ရှေးဟောင်း
ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့
တနင်္သာရီ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

မြိတ်မြို့ကနေ မိုင် ၅၀ လောက်အကွာမှာရှိတဲ့ တနသာင်္ရီမြို့ဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။ ထိုင်းလက်အောက်ကျရောက်ဖူးခဲ့တဲ့နယ်မြေတစ်ခုဖြစ်ပြီး ဘုရင့်နောင်မင်းလက်ထက်ရောက်မှ ပြန်ရခဲ့တဲ့ဒေသ ဖြစ်ပါတယ်။

လည်စရာတွေမပေါပေမယ့် ရေထွက်ကုန်ပစ္စည်းတွေပေါ့ပြီး သမိုင်းကြောင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့မြို့ တစ်မြို့ဖြစ်ပါတယ်။ 7Day TV ရဲ့ Authentic Travel အစီအစဉ်ကနေ ဒီည ၈ နာရီမှာ တင်ဆက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Authentic Travel အစီအစဉ်ကို 7DayOnlineTV နဲ့ 7DayTVAuthenticTravel တို့မှာ စောင့်မျှော်ကြည့်ရှုနိုင်မှာဖြစ်သလို Authentic-Travel Program မှာလည်း အရင့်အရင် တစ်ပတ်တွေက တင်ဆက်ထားတဲ့ ခရီးသွားနေရာဒေသတွေကို ပြည့်ပြည့်စုံစုံ ကြည့်လို့ ဖတ်လို့ ရမှာဖြစ်ပါတယ်။

Image
Image
Image
Image

Article's

Video

‘‘တနင်္သာရီဆီ ခရီးဆန့်မည်'’

မြိတ်မြို့လေးကိုအကြောင်းအမျိုးမျိုးကြောင့် ရောက်ခဲ့မယ်ဆိုရင်တော့ မဖြစ်မနေလုပ်ရမယ့် အပန်းဖြေရမယ့် နေရာလေးတွေကိုဒီတစ်ပတ်ရဲ့ Authentic Travel အစီအစဉ်ကနေခေါ်သွားပေးမယ်။ ဈေးလဲသက်သာသလိုကုန်ကျစရိတ်လည်း အလွန်နည်းပါတယ်။




မြိတ်မြို့ရဲ့ ဒီရေတောတွေထဲမှာကယက်လှေလေးသွားလှော်မယ်၊ ရာဇဝင်ကြီးတဲ့ တနင်္သာရီမြို့ဟောင်းကိုအလည်သွားမယ်၊ ပြီးရင် မဖြစ်မနေဒေသထွက်လက်ဆောင်တွေ ဝယ်သွားရမယ်ဆိုတော့ ငါးပိငါးခြောက်နာမည်ကြီးတဲ့ မြိတ်ဒေသထွက် ငါးခြောက်တွေ သွားဝယ်ကြမယ်။




ဒီရေတောတွေကတော့ မြိတ်ကိုရောက်ရင် နေရာတော်တော်များများမှာတွေ့ရမှာပါ။ ပင်လယ်ထဲ မြစ်ထဲမှာပေါက်တဲ့ တောအုပ်ကြီးတွေပါ။ ကြည့်လိုက်မယ်ဆိုရင်တော့ ကျွန်းတွေအလားလှလွန်းပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေထဲမှာသာတွေ့ရတတ်တဲ့ ဒီရေတောထဲမှာကယက်လှေ ကနူးလှေလေးတွေနဲ့လှေလှော်ထွက်ရတာလေးကတော့ အတော်လေးပျော်စရာကောင်းပါတယ်။ Green Neco Travel & Tour က ဒီ Activity ကို စအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ခရီးသွားတွေနှစ်သက်တဲ့ အစီအစဉ်လေးဖြစ်ပါတယ်။ 



သွားမယ်ဆိုရင်တော့ခရီးသွားဝန်ဆောင်မှုတစ်ခုနဲ့ချိတ်ပြီး မြိတ်သင်္ဘောဆိပ်ကနေစက်လှေနဲ့ ဒီရေတောတွေစီသွားရမှာပါ။ ကယက်လှေလေးတွေကို စက်လှေပေါ်တစ်ခါတည်းတင်ပြီးသွားရမှာဖြစ်ပါတယ်။ ၄၅ မိနစ်လောက် ပင်လယ်ပြင်ကိုဖြတ်ပြီးရင်တော့ မျက်စိတစ်ဆုံးမြင်နေရတဲ့ ဒီရေတောတွေစီရောက်ပါပြီ။ ရောက်တာနဲ့ ကယက်လှေလေးကို ချ စပြီးတော့ လှော်ခတ်လို့ရပါပြီ။ စိတ်ကြိုက်လှော်လို့ သဘောဝအလှတွေ ခံစားလို့ဝရင်တော့ တနင်္သာရီမြို့လေးစီခရီးဆက်ဖို့ မြိတ်ကိုပြန်ရမှာဖြစ်ပါတယ်။

‘‘ ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ'’

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

မြိတ်မြို့ကနေ မိုင်(၅၀)အကွာမှာတည်ရှိပါတယ်။ အရှေ့ဘက်မှာ တနင်္သာရီရိုးမ မောတာင်နယ်စပ်မြို့၊ အနာက်ဘက်မှာ မြိတ်မြို့၊ တောင်ဘက်မှာ ဘုတ်ပြင်းမြို့နဲ့ မြောက်ဘက်မှာ ထားဝယ်မြို့တို့နဲ့ ထိစပ်နေပါတယ်။

တနသာင်္ရီဟာ အေဒီ (၁၅) ရာစုအတွင်း အရှေ့တောင်အာရှဒေသမှာ မြန်မာနိုင်ငံရဲ့အရေးပါတဲ့ ကုန်သွယ်ရေးဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။

ရှေးဟောင်းကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့တစ်မြို့အဖြစ် မှန်နန်းရာဇဝင်၊ ရှေးဟောင်းတရုတ်မှတ်တမ်းတွေနဲ့ အနောက်ဥရောပမှတ်တမ်းတွေက အကြိမ်ကြိမ် မှတ်တမ်းတင်ခံတဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တာကြောင့် သွားရောက်လေ့လာ လည်ပတ်သင့်တဲ့ ရှေးဟောင်းမြို့တစ်မြို့အဖြစ် 7Day TV ရဲ့ Authetic Travel ကနေတင်ဆက်ပေးလိုက်ရပါတယ်။

“သမိုင်းထဲက တနင်္သာရီ”

တနင်္သာရီမြို့ကို ခရစ်နှစ် (၁၂၇၇) ခုနှစ်မှာ လင်းဇင်မင်းဆက် ကဧကဒယ်ရာဇာမင်းက စတင်တည်ခဲ့တာပါ။ နောက်ပိုင်း ပျက်စီးယိုယွင်းခဲ့ပြီး (၁၃၇၃) ခုနှစ်အရောက်မှာ ဘာဟိကရာဇာမင်းက အသစ်ထပ်တည်ခဲ့ပါတယ်။  ဧကဒယ်မင်းကနေ စရေတွက်ရင် (၅၃) ဆက်မြောက်မင်းဖြစ်တဲ့ ဗြစောစံမင်းလက်ထက် (၁၅၃၀) ပြည့်နှစ်မှာ ယိုးဒယားဘုရင့်သားတော် ဗြရာမသွန်တိသမင်း လာရောက်သိမ်းပိုက်ခဲ့ပြီး ဘုရင့်နောင်မင်းလက်ထက်ရောက်မှ မြန်မာမင်းပိုင်နက် နယ်မြေအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

ယိုးဒယားတွေက တနင်္သာရီမြို့ကို ကနောင်စည်မြို့လို့ ခေါ်ကြပါတယ်။ အလာင်းမင်းတရားလက်ထက်မှာ တနင်္သာရီမြို့ဝန်အဖြစ် မင်းလှရွှေတောင်ကို ခန့်အပ်ခဲ့ပြီး ဘိုးတော်ဘုရားလက်ထက်မှာတော့ ဗလကျော်ထင်ဟာ မြို့တော်ဝန်ဖြစ်လာပါတယ်။ (၁၈၂၆) ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာတော့ တနင်္သာရီမြို့ဟာ ဗြိတိသျှလက်အောက် ကျရောက်ခဲ့ပါတယ်။

“ခရင်းသေအရပ်မှာ အသက်တစ်ချောင်း အဆုံးရှုံးခံ ရင်းနှီးပြီးမှ အောင်မြင်ခဲ့ဘို့ တရင်းသေမြို့လို့ ခေါ်တွင်ရာက ကာလရွေ့လျားလာပြီး တနင်္သာရီမြို့ဖြစ်လာတယ်လို့ ဆိုပါတယ် ”

“တနင်္သာရီအမည် ခေါ်တွင်လာပုံ”

ယောနကတိုင်း သာဂရပြည် ခမာမင်းဆက် ကျမိုင်းမင်းကြီးရဲ့သားတော်နှစ်ကျိပ်ဟာ အရွယ်ရောက်လာတဲ့အ ခါမှာ မြို့သစ်ရွာသစ်ထူထောင်ဖို့ နေပြည်တော်ကနေထွက်ခွါခဲ့လာကြပြီး သက္ကရာဇ်(၁၁၇)ခုနှစ်၊ ကော့ဘိန်းအ ရပ်မှာရမ္မာပူရနဲ့  ရမ္မာဝတီနှစ်မည်ရမြို့ကိုတည်ခဲ့ပါတယ်။

သက္ကရာဇ် ( ၁၄၅ ) ခုနှစ်မှာ ကြက္ကလင်းမြို့ကိုတည်ပြီးသက္ကရာဇ် ( ၂၆၃ )ခုနှစ်မှာတော့ ထောင့်ကွာမြို့ (နောင်မှာထောင့်ကွယ်မြို့ဖြစ် လာသည်) တည်ခဲ့ပါတယ်။ သက္ကရာဇ် ( ၄၃၈ )ခုနှစ်မှာ ဗြစက္ကပိတ်မင်း ဟာထောင့်ကွာမြို့ကနှေပြောင်းပြီး တနင်္သာရီမြစ်ကိုဆန်တက် သိန္ဓောရွာအထက် မှော်စွန်းကြီး မြို့ကိုတည်ခဲ့ပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ သက္ကရာဇ်( ၅၁၄ ) ခုနှစ်မှာ အောင်သာဝရမြို့ကိုတည်ပြန်တယ်။  ဗြစက္ကပိတ်မင်းနတ်ရွာစံပြီးသားတော်ပရမရာဇာမင်းကဆက်လက်စိုးစံပြန်တယ်။

သက္ကရာဇ်( ၆၃၀ )မှာကျမိုင်းမင်းဆက် ကုန်ဆုံးလေတယ်။ အဲ့ဒီအချိန်မှာ သမီးတော်တစ်ပါးသာကျန်ပြီး အရုဇ္ဇယတိုင်းသာဂရပြည်ရှင် လင်းဇင်းမင်းကြီးရဲ့ သားတော်အလတ်နဲ့ထိမ်းမြားပြီးအောင်သာဝရမှာ ခေတ္တထီးနန်းစိုက်ပါတယ်။ သက္ကရာဇ် ( ၆၃၅ )ခုနှစ်မှာတော့ ခရင်းသေအရပ်မှာ မြို့သစ်ထူထောင်ပြီး ခရင်းသေအရပ်မှာ မြစ်ရေလွှမ်းမိုးလို့  သုံးနှစ်တိုင်တိုင် မြို့တည်လို့ မအောင်မြင်ဘဲရှိခဲ့ပါတယ်။ ကိန်းခမ်းတဘောင်အရမအောင်သာအမည်ရှိတဲ့ မိန်းမကိုစတေးပြီးကျောက်တိုင်စိုက်ထူရာက မြို့တည်လို့ အောင်မြင်ခဲ့ ပါတယ်။ ခရင်းသေအရပ်မှာအသက်တစ်ချောင်းအဆုံးရှုံးခံရင်းနှီးပြီးမှ အောင်မြင်ခဲ့ဘို့ တရင်း သေမြို့လို့ ခေါ်တွင်ရာကကာလရွေ့လျားလာပြီးတနင်္သာရီမြို့ဖြစ်လာတယ်လို့ ဆိုပါတယ်။

“တနင်္သာရီမြို့ဟောင်းရဲ့ တည်နေရာ”

တနင်္သာရီမြို့ဟောင်းကိုအရှေ့ဘက်မှာ မြဝတ်ဆင်တောင်တန်း၊ အနောက်ဘက်နဲ့  မြောက်ဘက်မှာ မရင်းကြီးတောင်တန်း၊ တောင်ဘက်မှာလုံးခရမ်းတောင်၊ ကြယ်ချွေတောင်တန်း၊ ရေတွင်းတောင် တန်းတို့ ဝန်းရံထားတဲ့ လွင်ပြင်ကျယ်နေရာမှာ တည်ထားပါတယ်။  အုတ်မြို့ရိုးကြီးတွေ အခိုင်အမာကျန်ရှိနေသေးတဲ့ တနင်္သာရီမြို့ဟောင်းရဲ့ အတွင်းဘက်မှာ ချောင်းကြီးရပ်ကွက်နဲ့  ချောင်းငယ်ရပ်ကွက်ရှိပါတယ်။

“ဖူးမြော်နိုင်တဲ့ တန်ခိုးကြီးဘုရားတွေနဲ့ ရှင်ကိုးရှင်”

တနင်္သာရီမြို့မှာဆိုရင် ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးတွေ၊ အများအပြားရှိပါတယ်။ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာမှာရှိတဲ့ ကျောက်တောင်ဘုရားမှာဆိုရင် ကျောက်လိုဏ်ဂူအတွင်းမှာ ရှေးခေတ်လက်ရာဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကိုတစ်စုတစ်စည်းတည်းဖူးမြော်နိုင်ပါတယ်။ နောက်ထင်ရှားတဲ့ဘုရားတစ်ဆူကတော့ တနင်္သာရီမြို့ကနေ ၅ မိုင်လောက်ကွာဝေးတဲ့ လယ်တောင်ရွာရွာနား ကခြေတော်ရာတောင်ထိပ်ပေါ်မှာတည်ရှိတဲ့ ဗုဒ္ဓခြေတော်ရာဘုရားပဲ ဖြစ်ပါတယ်။ ခြေတော်ရာတောင်ဟာတနင်္သာရီမြို့နယ်မှာ အမြင့်ဆုံးတောင်ဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရားရဲ့ ညာဘက်ခြေတော်ရာကို အဲ့ဒီတောင်ရဲ့ကျောက်တုံးကြီးမှာဖူးမြော်နိုင်ပါတယ်။ ဗုဒ္ဓခြေတော်ရာဘုရားရဲ့  ဘယ်ဘက်ခြေတော်ရာကိုတော့ ပုလောမြို့နားမှာရှိတဲ့  ပလစက်တော်ရာဘုရားမှာဖူးတွေ့နိုင်ပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ (ရှင်ကိုးရှင်ဘုရား)ဟာဆိုရင်ဖြင့် သွားရောက်ဖူးမြော်သင့်တဲ့ ရှေးဟောင်းစေတီပုထိုးတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီရှင်ကိုးရှင်စေတီပုထိုးတွေကတော့ ၁။ ရှင်တောင့်ပုံ (တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့) ၊ ၂။ ရှင်မျှော် (တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာ)၊ ၃။ ရှင်မုတ္ထီး (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာ) ၊ ၄။ ရှင်ပင်ခရု (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်) ၊ ၅။ ရှင်ဥသြ (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ ဘုရားကြီးဝင်းအတွင်း) ၊ ၆။ ရှင်တောက်ထိန် (တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရွာ) ၊ ၇။ ရှင်ဇလွန် (တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းရွာ) ၊ ၈။ ရှင်ဆံတော် (တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်ရွာ) ၊ ၉။ ရှင်ဓါတ်ဝဲ (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ) တို့ပဲ ဖြစ်ပါတယ်။

“စိုက်ပျိုးရေးလုပ်ငန်းမှာ ဘာတွေအဓိကစိုက်လဲ”

တနင်္သာရီမြို့မှာဆိုရင် ကွမ်း၊ သီဟိုဠ်၊ ရာဘာ၊ ဆီးအုန်းစတဲ့နှစ်ရှည်ပင်တွေကိုစိုက်ပျိုးကြသလိုဒူးရင်း၊ နာနတ်၊ သရက်၊ ကြက်မောက်၊ ကျွဲကော၊ ပိန္ဒဲ၊ စတဲ့သီးပင်စားပင်တွေကိုလဲစိုက်ပျိုးကြပါတယ်။

“တနင်္သာရီမြို့မှာရှိတဲ့ လူဦးရေ”

တနင်္သာရီမြို့မှာရှိတဲ့ လူဦးရေတွေကတော့ ကျား(၅၄,၈၁၇) ၊ မ(၅၂,၀၃၆) ၊ စုစုပေါင်းလူဦးရေ( ၁၀၆,၈၅၃) ရှိပါတယ်။



(မြန်မာ့စွယ်စုံကျမ်းအတွဲ(၄)အပိုင်း-ခ ၊  မြန်မာပြည်ပင်လယ်အဏ္ဏ၀ါအခြေခံခရီးသွားလုပ်ငန်း (တင်သန်းယု) ၊ တနင်္သာရီတိုင်း မြိတ်ရာဇဝင်တော်ကြီး (ပဌမတွဲ) ၊ မြန်မာပြည်ရှိရှေးဟောင်းဘုရားစေတီပုထိုးများ (ဒု-တွဲ) ၊  (၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတို့ကနေ ကိုးကားပြီး နှင်းနုထွေးရေးသားထားတာဖြစ်ပါတယ်။)

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

ပတ္တမြားမြေသို့ အလည်တစ်ခေါက်

မိုးကုတ်လို့ ပြောလိုက်ရင်ပဲ အနီရောင်တောက်တောက် ပတ္တမြားတွေကို ပြေးမြင်မိကြတယ်ဟုတ်။

Read More
Image

‘‘ဥသြအော်သည် ’’ထားဝယ်တည်

‘‘ဥသြအော်သည်’’ ဆိုတဲ့ နံသင့်အက္ခရာ အမှတ်သင်္ကေတအရ ထားဝယ်မြို့ကို မြန်မာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပေါင်းလဆန်း (၁၃) ရက်နေ့ (ခရစ်နှစ် ၁၇၅၄) ခုနှစ်မှာ တည်ခဲ့တဲ့ အဆိုလေးပါ။

Read More
Image

အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ(သို့) မြိတ်ကျွန်းစုဒေသ

‘The Land that time forget’ ‘အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ’ လို့ ကမ္ဘာက အမည်မှည့်ခဲ့တဲ့ မြိတ်ကျွန်းစုဒေသဟာ မြန်မာပြည်တောင်ဖက်အစွန်း အန်ဒမန်ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။

Read More
Image

သီပေါတည်ခဲ့ရာ ရွှေကျောင်းတော်သာ

မြန်မာသီချင်းကြီးတွေထဲက နာမည်ကြီး “ဝေဇယန်နှင့်နှုန်းငြား” ဆိုတဲ့ ကြိုးသီချင်းကလေးကို ကျောင်းတော်ကြီးကြိုးလို့ ခေါ်ကြပါတယ်။

Read More
Image

တိမ်တွေနေတဲ့ အရပ်ဆီကို

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ ရှိပါတယ်။

Read More
Image

ဧရာဝတီနဲ့ ဒုဌဝတီတို့ ပေါင်းစုံစီးဆင်းရာ သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) တို့ဆုံရာမှာ တည်ရှိပါတယ်။

Read More