တိမ်တွေနေတဲ့
အရပ်ဆီကို

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ ရှိပါတယ်။ တိမ်တွေနေတဲ့အရပ်ဆီ တောင်တန်းကြီးတွေ အထပ်ထပ်ဖြတ်ကျော်လို့ ရောက်ရှိသွားတဲ့အချိန် တိမ်လွှာတွေအထက်မှာ တည်ရှိရတဲ့ ခံစားချက်ကတော့ ငယ်ဘဝအိပ်မက်တွေ နတ်သမီးလေး နတ်သားလေး အလားပါပဲ။

တကယ်တော့ အဲဒီတိမ်တွေကို ဖမ်းဆုပ်ခွင့်ရဖို့က ဟိုးအဝေးက ချင်းတောင်တန်းကြီးတွေ ရှမ်းတောင်တန်းကြီး တွေအထိ သွားဖို့မလိုပါဘူး။ ရန်ကုန်ကနေ လက်တစ်ကမ်းလို့ ပြောလို့ရတဲ့နေရာမှာ တိမ်တွေကို ဖမ်းဆုပ်ထိ တွေ့နိုင်ဖို့ အခွင့်အရေးရှိနေတာပါ။

အဲဒီနေရာကတော့ ကရင်ပြည်နယ် မြောက်ပိုင်းမှာရှိနေတဲ့ တောင်ပေါ်မြို့ကလေးတစ်ခုပဲ ဖြစ်ပါတယ်။

Image
Image
Image
Image

ရန်ကုန်မြို့ကနေ ၆ နာရီလောက်ပဲ မောင်းရတဲ့ တောင်စခန်းမြို့လေးဖြစ်တဲ့ သံတောင်ကြီးဟာ ရန်ကုန်ရဲ့ ရာသီဥတုနဲ့တော့ ထက်ဝက်မကကွာလို့ နွေရာသီမှာတောင် အေးစိမ့်တဲ့ရာသီဥတုရှိတဲ့ နေရာဖြစ်ပါတယ်။

ဆောင်းရာသီ အအေးဆုံးအချိန်မှာတော့ ------ အထိ အေးလေ့ရှိပြီး အခုလို မိုးအကုန် ဆောင်းအကူး ကာလတွေကတော့ တိမ်တွေသိပ်လှတဲ့အချိန် ဖြစ်ပါတယ်။

တကယ်တော့ သံတောင်ကြီးကိုသွားမယ်ဆိုရင် အဓိကကတော့ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွတ် အမြတ် နေရာတစ်နေရာဖြစ်တဲ့ နော်ဘူဘောတောင်နဲ့ ဆုတောင်းတောင်က အဓိကဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်တွေနဲ့ ဘုရားကျောင်းတက်တဲ့ တနင်္ဂနွေလို နေ့မျိုးတွေမှာဆို ရင် တောင်ပေါ်က ဒေသခံခရစ်ယာန်တွေအပြင် အပြင်ကလာသူတွေပါ တော်တော်များတတ်တာ တွေ့ရပါတယ်။

တကယ်တော့ သံတောင်စခန်းက အရင်ကတော့ အနက်ရောင်နယ်မြေတစ်ခုဖြစ်လို့ လူသူအရောက်အပေါက် နည်းတဲ့နေရာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ခရီးသွားဒေသတစ်ခုအဖြစ် မြှင့်တင်လာတာတွေ့ရပြီး တကယ့်ကို အေးချမ်းတိတ်ဆိတ်စွာ နားနေနိုင်တဲ့ မြောက်ပိုင်းကရင်လူမျိုးတို့ရဲ့ အေးချမ်းရာ ဗိမ္မာန်လေးတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီနေရာမှာတော့ စကောကရင်အများစု နေထိုင်တာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သံတောင်စခန်းကိုရောက်တာနဲ့ ဖုန်းလိုင်းက နေရာတော်တော်များများမှာ မမိတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တွေအားလုံးကို မေ့ထားပြီး ဆက်သွယ်မှုဧရိယာပြင်ပမှာ မိသားစုနဲ့အတူ သီးသီး သန့်သန့်အပန်းဖြေဖို့ ဈေးသက်သာစွာ ရောက်နိုင်တဲ့ တောင်ပေါ်အပန်းဖြေစခန်း မြို့နေရာလေးတစ်ခုပါ။

သံတောင်ကြီးကို သွားမယ်ဆိုရင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က ၁၄၆ မိုင်လောက်မှာ တောင်ငူသို့ဆိုတဲ့ လမ်းအတိုင်း တောင်ငူအထိမောင်းလာပြီးမှ တောင်ငူကအထွက် စစ်တောင်းတံတားကိုဖြတ်ပြီး တောင်ပေါ် မောင်းတက်ရမှာဖြစ်ပါတယ်။ တောင်ပေါ်အထိ တိုက်ရိုက်ကားတွေ မရှိတာကြောင့် တောင်ငူအထိသွားပြီးမှ တောင်ပေါ်စခန်းမြို့လေးဆီ ဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့ တက်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ကားမရှိလည်း ပြဿနာမရှိပါဘူး။ သံတောင်စခန်းကို ခရီးစဉ်စီစဉ်ပြီး ပို့ပေးနေတဲ့အဖွဲ့တွေ ရှိပါတယ်။ နေ့ချင်းပြန်ခရီးကို အပြီးအစီး တစ်ရက်ကို ၃၅၀၀၀ ကျပ်ဝန်းကျင်နဲ့ စီစဉ်ပေးနေတာတွေ ရှိပါတယ်။

တောင်တက်လမ်းက အိမ်စီးကားတွေနဲ့ သွားမယ့်သူတွေအတွက်တော့ အတော်အဆင်ပြေပါတယ်။ အတက်တစ်လမ်း အဆင်းတစ်လမ်း ဖြစ်တာရယ် လမ်းလည်း တော်တော်ကောင်းတာကြောင့် တော်တော် သက်သောင့်သက်သာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

လူဦးရေ အလွန်နည်းတဲ့ ဒီတောင်ပေါ်စခန်းမြို့ကလေးရဲ့ ထူးခြားချက်ကတော့ ဟိုတယ်မရှိဘဲ ညအိပ်တည်းခိုပြီး နံနက်စာစားယုံ စီစဉ်ပေးတဲ့ Bed and Breakfast နေရာလေးတွေတော့ ရှိပါတယ်။ ဈေးကလည်း အနည်းဆုံး နှစ်ယောက်ခန်းတစ်ခန်းကို ၂၅၀၀၀ ကနေပြီး ၄၀၀၀၀ ကျပ်ဝန်းကျင်အထိ ရှိပါတယ်။ အခန်းတွေက အဲကွန်းတွေ မပါပါဘူး။ ရာသီဥတုက အဲကွန်းမလိုတဲ့ ရာသီဥတုမို့ဖြစ်ပါတယ်။

သံတောင်ကြီးသွားမယ်ဆိုရင် တကယ်တော့ ပသီချောင်းကလည်း မပါမဖြစ်ပါ။ အထူးသဖြင့် လူငယ်တွေရဲ့ အ ပျော်ခရီးတွေမှာတော့ ပသီချောင်းမှာ ရေဝင်ဆော့ကြလေ့ရှိတာပါ။ ပသီချောင်းကတော့ သံတောင်စခန်းရဲ့ တောင်ခြေ သံတောင်လေးမှာ ရှိတာဖြစ်ပါတယ်။ ခရီးသွားတွေအများစုကတော့ အဆင်းမှာ ဝင်လေ့ရှိပါတယ်။

တောင်ပေါ်ကမဆင်းခင် တောင်ပေါ်က သံတောင်ကြီးကော်ဖီကို အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ခဲ့ဖို့နဲ့ ပုံစံမျိုး စုံနဲ့ ချက်လေ့ရှိတဲ့ တာလဘောဟင်းကိုတော့ နေရာစုံကနေ မြည်းစမ်းခဲ့ကြပါလို့ အကြံပြုပါရစေ။ တောင်ပေါ်မှာ တနင်္ဂနွေဆိုရင်တော့ ဆိုင်အများစုက ဘုရားကျောင်းသွားကြတာမို့ ပိတ်ကြပါတယ်။ အင်မတန် ချစ်စရာကောင်းတဲ့ ကရင်တိုင်းရင်းသား တိုင်းရင်းသူ အဝတ်အစား အလှအပလက်ဆောင်တွေကိုလည်း စတိုးဆိုင်လေးတွေမှာ ဝယ်နိုင်ပါတယ်။

တကယ်တော့ သံတောင်စခန်းမြို့လေးကိုရောက်ရောက်ချင်း တောင်ပေါ်တွေမသွားခင်မှာ ကိုယ်နဲ့ အလိုက်ဖက် ဆုံး ကရင်ဝတ်စုံလေးတစ်စုံ ဝယ်ဝတ်ပြီး တောင်ပိုင်းကရင်တို့ရဲ့ တောင်တန်းတွေ တိမ်လွှာတွေ မြူခိုးတွေနဲ့အတူ မှတ်တမ်းဓာတ်ပုံလေးတွေ ရိုက်နိုင်မှာဖြစ်ပါတယ်။

ရန်ကုန်နဲ့ အလှမ်းမဝေးလှတဲ့ မထင်မရှား တောင်ပေါ်မြို့ငယ်လေးတစ်မြို့ဟာဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားတွေကို အချိန်တိုအတွင်း ဆွဲဆောင်ထားနိုင်ခဲ့ပါပြီ။

7Day TV ရဲ့ Authenic Travel ဒီတစ်ပတ် တင်ဆက်မှုလေးကိုကြည့်ပြီး တိမ်တွေနေတဲ့အရပ်ဆီသွားလို့ တိမ်ပေါ်ခုန်တက်ကလိုက်ကြပါဦးလို့။

Article's

Video

‘‘တောင်ပေါ်အပန်းဖြေစခန်းက သံတောင်မြို့ကလေး'’

သံတောင်ကြီး တောင်ပေါ်စခန်းမြို့ကလေးဖြစ်တဲ့ သံတောင်မြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၄၈၂၄) ပေမှာ တည်ရှိပါတယ်။ မြေပြန့်ဒေသနဲ့ အနီးဆုံးမှာရှိနေပေမယ့် အေးမြတဲ့ရာသီဥတုကို ပိုင်ဆိုင်တဲ့အတွက် ဒုတိယပြင်ဦးလွင်လို့ တင်စားခြင်းခံရတဲ့ မြို့လေးတစ်မြို့လည်း ဖြစ်ပါတယ်။

တစ်ချိန်က မငြိမ်းချမ်းတဲ့ ဒေသတစ်ခုအဖြစ် ဒေသခံတွေမှအပ အသွားအလာမရှိသလောက် နည်းပါးခဲ့ပေမယ့် အခုအချိန်မှာတော့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ရပ်ရွာအခြေပြု ခရီးစဉ်တွေ ဖော်ထုတ်မြှင့်တင်တဲ့ အစီအစဉ်တွေကြောင့် အလွန်ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ခရီးသွားတွေ တစ်နှစ်ပတ်လုံး မပြတ်တမ်း လာရောက်နေကြပြီ ဖြစ်ပါတယ်။

‘‘သံတောင်မြို့ရဲ့ ရာဇ၀င်'’

သံတောင်မြို့ဟာ ရှေးအခါက တောင်ငူဘုရင်လက်အောက်ခံ နယ်မြေဖြစ်ပါတယ်။ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲ အပြီးမှာတော့ ဗြိတိသျှလက်အောက်ကို ကျရောက်ခဲ့ပြီး နှစ်အတန်ကြာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကိုလိုနီခေတ်ကာလက မျက်နှာဖြူအရာရှိတွေ အပန်းဖြေအနားယူတဲ့ မြို့ကလေးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးတဲ့နောက် ကရင်ပြည်နယ် ပေါ်ပေါက်လာတဲ့အခါမှာ တောင်ငူခရိုင်အတွင်းက သံတောင်မြို့ကို ကရင်ပြည်နယ်အတွင်းကို ထည့်သွင်းခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်မှာတော့ သံတောင်ကြီးမြို့နယ်လို့ သတ်မှတ်ပေးခဲ့ပါတယ်။

“သံတောင်စခန်းမြို့လေးရဲ့ အထင်ကရတွေထဲက နော်ဘူဘောတောင်”

နော်ဘူဘော ဆုတောင်းတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၄၈၂၄) မြင့်ပြီး ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ထွတ်တွေထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ တောင်ခြေကနေ တောင်ထိပ်ထိပေ ၅၆၀ ရှည်ပြီး ၆ ပေအကျယ် လှေကားထစ်ပေါင်း ၃၇၄ ထစ် ရှိပါတယ်။ အတက်လမ်း လှေကားထစ် ဘေးဘက်မှာတော့ သီးသန့်ဆုတောင်းခန်းငယ်လေးတွေ ဆောက်လုပ်ထားပါတယ်။ (၁၉၉၅) မှာ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် ဥက္ကဌဆရာတော် ဒေါက်တာနေဘလုက နော်ဘူဘော ဆုတောင်းတောင် ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဒဏ္ဍာရီလာ မင်းသမီးနော်ဘူဘော အသတ်ခံရတဲ့ တောင်ထိပ်နေ ရာကို ဆုတောင်းတောင်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

“မင်းသမီးလေး နော်ဘူဘောကို စုန်းကဝေအဖြစ် သတ်မှတ်ထားကြတဲ့ တိုင်းသူပြည်သားတွေဟာ စစ်သူကြီး စောသာဂေါ်ခွား ကျဆုံးတဲ့အခါမှာတော့ သံသယတွေ ပိုကြီးထွားလာပြီး နော်ဘူဘော မင်းသမီးလေးကို ဒေါ်ဖားခို တောင်စွန်းထိပ်မှာ ကြိုးနဲ့ချည်ပြီး ကွပ်မျက်ခဲ့ကြပါတယ်”

“ကရင်ဒဏ္ဍာရီတွေကပြောတဲ့ နော်ဘူဘော ဆုတောင်းတောင်”

ဒေါ်ဖားခို (ခေါ်) ဘွယ်ဟီခိုတောင် (နော်ဘူဘော ဆုတောင်းတောင်) လို့ခေါ်တဲ့တောင်ဟာ ဒေါ်ဖားခိုဆိုတဲ့ အမည်ဟာ အခြမ်းကွဲသွားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးကရင်သမိုင်းတွေအရ ရေလွှမ်းမိုးချိန် မိသားစုတစ်စုဟာ ဖောင်နဲ့ရေမျှောနေစဉ်မှာ ဘွယ်ဟီခိုတောင်ကို ၀ါးဖောင်နဲ့တိုက်မိပြီး တောင်နှစ်ခြမ်းကွဲ သွားရာက ကရင်နှစ်သစ်ကူးတောင်နဲ့ နော်ဘူဘော ဆုတောင်းတောင်ဆိုပြီး ခေါ်တွင်လာကြပါတယ်။

ဘွယ်ဟီခိုတောင်နဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို ကီးကူလူမျိုး သမိအိက အုပ်ချုပ်ပြီး စစ်သူကြီး စောသာဂေါ်ခွားဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ အရွယ်ရောက်လာတဲ့ သားဖြစ်သူကို ထိမ်းမြားပေးဖို့အတွက် သားဖြစ်သူနဲ့အတူ ဘုရင်ကြီးဟာ ချွေးမရှာဖွေထွက်ခဲ့ပါတယ်။

အခြားတိုင်းပြည်တစ်ခုမှာလည်း ပင်လယ်ဘုရင် သာကအူမှာ အလွန်ချောမောလှပတဲ့ နော်ဘူဘောဆိုတဲ့ သမီး တော်တစ်ပါးရှိပြီး အဲ့ဒီသမီးတော်ဟာ အိပ်ပျော်နေရင်း ခန္ဓာကိုယ်က အလင်းရောင်တန်းတွေ ထွက်ပေါ်နေလေ့ရှိတယ်။ သတို့သမီး အရှာထွက်လာတဲ့ စောသာဂေါ်ခွားနဲ့ မင်းသမီးလေး နော်ဘူဘောတို့ဟာ မထင်မှတ်ပဲ ဆုံတွေ့ ကြပြီး စုံဖက်ခဲ့ကြပါတယ်။

စုံဖက်မိရာက မင်းသမီးလေး နော်ဘူဘောဟာ ခင်ပွန်းဖြစ်သူနောက်ကို လိုက်ပါတဲ့အခါမှာ ဖခင်ဖြစ်သူ သာကအူဘုရင်က စောသာဂေါ်ခွားကို သမီးတော်ဘေးကင်းစေဖို့ အထပ်ထပ်ကတိတောင်းပြီး မိခင်ဖြစ်သူက စပါးအပြည့်ဖြည့်ထားတဲ့ ဗူးသီးခြောက်နဲ့ မှော်ရွှေဘီးတစ်ချောင်းကို လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။

ဘွယ်ဟီဒေသနန်းတော်ရောက်ပြီး ညဖက်အိပ်ချိန်တွေမှာတော့ နော်ဘူဘော မင်းသမီးလေး ခန္ဓာကိုယ်ပေါ်က ထွက်လာတဲ့ ရောင်ခြည်တွေကို မလိုသူတွေက စုန်းမအဖြစ် အထင်အမြင်လွဲမှားအောင် ယိုးစွပ်ခဲ့ကြပါတယ်။ မကြာမီခင်ပွန်းဖြစ်သူ စောသာဂေါ်ခွား စစ်တိုက်ထွက်ရာကို မင်းသမီးလေးက သူ့မရဲ့မှော်ရွှေဘီးလေးကို အဆောင်အဖြစ် ပေးလိုက်ပါတယ်။ စောသာဂေါ်ခွားဟာ စစ်တိုက်တဲ့အခါ မှော်ရွှေဘီးလေးကို ခြေနဲ့နင်း တိုက်ခိုက်ခဲ့ရာက အသာစီးရခဲ့ပါတယ်။ ဒါပေမယ့် ရွှေဘီးကို ခေါင်းပေါ် ပြန်တင်ချိန်မှာတော့ ရန်သူတစ်ဦးရဲ့ အဆိတ်လူးမြားကြောင့် တိုက်ပွဲမှာ ကျဆုံးခဲ့ရပါတယ်။

မင်းသမီးလေး နော်ဘူဘောကို စုန်းကဝေအဖြစ် သတ်မှတ်ထားကြတဲ့ တိုင်းသူပြည်သားတွေဟာ စစ်သူကြီး စောသာဂေါ်ခွား ကျဆုံးတဲ့အခါမှာတော့ သံသယတွေ ပိုကြီးထွားလာပြီး နော်ဘူဘော မင်းသမီးလေးကို ဒေါ်ဖားခို တောင်စွန်းထိပ်မှာ ကြိုးနဲ့ချည်ပြီး ကွပ်မျက်ခဲ့ကြပါတယ်။

သမီးတော်သတင်းကြားတဲ့ ဖခင် ပင်လယ်ဘုရင်သာကအူဟာ ကြီးစွာအမျက်ဒေါသထွက်ပြီး ဘွယ်ဟီခိုအရပ်ကို တိုက်ခိုက်ခဲ့ရာ ဒေသတစ်ခုလုံး ပျက်စီးခဲ့ပြီး မှော်တန်ခိုးတွေကြောင့် အားလုံးကျောက်ရုပ်တွေအဖြစ် ပြောင်းလဲ ခဲ့တယ်လို့ ပုံပြင်ဆန်ဆန် ရှိခဲ့ဖူးပါတယ်။

“သံတောင်စခန်းမြို့လေးရဲ့ အထင်ကရတွေထဲက ပသီချောင်း”

တောင်ငူမြို့ကနေ (၁၃) မိုင်အကွာမှာ ပသီချောင်း တည်ရှိပါတယ်။ နော်ဘူဘော ဆုတောင်းပြည့်တောင်နဲ့ ခုနှစ်မိုင်ပဲ ဝေးပါတယ်။ သဘာဝ စမ်းချောင်းလေးဖြစ်ပြီး ပင်ပန်းသမျှတွေကို စမ်းရေချိုးပြီး အပန်းဖြေနိုင်တဲ့ စမ်းချောင်းလေး ဖြစ်ပါတယ်။

“သံတောင်ကြီးမြို့နယ်ရဲ့ လူဦးရေက ဘယ်လောက်ရှိသလဲ”

သံတောင်ကြီးမြို့နယ်တစ်ခုလုံးရဲ့ စုစုပေါင်းလူဦးရေကတော့ (၃၀,၂၀၉) ဦးရှိပါတယ်။ ကျား (၁၅,၂၉၇) ဦးနဲ့ မ (၁၄,၉၁၂) ဦး ဖြစ်ပါတယ်။

“သံတောင်မြို့လေးရဲ့ အဓိကထွက်ကုန်တွေက ဘာတွေလဲ”

လဖက်၊ စပျစ်၊ စတော်ဘယ်ရီခင်းနဲ့ ကော်ဖီစိုက်ပျိုးရေးတွေ လုပ်ကိုင်ကြပြီး ကော်ဖီကြိတ်စက်နဲ့ လက်ဖက်ခြောက်စက်တွေလည်း လုပ်ကိုင်ကြပါတယ်။ ဒါ့အပြင် ဒေသဖြစ် စပျစ်ဝိုင်များလဲ ရောင်းပါသေးတယ်။



(မြန်မာ့စွယ်စုံကျမ်း အတွဲ (၁)၊ မြန်မာပြည်တစ်ခွင်လမ်းညွှန် (တင်နိုင်တိုး)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ရက် (၁ဝဝ) စီမံချက်၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာအုပ်တွေကနေ ကိုးကားပြီး နှင်းနုထွေး ရေးသားထားတာ ဖြစ်ပါတယ်)

Image

Gallery

Main

Sponsor

Co

Sponsor

Dress

Sponsor

Related

Articles

Image

 ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

Read More
Image

အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ(သို့) မြိတ်ကျွန်းစုဒေသ

‘The Land that time forget’ ‘အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ’ လို့ ကမ္ဘာက အမည်မှည့်ခဲ့တဲ့ မြိတ်ကျွန်းစုဒေသဟာ မြန်မာပြည်တောင်ဖက်အစွန်း အန်ဒမန်ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။

Read More
Image

သီပေါတည်ခဲ့ရာ ရွှေကျောင်းတော်သာ

မြန်မာသီချင်းကြီးတွေထဲက နာမည်ကြီး “ဝေဇယန်နှင့်နှုန်းငြား” ဆိုတဲ့ ကြိုးသီချင်းကလေးကို ကျောင်းတော်ကြီးကြိုးလို့ ခေါ်ကြပါတယ်။

Read More
Image

ဧရာဝတီနဲ့ ဒုဌဝတီတို့ ပေါင်းစုံစီးဆင်းရာ သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) တို့ဆုံရာမှာ တည်ရှိပါတယ်။

Read More
Image

နှစ်ထပ်သဘောင်္မြို့ကလေးရဲ့ အလှဝိဥာဏ်

ပြည်မြို့ဟာ ပင်လယ်တစ်ထပ်၊ တောင်တန်းတစ်ထပ်၊ စေတီတစ်ထပ်နဲ့ နှစ်ထပ်သင်္ဘောကြီးသွားနေသလိုပါပဲ။

Read More