုင်က စကားပြေ တချို့ ရေးသားထုတ်ဝေလာပါ တယ်။ ဒိုင်ယာရီ အက်ဆေး စကားပြေ အတိုဆုံးဝတ္ထုရယ်လို့ စိတ်ကူးရေးသားထားတဲ့ ယခုစာ အုပ်ဟာ လူငယ်တစ်ယောက်ရဲ့ ရုပ်ပုံလွှာ ဒါမှမဟုတ် ခေတ်ပေါ် စကားပြေရေးသားချက်တချို့လို့ ဆိုနိုင်ပါတယ်။ သမားရိုးကျ အရေးအဖွဲ့တွေကနေ ဖယ်ခွာပြီး လူငယ်လေးတစ်ယောက်နေ့စဉ် ဒိုင်ယာရီမှတ်တမ်းတစ်ခုရေးသ လို လွတ်လွတ်လပ်လပ်ကြီးရေး ထားတာကြောင့် ဖတ်ရတာတစ် မျိုးတစ်ဖုံဆန်းသစ်နေမှာ မလွဲပါ ဘူး။
ဒါကြောင့် ဒီတစ်ပတ်အား လပ်ရက်မှာ ဒီစာအုပ်လေးကိုတ ခုတ်တရညွှန်းဖြစ်တာပါ။
တနင်္သာရီတိုင်း ကျွန်းမြို့ လေးတစ်မြို့မှာ နေထိုင်ကြီးပြင်း ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ ဖြတ် သန်းမှုအတ္ထုပ္ပတ္တိကို ယခုစာအုပ် မှာ အသေးစိတ်ရေးထားရာမှာ ယခုလို ဖော်ပြထားပါတယ်။
‘‘လီးဖြစ်လား ...ဟေ့ကောင်၊ မင်း ဘာဖြစ်ချင်တာလဲ။ ၀က်ခြံ တွေပေါက်၊ နှုတ်ခမ်းမွေးတွေ ထွက်၊ ပုဆိုးချက်ပြုတ်ဝတ်ကြတဲ့ အရွယ်ရောက်လာကြတော့ ငါ့ သူငယ်ချင်းတွေထဲက တချို့ လူ မိုက်တွေဖြစ်ကုန်တယ်။ တစ်ည သား ကမ်းနားလမ်းမှာ ငါစက်ဘီး စီးလာတုန်း သစ်ပင်အောက်က အမှောင်ရိပ်ထဲ လူတစ်စုထွက် လာ၊ ရှေ့ကကာဆီးပြီး တစ် ယောက်က ငါ့မျက်နှာကိုလက်သီး နဲ့ဖြတ်ထိုးသွားတယ်။ ကျောင်း မှာ ကျောင်းသားတစ်ရာမှာ ကိုး ဆယ်လောက်က ကြွေနေတဲ့စော် တစ်ပွေရှိတယ်။ ငါနဲ့အဲဒီကျောင်း သူနဲ့က အလွန်ခင်မင်ကြတယ်။ အခုငါ့ကိုဗျင်းတာ အဲဒီကောင် တွေထဲက တစ်ယောက်ဖြစ်လိမ့် မယ်’’ လို့ဖတ်ရပါမယ်။ ဒီလိုပဲ ခေတ်လူငယ်တွေရဲ့ နေထိုင်မှုပုံစံ တချို့ကို ‘‘ဘာပဲဖြစ်ဖြစ် လူငယ် ဆိုတာ အိပ်မက်တွေအများကြီးရှိ တယ်။ ငါတို့ကောင်တွေ စပီကင် တွေ တက်တယ်။ ကွန်ပျူတာသင် တန်းတွေ တက်တယ်။ ဂစ်တာ တီးသင်တန်းတွေတက်တယ်။ အ ၀တ်အစားတွေ အပြိုင်အဆိုင်နဲ့ ပေါ့။ ဆိုင်ကယ်တွေ တ၀ီဝီနဲ့ပေါ့။ ကဗျာစာအုပ်ထုတ်တဲ့ကောင်က ထုတ်ကြတယ်။ ချစ်သူများနေ့မှာ ဝေလို့ရအောင်ပေါ့။ တချို့ကောင် တွေ စစ်အစိုးရနဲ့အပေါင်းအပါ တွေ မကောင်းကြောင်းပြောပုံ ဟာ ဖောင်းထုနေတာလား၊ အား ကျနေတာလား မကွဲပြားဘူး။ စစ် ဗိုလ်နဲ့ဘောစိတွေနောက်ပါသွား တဲ့ စော်တွေကို ဆဲရင်းငါတို့ ကောင်တွေ သုံးရက်အတွင်းကြီး ပွားမယ့် နည်းလမ်းတွေရှာကြ တယ်။ ဖော်ရက်ဂန့် ရုပ်ရှင်အ ကြောင်းကို ငါနဲ့ငါ့သူငယ်ချင်း ဗြူတီစလွန်းအသစ်စက်စက်ကြီး မှာ မျက်နှာပေါင်းတင်ရင်း ပြော ကြတယ်’’ လို့ရေးထားပါတယ်။
စာရေးသူကိုယ်တိုင်ယခုစာ အုပ်နဲ့ပတ်သက်လို့ ‘‘စစ်အာဏာ ရှင်စနစ် ဘုန်းမီးနေလတောက်ပ ဆုံးအချိန်တွေမှာ ကျောင်းသား ဖြစ်ခဲ့ရတဲ့ဘ၀၊ မြန်မာပြည် တောင်ဘက်ကျွန်းတစ်ကျွန်းပေါ် က မြို့တစ်မြို့ရဲ့ သီးခြားဆန်တဲ့ ယဉ်ကျေးမှုနဲ့ဘ၀ပုံစံတွေ၊ ၈၀-၉၀ ခုနှစ်များက ပွဲလမ်းသဘင် တွေ၊ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ အင်တာနက်တွေ မရောက်လာ ခင်က လူတွေရဲ့နေပုံထိုင်ပုံအ ကြောင်း၊ လူလတ်တန်းစား မိသားစုထဲက ကလေးတစ် ယောက်ရဲ့ဖြတ်သန်းမှု၊ ငိုရတာ တွေ၊ ရယ်ရတာတွေ၊ ကြောက်ရ တာတွေ၊ ပျော်ရတာတွေနဲ့ ကြီး ပြင်းခြင်း ဘ၀ရဲ့ထုံးစံတွေ၊ ပြီး တော့ လူတွေပိုလို့ချစ်ကြ၊ ပိုလို့ အရိုင်းဆန်ယဉ်ကျေး၊ သဘာဝနဲ့ ပိုလို့နီးစပ်ခဲ့ကြတဲ့ ကာလဒေသ တစ်ခုအကြောင်းတွေ...’’ လို့ရေး ထားပါတယ်။ ယခုစာအုပ်ကို Black Swan Publishing House က တန်ဖိုး ၂,၈၀၀ ကျပ်နဲ့ထုတ် ဝေပြီး အိမ်တိုင်ရာရောက် ဖတ်လို သူတွေ ဖုန်း ၀၉-၂၅၀၀၉၁၉၁၃ နဲ့ facebook/Wedistribution ကို ဆက်သွယ်မှာယူနိုင်ပါတယ်။
အိမ်ရှင်များကိုလည်း စာနာပါ
တစ်ပူပေါ်နှစ်ပူဆင့်ဟူ သည့်  စကားသည် သူ့အတွက်  ရည် ညွှန်းထားသလားဟူ၍ပင် မယဉ်တစ်ယောက်တွေးမိနေသည်။ ယနေ့ခေတ် လူမှုနေ့စဉ်ဘ၀တွင်မယဉ်သည် အိမ်အကူကို အားကိုး၍ ရပ်တည်နေရသော အလုပ်တစ်ဖက်နှင့် အိမ်ရှင်မများစွာထဲကတစ်ယောက်ဖြစ်ပြီး အိမ်အကူကြောင့် ရတတ်ပွေခဲ့ရသူဖြစ်သည်။
‘‘အိမ်ဖော်နဲ့ပတ်သက်လို့ နှစ်ခါတောင်မှ ကံမကောင်းခဲ့ဘူး’’ ဟု အသက် (၃၈)နှစ်အရွယ် မယဉ်က ဆိုသည်။
မယဉ်သည် Myanmar Business Today ကုမ္ပဏီတွင် Junior accountant ရာထူးဖြင့် အလုပ်လုပ်ကိုင်၍ အမျိုးသားဖြစ် သူကလည်း နိုင်ငံခြားတွင် သွား ရောက်အလုပ်လုပ်ကိုင်နေသဖြင့် ကိုယ်ခွဲလည်းမရှိ၊ ၎င်း၏ ကလေး ကျောင်းအကြို၊ အပို့လုပ်ရန် လည်း လိုအပ်သဖြင့်၊ ၂၀၁၅ ဧပြီကစ၍ အိမ်အကူခေါ်ခဲ့သည်။
ပထမအိမ်အကူမိန်းကလေး သည် အသက် (၁၇)နှစ်အရွယ်ရှိ ကာ အဒေါ်ဖြစ်သူမှတစ်ဆင့် ရှာ ပေးခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် လုပ်အားခ ကျပ်သုံးသောင်းခွဲဖြင့် အလုပ်ခန့်ထားခဲ့သည်။ အိမ်တွင် နေချင်အောင် အိမ်အကူမိန်းကလေးကို ဆံပင်ဖြောင့်ပေးပြီး ဆံပင်ပေါင်းဆေး၊ Hair coat က အစ ၀ယ်ပေးခဲ့သော်လည်း တူညီသော တုံ့ပြန်သိတတ်မှုမရခဲ့ဟု မယဉ်ကဆို သည်။
‘‘ရောက်ခါစ ဘာမှမလုပ် တတ်ဘူး။ ပိန်ပိန်လေး။ နောက်မှ ၀၀ဖြိုးဖြိုးဖြစ်လာတာ။ အရင်က ဆားနဲ့သွားတိုက်တာ။ ကျွန်မဆီ ရောက်တော့မှ သွားပွတ်တံ၊ သွားတိုက်ဆေးနဲ့ တိုက်တတ်တာ’’ ဟု မယဉ်က သူ၏ ဖုန်းထဲရှိ အဆိုပါ အိမ်အကူ၏ ဓာတ်ပုံများကို ပြသရင်းဆိုသည်။
ထိုသို့ အိမ်အကူမိန်းကလေး ကို တောက်လျှောက်အလုပ်ခန့် ထားရင်းမှ ၂ နှစ်ကျော်ကြာသည့် အချိန်တွင် မယဉ်မမျှော်လင့်ထား သော ဖြစ်ရပ်တစ်ခုကြုံလိုက်ရ သည်။ အဆိုပါ အိမ်အကူက မယဉ်တို့အိမ်အောက်ထပ်ရှိ မိသားစုထံမှ ဖုန်းတစ်လုံးခိုးယူခဲ့ကြောင်း ကာယကံရှင်များက လာရောက်တိုင်တန်းခြင်းဖြစ်သည်။
ဖုန်းကို ပိုင်ရှင်ထံပြန်ပေးရန် ဖုန်းဝှက်ထားသည့်နေရာကို ချော့ မော့မေးရင်း မယဉ်ထံမှ ခိုးယူထားသည့်ငွေများ၊ ဈေးဖိုးစာရင်း အလိမ်ကိစ္စများပါ ပေါ်ပေါက်လာ သည်။ ထို့အပြင် အိမ်အကူမိန်း ကလေးသည် ရည်းစားထားနေ ကြောင်း၊ နေ့လယ်ဘက်များတွင် အိမ်လည်၍သာနေကြောင်း ပတ် ၀န်းကျင်နေသူများက တိုင်ကြားခဲ့ သည်။
‘‘လုပ်အားခက သုံးလစာ လောက် ကြိုပေးထားမိတော့ လုပ်ခကျေတဲ့အထိပဲ သူ့ကိုခေါ် ထားတော့မယ်ဆိုပြီး သူ့အိမ်ကို အသိပေးလိုက်တယ်။ ပြီးတော့ အိမ်ဖော်နောက်တစ်ယောက်ကို ထပ်ခေါ်ခဲ့တယ်’’ဟု မယဉ်ဆို သည်။
နောက် ထပ်မံခေါ်ယူခဲ့သည့် ဒုတိယမြောက် အိမ်အကူမှာမူ အသက် (၄၅)နှစ်အရွယ်ရှိကာ ပထမအိမ်အကူမိန်းကလေးနှင့် တစ်နယ်တည်းသားချင်းဖြစ်သည်။ ၎င်းအိမ်အကူအသစ်ရောက်ရှိ လာပြီး တစ်လခွဲအကြာတွင် အိမ်အကူနှစ်ယောက် ပူးပေါင်း၍ အိမ်ရှိ ငွေသုံးသိန်းခန့် ခိုးယူထွက်ပြေးသွားခြင်းကို မယဉ်ထပ်မံ ရင်ဆိုင်ရပြန်သည်။
‘‘အလုပ်က ပြန်လာတော့ သူတို့နှစ်ယောက်လုံးမရှိတော့ဘူး။ အဲဒါနဲ့ ပိုက်ဆံထားတဲ့နေရာတွေ လိုက်ကြည့်မိတော့ မရှိတော့ဘူး’’ဟု မယဉ်က ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောင်းပြောဆိုသည်။
ယင်းနောက်တွင်တော့ ငွေ ခိုးယူထွက်ပြေးသည့် အိမ်အကူနှစ်ဦးလုံးကို အိမ်အကူများ၏ ဒေသရှိ ရ၀တဥက္ကဋ္ဌထံ တိုင်တန်း ပြီး ခိုးယူထားသည့်ငွေများကို အ ရစ်ကျပြန်လည်ပေးဆပ်ပါမည် ဟူသည့် ခံဝန်ကတိကို မယဉ်ရခဲ့ သည်။
မယဉ်ကဲ့သို့ပင် ဗိုလ်ကြီး ကတော်ဖြစ်သည့် မခင်ဝါ၀ါဝင့်ကလည်း ‘‘ကိုယ်ဝန်ရှစ်လလောက်မှာ အိမ်အကူစရှာဖြစ်တာ။ အသိတွေကနေတစ်ဆင့် အကူအညီ တောင်းပြီးရှာခဲ့တာ။ တစ်လရှစ်သောင်းပေးရတယ်။ ကလေးရလာရင် ကူညီစောင့်ရှောက်မယ့်သူမရှိလို့သာ ငှားရတာ စိတ်မချဘူး’’ဟု ဆိုသည်။
အိမ်တွင် ကူဖော်လောင် ဖက်ရစေရန် ခေါ်ထားသော်လည်း မခင်ဝါ၀ါဝင့်သည် အဆင်မပြေခဲ့ပေ။ အိမ်အလုပ်များနှင့် မိမိရင်သွေးဝေယျာဝစ္စများကို စိတ်တိုင်းမကျသဖြင့် ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်ဟု မခင်ဝါ၀ါဝင့်က ဆိုသည်။
အိမ်အကူငှားရန် လူတွေ့ မေးမြန်းစဉ်အခါကလည်း ကြုံ တွေ့ခဲ့ရပုံနှင့်ပတ်သက်၍ ‘‘နေ့ လယ်အိပ်ရမှာလား၊ ထမင်းဘယ် လိုစားရမှာလဲ၊ လစာဘယ်အချိန် တိုးမလဲ၊ လုပ်ရမည့်အလုပ်များ ကို တိတိအကျကျ ပြောပြပါဆိုတဲ့ ပြန်မေးတဲ့အိမ်အကူတွေနဲ့လည်း တွေ့ရသေးတယ်’’ဟု ၎င်းက ရှင်း ပြသည်။
မြို့ပြခေတ်စနစ် ဖွံ့ဖြိုးလာ သည်နှင့်အမျှ ကျေးလက်တော ရွာများမှ ဒေသခံများသည် အိမ် အကူအလုပ်လုပ်ကိုင်ရန် မြို့ပြသို့ ရောက်လာကြသည်များမှာ ဆယ် စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။
ယခင် အိမ်အကူများကို ခေါ်ရာတွင် တစ်လလျှင် အနည်းဆုံး ကျပ်တစ်သောင်းခွဲမှ အများဆုံး သုံးသောင်းကျပ်အထိသာ ရှိခဲ့ သည်။
ဒေသအလိုက်ပေါ် မူတည်၍ အိမ်အကူလစာများ တစ်စစ မြင့် တက်လာခဲ့ကာ ယခုအခါ ရန်ကုန်ကဲ့သို့ မြို့ပြတွင် အိမ်အကူဈေးနှုန်းသည် နေစရိတ်၊ စားစရိတ် (ငြိမ်း) ဖြင့် တစ်လလျှင် ကျပ်လေး ငါးသောင်းမှ တစ်သိန်းခွဲ၊ နှစ်သိန်းခန့်အထိပင်ရှိသည်။ အသက်အရွယ်နှင့် ကျွမ်းကျင်မှုအပေါ်မူတည်၍ ဈေးသတ်မှတ်ခြင်းဖြစ်ပြီး အလုပ်လုပ်ခါစ ဘွဲ့ရတစ်ဦးထက် ပင် ၎င်းတို့၏ တစ်လ၀င်ငွေသည် တန်းတူ (သို့မဟုတ်) ပိုမိုများနေသေးသည်။ ဘွဲ့ရပြီး အစိုးရ၀န်ထမ်းလုပ်မည်ဆိုပါက တစ်သိန်းခွဲခန့်ရနိုင်သော်လည်း စရိတ်ငြိမ်းမဟုတ်ပေ။
အိမ်အကူနဲ့ပတ်သက်ပြီး တောင်ဒဂုံနေ အိမ်ရှင်မတစ်ဦးက ‘‘ကျွန်မအိမ်က အိမ်အကူဆို ဧရာ ၀တီတိုင်းကလာလို့တဲ့။ ဆန်အ ကောင်းစားမှစားနိုင်တယ်ပြောလို့ နှစ်ထောင်ကျော်တန် ဆန် ၀ယ် ပေးရတယ်။ အိမ်အလုပ်နဲ့ ရုံးအ လုပ်ကို အလျင်မီအောင်လုပ်နေရ တဲ့ အိမ်ရှင်မတွေက သူတို့နဲ့ဆိုရင် အလုပ်သက်သာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ကို ‘မ’နေရ တယ်’’ဟု ဆိုသည်။
အချို့အိမ်အကူများကမူ ရိုး သားသော်လည်း အချို့ကမူ အ လုပ်လုပ်ရင်း ကြာလာသောအခါ ၌ ၎င်းတို့က ပွဲစားသဘောမျိုးပြန် လုပ်၍ အိမ်ရှင်များကို ပညာပြ သည်များလည်း ကြုံရသည်။ အ ချို့ကလည်း အိမ်ရှင်မိသားစုများ ကို အကြောင်းပြ၍ ခေတ္တခဏပြန် ရန် ခွင့်တောင်းပြီး  ပြန်မလာကြ သည့် အိမ်အကူများလည်း ရှိ သည်။
‘‘တစ်ချိန်လုံး ဖုန်းပွတ်တယ်။ ခိုင်းရင် မလုပ်တတ်ဘူးပြော တယ်။ မပျော်ဘူးဆိုပြီးပြန်တယ်။ ပိုက်ဆံတွေ ကြိုထုတ်တယ်။ ကျွန် တော်တို့ပို့လိုက်တဲ့လူတွေကဖြစ် သွားတော့ ကိုယ်တွေဝန်ဆောင်မှု ပေးတဲ့လုပ်ငန်းနာမည်ပျက်တာ ပေါ့’’ဟု အိမ်အကူဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ကိုအောင်က ဆိုသည်။
တိုးတက်ပြောင်းလဲလာ သည့် ခေတ်စနစ်ကြောင့် လက် ကိုင်ဖုန်းများပေါများလာခြင်းက လည်း အိမ်အကူနှင့် အိမ်ရှင်များ ကြား ပြဿနာပေါ်အောင် တွန်းပို့ စေသည့် အကြောင်းရင်းတစ် ချက်ဖြစ်သည်။ အချို့ပွဲစားများ သည် ပွဲခထပ်မံရရေး အိမ်အကူ လက်ထဲသို့ ဖုန်းထည့်ပေးကာ အိမ်ရှင်လက်မခံနိုင်လောက်သည့် အပြုအမူမျိုးပြုလုပ်ရန် ညွှန်ကြားခိုင်းစေမှုများလည်းရှိတတ်သည်။
ထို့အပြင် အိမ်အကူနှင့်ပွဲစား ပူးပေါင်းကာ အိမ်ရှင်များကို တရားပြန်လည်စွဲဆိုခြင်း၊ ခြိမ်း ခြောက်ခြင်း စသည့် အမှုအချို့လည်း ရန်ကုန်၊မန္တလေးမြို့ကြီး တွင်သာမက စက်မှုလက်မှုထွန်း ကားသော စီးပွားရေးမြို့များတွင် လည်း ဆက်တိုက်ဖြစ်ပေါ်လာ သည်။
‘‘လွန်ခဲ့တဲ့ခြောက်လက လှိုင်သာယာမှာ ဖြေရှင်းပေးတဲ့ အမှုဆိုရင် ကလေးကို ထမင်း ၀၀လင်လင်မကျွေးဘူး။ နှိပ်စက်တယ်ဆိုပြီး အိမ်အကူရဲ့ မိခင်နဲ့ ပွဲစားတို့ ပေါင်းပြီးတိုင်တာ။ တကယ်တမ်းကျ အိမ်ရှင်က အဲဒီ ကလေးကို အလုပ်တောင် မခိုင်းရသေးဘူး။ တခြားကလေးတွေနဲ့ တန်းတူအခွင့်အရေးပေးထားတာ တွေ့တယ်’’ ဟု ရှေ့နေ ဦးခင်မောင်မြင့်က ၎င်းကြုံတွေ့ခဲ့သည့် အိမ်အကူအမှုကို ပြန်ပြောင်းပြောဆိုသည်။
အိမ်အကူခေါ်ပေးသည့် ပွဲ စားများကို အိမ်ရှင်များအနေဖြင့် လစာ တစ်လစာပေးရသည်။ အိမ်အကူများခေါ်ယူမည်ဆိုပါက အိမ်ရှင်က အနည်းဆုံး သုံးလစာမှ တစ်နှစ်စာအထိ တွက်ချက်၍ ကြိုငွေအဖြစ် အိမ်အကူသို့ ပေးချေရသည်။ များသောအားဖြင့် အ၀တ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးနှင့် ကလေးထိန်းရန် အိမ်အကူများကို ခေါ်ယူလေ့ရှိသည်။
ယခုအခါ လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် အိမ်အကူအလုပ်အကိုင်ရှာဖွေရေးပေ့ခ်ျများ ထောင်ခြင်းနှင့် အဖွဲ့ဖွဲ့ခြင်းများပြု လုပ်ကာ အိမ်အကူနှင့် အိမ်ရှင် များက အချင်းချင်းပြောဆိုခေါ်ယူမှုများရှိလာသည်။ ယင်းပေ့ခ်ျများထဲသို့ ၀င်ကြည့်ပါက အိမ်အကူလိုအပ်သဖြင့် ခေါ်ယူမှုသည် တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ငါးခုထက်မနည်းရှိသည်။
သို့သော် အိမ်ရှင်များက အိမ်အကူများကို ကိုယ်အင်္ဂါချွတ်ယွင်းသည်အထိ နှိပ်စက်ညှဉ်းပန်းသည့် အင်းဝအပ်ချုပ်ဆိုင်ကဲ့သို့ဖြစ်စဉ်၊ အိမ်အကူမိန်းကလေး၏ လက်မောင်းနှစ်ဖက်၊ ပေါင်နှစ် ဖက်ကို အိမ်ရှင်လင်မယားနှစ်ဦးက မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်းကဲ့သို့သော ဖြစ်စဉ် အချို့တွင် အိမ်အကူများ နစ်နာခဲ့ ရသည်လည်း ရှိခဲ့သည်။
‘‘တချို့ အိမ်ရှင်တွေက သဘောကောင်းပေမယ့် တချို့ တွေက အရမ်းဆိုးတယ်။ ပျော်ရွှင် မှုမပေးတဲ့ အိမ်ရှင်နဲ့တွဲလုပ်ရရင် ဘယ်အလုပ်သမားမှ မြဲမှာမဟုတ် ပါဘူး။ အဓိကနားရက်လေးပေး စေချင်တာ’’ဟု အသက် (၂၀) ကျော်အရွယ် အိမ်အကူ မိမျိုး (အမည်လွှဲ)က ပြောသည်။
အိမ်အကူနှင့် ပတ်သက်၍ နှစ်ခါကံမကောင်းခဲ့သူ မယဉ်သည် ယခုလည်း အသက်(၅၀)အ ရွယ် အိမ်အကူ ထပ်မံခေါ်ယူထား ပြီး ၎င်းမှာ ပထမအိမ်အကူများ ကဲ့သို့ လည်လည်ဝယ်ဝယ်မရှိသ ဖြင့် စိတ်ဓာတ်ရေးရာအပိုင်းတွင် အနည်းငယ်စိတ်ချရသော်လည်း လျှပ်စစ်ပစ္စည်းများကို ကောင်း မွန်စွာ အသုံးမပြုတတ်ဘဲ သတိ လည်းမေ့တတ်သဖြင့် စိတ်မချရ ၍ အိမ်မှုကိစ္စအ၀၀တွင် နေရာ တကာ မယဉ်ပါနေရတုန်း။ ထို့ကြောင့် တတ်နိုင်သမျှ အိမ်အကူမငှားဘဲ နေစေချင်သည်ဟု ၎င်း က အကြံပြုသည်။
‘‘မတတ်သာလို့ငှားမယ်ဆို ရင်တောင် နောက်ကြောင်းဇာစ် မြစ်ကိုတော့ သေချာစုံစမ်းသင့် တယ်’’
ငါးရှဥ့်ခြောက်စပ်ကြော်
ဒီတစ်ခါတော့ ငါးရှဥ့်ခြောက်စပ်ကို ကိုယ်တိုင်ချက်ကြည့်ချင်သူ တွေအတွက်     ဖော်ပြလိုက်ပါ တယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ငါးရှဥ့်ကိုအချွဲများ ပျောက်စေရန် ဂျုံဖြင့်လူး၍ တစ် ကောင်ချင်းစီကို သတင်းစာစက္ကူဖြင့် ဆွဲပွတ်ချပေးပါ။
၂။ ထို့နောက် စဉ်းတီတုံးပေါ်တန်းနေအောင်တင်၍ ခေါင်းနားမှစကာ ဓားချွန်လေးဖြင့် အသားလွှာပေးပါ။
၃။ ပြီးနောက် အရိုးကိုဆွဲထုတ်၍ အသားများကိုလက်တစ်လုံးခန့် လှီးကာ ရေစင်အောင်ဆေးပါ။ ရေဆေးပြီးလျှင် အရသာမှုန့်၊ ဆားတို့ ဖြင့် နယ်ထားပါ။
၎။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာ၍ ပါးပါးလှီးထားကာ ကြက်သွန်မြိတ်ကို သုံးပိုင်းဖြတ်ထားပါ။
၅။ ဒယ်အိုးထဲတွင် ဆီထည့်၍အပူပေးပြီး ငါးရှဥ့်များကို ဂျုံမှုန့်ဖြင့် နှံ့အောင် လူးထားပါ။
၆။ ဆီပူလာလျှင် ဂျုံမှုန့်များကိုခါချ၍ ငါးရှဥ့်ကိုထည့်ကြော်ပေးပါ။ ကြွပ်၍ရဲလာလျှင် ဆယ်ပြီးဆီစစ်ထားပါ။
၇။ ထိုဆီကဲ့သို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကိုထည့်၍ ကြော် ပေးပါ။
၈။ ကြွပ်ခါနီးလျှင် ငရုတ်သီးခြောက်၊ အရောင်တင်မှုန့်၊ ငါးရှဥ့်ကြော်တို့ ကိုထည့်၍ သမအောင်မွှေကြော်ပေးပါ။
၉။ ထို့နောက် အားလုံးကြွပ်လာလျှင်ကြက်သွန်မြိတ်အုပ်၍ မီးပိတ်ကာ သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
ငါးရှဥ့်၃၀ ကျပ်သား
ဂျုံမှုန့်အနည်းငယ်
ငရုတ်သီးခြောက် အနည်းငယ်
ကြက်သွန်နီ၂ လုံး
ကြက်သွန်ဖြူ၁၀ မြွှာ
ချင်းလက်တစ်ဆစ်
အရောင်တင်မှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ်အနည်းငယ်
ဆီ၁၀ ကျပ်သား
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
မျှစ်အာလူးမန်ကျည်းသီးစိမ်းအနှစ်ချက်
ဒီနေ့တော့ အချဉ်အရသာလေးနဲ့ ခံတွင်းတွေ့စေမယ့် ဟင်းလေး ချက်ရအောင် ဖော်ပြလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ မျှစ်နုကို ထက်ခြမ်းခွဲ၍ ရေများများဖြင့် မိနစ် ၂၀ ခန့်ပြုတ် ကာ ဆယ်ထားပါ။
၂။ မန်ကျည်းသီးစိမ်းကို ညက်အောင်ထောင်းပြီး ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပါ။
၃။ အာလူးနှင့်ခရမ်းသီးကို အခွံနွှာ၍ မိမိနှစ်သက်သလို လှီးကာရေဆေး ထားပါ။
၎။ ငရုတ်သီးပုခြောက်ကို ရေနွေးဖြင့်စိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဖြင့်ရောပြီး ညက်အောင်ထောင်းပါ။
၅။ အနံ့မွှေးလာလျှင် မျှစ်တုံး၊ အာလူး၊ အရသာမှုန့်၊ ဆားတို့ကိုထည့်၍ လုံးပြီး အာလူးနူးရန် ရေနွေးအနည်းငယ်ထည့်၍ တည်ပေးပါ။
၇။ ထို့နောက် ခရမ်းသီး၊ မန်ကျည်းသီးစိမ်းအနှစ်နှင့် ငရုတ်သီးစိမ်းတို့ကို ထည့်၍ အဖုံးအုပ်တည်ပေးပါ။
၈။ အာလူးနှင့် ခရမ်းသီးနူးလာလျှင် အရသာစိတ်ကြိုက်မြည်း၍ မီးပိတ် လို့ရပါပြီ။
ပါဝင်ပစ္စည်းများ
မျှစ်နု၁၀ ကျပ်သား
အာလူးသုံးလုံး
ခရမ်းသီးတစ်လုံး
မန်ကျည်းသီးစိမ်းငါးကျပ်သား
ငရုတ်သီးစိမ်းအနည်းငယ်
ပုစွန်ငါးပိစားပွဲတင်ဇွန်းဝက်
ကြက်သွန်နီနှစ်လုံး
ကြက်သွန်ဖြူလေးမြွှာ
ငရုတ်ပုခြောက်သုံးတောင့်
ဆီစားပွဲတင်ဇွန်း ၁၀ဇွန်း
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
ပထမအရွယ်မှာ အတုခိုးမှားမှုများ
၁၉၆၈ တုန်းက ဂန္ထ၀င်မြောက် စာရေးဆရာကြီး ၀ီလျံရှိတ်စပီးယား ၏  လူငယ်နှစ်ဦး၏   ရင်နင့်စရာ အချစ်ကို ဖွဲ့ဆိုရိုက်ကူးထားသည့် ရိုမီယို၊ ဂျူးလီယက် ရုပ်ရှင်ကား က    ကမ္ဘာတစ်ဝန်းမှာ    ပျံ့နှံ့ နာမည်ကြီးခဲ့သည်။
ထိုအချိန်က ဆယ်ကျော် သက်မင်းသားလီယိုနတ်ဝိုက်တ နင်းနှင့် မင်းသမီးအိုလီဗီယာဟက် ဆေးတို့ကရိုမီယိုနှင့် ဂျူးလီယက် အဖြစ် သရုပ်ဆောင်ထားသော ထိုရုပ်ရှင်ကို ဆယ်ကျော်သက်လူငယ်များက အရူးအမူးသည်းသည်းလှုပ် ကြိုက်ကြသည်။ အင်္ဂလိပ်စာရေးဆရာရှိတ်စပီးယား၏ မူရင်းဝတ္ထုမှာ မြေပိုင်ရှင်မိသားစုနှစ်ဦးကြားက ရန်ငြိုးအာဃာတများကြောင့် အသက်ဆုံးရှုံးရသော ချစ်သူနှစ်ဦး၏ကြေကွဲစ ရာ ဇာတ်လမ်းဖြစ်သည်။
သို့သော် လူငယ်များက ရို မီယိုနှင့် ဂျူးလီယက်ကဲ့သို့ နှစ်ဖက်မိဘများက သဘောမတူဘဲသူတို့ချစ်ခြင်းကို ခွဲ၍ သတ်သေရသည့် အဖြစ်ကို တလွဲသဘောကျကြ သည်။ သူတို့အချစ်ကို ရိုမီယို၊ဂျူး လီယက်ကဲ့သို့ သမိုင်းဝင်ချင်ကြ သည်။ ရိုမီယို၊ ဂျူးလီယက်ကို အ ချစ်သူရဲကောင်းများသဖွယ် အား ကျကြသည်။ ချစ်သူနှင့်အတူ သတ်သေခြင်းသည် အချစ်စစ်၊ အချစ်မှန်ကို ပြသရန်အကောင်း ဆုံးနည်းဟု တလွဲထင်ကြသည်။ ထို့ကြောင့် အဆိုပါ ဇာတ်ကားပြီး သည့် နောက်မှာဆယ်ကျော်သက် လူငယ်စုံတွဲများ ရိုမီယို၊ ဂျူးလီယက် ကဲ့သို့ အတူသတ်သေမှုများ တစ်စ ခန်းထခေတ်စားခဲ့သည်။
မြန်မာနိုင်ငံမှာလည်း စစ်ကြို ခေတ်က စစ်ကိုင်းတံတားပေါ် ကနေ ချစ်သူနှစ်ဦးရေထဲခုန်ချ သတ်သေခဲ့ဖူးကြသည်။ ထိုစဉ် က သတင်းစာများက သူတို့ကို အ ချစ်သူရဲကောင်းများသဖွယ် တဖွဲ့တနွဲ့အပြိုင်အဆိုင်တင်စား ရေးဖွဲ့ကြသည်။ စာဖတ်သူများက သူတို့အကြောင်းကို ပြောမဆုံးဖြစ်ကြသည်။  ထို့နောက်တွင် သူတို့ ကို အားကျပြီး ဆယ်ကျော်သက် ချစ်သူစုံတွဲများ အပြိုင်အဆိုင် သတ်သေမှုများအကြောင်းကို အ ဆိုပါ ခေတ်ကသတင်းစာဟောင်း များတွင် ရေးသားဖော်ပြကြဖူး သည်။၁၉၇၀ ပြည့်နှစ်များတွင် ဆယ်ကျော်သက်များ စိတ်ဝင်စားအားကျသည်ကား စီးကရက်သောက်သူများ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်မှာ စီးကရက်သောက်တတ်မှသာ လူရာဝင်သည်ဟု ထင်ခဲ့ကြ၏။ စီးကရက်သောက် သူများကို အတုခိုးကြပြန်သည်။
‘‘အဲဒီခေတ်က စီးကရက် သောက်တာကို ပိတ်ပင်တာတွေ မရှိသေးဘူး။ နေရာအတော်များ များမှာ ဆေးလိပ်သောက်ကြ တယ်။ လေယာဉ်ပျံပေါ်မှာလည်း သောက်ကြတယ်။ ရုပ်ရှင်တွေထဲ မှာလည်း မင်းသား၊ မင်းသမီး တွေက သောက်ကြတော့ ဆယ် ကျော်သက်ဘ၀မှာ ဆေးလိပ် သောက်မှ ခေတ်မီတယ်ထင်ကြ တယ်။ မသောက်တတ်ရင် သောက်တတ်အောင် သင်ရသေးတယ်’’ ဟု အသက်(၆၅)နှစ်အရွယ် ပညာရေးတက္ကသိုလ်မှ ဘွဲ့ရဒေါ် စန်းစန်းသစ်က ပြောကြားသည်။
သူတို့ကျောင်းတက်စဉ်က မိန်းကလေးသူငယ်ချင်းများသည် စီးကရက်ကို ၀ယ်ပြီးခိုးသောက် ကြသည်မှာ အတော်ခေတ်စား သည်ဟု ဆိုသည်။ လှလှပပ စီး ကရက်သောက်တတ်သော မိန်း ကလေးသည် ကျောင်းမှာနာမည် ကြီးဖြစ်သည်ဟု ပြောကြသည်။
ယနေ့နည်းပညာခေတ်မှာ ဆယ်ကျော်သက်တို့ကို လွှမ်းမိုး မှုအများစုက ပတ်ဝန်းကျင်နှင့် ရုပ်ရှင်များသာမကတော့ပေ။ ဆို ရှယ်မီဒီယာများဖြစ်သော ဖေ့စ် ဘွတ်ခ်၊ တွစ်တာနှင့် အင်စတာ ဂရမ် များပါလာသည်။ ယခင်က လူငယ်များထက်လည်း အန္တရာယ် များ၊ အတုယူမှားစရာများက ပို များလာသည်။
သည်မီဒီယာများထဲက တစ် ဆင့်ဆယ်ကျော်သက် အချင်းချင်း ဘာတွေလုပ်နေသည်၊ ဘယ်သူ တွေကတော့ နာမည်ကြီးပေါ်ပြူ လာဖြစ်နေသည်ဆိုသည်ကို စက္ကန့်မလပ် မြင်တွေ့နေရသည်။ အတုခိုးမှားစရာများ ဖြစ်လာ သည်။  အများအားဖြင့် ဆယ် ကျော်သက်များ အချင်းချင်း အား ကျအတုယူကြသည်ကား လိမ္မာ ယဉ်ကျေးစာတော်သူ၊ ထူးချွန်သူ များထက် ခပ်မိုက်မိုက်ဟုသူတို့ ထင်ကြသော သက်တူရွယ်တူများ ပင် ဖြစ်သည်။
သည်အထဲမှာ ရည်းစားများ များထားသော သူများလည်း ပါ မည်၊ တက်တူးမင်ကြောင် ထိုး ထားသူများလည်းပါမည်၊ ရုပ် ရည်ချောမောသူများလည်း ပါ မည်၊ ရန်ဖြစ်တတ်သူများလည်း ပါမည်၊ အထူးအဆန်းများ လုပ် ပြပြီး လူအများစိတ်ဝင်စား အောင် လုပ်တတ်သူများလည်း ပါမည်။ ထို့အတူ ရိုမီယို၊ ဂျူးလီ ယက်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမရှိသော်လည်း ရည်းစားနှင့် အဆင်မပြေမှုကြောင့် ကိုယ့်လက် ကောက်ဝတ်ကို ဓားဖြင့်လှီးပြီး ဓာတ်ပုံရိုက်ကာ အချစ်သက်သေ ပြကြသူများလည်း ပါသည်။
သူတို့က မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင် လုပ်ထားပုံကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာများ ပေါ် တင်လိုက်သည်။ ထိုအခါ လူ စိတ်ဝင်စားစရာဖြစ်ပြီး သူတို့ပုံများက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာသည်။ ရွယ်တူဆယ်ကျော် သက်များအတွက်က တလွဲအား ကျစရာပင်။ သူတို့လည်း အဆင် မပြေရှိကြသည့်အခါ ပုံစံတူလုပ် ပြီး ဆိုရှယ်မီဒီယာပေါ်မှာတင်ချင် လာသည်။
လူတွေ၏သနားမှုကို လိုချင် လာသည်။ နာမည်ကြီးချင်သည်။ ထို့ကြောင့် အင်္ဂလိပ်နိုင်ငံတစ်ဝန်း နှင့် ဝေလပြည်နယ်မှ ကောက် ယူရရှိခဲ့သော အချက်အလက် များအရ ဆိုရှယ်မီဒီယာများ ကြောင့် ၂၀၁၅ နှင့် ၂၀၁၆ တွင်အ သက် (၁၁)ကနေ (၁၈)နှစ်အ ကြာ ကလေးသူငယ် ၁၈,၇၇၈ ဦး သည် ကိုယ့်ကိုယ်ကိုယ် နာကျင် ထိခိုက်အောင် လုပ်ခဲ့ပြီး ဆေးရုံ တက်ခဲ့ရသည်ဟု သိရသည်။
သူတို့သည် လက်ကောက် ၀တ်ကို ဓားဖြင့်လှီးခြင်း၊ အိပ်ဆေး များ အလွန်အကျွံသောက်ခြင်း များပြုလုပ်ပြီး ဆေးရုံသို့ ရောက် လာခဲ့ခြင်းဖြစ်သည်။
ကျန်တာတွေမှာ ခေတ် နောက်ကျကောင်း ကျမည်ဖြစ် သော်လည်း မြန်မာဆယ်ကျော် သက်များက သည်အရာမျိုးမှာ တော့ နောက်မကျ။ ကူးစက်မှုက ချက်ချင်းမြန်ဆန်လှသည်။ မြန်မာ ဆယ်ကျော်သက်ကလေးများ အထူးသဖြင့် ရည်းစားကြောင့် အသည်းကွဲသည်ဆိုပြီး သူတို့၏ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာ ရအောင် လုပ်သော ဓာတ်ပုံများ ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လာ နေသည်ကို အတွေ့ရပိုစိပ်လာ သည်။
‘‘ဆယ်ကျော်သက်ကလေးမ လေးတွေ ရည်းစားကြောင့် အသည်း ကွဲတယ်ပြောပြီး ခြေလက်တွေကို ဘလိတ်ဓားနဲ့ မွှန်းပြီး ဆိုရှယ်မီဒီ ယာပေါ် တင်တာဆက်တိုက်လို ဖြစ်နေတယ်။ ကြောက်စရာ ကောင်းတာက အတုခိုးပြီးလိုက်လုပ်နေသလို ဖြစ်နေတယ်’’ဟု အသက်
(၃၂)အရွယ်ကို သားငယ်က ပြောသည်။ သူက (၅)နှစ်အရွယ် သမီး
ကလေးတစ်ဦး၏ ဖခင်ဖြစ်ပြီး ဆိုရှယ်မီဒီယာများပေါ်မှာ ကလေးများနှင့် မသင့်တော်သော အရာများကိုစိုးရိမ် တကြီးစောင့်ကြည့် တတ်သူတစ်ဦး ဖြစ်သည်။
များသောအားဖြင့် ဆယ် ကျော်သက်အရွယ်တွေသည် ထို ကဲ့သို့ လုပ်ရသည့်အကြောင်းမှာ သူတို့သည် လူအများ၏ စိတ်ဝင် စားမှုကို အလွန်အကြူးလိုချင်နေ သည့်အတွက်ဟု စိတ်ပညာရှင်များ က ထောက်ပြသည်။ လူနည်းစုကမှ  အိမ်တွင်းမိသားစု အခြေအနေကြောင့် စိတ်ကျရောဂါခံ စားရပြီး လုပ်လေ့ရှိသည်ဟု ဆို သည်။ တချို့ကလည်း မူးယစ် ဆေးဝါးသုံးစွဲမှုများကြောင့် ယခု လိုစိတ်ထင်ရာများ လျှောက်လုပ် နေခြင်းဖြစ်သည်ဟု ကျန်းမာရေး ဆောင်းပါးများမှာ တွေ့ရသည်။
လူသုံးများသည့် ဆိုရှယ်မီ ဒီယာတစ်ခုဖြစ်သည့် Instagram သည် သူတို့မီဒီယာပေါ်တွင် ယခု ကဲ့သို့ ဆယ်ကျော်သက်များ မိမိ ကိုယ်ကိုယ် အနာတရလုပ်နေပုံများကို တင်ခွင်ပြုသင့်၊ မပြုသင့်ဆို သည့်အချက်နှင့်ပတ်သက်၍ အ သုံးပြုသူများနှင့် ပြဿနာတက်ခဲ့ ဖူးသည်။
၂၀၁၂ တွင် သူတို့က စည်း မျဉ်းတွေကို ပြောင်းလိုက်သည်။ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ထိခိုက် နာကျင်အောင် လုပ်နေသော ပုံ များတင်လျှင် ထိခိုက်မှုကြောင့် ကု သမှုခံပြီးနေပြန်ကောင်းလာသည့် ပုံများ၊ ထိုကဲ့သို့ မလုပ်အောင် ခြားသူများကို သတိပေးသည့်ပုံ များဖြစ်မှ တင်ရမည်ဟု သတ်မှတ်ခဲ့၏။ အကယ်၍ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ပြီး ကိုယ့်ကိုယ် ကိုယ် ဂုဏ်ယူနေသည့်ပုံများ၊ အ များအားကျအတုယူအောင် တင် သည့် ပုံစံမျိုးဖြစ်လျှင် တင်သူ၏ Instagram ကို ပိတ်မည်ဟု သတိပေးထားသည်။
မည်သို့ပင်ဖြစ်စေ ဆယ် ကျော်သက် အရွယ်လေးများယခု ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် နာကျင် အောင်လုပ်ပြီး ဆိုရှယ်မီဒီယာပေါ် မှာ ပုံများတင်နေသည်က လျစ် လျူမရှုသင့်သော ပြဿနာဖြစ် သည်။ ထိုအခြေအနေကနေ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံနိုင်သည်အထိ ဖြစ်သွားနိုင် သည်။ ဆယ်ကျော်သက်ကလေး များ ဆိုရှယ်မီဒီယာကို တလွဲသုံး စွဲခြင်းကို ကောင်းစွာကာကွယ်နိုင် သူများက မိဘများဖြစ်သည်။
မိဘများအနေဖြင့် အင်တာ နက်ပေါ်မှာ ကိုယ့်ကလေးဘာ တွေ လုပ်နေသလဲဆိုသည်ကို မျက်ခြည်မပြတ်စောင့်ကြည့်သင့် ၏။ ကလေးများ၏ ကွန်ပျူတာသုံး သည့် စကားဝှက်ကို ရအောင်ယူ ထားပြီး သူတို့ဘာတွေသုံးနေသ လဲဆိုတာ ပုံမှန်စစ်ဆေးသင့်နေပါ ပြီဟု အမေရိကန်ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံမှုများကာ ကွယ်ရေးအသင်းက မကြာသေး ခင်က သတိပေးထားသည်။
စိတ်လှုပ်ရှားစရာ ဉာဏ်စမ်းဂိမ်း ကစားချင်သူတွေအတွက် Xcape Squad
အားလပ်ရက်မှာ လည်ပတ်စရာ
ဓာတ်ပုံ− နစ်ကီ
ဉာဏ်စမ်းကစားရတဲ့ ဂိမ်းတွေကို နှစ်သက်သူတွေအတွက် ဒီတစ်ပတ်ရဲ့ လည်စရာ ပတ်စရာကဏ္ဍမှာ လွန်ခဲ့တဲ့ တစ်လလောက်က စဖွင့်ထားတဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်း မိတ်ဆက်လိုက်ပါတယ်။
အဲဒီဆိုင်လေးက အင်းစိန် လမ်းမပေါ်မှာ ဖွင့်ထားတဲ့ ဂမုန်းပွင့် (စံရိပ်ငြိမ်) ဈေးဝယ်စင်တာရဲ့ ငါးလွှာမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Escape Room တွေကို ဝင်ရောက်ကစားရမှာပါ။
ဆိုင်နာမည်ကတော့ Xcape Squad ဖြစ်ပြီး ဆိုင်လေးရဲ့အပြင် ပိုင်း အပြင်အဆင်ကအစ ဂိမ်း ဝါသနာပါသူတွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်မှာပါ။ အဲဒီဆိုင်လေးမှာ ကစားဖို့ အခန်းသုံး ခန်းရှိပါတယ်။
အဲဒီအခန်း သုံးခန်းကနေ ကိုယ်ကြိုက်နှစ်သက်တဲ့ အခန်း တစ်ခန်းကို ရွေးချယ်ရမှာဖြစ်ပြီး အတူ ကစားမယ့် သူငယ်ချင်း လည်း လိုအပ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အခန်းတစ်ခန်းကို အနည်းဆုံး လူနှစ်ယောက်ကနေ လူရှစ်ယောက်အထိ ဝင်ပြီး ကစားဖို့ သတ်မှတ်ထားတာကြောင့်ပါ။ ဉာဏ်စမ်းဂိမ်းတွေနဲ့ ပိတ်ထား တဲ့ အခန်းထဲကနေသတ်မှတ်ထား တဲ့ အချိန်အတွင်း လွတ်မြောက် အောင် ကြိုးစားရမှာ ဖြစ်တဲ့အတွက် တိုင်ပင်ဖော်တိုင်ပင်ဖက် အနေနဲ့ အနည်းဆုံးလူနှစ်ယောက် ရှိမှ ကစားခွင့်ပြုတာပါ။ အခန်းသုံးခန်းက သူ့နာမည်တွေနဲ့ သူ့ အကြောင်းနဲ့သူ ရှိပါတယ်။
အခန်းနာမည်တွေကတော့ Asylum, Haunted House နဲ့ Sherlock Holmes ပါ။ Asylumကတော့ စိတ္တဇဆေးရုံပုံစံ လုပ် ထားပြီး အထဲကို စဝင်ဝင်ချင်းမှာ က စား တဲ့ သူတွေက ထောင်ထဲကို ရောက်နေမှာပါ။ အဲဒီထောင်ထဲ ကနေ ထွက်နိုင်ဖို့အတွက် နံပါတ် နဲ့ သော့တွေကို ဖွင့်ရတာရှိသလို အဖြေတွေကိုတော့ အဲဒီအထဲမှာ ရှိတဲ့ နံရံတွေ၊ ကြမ်းပြင်တွေ စသ ဖြင့် ပေးထားတဲ့ သဲလွန်စလေး တွေကနေ ဆက်စပ်တွေးခေါ်ပြီးအဖြေရှာရမှာပါ။
Haunted House ကတော့ အိမ်ပျက်ကြီးလိုလုပ်ထားတဲ့ အ ထဲမှာ ဝင်ဆော့ရမှာပါ။ အိမ်ပျက် ကြီးတစ်အိမ်ဖြစ်တာကြောင့် အ ခန်းကို အမှောင်ချထားပါတယ်။ အဲဒီအိမ်က သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်တစ်အိမ် ဖြစ်ပြီး ဂိမ်းကစားတဲ့သူတွေက မယုံကြည်တာကြောင့် ဝင်ကြည့်တဲ့ပုံစံ နဲ့စရတာပါ။ သရဲခြောက်တဲ့ အိမ် ဖြစ်တာကြောင့် ဂိမ်းကစားမယ့်သူ တွေ အထဲကို ရောက်သွားတာနဲ့ အိမ်ကြီးက အလိုလို ပိတ်သွားမှာ ပါ။ အိမ်တစ်အိမ်လုံးကလည်း မှောင်နေတာကြောင့် ဂိမ်းကစား တဲ့သူတွေ မီးအိမ်နဲ့ ဓာတ်မီးကို အသုံးပြုပြီး ကစားရမှာ ဖြစ်ပါ တယ်။ Sherlock Holmes ကတော့ ရုံးခန်းပုံစံပြင်ဆင်ထားပါတယ်။
အဲဒီရုံးခန်းထဲမှာ အသတ်ခံလိုက်ရတဲ့ ဒေါက်တာ ဝက်ပ်ဆန် (Doctor Watson) က ရှားလော့ဟုမ်းအ တွက် စာတစ်စောင် ထားသွားပါ တယ်။ အဲဒီစာထဲမှာ ပါတဲ့ပစ္စည်း တစ်ခုကို ရှာဖို့ မှာထားခဲ့တာပါ။ ဂိမ်းကစားတဲ့ သူတွေက အဲဒီ ပစ္စည်းကို သတ်သွားတဲ့သူ သူတို့ ဆီကို မရောက်ခင် တွေ့အောင် ရှာဖွေရမှာပါ။ ကစားနည်းသုံးမျိုး စလုံးကတော့ တစ်နာရီအတွင်းမှာ အဖြေရှာပြီး အခန်းထဲကနေ ထွက် နိုင်ဖို့ ကြိုးစားရမှာပါ။
 ဒီဂိမ်းမှာ  ကြောက်စရာ ကောင်းတဲ့ နေရာတွေကို ကြောက် ဖို့ကောင်းတဲ့ အပြင်အဆင်တွေ ပြုလုပ်ထားပြီး အခန်းတစ်ခန်း ချင်းအလိုက် နောက်ခံတေးဂီတ တွေကလည်း ဂိမ်းကစားသူတွေ အတွက် ခံစားမှုရဖို့ စီစဉ်ထား ပါတယ်။ အဲဒီကစားနည်းတွေကို တချို့ကတော့ ဟက်ပီးဝေါလ်မှာ ရှိတဲ့ သရဲအိမ်နဲ့ ရောထွေးမှုတွေ ရှိနေတယ်လို့ အဲဒီဆိုင်ရဲ့ပိုင်ရှင် တစ်ဦးဖြစ်တဲ့ ကိုငြိမ်းထက်က ပြောပြပါတယ်။ ‘‘ဟက်ပီးဝေါလ် က သရဲအိမ်တွေက ဒီတစ်လမ်းပဲရှိတယ်။ ဒီကပဲ ဝင်သွားရတယ်။ ပိတ်ထားတာ ဘာမှမရှိဘူး။ ဒီမှာ ကကျတော့ အစစအရာရာ ဦး နှောက်သုံးပြီး ဖြေရှင်းရမှာ။ ဦး နှောက်မသုံးရင် ဒီနေရာကရွေ့ မှာ မဟုတ်ဘူး’’ဟု သူက ပြော ပါတယ်။
သို့သော်လည်း ပရော်ဖက် ရှင်နယ် တစ်ယောက်လို တွေး တောစရာ မလိုအပ်ဘဲ General Knowledge ကို အသုံးပြုပြီး ဖြေရှင်းနိုင်ကြောင်း ကိုငြိမ်းထက်က ဆိုပါတယ်။ ဂိမ်းကစားဖို့ အသက်အရွယ် ကန့်သတ်ထားခြင်း မရှိ ပေမယ့် အသက်(၁၄)နှစ်အောက် ကလေးများ လာရောက်ကစား မယ်ဆိုပါက အသက်(၁၈) နှစ် အထက် လူတစ်ဦး ပါဝင်မှသာ ကစားခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားမယ့်သူများအ နေနဲ့ ဂိမ်းကစားဖို့ သေချာပြီဆို ရင် သတ်မှတ်ထားတဲ့အချက်တွေ ပါတဲ့ ဖောင်ကို ဖတ်ရမှာဖြစ်ပြီး သဘောတူညီသူတွေက နာမည်၊ မှတ်ပုံတင်နဲ့ လက်မှတ်ထိုးပေး ရမှာပါ။ သတ်မှတ်ချက်များရဲ့ အဓိက အချက်အနေနဲ့ ဂိမ်းမှာ ပါဝင်တဲ့ ပဟေဠိတွေရဲ့ အသေး စိတ် အချက်အလက်တွေကို လူမှု ကွန်ရက်စာမျက်နှာပေါ်ရေးသား မတင်ရန်နဲ့ ပြန်လည်မမျှဝေရန်ဆို တဲ့အချက် ပါဝင်ပါတယ်။
ဆိုင်ကို နေ့စဉ် နံနက် ၁၀ နာရီခွဲမှ ည ၈ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ပိတ်ရက်တွေကအပ အခြားရက်များမှာ ညနေ ၆ နာရီအထိ တစ်ဦးကို တစ်သောင်းလေးထောင်ကျပ်သတ်မှတ်ထားပြီး အဲဒီအချိန် နောက်ပိုင်းနဲ့ ပိတ်ရက်များကို တစ်ဦးလျှင် တစ်သောင်းခြောက်ထောင်ကျပ် သတ်မှတ်ထားပါတယ်။  အဆိုပါ ကစားနည်းကိုအခြားနိုင်ငံများမှာ အရွယ်ရောက်ပြီး သူများသာ ကစားကြလေ့ရှိပေ မယ့် မြန်မာနိုင်ငံမှာတော့ ကျောင်း သားအရွယ်ကလေးတွေ  အများဆုံး လာရောက်ကစားကြတယ်လို့ ကိုငြိမ်းထက်က ပြောပါတယ်။
အားလပ်ရက်မှာဖတ်စရာ
ဓာတ်ပုံ− စိုင်းဇော်
-ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် အမှတ်စဉ်နဲ့ထုတ် ဝေနေတဲ့ မြန်မာရေးရာ (MYANMAR AFFAIRS) အမှတ် (၄) စာ အုပ်ကို ဖော်ပြလိုက်ပါတယ်။
မြန်မာရေးရာလေ့လာရေး အဖွဲ့က မြန်မာရေးရာ အမည်ရှိ တဲ့ စာစောင်ကိုထုတ်ဝေလာတာ ယခုဆိုရင် လေးအုပ်မြောက်ရှိပါ ပြီ။ ယခု Special Issue အနေနဲ့ ထွက်လာတဲ့ စာစောင်ကိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ- ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး အောင်အောင်မြင် မြင် ကျင်းပပြီးစီးခြင်းအထိမ်းအ မှတ်အဖြစ် ထုတ်ဝေတာပါ။
ဒီမြန်မာရေးရာ စာစောင် ဟာ ယခင်စာအုပ်လောကမှာ ထွက်ခဲ့ဖူးတဲ့ Wave လို၊ ချင်းတွင်း လို၊ စတိုင်သစ်လို၊ စံပယ်ဖြူလို တစ်ပုဒ်ဆိုတစ်ပုဒ် စာဖတ်သူမုချ အကျိုးရှိစေမယ့်စာအုပ်မျိုးပါ။ အယ်ဒီတာအဖွဲ့က စာစောင်လို့ ဆိုပေမယ့် စာအုပ်အဖြစ်ထူထူ ထဲထဲ ထုတ်ဝေထားပါတယ်။ ယခု စာအုပ်ကို ထုတ်ဝေရာမှာ၂၁ ရာစု ပင်လုံအထိမ်းအမှတ်ဆိုတဲ့အ တိုင်း ပင်လုံအထူး ကဏ္ဍအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အဖွင့်အမှာစကား၊ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ရဲ့ အဖွင့်အ မှာစကား၊ တရုတ်သံအမတ်ကြီး နဲ့ တွေ့ဆုံမေးမြန်းခန်း၊ အီးယူသံ အမတ်ကြီးနဲ့ တွေ့ဆုံမေးမြန်း ခန်း၊ ကေအင်န်ယူဒုဥက္ကဋ္ဌနဲ့ တွေ့ ဆုံမေးမြန်းခန်း၊ ဦးခင်ဇော်ဦး၊ ဆရာကျော်ဝင်းနဲ့ ဦးအောင်နိုင်ဦး တို့ရဲ့ ဆောင်းပါးတွေကို ဖတ်ရပါမယ်။ ယခုစာအုပ်မှာပင်ကိုရေးနဲ့ ဘာသာပြန်ဆောင်းပါးတွေ၊ တွေ့ဆုံမေးမြန်းခန်းတွေသာမက ရဟန်းနဲ့လူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ၊အနာဂတ် မြန်မာနိုင်ငံအတွက် ရည်ရွယ်ရေးသားတဲ့ အတွေးအမြင်ဆောင်းပါးကောင်းတွေဖတ်ရပါမယ်။
ဒါ့အပြင်ကွယ်လွန်သူ ဆရာမြသန်းတင့်ရဲ့ ငြိမ်းချမ်းရေး နဲ့ပတ်သက်တဲ့ ဟောပြောချက်၊ ဆရာသီလဝရဲ့ကမ္ဘာ့နိုင်ငံရေး၊ သံတမန်အရေး လောကသားတို့ရဲ့ဟာသတချို့ပါ ထည့်သွင်းဖော်ပြထားပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်ရဲ့ ထာဝရမပြိုကွဲနိုင်သော ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ၊ သမိုင်းပညာရှင် ဒေါက်တာကျော်ဝင်းရဲ့ ဖက်ဒရယ်ပြည် ထောင်စုနှင့် ခွဲထွက်ခွင့်၊ ရဲထွန်း (သီပေါ) ရဲ့ မြန်မာ့ဖက်ဒရယ်အရေးတို့ကို ဖတ်ရပါမယ်။ ရာဇဝင်၊ သမိုင်းနဲ့ပတ်သက်ပြီး အောင်ကျော်အေးချမ်းရဲ့ သမိုင်းကိုတူးဆွခြင်းနှင့် မျက်မှောက်ကာလဖြစ်ထွန်းမှုများကို လေ့လာခြင်း၊ နိုင်ထိုက်ရဲ့ ရာဇဝင်ထဲကလုပ်ကြံမှုများ အစရှိတဲ့ဆောင်းပါးကောင်းတွေ ဖတ်ရမှာပါ။
စာအုပ်အဖွင့် အယ်ဒီတာ့စကားမှာ  ‘‘ငြိမ်းချမ်းရေးဆိုသည်မှာ နေ့စဉ်နေ့တိုင်း လျှောက်လှမ်းရမည့် ခရီးစဉ်ဖြစ်ပြီး အယူအဆများ တဖြည်းဖြည်း ပြောင်းလဲသွားခြင်း၊  တံတိုင်းဟောင်းများ တဖြည်းဖြည်းတိုက်စားသွားခြင်းနှင့် ဗိမာန် သစ်များ တိတ်ဆိတ်စွာတည်ဆောက်သွားခြင်းပင်ဖြစ်သည်ဟု John Fitzgerald kennedy ကဆိုခဲ့သည်။ ထို့ပြင်ပြီးပြည့်စုံ သောငြိမ်းချမ်းရေး သဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပြီဆိုပါက ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးလာပြီးတိုင်းပြည်၏ GDPဖွံ့ဖြိုးနှုန်းတွင်လည်း ၅% လောက်အထိမြင့်တက်လာသည်ဟုလည်း နိုင်ငံတကာအတွေ့အကြုံများက ရည်ညွှန်းဖော်ပြနေပါသည်။ ယခု ၂၀၁၇ ခုနှစ်ကို ပြည်တွင်းငြိမ်းချမ်း ရေးနှစ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သွားမည်ဖြစ်ရာ မြန်မာရေးရာအနေနှင့်လည်း ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်ကို အထောက်အကူပြုသည့် သုံးသပ်ရေးသားချက်များကို စု စည်းဖော်ပြခြင်းဖြင့် အားဖြည့်ပါဝင်သွားမည်ဖြစ်ပါကြောင်း’’ လို့ ရေးထားပါတယ်။ စာအုပ်ကို တန်ဖိုး ၃,၀၀၀ ကျပ်နဲ့ စာအုပ်ဆိုင်ကြီး တွေမှာ ဝယ်ယူနိုင်ကာ ဖုန်း ၀၁-၃၈၇၅၆၈ ကိုဆက်သွယ်မှာယူနိုင်ပါတယ်။          ။
ဆိတ်အူကြမ်း သောက်ဆမ်းချက်
ဒီတစ်ခါတော့ ရှောက်ရွက်နံ့သင်းသင်းလေးနဲ့ ဆိတ်အူကြမ်း လေး ချက်စားကြည့်ရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ဆိတ်အူကြမ်းများကို ရေနွေးပူပူလောင်း၍ အပေါ်ခွံများကို ဇွန်းဖြင့် ခြစ်ချပေးပါ။
၂။ ပြီးနောက် အတုံးသေးလေးများတုံး၍ သံပရာရည်နှင့် နယ် ကာ ရေစင်အောင်ဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားပါ။
၃။ ငရုတ်သီးပုခြောက်ကို ရေနွေးဖြင့်စိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့်ရောကာ ညက်အောင် ထောင်းပါ။
၎။ ထိုအနှစ်များကို ဆိတ်အူကြမ်း၊ ခရမ်းချဉ်သီးတို့နှင့် နယ်၍ အိုးတစ်လုံးထဲသို့ ထည့်ပါ။
၅။ ထို့နောက် ဆီနှင့်ရေအနည်းငယ်ထည့်၍ လုံးပြီး ဆိတ်အူ ကြမ်း ကျစ်လာလျှင် ရေများများထည့်၍ တည်ပေးပါ။
၆။ ဆိတ်အူကြမ်းများ နူးလာလျှင် ရေအနည်းငယ်ကျန်သည် အထိ တည်ပြီးအရသာမြည်းပါ။
၇။ အရသာစိတ်ကြိုက်ဖြစ်လျှင် မီးပိတ်၍ ရှောက်ရွက်ပါးပါး လှီးထည့်ကာ သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
ဆိတ်အူကြမ်း၅၀ ကျပ်သား
ကြက်သွန်နီ၂ လုံး
ကြက်သွန်ဖြူ၃ မြွာ
ခရမ်းချဉ်သီး၁ လုံး(ပါးပါးလှီးထားပါ)
ချင်းလက်တစ်ဆစ်
ငရုတ်သီးပုခြောက်၂ တောင့်
ဆီစားပွဲတင်ဇွန်း ၂ ဇွန်း
ရှောက်ရွက်အနည်းငယ်
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
မျှော်လက်စမဆုံး ဗမာပြည်မှာလုပ်သည်
အားလပ်ရက်မှာ ဖတ်စရာ
ဓာတ်ပုံ− စိုင်းဇော်
မြန်မာဝတ္ထုတိုလောကမှာ တစ်ချိန်က ခံ့ခံ့ထည်ထည်ရပ် တည်ခဲ့တဲ့ ကလောင်တစ်ချောင်း ပြပါဆိုရင် ကွယ်လွန်သူဝတ္ထုတို ဆရာမာန်မြင့်ကို ညွှန်းဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် ဆရာမာန် မြင့်ဟာ ၁၉၇၀ ၀န်းကျင်ကနေ  ၂၀၀၀ ပြည့်နှစ်ကျော်ကာလအ တွင်း ၀တ္ထုတိုကို တစိုက်မတ်မတ် ရေးခဲ့သူဖြစ်ပြီး သူ့ဝတ္ထုတချို့ကို နိုင်ငံရပ်ခြားက ဘာသာပြန်ဆိုကြ တဲ့ အထိ အရေးအသားကောင်းသူ တစ်ယောက်ဖြစ်ပါတယ်။
‘ဗမာပြည်မှာ လုပ်သည်’ (မြန်မာပြည်မှာ လုပ်သည်) ၀တ္ထု တိုနဲ့ ထင်ရှားတဲ့ ဆရာမာန်မြင့် ဟာ အသက် (၂၀) လောက်က တည်းက မဂ္ဂဇင်းတွေမှာဝတ္ထုတို ဖော်ပြခြင်းခံခဲ့ရပါတယ်။ အထူး သဖြင့် အဲဒီအချိန်က စာပေမဂ္ဂဇင်း ဖြစ်တဲ့ မိုးဝေကနေ စင်တင် ကလောင်ရှင်အဖြစ် ထင်ရှားလာ ပြီးသူ့ဝတ္ထုတိုလေးတွေကို ဖတ်ရှု သူအများက နှစ်သက်သဘောကျ လာပါတယ်။ အရေးအသားရှင်း လင်းပြေပြစ်ပြီး အများနဲ့မတူတဲ့ ရေးဟန်နဲ့ အဲဒီအချိန်က မြန်မာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ဘ၀ဖြစ်ရပ်အထွေထွေကို သရော်ဟန်ရောစွက်ပြီး ဖော်ပြလေ့ရှိတာ ကြောင့်ဆရာမာန်မြင့်ဟာ ထင်ရှားတဲ့ဝတ္ထုတိုသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ယခုအခါ အဲဒီဝတ္ထုတိုတွေကို စုစည်းပြီး ၀တ္ထုတိုပေါင်းချုပ်အဖြစ် ရာပြည့်စာအုပ်တိုက်က ပထမဆုံးအကြိမ်ထုတ်ဝေလာပါတယ်။ စာအုပ်မှာ ယခင်ထုတ်ဝေထားတဲ့ ဗမာပြည်မှာလုပ်သည်နှင့် အခြားဝတ္ထုတိုများစာအုပ်ပါ ၀တ္ထုတို ၁၆ ပုဒ်၊ ထပ်ပြီး ဖြည့်စွက်ထားတဲ့ ၀တ္ထုတို ၂၃ ပုဒ်သာမက ချစ်ကိုယ်တွေ့၊ ပြဇာတ်၊ ဆောင်းပါး၊ ကဗျာအပါအ၀င် စုစုပေါင်း ၄၃ပုဒ် ထည့်သွင်းဖော်ပြထားပါတယ်။
ဆရာမာန်မြင့်က သူ့ဝတ္ထု တိုတွေနဲ့ ပတ်သက်လို့ ‘ဗမာပြည် မှာလုပ်သည်’ စာအုပ်အမှာ မှာ...‘‘ဤစာအုပ်တွင် ပါဝင်သော ၀တ္ထုတိုများသည် အားလုံးပြည့်စုံ ကောင်းမွန်ပါသည်ဟု မပြောလို ပါ။  သို့သော် ၀တ္ထုတိုများ ရေးခဲ့ ရာတွင် ထူးခြားသော ကိုယ်ပိုင် ဘ၀အမြင်လေးများ ပါနိုင်ရန် တတ်နိုင်သမျှ အားထုတ်ထားပါ သည်။ ကိုယ်ပိုင်ဘ၀အမြင်မပါ သော ၀တ္ထုတို့သည် စာပေတန်ဖိုး အနေဖြင့် မြင့်မားသည်ဟု ကျွန် တော်မယူဆပါ။ အရေးအသား ကောင်း၍ ဖတ်ကောင်းစေကာမူ စာဖတ်သူတို့အား အတွေးအမြင် သစ်၊ အတွေ့အကြုံသစ်၊ ရသ သစ် မကျန်ရစ်စေသော ၀တ္ထုတို့ ကို ကျွန်တော့်အနေနှင့် မရေးလို ပါ။ ရေးနေသူများကိုလည်း အ ပြစ်မပြောချင်ပါ။ သူတို့အခက်အ ခဲနှင့် သူတို့သာဖြစ်ကြပါလိမ့် မည်’’ လို့ရေးထားပါတယ်။
ဆရာမာန်မြင့်ရဲ့ ၀တ္ထုတွေ ဟာ တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလို အလေးအနက်ထားရေးသားထား တာ ဖတ်မိရင်သတိပြုမိမှာ မလွဲ သလို တချို့ဝတ္ထုတွေဟာဆိုရင် မဂ္ဂဇင်းတွေမှာ မကြာခဏပြန် လည်ပုံနှိပ်ဖော်ပြခံရတာလည်း တွေ့ရပါတယ်။ ပိုပြီး ထူးခြားချက် တစ်ခုကတော့ သူ့အသက်(၂၀) ကျော်မှာရေးခဲ့တဲ့ ဆေးလိပ်သမ လေး ၀တ္ထုဟာဆိုရင် တက္ကသိုလ် ကျောင်းသုံး မြန်မာစကားပြေ စာအုပ်ထဲမှာတောင် ဖော်ပြခံ ခဲ့ရပါတယ်။ အက်ဆေးဆရာ မောင်ရင့်မာ(ကျောင်းကုန်း)က ယခုဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ
‘‘ဆရာသည် သူ၏၀တ္ထုများ၌ လူ (သို့မဟုတ်)လူတို့၏ သဘာဝနှင့် ကမောက်ကမဖြစ်ပုံများကို သ ရော်သည်။ သေခြင်းတရားကို သာမက ရှင်ခြင်းတရားကိုလည်း ချမ်းသာမပေး။ ထို့အတူ သူကျင် လည်ဖြတ်သန်းခဲ့သော ခေတ်၊ စနစ်တို့၏ မတော်မတည့် စောင်း ရွဲ့ရွဲ့ဖြစ်နေသော အဖြစ်သနစ်တို့ ကိုလည်း မလှမ်းမကမ်းမှ ခွာ ကြည့်၍ ရယ်သွမ်းသွေးသည်။ ထိ ခိုက်နာကျင်ဖွယ်ရာ အတွေ့အ ကြုံနှင့် ခံစားမှုများသည် ဆရာ့ ၀တ္ထုများ၌ ရွှင်ရွှင်သောသော ပြန် ပြောတတ်သည့် အတတ်ပညာနှင့် ရင့်ကျက်မှုကြောင့် အနည်းငယ် ခံသာမှုရှိလာသည်။ ဩော်... လောကဆိုတာ ဒီလိုကြီးပါက လားဟု သူ၏အရယ်အမောများ ကြားမှ သင်ယူမှတ်သားလို့ရ သည်။ တွေးတောစရာ၊ ဆင်ခြင် စရာဖြစ်ရသည်’’ လို့ အဖွင့်စကား မှာ ရေးထားပါတယ်။
ဒါကြောင့် ဒီတစ်ပတ်အား လပ်ရက်မှာဖတ်စရာအဖြစ် မိုး အေးအေးနဲ့ကွေးနိုင်ဖို့ ရသစာ အုပ်ကောင်းတစ်အုပ်ကို လက်တို့ ရတာပါ။ စာအုပ်ကို ရာပြည့် စာအုပ်တိုက်က အပြင်အဆင် သေသေသပ်သပ်နဲ့ ထုတ်ဝေပြီး တန်ဖိုး ၇,၀၀၀ ကျပ်နဲ့ ဖြန့်ချိကာ အိမ်တိုင် ရာရောက်ဖတ်လိုသူတွေ ဖုန်း ၀၉-၂၅၀၀၉၁၉၁၃ နဲ့ facebook/Wedistribution ကို ဆက်သွယ်မှာယူနိုင်ပါတယ်။
DESPICABLE ME 3
ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်
-ဒီတစ်ပတ်တော့ရုပ်ရှင်ချစ်ပရိသတ် အတွက် သရီးဒီအန်နီမေးရှင်းဟာ သဇာတ်ကားလေးဖြစ်တဲ့ Des-picable Me 3 အကြောင်း ညွှန်းချင်ပါတယ်။ Illumination En-tertainment ကနေ ထုတ်လုပ်ပြီး ယူနီဗာဆယ် စတူဒီယိုကနေ ဖြန့်ချိတဲ့ Despicable Me ဇာတ်ကားကို ပရိသတ်တွေအနေနဲ့ ၂၀၁၃ ကတည်းက ရင်းနှီးပြီးသားဖြစ်ကာ အခု ဇာတ်လမ်းကတော့ တတိယမြောက်အဖြစ် ထွက်ရှိလာတာပါ။
အရင် ဇာတ်လမ်းတွေကို ပြန်ဆက်ရရင် ဂရူနဲ့သူ့ဇနီးလူစီတို့ ဟာ ဗီလိန်တွေကို ရှင်းလင်းသုတ် သင်တဲ့အဖွဲ့ (AVL)က အေးဂျင့် တွေဖြစ်ပြီး တစ်ရက်မှာတော့ ဘာလ်သာဖာဘရတ်ဆိုတဲ့ စူပါ ဗီလိန်တစ်ယောက်ကို ရှင်းလင်းဖို့ စေခိုင်းခံရပါတယ်။
ဘရတ်ဟာ အရင်တုန်းက ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နာမည်ကျော် စူပါဗီလိန်ရုပ်သံစီးရီးက သရုပ်ဆောင် တစ်ယောက်ဖြစ်ကာ နောက်ပိုင်းမှာတော့ လူပျိုပေါက်အရွယ် ရောက်လာတဲ့အတွက် သရုပ်ဆောင်လောကကနေ ရပ်နားခံလိုက်ရတာပါ။ အဲဒီနောက် သူဟာအပြင်မှာလည်း စူပါဗီလိန် တစ်ယောက်ဖြစ်သွားခဲ့ပြီး အဖိုးတန်စိန်တစ်လုံးကို ခိုးယူသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးဂရူတို့ဇနီးမောင်နှံက ဖမ်းဆီးနှိမ်နင်းဖို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်းဘရတ်ကို မဖမ်းနိုင်ခဲ့တဲ့အတွက်ဂရူရော၊ လူစီကိုပါ AVL ရဲ့ ဒါရိုက်တာသစ် ဗာလာရီဒါဗင်ချီက အလုပ်ထုတ် ပစ်ခဲ့ပါတယ်။
အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဂရူနဲ့လူစီဟာ သူတို့ရဲ့ သမီးသုံး ယောက်ဖြစ်တဲ့ မာဂို၊ အီဒစ်၊ အက်ဂ်နက်စ်တို့ကို အလုပ်ပြုတ် သွားတဲ့အကြောင်း ပြောပြခဲ့ပြီး အလုပ်သစ်ထပ်ရှာဖို့လည်း စီစဉ် ခဲ့ပါတယ်။ ဂရူဟာအလုပ်ပြုတ် သွားပေမယ့်လည်း ဗီလိန်ပြန်မ လုပ်တော့တဲ့အတွက် သူ့ရဲ့မီနီ ယန်အများစုဟာ ဂရူဆီကနေ ထွက်သွားခဲ့ပါတယ်။
ဗီလိန်ကောင်ဘရတ်ဟာ ဂရူပြန်ယူပေးထားတဲ့ စိန်ပွင့်ကြီး ကို လာထပ်ခိုးသွားတဲ့အကြောင်း သတင်းစာထဲမှာ ပါလာတဲ့အ တွက် ဂရူဒေါသထွက်ခဲ့ရပါတယ်။
တစ်ရက်မှာတော့ ဂရူတို့ မိသားစုဆီကို လူတစ်ယောက် ရောက်လာခဲ့ပြီး သူကတော့ ဂရူနဲ့ ဟိုးငယ်ငယ်လေးကတည်းက ကွဲ သွားခဲ့တဲ့ အမြွှာညီအစ်ကို ဒရူရဲ့ ဘဏ္ဍာစိုးပဲဖြစ်ပါတယ်။ ဂရူတို့ အမြွှာညီအစ်ကိုဟာ မိဘနှစ်ပါး လမ်းခွဲချိန်မှာ ဂရူက အမေဆီ၊ ဒရူက အဖေဆီပါသွားခဲ့တာပါ။ အဲဒါနဲ့ ဂရူတို့မိသားစုဟာ ဒရူရှိ ရာကို လိုက်သွားခဲ့ပြီး ဒရူဟာ အိမ်ကြီးရခိုင်နဲ့နေတဲ့ သူဌေးတစ် ယောက်ဖြစ်နေခဲ့ပါတယ်။
ဒရူဟာလည်း ဂရူလိုမျိုး တီ ထွင်ဖန်တီးအားကောင်းသူဖြစ် တာမို့ သူ့ရဲ့ အလန်းစားယာဉ် တွေကို ပြတဲ့အခါမှာ ဂရူသဘော ကျသွားခဲ့ပါတယ်။ ဒရူက ဂရူကို ဗီလိန်တစ်ယောက်ဖြစ်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာ မေးမြန်းခဲ့ပြီး ဂရူကတော့ လမ်းဟောင်းကို ပြန် မလျှောက်ချင်တော့တဲ့အကြောင်း ပြောခဲ့ပါတယ်။ နောက်တော့ ညီအစ်ကိုနှစ်ယောက် ဒရူရဲ့ယာဉ်တွေ၊ ကားတွေ လျှောက်စမ်းမောင်းခဲ့ပါတယ်။ ဂရူတို့ညီအစ်ကိုနှစ်ယောက် ဟာ ဗီလိန်ဘရတ်ခိုးသွားတဲ့စိန်ကို အတူပြန်ယူဖို့ အစီအစဉ်တွေဆွဲခဲ့ ပြီး ဘရတ်ရှိရာ အဆောက်အအုံ ဆီကို တိတ်တဆိတ်ဝင်ခဲ့ပါတယ်။
စိန်ပြန်ယူဖို့ ညီအစ်ကိုနှစ် ယောက်ရဲ့ စွန့်စားခန်းတွေက အ လွဲလေးတွေနဲ့မို့ ပရိသတ်တွေရယ် ရင်း မောရင်း ကြည့်ရဦးမှာပါ။ ဘရတ်ကလည်း ခေသူမဟုတ်တဲ့ အတွက် စိန်တုံးကြီး ဂရူတို့ညီအစ် ကိုဆီပါသွားတဲ့အခါမှာ ဘယ်လို တွေ ကြံစည်ပြီး ဒုက္ခပေးဦးမှာလဲ။ ရုပ်သံစီးရီးရပ်နားခံလိုက်ရတဲ့ ကိစ္စကို အခဲမကျေဖြစ်ပြီး လက် စားချေချင်တဲ့ဘရတ်က ဟောလိ ၀ုဒ်မှာ ဘာတွေလုပ်ဦးမှာလဲ၊ ဂရူ တို့မိသားစုဝင်တွေ ဘာတွေဆက် ဖြစ်မယ်ဆိုတာ ကိုယ်တိုင် ဆက် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။
အရင်ဇာတ်ကားတွေလိုပဲ ကြည့်လို့ကောင်းတဲ့ အန်နီမေး ရှင်းဇာတ်ကားလေးမှာ စတိဗ်ကာ ရဲလ်၊ ခရစ္စတန်ဝစ်၊ ထရေးပါကာ၊ မီရန်ဒါကော့ဂရုဖ်၊ ဒါနာဂိုင်ရာ စ သူတွေက အသံသရုပ်ဆောင်ပေး ထားပါတယ်။           ။
ကြောင်ချစ်သူများအတွက် ကော်ဖီဆိုင်
အားလပ်ရက်မှာ လည်ပတ်စရာ
ဓာတ်ပုံ− နစ်ကီ
ရန်ကုန်မြို့ကြီးမှာ ကော်ဖီဆိုင်တွေကို နေရာအနှံ့ဖွင့်လှစ်လာတော့ ကော်ဖီချစ်သူတွေအတွက် ရွေးချယ်စရာတွေက ပိုများလာပါတယ်။
ဆိုင်တွေကလည်း အရသာရှိတဲ့ကိတ်နဲ့ ကော်ဖီတွေတင်မကတော့ဘဲ နိုင်ငံတကာက ထင်ရှားတဲ့ကော်ဖီဆိုင်တွေကို ဖရန်ချိုက် ယူတာတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေအောင် သစ်ပင်၊ ပန်းမန်တွေနဲ့ အလှဆင် တာတွေ၊ Hello Kitty၊ ဒိုရေမွန် စတဲ့ ရုပ်ပြဇာတ်လမ်းတွေထဲက ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်တွေနဲ့ အလှဆင်ထားတာတွေနဲ့ အမျိုးမျိုးဆွဲဆောင်နေတာကနေ အခုဆိုရင် ချစ်စရာကောင်းတဲ့ သက်ရှိသတ္တ၀ါတွေနဲ့ပါ ဆွဲဆောင်လာပါတယ်။
ကော်ဖီလေးသောက်၊ မုန့်လေးစားရင်း ချစ်စရာကောင်းတဲ့ ကြောင်လေးတွေနဲ့ ဆော့ကစားနိုင်တဲ့ ကော်ဖီဆိုင်ဆိုရင် ကော်ဖီချစ်သူတွေရော၊ ကြောင်ချစ်သူတွေရော စိတ်ဝင်စားမယ် ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Cat Cafe (Catpuchino Cafe) ကို Freedom Cafe San Chaung က ဖွင့်လှစ်ထားပါတယ်။
Freedom Cafe San Chaung က ဖွင့်လှစ်ထားတဲ့ Cat Cafe (Catpuchino Cafe) ချစ်စရာကောင်းတဲ့ ၀၀ကစ်ကစ် ကြောင်လေးတွေ အများကြီးရှိတဲ့အတွက် ကြောင်ချစ်သူတွေ နှစ်သက်မယ့်နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ Freedom Cafe ကဇွန်လ ၁၄ ရက်က စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး Cat Cafe ကို ဇူလိုင် ၅ ရက်ကမှ ၀န်ဆောင်မှုပေးတာ ဖြစ်ပါတယ်။ ၀င်ဝင်ချင်းအောက်ထပ်မှာတော့ ပုံမှန်ကော်ဖီဆိုင်တွေအတိုင်း ရိုးရိုးရှင်းရှင်းပြင်ဆင်ထားတဲ့အတွက် အေးအေးဆေးဆေး ကော်ဖီသောက်လိုသူတွေအတွက် အဆင်ပြေစေမှာပါ။
ကြောင်ချစ်သူတွေအတွက်တော့ အပေါ်ထပ်မှာ သီးသန့်အခန်းတစ်ခု စီစဉ်ပေးထားပြီး အပေါ်ထပ်တက်မယ်ဆို လက်ကို စင်ကြယ်စွာဆေးပြီးမှ တက်ရမှာပါ။
ကြောင်တွေရှိရာ အပေါ် ထပ်အခန်းရောက်ပြီဆိုရင်တော့ ချစ်စရာကောင်းတဲ့ကြောင်လေးတွေက သင့်ကို စောင့်ကြိုနေမှာပါ။ Cat Cafe မှာဆိုရင် မြန်မာ ပြည်တွင်းက ကြောင်အပြင်ပါရှန်းအမျိုးအစားကြောင်၊ America Short Hair ၊ America Mankil Manecoon Bangale စတဲ့ အရောင်စုံအရွယ်စုံ ၀၀ကြောင်ကြီး ၁၂ ကောင်ဆိုပြီးရှိပါတယ်။ Cat Cafe အတွက် ၀င်ကြေးကတော့ လူတစ်ဦးကို ၅,၀၀၀ ကျပ်ကျသင့်ပြီး ဒီထဲမှာ Italian Sparkling တစ်ခွက်ပါဝင်မှာဖြစ်ပါတယ်။ ကြောင်လေးတွေနဲ့ ဆော့ ကစားလိုသူတွေအတွက် စည်း ကမ်းချက်တွေလည်း သတ်မှတ် ထားပါတယ်။ ကြောင်လေးတွေ ကို အမြီးကနေ မဆွဲဖို့၊ အိပ်နေရင် မနှိုးဖို့၊ ညင်ညင်သာသာကိုင်တွယ် ဖို့၊ ဓာတ်ပုံရိုက်တဲ့အခါ Flash မီး မဖွင့်ဖို့၊ အပြင်အစားအစာတွေကို မကျွေးဖို့လိုပါတယ်။
ဒါပေမဲ့အချိန်ကိုတော့ နေ့ လယ် ၁ နာရီမှ ၃ နာရီမှာ တစ် ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီနဲ့ ည ၇ နာရီမှ ၉ နာရီဆိုပြီး သုံးချိန်ခွဲ ထားပါတယ်။ လာရောက်သူတွေ ကြောင်လေးတွေနဲ့ အေးအေး ဆေးဆေးအပန်းဖြေနိုင်ဖို့ တစ်ချိန်မှာ လူ ၁၈ ဦးသာ သတ် မှတ်ထားတဲ့အတွက် ကြိုတင်စာ ရင်းပေးဖို့တော့လိုပါတယ်။
ဒါ့အပြင် ကြောင်လေးတွေနဲ့ မကစားချင်ဘူး၊ အေးအေးဆေး ဆေး ကော်ဖီသောက်၊ မုန့်စားချင် တယ်ဆိုရင်လည်း အောက်ထပ်မှာ အရသာကောင်းမွန်တဲ့Healthy ကော်ဖီ အပူအအေးမျိုးစုံ၊ Sm-oothies Italian Sparkling တွေနဲ့ Snack Sandwich တွေကိုလည်း မှာယူစားသုံးနိုင်မှာဖြစ်ပါတယ်။
အားလပ်ရက်မှာ ကော်ဖီ သောက်ချင်လို့ပဲဖြစ်ဖြစ်၊ ချစ်စ ရာကောင်းတဲ့ကြောင်လေးတွေနဲ့ ဆော့ကစားပြီး အပန်းဖြေချင်လို့ ပဲဖြစ်ဖြစ် အမှတ် (၈၁)၊ ပန်းလှိုင် လမ်း၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ Freedom Cafe San Chaung ကို သွားရောက်ဖို့ လမ်းညွှန်လိုက် ပါတယ်။           ။
ပုစွန်ငုံးဥငရုတ်ပွနှပ်
ဒီတစ်ပတ်အိမ်သားတွေကို ပုစွန်ဟင်းလေး အရသာတစ်မျိုးနဲ့ ချက်ကျွေး ရအောင်လို့ ဖော်ပြလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပုစွန်များကို အခွံခွာ ရေစင်အောင်ဆေးကာ ခရုဆီ၊ အရသာမှုန့်၊ သကြား၊ဆားအနည်းငယ်တို့ဖြင့် နယ်ထားပါ။
၂။ ငရုတ်ပွသီးကို အစေ့ထုတ်၍ ရေဆေးကာ မိမိနှစ်သက်ရာပုံစံလှီးထားပါ။
၃။ ငရုတ်ပွခြောက်ကို ရေစိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီ၊ ကြက်သွန် ဖြူတို့နှင့်ရောပြီး ညက်အောင်ထောင်းပါ။
၎။ ထိုအနှစ်များကို ဆီပူပူတွင် ဆီသတ်၍ ကြွပ်လာလျှင် ပုစွန်နှင့် ငုံးဥများထည့်၍ မွှေပေးပါ။
၅။ ထို့နောက် ငရုတ်ပွသီးများထည့်၍ မွှေပြီးလျှင် ရေအနည်းငယ်ထည့် တည်ပါ။
၆။ ငရုတ်ပွသီးနူး၍ ဆီပြန်လျှင် အရသာစိတ်ကြိုက် မြည်းကာ မီးပိတ်ပေး လို့ ရပါပြီ။         
ပါဝင်ပစ္စည်းများ
ပုစွန်၃၀ ကျပ်သား
ငုံးဥ၁၅ လုံး (ပြုတ်၍အခွံခွာထားပါ)
ငရုတ်ပွသီး၁၀ ကျပ်သား
ခရုဆီစားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ ၃ လုံး
ကြက်သွန်ဖြူ၂ မြွှာ
ငရုတ်ပွခြောက်၃ ခု
ဆီစားပွဲတင်ဇွန်း ၇ ဇွန်း
                 Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
နောက်ဖေးလမ်းကြားထဲက လိမ္မော်ရောင်လူသားများ၏ဘဝ
ဓာတ်ပုံ−နစ်ကီ
ပလတ်စတစ်အမှိုက်များ၊ စားကြွင်းစားကျန်များဖြင့် ပြည့်နှက်နေရုံ သာမက တိုက်နံရံများတွင်ပါ မြင်မကောင်းအောင် အမှိုက်များ တွဲလောင်းကျနေပြီး အနံ့အသက် ပါ ဆိုးရွားသော အိမ်နောက်ဖေး လမ်းကြား တစ်နေရာတွင် ဂေါ် ဖြင့် အမှိုက်များကို ဆွသူကဆွ၊ ညစ်ပေသည့် အမှိုက်များကို ပုံးထဲထည့်၍ သိမ်းသူက သိမ်းဖြင့် လှုပ်ရှားနေကြသည်။
ယင်းနောက်ဖေးလမ်းကြား တွင် သာမန်လူတစ်ယောက်အဖို့ ကြာကြာနေနိုင်မည်မဟုတ်သော် လည်း လိမ္မော်ရောင် အင်္ကျီဆင် တူဝတ် သန့်ရှင်းရေးလုပ်သားများ ကတော့ အနံ့အသက်ဒဏ်ကို မမှု သည့်အလား အေးဆေးစွာပင် သန့်ရှင်းရေးလုပ်ဆောင်နေသည်။
လမ်းဘေးတွင် အမှိုက်မပစ် ရဆိုသော်လည်း လမ်းသွားရင်း အမှိုက်တစ်စ ပစ်ချခဲ့ပါက ယင်း အမှိုက်စကို လူတစ်စုက ကောက် ယူရှင်းလင်းသွားပါလိမ့်မည်။
စားကြွင်းစားကျန် အမှိုက် များ ပြည့်လျှံနေသည့် အမှိုက်ပုံး များဘေးမှ ဖြတ်သွားမိလျှင်ပင် နှာခေါင်းရှုံ့ အသက်အောင့်၍ သွားလာမည်ဖြစ်သော်လည်း လူ တစ်စုက မညည်းမညူ ကိုင် တွယ် သိမ်းဆည်းပေးမည်ဖြစ် သည်။
အိမ်ပြန်ရောက်ချိန် စားကြွင်း စားကျန်အမှိုက်ဖြစ်စေ၊ ပလတ် စတစ်အမှိုက်များဖြစ်စေ နေအိမ် အပေါ်ထပ်မှ နောက်ဖေးလမ်း ကြားသို့ အလွယ်တကူ ပစ်ချမိ မည်ဖြစ်ပြီး ဟိုအခန်း သည်တစ် ခန်းများက ပစ်ချသော အမှိုက်များဖြင့် တစ်စထက်တစ်စ စုပုံလာ သည့် အမှိုက်များကိုလည်း၎င်းတို့ကပင် မရွံမရှာ ရှင်းလင်းပေးမည် ဖြစ်ပါသည်။
ယင်းလူတစ်စုသည် လိမ္မော် ရောင်လုပ်သားများဟု ခေါ်သည့် သန့်ရှင်းရေးဝန်ထမ်းများပင် ဖြစ် သည်။
ပြည်သူတစ်ဦးတစ်ယောက် ၏ တာဝန်သည် နေအိမ်မှထွက်ရှိ သည့် အမှိုက်များကို စနစ်တကျ ထုပ်ပိုး၍ လမ်းထိပ်ရှိ အမှိုက်ပုံး သို့ စနစ်တကျ စွန့်ပစ်ရမည့် ဖြစ်သော်လည်း အချို့သည် ကြုံသလို စွန့်ပစ်ခြင်းကြောင့် အမှိုက်စများ၊ ဆိုးရွားသည့်အနံ့ အသက်များနှင့် ရန်ကုန်မြို့တော် ကြီးမှာ အကျည်းတန်နေပါသည်။
ယင်းအမှိုက်များကို ရှင်း လင်းရေး တာဝန်ယူထားသည့် သန့်ရှင်းရေးလုပ်သားများ သည် လမ်းကြိုလမ်းကြားများနှင့် လမ်းမများက စည်းကမ်းမဲ့အမှိုက်များ ရှင်းလင်းသိမ်းဆည်းခြင်း၊  နေ အိမ်များမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်များ သိမ်းဆည်းခြင်း၊ နောက်ဆုံး အမှိုက်ပုံသို့ စွန့်ပစ် ခြင်းများကို နေ့ဆိုင်း၊ ညဆိုင်းခွဲ ကာ ပုံမှန်ပြု လုပ်ရသကဲ့သို့ စီမံ ချက်ဖြင့် လုပ်ဆောင်ရသည့် နောက်ဖေးလမ်းကြား အမှိုက်ရှင်း လင်းခြင်း၊ ရေစီးရေလာကောင်း မွန်ရေးများတွင်လည်း ပါဝင်လုပ် ဆောင်ရသည်။
ပုံမှန်လုပ်ဆောင်နေကျ ဝတ္တရားများဖြစ်သည့်အမှိုက်လှည်း ခြင်း၊ သိမ်းဆည်းခြင်းတို့ကို ပြု လုပ်ရသည်မှာ လွယ်ကူသော် လည်း ညစ်ပတ်နံစော်နေသည့် မြောင်းအတွင်းနှင့် နောက်ဖေး လမ်းကြားတွင်တော့ သူတို့သည် လည်း သာမန်လူသားများဖြစ်၍ မသက်သာပေ။
‘‘နောက်ဖေးလမ်းကြားတွေ ဆို အမှိုက်တွေက နည်းတာ မဟုတ်ဘူး။ ညစ်ပတ်သေးတယ်။ တစ်ခါဆို အမှိုက်ထုကြီးက ဒူး အထိတောင်ရှိတယ်။ အဲဒါတွေ ကို ခက်ရင်းနဲ့ဆွပြီးတော့ ရှင်းခဲ့ရ တယ်’’ဟု နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းရေးကို လုပ် သက်သုံးနှစ်နီးပါး ဖြတ်သန်းခဲ့ သည့်  သန့်ရှင်းရေးလုပ်သား ကိုသန်းစိုးဦးက ပြောသည်။
ကမာရွတ်မြို့နယ် သန့်ရှင်း ရေးလုပ်သား ကိုသန်းစိုးဦးသည် လည်း ပုံမှန်တာဝန်ဖြစ်သည့် အမှိုက်သိမ်းဆည်းရေးတာဝန် များကို ညဘက်တွင်ညဆိုင်း အဖြစ် လုပ်ကိုင်ရသည့်အပြင် နောက်ဖေးလမ်းကြား အမှိုက်ရှင်း လင်းရေး၊ ရေစီးရေလာကောင်း မွန်ရေး စီမံချက်များတွင်လည်း ပါဝင်လုပ်ကိုင်ရသည်။
အသက် (၃၀)အရွယ် ကိုသန်းစိုးဦးအတွက် တစ်ခါတစ် ရံ မိလ္လာပိုက် ချို့ယွင်းမှုကြောင့် အညစ်အကြေးတွေ ရုတ်တရက် ထွက်လာချိန် နံစော်နေသည့် အမှိုက်များကြောင့် စိတ်ရှုပ်ရ သည့်အချိန်များတွင် ယခုလုပ် ကိုင်နေသည့် အလုပ်ကို စွန့်ခွာ ချင်စိတ်မျိုး ဖြစ်မိသည်။ သို့သော် စည်ပင်ဝန်ထမ်းတစ်ဦးအတွက် နေထိုင်ရေးနှင့်ကျန်းမာရေးစောင့် ရှောက်မှုများ ခံစားခွင့်က မိသားစု အတွက် အတော်အဆင်ပြေလှ သည်။ ကိုသန်းစိုးဦး၏ဇနီးသည် လည်း စည်ပင်ဝန်ထမ်းဖြစ်ပြီး ၎င်းတို့တွင် သားသမီးနှစ်ဦးရှိ သည်။ လုပ်ခလစာမှာ တစ်ရက် လျှင် ၃,၆၀၀ ကျပ်နှုန်း ရှင်းပေး သဖြင့် စားဝတ်နေရေးလည်း အဆင်ပြေသည်ဟုဆိုသည်။
‘‘တချို့အိမ်တွေဆို မိလ္လာ ပိုက်တွေက မပြင်ထားတော့ ရေ လောင်းချတဲ့အချိန် ဝေါခနဲဆို ကျလာပြီး သန့်ရှင်းရေးလုပ်သား တွေကို စင်ကုန်ရော။ တစ်ခါဆို အောက်မှာရှင်းနေတုန်း အပေါ် ကနေ အမှိုက်ထုပ်က ဘုတ်ဆို ကျလာတာရှိသေးတယ်’’ ဟု ကိုသန်းစိုးဦးက ပြောသည်။
လိမ္မော်ရောင်သန့်ရှင်းရေး လုပ်သားများ ကြုံတွေ့ရသည့် အန္တရာယ်တစ်ခုသည် ထိရှနိုင် သည့် ဖန်စ၊ မှန်ကွဲစ၊ ပုလင်းကွဲစ များ ပင်ဖြစ်သည်။ အမှိုက်စွန့်ပစ် ရာတွင် အချို့နေအိမ်များမှ ကွဲရှ ထားသည့်ပစ္စည်းများကို ကြုံ သလို စွန့်ပစ်သည့်အတွက် အမှိုက်သိမ်းဆည်းရာတွင် မသိ ဘဲ ကိုင်မိရာက ထိခိုက်မှုများ ကြုံ တွေ့ရသည်ဟုဆိုသည်။
‘‘တချို့တွေက ပုလင်းကွဲ တွေကို ဒီတိုင်းပစ်တော့ အမှိုက် ကိုင်ရင်း မမြင်ဘဲ လက်နဲ့ကိုင် လိုက်လို့ ရှသွားတာမျိုး ကြုံရ တယ်’’ ဟု ကိုသန်းစိုးဦးက ပြော သည်။ထို့အပြင် နောက်ဖေးလမ်း ကြားအမှိုက်များ၊ စွန့်ပစ်အမှိုက် များကို အမြဲတစေ ထိတွေ့နေရ သည့် လိမ္မော်ရောင်လုပ်သားများ အနေဖြင့် ရောဂါဘယများ လည်း ကြုံတွေ့နိုင်သေးသည်။
မြောင်းဖော်သူ၊ သန့်ရှင်း ရေးလုပ်သူ စည်ပင်ဝန်ထမ်းများ အနေဖြင့် Leptospirosis ဟုခေါ် သော ကြွက်သေးမှဖြစ်ပွား ရရှိ သည့် အသည်းရောင်ရောဂါများ၊ ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ခြင်းကို သထိထားရ မည်ဖြစ်သည်။
‘‘သူတို့က မသန့်တာတွေနဲ့ ထိတွေ့ရတော့ အရေပြားရောဂါ တွေလည်း သတိရှိရမယ်။ အဓိက ကတော့ Personal Safety ရှိဖို့ ပဲ။ မြန်မာပြည်မှာလုပ်နေကြတာ အန္တရာယ်များတယ်။ ဒီအတိုင်းကို ချနေကြတာ။ ပြီးတော့ အမှိုက် သိမ်းတဲ့သူတွေလည်း တချို့ တလေ အပ်စူးမိတာမျိုးမဖြစ် အောင် လက်အိတ်ဝတ်ဖို့၊ လက် အိတ်ဆိုတာမှာလည်း ပြီးပြီးရော မဟုတ်ဘဲ သတ်မှတ်ချက်ရှိတဲ့ အထူလိုမျိုး ကာကွယ်ရေးဝတ်စုံ တွေ သုံးစွဲရမှာပါ’’ဟု အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ ကျော်သက်စိုးက ပြောသည်။
ထို့အပြင် နေ့စဉ် အမှိုက် သရိုက်များနှင့် ထိတွေ့နေရ သဖြင့် အဆုတ်ကို ဒုက္ခပေးနိုင် ခြင်း၊ ဝမ်းကိုက်ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါတို့အပြင် အူ ရောင်ငန်းဖျား (တိုက်ဖွိုက်)ရော ဂါနှင့် အရေပြားရောဂါများ ဖြစ် ပေါ်နိုင်သည်ဟု ဆရာဝန်ကြီးများ က ဆိုသည်။
‘‘သူတို့မှာ ရောဂါရဖို့ ဖြစ် နိုင်ခြေ အများကြီးရှိတာပေါ့။ ဒါ ကြောင့် အလုပ်လုပ်ကိုင်တဲ့အခါ မှာ Mask တပ်ရမယ်။ လက်အိပ် ကို တံတောင်ဆစ်ထိ စွပ်ထားရ မယ်။ ဘွတ်ဖိနပ်စီးရမယ်။ အလုပ်ပြီးရင်လည်း တစ်ကိုယ် လုံးကို ဆပ်ပြာတိုက်ပြီး ဆေး ကြောရမယ်။ ဆေးရုံအမှိုက် သရိုက်ကို သွားကိုင်လို့ အပ်စူးမိ ပြီး အိတ်ခ်ျအိုင်ဗီလိုမျိုးတွေလည်း ရနိုင်သေးတယ်။ အဲဒီအခါကျရင် ကာကွယ်ဆေးလိုမျိုး ချက်ချင်း ထိုးရမယ်’’ဟု ဒေါက်တာဘရွှေ က အကြံပြုသည်။
လက်ရှိတွင် စည်ပင်သာ ယာရေးကော်မတီ၊ ကျန်းမာရေး ဌာနအနေဖြင့် စည်ပင်သာယာ ရေးဝန်ထမ်းများ အားလုံးကို ဖျား နာမှုအပါအဝင် အခြေခံကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးနေ ပြီး ဘီပိုးကာကွယ်ဆေးများပါ ထိုးနှံပေးလျက်ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန ခေတ္တဌာနမှူး ဒေါက်တာသန်း သန်းလွင်က ရှင်းပြသည်။
‘‘စည်ပင်ဝန်ထမ်းတွေ အ ကုန်လုံးကို အလျဉ်းသင့်ရင် သင့် သလို ပေးပါတယ်။ မြောင်းဖော် တဲ့သူတွေ၊ သန့်ရှင်းရေးဝန်ထမ်း တွေ၊ ပန်းဥယျာဉ်အားကစားဝန် ထမ်းတွေ၊ တိမွေးကုဝန်ထမ်းတွေ နဲ့ စည်ပင်လက်အောက်က ဝန် ထမ်းတွေ အကုန်ပါတယ်။ အ သည်းရောင်အသားဝါဘီပိုး ကာ ကွယ်ဆေးလည်း ထိုးနှံပေးတယ်။ ဒါတွေကို ခရိုင်အလိုက် အလှည့် ကျ လုပ်နေတာပါ။ ပြီးတော့ Mobile Clinic ဖွင့်ပြီးတော့ စည် ပင်ကော်မတီဝင် ဝန်ထမ်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်’’ဟု ၎င်းကဆို သည်။
မြင်မကောင်းသည့် အမှိုက် များကို ရပ်ကွက်အားဖြင့် ကိုယ် ထူကိုယ်ထ ရှင်းလင်းသော်လည်း အရေးယူမှုအပိုင်း အားနည်း သည့်အပြင် စည်းကမ်းမဲ့သူများ ကြောင့် အမှိုက်များ ပြန်လည်ပစ် ချမြဲဖြစ်၍ စည်းကမ်းမဲ့အမှိုက် မပစ်ရေး၊ အမှိုက်စို၊ အမှိုက် ခြောက် ခွဲခြားစွန့်ပစ်ရေးအတွက် ပညာပေးမှုများ ပြုလုပ်ခြင်း၊ လမ်းဘေးဝဲယာများ လမ်းမတန်း များတွင် အမှိုက်ပုံးများ၊ အမှိုက် ကန်များ ထားရှိပေးသော်လည်း စည်းကမ်းမဲ့စွန့်ပစ်မှုများ ရှိနေ သေးသည့်အပြင် သန့်ရှင်းရေး လုပ်သားကြီးများ အားကြိုးမာန် တက် ရှင်းလင်းပေးခဲ့သည့် နောက်ဖေးလမ်းကြားများ မြောင်း များတွင် အမှိုက်များက ပြန်လည် နေရာယူမှုများ ရှိနေဆဲဖြစ်သည်။
ယင်းအတွက် အမှိုက်ကို စနစ်တကျ စွန့်ပစ်ရေး၊ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား၍ သတ်မှတ် အမှိုက်ပုံးများ၊ ကန်များသို့ အရောက်ပစ်ပေးရန် သန့်ရှင်းရေး လုပ်သားများက လိုလားကြ သည်။
အမှိုက်သိမ်းဆည်းမှု၊ ရှင်း လင်းမှုတို့သည် စည်ပင်နှင့်သက် ဆိုင်သည်ဆိုသော်လည်း ပြည်သူ များကိုယ်တိုင် ပြောင်းလဲကာ ကြုံ သလို အမှိုက်စွန့်ပစ်ခြင်းမပြုဘဲ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ပူးပေါင်းပါဝင်သင့်ပြီး သို့မှသာ အမှိုက်ကင်းစင်ပြီး သန့်ရှင်းလှပ သည့် ရန်ကုန်မြို့တော် ဖြစ်လာ မည်။
‘‘အမှိုက်ပုံးထားပေးထားပေ မယ့် ပုံးထဲမထည့်ဘဲ ဘေးမှာပုံ ထားခဲ့တယ်။ အမှိုက်က ကန်ထဲ မှာမရှိဘူး။ ကန်ပတ်ပတ်လည်မှာ ချည်းပဲ။ နံလို့ဆိုပြီး အထဲကို မထည့်ဘဲ အပြင်မှာပဲ ပုံခဲ့ကြ တယ်။ သတ်မှတ်ထားတဲ့ အမှိုက် ကန်တွေမှာလာပြီး စွန့်ပစ်ပေးစေ ချင်တယ်’’ဟု ကိုသန်းစိုးဦးက ပြောသည်။
တောင်တန်းပြာနဲ့ ကျွန်းကဗျာ
အားလပ်ရက်မှာ လည်ပတ်စရာ
ဓာတ်ပုံ − မြတ်မိုး
အခုရက်ပိုင်းရာသီဥတုက မိုးလေးတဖြောက်ဖြောက်ဖြစ်နေတော့ အိမ်မှာနေရတာ ပျင်းစရာကောင်းပါတယ်။ မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့အချိန်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အပျော်ခရီးပဲဖြစ်ဖြစ်၊ ပျော်ပွဲစားပဲဖြစ်ဖြစ်သွားမယ်ဆိုရင်တော့ ပျော်စရာကောင်းမှာအသေအချာပါပဲ။
ဒါပေမဲ့ ယာဉ်ကြောပိတ်ဆို့ ပြီး မိုးရွာချိန်ဆို သွားရေးလာရေး ခက်ခဲတဲ့အတွက် ရန်ကုန်ပြင်ပဆို ရင် ပိုပြီးစိတ်လက်အပန်းပြေမှာ ပါ။ မိုးရာသီမှာ ရန်ကုန်နဲ့မဝေးဘဲ နေ့ချင်းပြန်သွားလို့ရပြီး အေးအေးဆေးဆေးအနားယူအပန်းဖြေလို့ရမယ့်နေရာတစ်ခုကို ညွှန်းချင်ပါတယ်။
ပြည်ခရိုင် ရွှေတောင်မြို့နယ် ၀ါးတောကျေးရွာမှာရှိတဲ့ ‘တောင်တန်းပြာနဲ့ ကျွန်းကဗျာ’ဆိုတဲ့ နေရာလေးပါပဲ။
 တောင်တန်းပြာနဲ့ ကျွန်း ကဗျာမိသားစုပျော်ပွဲစား အပန်း ဖြေစခန်းဟာ ကဗျာဆန်ပြီး လှပ သလို အပြင်မှာလည်း အေးအေး ချမ်းချမ်းနဲ့ လှပပါတယ်။ ကျွန်း ကဗျာက ရွှေတောင်မြို့နယ် ၀ါး တောကျေးရွာအနီးက ဆည်တစ် ခုမှာရှိတဲ့  ကျွန်းလေးပဲ ဖြစ်ပါ တယ်။
ကူးတို့လှေစီးပြီး လာရာလမ်း မှာကတည်းက ရေပတ်လည်ဝိုင်း နေတဲ့ ကျွန်းလေးပေါ်မှာ သစ်ပင် အုံ့ဆိုင်းဆိုင်းနဲ့ သာယာလှပပြီး ကျွန်းကဗျာဆိုတဲ့ စာတန်းလေး ကို အဝေးကနေ ထင်ထင်ရှားရှား မြင်ရမှာပါ။
ကျွန်းကဗျာက ဆည်ထဲမှာရှိ တဲ့အတွက် လှေစီးတာတွေ၊ ရေ ဘောလုံးစီးတာတွေကို ပျော်ပျော်ပါးပါးလုပ်လို့ရမှာပါ။
ကျွန်းကဗျာ ရောက်တာနဲ့ မစီးမဖြစ် စီးရမှာတော့ ခြေနင်း လှေပဲ ဖြစ်ပါတယ်။ ဘုတ်ပြားနှစ် ခုပေါ်မှာ စက်ဘီးလေးတပ်ဆင် ထားတဲ့ ခြေနင်းလှေက  တစ် ယောက်စီးနိုင်ပြီး ရေပေါ်စက်ဘီး နင်းရတဲ့အတိုင်း ခံစားရမှာဖြစ်ပါ တယ်။ ခြေနင်းလှေစီးခကတော့ မိနစ် ၃၀ ကို ၂,၀၀၀ ကျပ်ကျသင့် ပါတယ်။
နောက်တစ်ခုကတော့ ရေ ဘောလုံးပဲဖြစ်ပါတယ်။ ကြီးမား တဲ့ ဘောလုံးထဲကို လူဝင်ပြီးတော့ ရေပေါ်မှာ လမ်းလျှောက်ရသလို ဘောလုံးထဲဝင်ပြီး ပြေးလွှားနေရ တာကလည်း ပျော်ရွှင်စရာကောင်းပါတယ်။ ရေဘောလုံးကတော့ တစ်ခါစီးရင် ၁၀ မိနစ်ကြာမြင့်ပြီး ၂,၀၀၀ ကျပ်ကျသင့်ပါတယ်။
ဒါ့အပြင် ကျွန်းပေါ်မှာလည်း အပျော်စီးကားလေးတွေရှိတဲ့အ တွက် ပါလာတဲ့ သားသားမီးမီး လေးတွေလည်း စီးနင်းလို့ ရပါ သေးတယ်။
ဆည်ထဲမှာ ပျော်ပျော်ပါးပါးဆော့ကစားပြီးသွားလို့ရှိရင်တော့ အေးချမ်းတဲ့ ကျွန်းပေါ်မှာပါလာ တဲ့ စားသောက်ဖွယ်ရာတွေကို မိသားစုနဲ့ တပျော်တပါး  စား သောက်နိုင်သလို၊ ကျွန်းကဗျာက နေ ငါးကင်၊ ငါးသောက်ဆမ်း၊ ငါး ချောင်းကြော်၊ ငါးစအုကြော်တွေ နဲ့ တောလက်ဖက်သုပ်၊ ခရမ်း ချဉ်သီးသုပ် စတဲ့ အသုပ်မျိုးစုံနဲ့ ကော်ဖီအအေးတွေကိုလည်း မှာ ယူစားသောက်နိုင်ပါသေးတယ်။
ဈေးနှုန်းတွေကတော့ ကျပ် ၅၀၀ ကနေ ကျပ် ၂,၀၀၀ အထိပဲ ရှိပါတယ်။
 တောင်တန်းပြာနဲ့ ကျွန်း ကဗျာက မိသားစုအပန်းဖြေစခန်း ဖြစ်တဲ့အတွက် အရက်သေစာ တွေ၊ ဘီယာတွေ မရပါဘူး။ ပြီး တော့ ဆည်အတွင်းမှာလည်း ရေ ချိုးခွင့်၊ ရေကူးခွင့်မပြုပါဘူး။
ကျွန်းကဗျာကို  ရန်ကုန်ကနေလာမယ်ဆိုရင် ပြည်-ရန်ကုန်ကားလမ်းဘေးကနေ သုံးဖာလုံပဲ ၀င်ရမှာပါ။  ကျွန်းကဗျာကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း- ၀၉-၇၈၂၄၉၃၄၄၆ ကို ဆက်သွယ်နိုင်ပါတယ်။
ကျွန်းကဗျာမှာဆော့ကစား အနားယူပြီး အချိန်ရမယ်ဆိုရင် ရွှေတောင်မြို့ရဲ့ ဆုတောင်းပြည့်အထင်ကရ ရွှေမျက်မှန်ဘုရား၊ ရွှေနတ်တောင်ဘုရားတွေကိုလည်း ဖူးမြော်နိုင်ပါသေးတယ်။ ပြီးတော့ ရွှေတောင်မြို့ရဲ့ နာမည်ကြီးအစားအစာဖြစ်တဲ့ ရွှေတောင်ခေါက်ဆွဲကိုလည်း သွားရောက် မြည်းစမ်းသင့်ပါတယ်။
 ဒီတော့ အားလပ်ရက်မှာ မိသားစုတွေနဲ့ ပျော်ပွဲစား ထွက် မယ်ဆိုရင်တော့ ရန်ကုန်နဲ့လည်း မဝေးဘဲ စိမ်းစိုလှပပြီး အေးအေး ချမ်းချမ်းအပန်းဖြေနိုင်တဲ့ တောင် တန်းပြာနဲ့ ကျွန်းကဗျာ မိသားစု ပျော်ပွဲစား အပန်းဖြေ စခန်းကို သွားရောက်ဖို့ လမ်းညွှန်လိုက်ပါ တယ်။          ။
Pages
Subscribe to Life