အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ
(သို့)
မြိတ်ကျွန်းစုဒေသ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

မြိတ်ကျွန်းစုတွေဆီ ခရီးသွားဖို့ စဉ်းစားလိုက်တိုင်း အရမ်းလှလို့ သွားချင်ပေမယ့် ဝေးတာရယ် ဈေးကြီးလွန်းတယ် ဆိုတာရယ်နဲ့ပဲ နောက်ဆုတ်သွားတတ်ကြပါတယ်။

ကျွန်းပေါင်း ၈၀၀ ကျော်ရှိတဲ့ မြိတ်ကျွန်းစုကြီးကိုတော့ ကော့သောင်းဒေသနဲ့ မြိတ်ဒေသဆိုပြီးတော့ ခွဲခြား ထားပါတယ်။ ကော့သောင်းဒေသကတော့ နယ်စပ်မြို့ဖြစ်သလို ကြယ် ၅ ပွင့်ဟိုတယ်တွေပဲ အများ စုရှိတာကြောင့် ပြည်တွင်းခရီးသွားတွေသွားလည်ဖို့ရာ မလွယ်ကူပါဘူး။

ဒါပေမယ့်လည်း မြိတ်ဘက်မှာရှိနေတဲ့ မြိတ်ကျွန်းစုတွေကလည်းအတော်လေးလှလို့ စားရိတ်မကြီးလွန်းတဲ့ မြိတ်ဘက်မှာပဲလည်လို့ပါတယ်။ အပန်းဖြေလို့ကောင်းတဲ့ နေရာဒေသတစ်ခုဖြစ်သလိုဈေးလည်းအတော်အ သင့်ပဲဖြစ်နေပြီး ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့မြို့ပါ။ မြိတ်မှာ လည်ပတ်လို့ရတဲ့ကျွန်း ၁၀ ကျွန်းလောက်ရှိ ပါတယ်။

Image
Image
Image
Image

‘‘ဘယ်လိုသွားရမလဲ'’

မြိတ်မြို့ကိုတော့ ကားနဲ့ပဲသွားသွားလေယာဉ်နဲ့ပဲသွားသွားကြိုက်တာနဲ့သွားလို့ရပါတယ်။ ဒါပေမယ့် ကားနဲ့ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၁၃ နာရီလောက်စီးရမှာပါ။ လေယာဉ်နဲ့ဆိုရင်တော့ အများဆုံး ၁ နာရီပါပဲ။ အချိန်သိပ်မပေးနိုင်ဘူးဆိုရင်တော့ လေယာဉ်နဲ့သွားရင် အဆင်ပိုပြေမှာပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လမ်းခရီးသွားချင်တယ်ဆိုရင်တော့ ကားလေးနဲ့သွားတာကောင်းပါတယ်။

လေယာဉ်ခကတော့ မြိတ်အထိကိုအသွားအပြန် ၁သိန်းခွဲ လောက်ကျမှာပါ။ ကားနဲ့ဆိုရင်တော့ ၂သောင်းခွဲ လောက်ပဲပေးရမှာပါ။ လေယာဉ်နဲ့ဆိုရင်တော့ မြန်မြန်ရောက်မယ် ကုန်ကျစရိတ်များမယ်။ ကားနဲ့ဆိုရင်တော့ အချိန်ယူရမယ် ဈေးသက်သာမယ် ပင်ပန်းမယ်။ ကြိုက်တာရွေးပြီးသွားလို့ရပါတယ်။ ဈေးကတော့ အသင့်အတင့်ပါပဲ။ ငပလီသွားသလောက်ပဲပေါ့။

‘‘မြိတ်ရောက်ရင်'’

လေယာဉ်နဲ့ပဲလာလာ ကားနဲ့ပဲလာလာ မြိတ်ရောက်ပြီဆိုရင် နေစရာတွေကဘယ်လိုရှိမလဲ ဈေးတွေကလည်း ဘယ်လိုရှိမယ်ဆိုတာ ကြိုစုံစမ်းထားရတော့မှာပါ။ ဟိုတယ်တွေကတော့ အမျိုးမျိုးအစားစားရှိပါတယ်။ ဈေးလည်း အမျိုးမျိုးအစားစားပါပဲ။ ကိုယ်ကကျွန်းတွေလည်ဖို့အဓိက လည်ဖို့စားဖို့ပဲ တည်းဖို့သိပ်မကုန်ချင်ဘူးဆိုရင်လည်း ဈေးသက်သက်သာသာမှာနဲ့ တည်းနိုင်တဲ့နေရာတွေရှိပါတယ်။ နှစ်ယောက်ခန်းတစ်ခန်းကို ၂သောင်းခွဲဝန်း ကျင် လောက်တော့ကျမှာပါ။ ဟိုတယ်တွေလည်းပေါပါတယ်။

‘‘ဘယ်ကျွန်းတွေ သွားလည်လို့ရလဲ'’

မြိတ်မှာတော့ လည်ပတ်လို့ရတဲ့ကျွန်း ၁၀ ကျွန်းလောက်ရှိတယ်ဆိုတော့ လူသွားများတဲ့ ကျွန်းတွေက ဒုံးကျွန်း၊ ဒုံးရေတံခွန် (ပင်လယ်ထဲကို တိုက်ရိုက်စီးကျတဲ့ ရေတံခွ၊ အရမ်းလှတယ်)၊ နှစ်ဖက်လှကျွန်း၊ နတ်သမီးရေတွင်းကျွန်း၊ သမီးလှကျွန်း၊ လေးကျွန်း(ကမ်းခြေအရမ်းလှ၊ ရေအရမ်းကြည်တဲ့ကျွန်း) ၊ ပါပန့်ကျွန်းခေါ် smart ကျွန်း (ကျောက်ခဲသေးသေးလေးတွေနဲ့ အရမ်းလှတဲ့ကျွန်း) တွေပါ။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးငှက်သိုက်ကျွန်းနဲ့ ပုလဲကျွန်း (မုတ်ကောင်မွေးတဲ့နေရာ) တွေကိုလဲ သွားလို့ရပါသေးတယ်။

‘‘ကျွန်းတွေဆီ ဘယ်လိုသွားရမလဲ'’

မြိတ်လဲရောက်ပြီ နေရာထိုင်ခင်းလဲ ရပြီဆိုရင်တော့ လည်ဖို့ပတ်ဖို့ စီစဉ်ရတော့မယ်။ မြိတ်ကို မလာခင်ထဲက ဒေသခရီးသွားလုပ်ငန်းတွေနဲ့ချိတ်ပြီး စီစဉ်ထားမယ်ဆိုရင် ဘယ်နေ့ဘယ်ကိုသွားမလဲဆိုတာ မှန်းလို့ရပါတယ်။ Speedboat နဲ့ သွားရတာဆိုတော့ တစ်နေ့ကို ကျွန်းသုံးခု ပို့ပေးလေ့ရှိတယ်။

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအတွက် ကျွန်း (၃) ကျွန်း မနက်စာ၊ နေ့လည်စာအပါကိုမှ ၇၀၀၀၀ ကျပ် ဝန်းကျင်ပဲ ကျသင့်မှာပါ။ ကျွန်းတွေမရောက်ခင် Speedboat စီးနေရတာနဲ့တင် လှလိုက်တဲ့ ရှုခင်းတွေ ကျွန်းတွေ တမျှော်ကြီးပါ။ Speedboat စီးနေတဲ့အချိန်တော့ Life Jacket ဝတ်ထားဖို့ လိုမယ်နော်။

ခရီးစဉ်သုံးကြောင်း တစ်ရက်စာအတွက်ဆိုရင် ကျွန်းသုံးကျွန်းလည်း လိုက်ပို့ပေးမယ်၊ Breakfast ပါမယ်၊ Lunch ပါမယ်၊ Snorkeling လုပ်ဖို့ ပစ္စည်းတွေပါမယ်။ ဒါတွေအတွက်တော့ အခငွေ ထပ်ပေးစရာ မလိုတော့ပါဘူး။

‘‘လေးကျွန်း၊ လေးကျွန်းကမ်းခြေ'’

မြိတ်မြို့ကမ်းနားကနေ မနက်၈ နာရီထွက် ၁နာရီလောက် Speedboat စီးပြီးရင်တော့ လေးကျွန်းကိုရောက်ပါပြီ။ ကျွန်းလေးကျွန်း တစ်ဆက်တည်းရှိနေလို့ လေးကျွန်းလို့ခေါ်တဲ့ ဒီကျွန်းမှာတော့ အရမ်းလှပြီး ရေအရမ်းကြည် သဲလည်းဖြူတဲ့ ကမ်းခြေရှိသလို၊ Snorkeling လုပ်ဖို့ စိတ်ဝင်စားရင် လုပ်လို့ရပါသေးတယ်။

ပင်လယ်ဖက် မျက်နှာမူလိုက်ရင် မျက်စိတစ်ဆုံး ပင်လယ်ပြင်မှာ ပန်းချီချယ်ထားသလို ငါးဖမ်းလှေလေးတွေနဲ့ လှချင်တိုင်းလှနေတဲ့ ကမ်းခြေပါ။

ပင်လယ်ထဲရောက်ပြီဆိုရင်တော့ ပင်လယ်စာတွေ တဝစားပြီး ပြန်ဖို့က ဒုတိယဦးစားပေးပါပဲ။ လေးကျွန်းမှာတော့ အလှအပတွေ ခံစားမယ် ငါးဖမ်းလှေတွေကနေ လတ်လတ်ဆတ်ဆတ်ရလာတဲ့ ဂဏန်း၊ ကျောက်ပုစွန်၊ ကင်းမွန် နဲ့ ဒေသစာနေ့လည်စာကို တစ်ဝကြီး စားရမှာဖြစ်ပါတယ်။ လေးကျွန်းကနေ နေ့လည်စာထမင်း အဝစားပြီးရင်တော့ ၁ နာရီဝန်းကျင်လောက်မှာ သမီးလှကျွန်းကို သွားပါတော့မယ်။

‘‘သမီးလှကျွန်း'’

လေးကျွန်းကနေ ၄၅ မိနစ်လောက် Speedboat စီးပြီးရောက်တဲ့ သမီးလှကျွန်းကတော့ Snorkeling လုပ်လို့ကောင်းလှတဲ့ နေရာပါ။ Snorkeling လုပ်ရင်တော့ ရေမကူးတတ်ဘူးဆိုရင် အသက်ကယ်အကျီင်္ဝတ်ပြီး ရေအောက်ငါးလေးတွေ၊ သန္တာကျောက်တန်းတွေကို ကြည့်မြင်ခံစားနိုင်မှာပါ။

ကြည်လွန်းတဲ့ရေကြောင့် ၁၀ ပေလောက်နက်တဲ့ ရေအောက်ကမ္ဘာကို မြင်နေရလို့ ရေပြင်ကို မြင်လိုက်တာနဲ့တင် မဆင်းရမနေနိုင်အောင်ပါပဲ။

Speedboat ပေါ်ကနေ Diving လုပ်မလား အရမ်းပျော်ဖို့ကောင်းပါတယ်။ ရှုခင်းပဲကြည့်မလား Speedboat ကနေပဲ သမီးလှကျွန်းရဲ့အလှကို ခံစားနိုင်ပါသေးတယ်။ သမီးလှကျွန်းပေါ် တက်ချင်ရင်လည်း အချိန်မီမယ်ဆိုရင်တော့ Speedboat မှာပါလာတဲ့ Guide က လိုက်ပို့ဦးမှာပါ။ လေးကျွန်းလို ကမ်းခြေသိပ်မလှ သိပ်မကျယ်ပေမယ့် အပန်းပြေစေမယ့် နေရာပါပဲ။

‘‘ငှက်သိုက်ကျွန်း'’

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်းမှ ကျွန်းပေါင်း ၈၀၀ ကျော်ရှိတဲ့အထဲမှာ ငှက်သိုက်ကျွန်း ၃၂ ကျွန်း ရှိပါတယ်။ သမီးလှကျွန်းကနေ မိနစ် ၃၀ လောက် Speedboat စီးပြီးရင်ရောက်တဲ့ ငှက်သိုက်ကျွန်းက တကယ်ကို လှပလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ကျွန်းပါ။ အချွန်အတက်တွေနဲ့ နန်းတော်ကြီးတွေသဖွယ် ဖြစ်နေ တဲ့ ဒီကျွန်းစုကိုတော့ တက်ကြည့်လို့ မရပါဘူး။ ဒီကျွန်းနံရံတွေမှာ ငှက်သိုက်ခူးဖို့ အစောင့်တွေ၊ လုပ်သားတွေက နံရံကိုကပ်ပြီး တဲအိမ်လေးတွေ ဆောက်နေကြတာပါ။ ဒီကျွန်းရောက်ပြီဆိုရင်တော့ Speedboat ပေါ်ကနေ စိမ်းပြာရောင်သမ်းနေတဲ့ ပင်လယ်ပြင်ကြီးရယ် ကျောက်နန်းတော်ကြီးရယ်ကို ဓာတ်ပုံရိုက်ပြီး ရှုမငြီးနိုင်ပါဘူး။

ဒီမှာနေထိုင်တဲ့ ငှက်တွေအများစုကတော့ ပျံလွှားမျိုးစိတ်မှာပါဝင်တဲ့ငှက်တစ်မျိုးပါ။ ထူးခြားတာကတော့ ဒီငှက်တွေက တခြားငှက်တွေလို သူတို့ရဲ့ အသိုက်ကို သစ်ကိုင်းတွေ သစ်ရွက်တွေနဲ့ ဆောက်တာမဟုတ်ပဲ သူတို့ရဲ့ လျှာအောက် အာခေါင်အတွင်းကနေ အဖြူရောင်အစေး အရည်ကို အန်ထုတ်ပြီး အသိုက်လုပ်တာ ဖြစ်ပါတယ်။

ဒီငှက်သိုက်တွေက ကမ္ဘာပေါ်မှာ ဈေးအမြင့်ဆုံးအဖြစ် ရပ်တည်နေတာဖြစ်ပြီး စီးပွားဖြစ်အနေနဲ့ လုပ်ကိုင်ကြတာပါ။ မြိတ်ကိုရောက်ရင်တော့ သဘာဝငှက်သိုက်အိမ်ကို သွားလေ့လာလို့လည်း ရပါသေးတယ်။ ထူးခြားတာက အိမ်တွေမှာ အဲဒီငှက်တွေက အသိုက်တွေ လာဆောက်ထားတာကြောင့်ပါ။ ဒီအိမ်မှာပဲ ငှက်သိုက်တွေကို အနီးကပ်လေ့လာလို့ ရပါသေးတယ်။ ဒီငှက်သိုက်တွေက တစ်ပိသာကို နှစ်သိန်းခွဲကျော်ထိ ဈေးပေါက်တယ်လို့လည်း သိရပါတယ်။

ဒီတစ်ပတ် Authentic Travel ပရိတ်သတ်ကြီးလည်း မြိတ်ကျွန်းစုတွေဆီ ယဉ်ထားတဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းရင်း တင်ဆက်လိုက်ရပါတယ်။

Article's

Video

‘‘အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ(သို့) မြိတ်ကျွန်းစုဒေသ'’

‘The Land that time forget’ ‘အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ’ လို့ ကမ္ဘာက အမည်မှည့်ခဲ့တဲ့ မြိတ်ကျွန်းစုဒေသဟာ မြန်မာပြည်တောင်ဖက်အစွန်း အန်ဒမန်ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။

ရန်ကုန်မြို့ရဲ့ အရှေ့တောင်ဖက် ရေမိုင် (၃၅၀) အကွာမှာ တည်ရှိပါတယ်။ ကော့သောင်းမြို့ကနေ မိုင်(၁၁၀) သာကွာဝေးတဲ့ မြိတ်မြို့ဟာဆိုရင် တနင်္သာရီမြစ်နဲ့ ကျောက်ဖြာမြစ်တို့အကြားမှာရှိတဲ့ ကျွန်းဆွယ်အငူထိပ်ပေါ်မှာ တည်ရှိပါတယ်။ မြိတ်မြို့အနောက်ဘက် ပင်လယ်အတွင်းမှာ တည်ရှိတဲ့ ကတန်ကျွန်းဟာဆိုရင် မြိတ်မြို့ရဲ့ သင်္ကေတပဲဖြစ်ပါတယ်။

သဘာဝအခြေခံ ရေမြေတောတောင် အလှမျိုးစုံကို ပိုင်ဆိုင်ထားတဲ့ မြိတ်ကျွန်းစုဟာဆိုရင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်းမှာ တည်ရှိပြီး ကျွန်းပေါင်း (၈ဝဝ) ခန့်ရှိပါတယ်။ မစ္စတာ H.L Chhibber ပြုစုတဲ့ Geography of South Tenasserim and mergui archipelago မှာတော့ မြိတ်ကျွန်းစုပေါင်း (၉၀၀) ကျော်ရှိတယ်လို့ အကြမ်းအားဖြင့် ဖော်ပြထားပါတယ်။ ဒီလိုကျွန်းပေါင်းများစွာ ပိုင်ဆိုင်ထားပြီး သဘာဝအလှတွေနဲ့ သာယာလှတဲ့ မြိတ်ကျွန်းစုတွေအကြောင်းကို 7Day TV ရဲ့ Authetic Travel က ဖော်ပြပေးချင်ပါတယ်။

‘‘မြိတ်ကျွန်းစုမှာရှိတဲ့ လေ့လာချင်စရာ ကျွန်းစုတွေ'’

မြိတ်ကျွန်းစုမှာရှိတဲ့ အကြီးဆုံးကျွန်းကတော့ ကတန်ကျွန်းဖြစ်ပြီး မြိတ်မြို့ရဲ့ အနောက်ဖက် (၁၀) မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ အလျား (၂၃) မိုင်၊ အနံ(၁၁) မိုင်ရှိပြီး ပျှမ်းမျှစတုရန်းမိုင် (၁၇၀) ခန့်ကျယ်ဝန်းကာ ကျွန်းပေါင်း (၈၀၄)ကျွန်းရှိပါတယ်။ ဒုတိယအကြီးဆုံးကတော့ ကက်သရင်းကျွန်းပဲဖြစ်ပါတယ်။

အခြား သွားရောက်လည်ပတ်နိုင်တဲ့ ကျွန်းစုတွေကတော့ အောက်ကျွန်းနီကျွန်း၊ မြောက်တော်ဝင်ကျွန်း၊ ၁၁၅ ကျွန်း၊ ကျွန်းဖီလာကျွန်း၊ ရွှေကျွန်း၊ အန်ဒမန်ပုလဲကျွန်း၊ လန်ပိကျွန်း၊ ကိုဖော့ကျွန်း၊ ဝအလယ်ကျွန်း၊ လှိုဏ်ဂူကျွန်း၊ နာနတ်သီးကျွန်း၊ ညောင်ဝီးကျွန်း၊ တောင်လပို့ကျွန်း၊ ၂၅၄ ကျွန်း၊ ၂၅၆ ကျွန်း၊ ၆ဝ ကျွန်း၊ ကူဘိုကျွန်း၊ တာယာကျွန်း၊ ငါးမန်းကျွန်း၊ မျောက်နီကျွန်း၊ သရဲကျွန်း၊ မားကွီးကျွန်း၊ ဒူးယားကျွန်း၊ မာဘယ်လ်ကျွန်း၊ ဆလပ်ဂလက်ကျွန်း၊ ခရင်းခွကျွန်း၊ ငခင်ညှိကြီးကျွန်း၊ ဘိုချိုကျွန်း၊ ပလောပလိုင်းကျွန်း၊ ခိုကျွန်းများ၊ မပူတေးကျွန်း၊ ၀ါးကျွန်း၊ စေတန်ကျွန်း၊ ပြင်စဘုကျွန်း၊ Auriol Island၊ Bentinck Kyun၊ ခရစ္စတီးကျွန်း၊ ဒေါင်းကျွန်း၊ ကွမ်းသီးကျွန်း ၊ KanmawKyun ၊ လမင်းကျွန်း၊ ၀ါးအေးကျွန်း၊ လက်စွပ်အော်ကျွန်း၊ မလိကျွန်း၊ ငွေကျွန်း၊ Sabi Island၊ စခန်းသစ်ကျွန်း၊ တနင်္သာရီကျွန်း၊ သူဌေးကျွန်း၊ သံကျွန်း၊ သရောသဟန်ကျွန်း၊ Zadetkyi (Saint Matthew’s Island)တို့ပဲ ဖြစ်ပါတယ်။

“ရေပေါ်ရေအောက်ကျတ်စားနေထိုင်ကြတဲ့ သတ္တ၀ါတွေကဘာတွေလဲ”

မြိတ်ကျွန်းစုတစ်ဝိုက်မှာ ရေပေါ်ရေအောက် ကျတ်စားနေထိုင်ကြတဲ့ သတ္တ၀ါတွေကတော့ ပင်လယ်ငါး၊ ရေငံပုဇွန်၊ ဝေလငါးမန်း၊ ဝေလငါးကြီး၊ ငါးရှဥ့်၊ ငါးမန်း၊ ဂဏန်း၊ ရေခူ၊ လင်းပိုင်၊ ငါးလိပ်ကျောက်၊ ပင်လယ်မှိုကောင်၊ ငါးလိပ်စွန်၊ ပင်လယ်လိပ်၊ သံပချုပ်၊ ပင်လယ်ဖြူကောင်၊ ဖြူ၊ ငါးကြီးအန်ဖက်၊ ပင်လယ်မျှော့၊ သဲပလုပ်၊ ပင်လယ်ကမာကောင်၊ ပင်လယ်ခုံး၊ ကနုကမာ၊ ပုလဲ၊ ခရု၊ ပ၀ဲ၊ ကင်းမွမ်ဘ၀ဲ၊ ရေလက်ဝါးကောင်၊ ခရင်းကောင်၊ ရေနဂါးကောင်၊ မြွေများ၊ ပင်လယ်ဖျံ၊ ဖွတ်၊ ကြံ့၊ ပင်လယ်ပျော်မျောက်နွယ်၊ ၀က်မြောက်၊ ဆလုံခွေးတို့ပဲ ဖြစ်ပါတယ်။

“မြိတ်ဒေသဟာဆိုရင် ခုနှစ်ရာစုခန့်က ပေါ်တူဂီ၊ တရုတ်၊ အာရပ်နှင့် မဟာမေဒင်ကုန်သည်တို့ ကုန်စည် ကူးသန်းပို့ဆောင် ရောင်းဝယ်ရေး အခြေချရာ ဗဟိုအရပ်တစ်ခု ဖြစ်ခဲ့ပါတယ် ”

“မြိတ်ကျွန်းစုပင်လယ်အဏ္ဏ၀ါကြီး ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေ”

မြိတ်ပင်လယ်ဝန်းကျင်မှာ ခြိမ်းခြောက်ခံနေရတဲ့ အန္တရာယ်တွေကတော့ အဲ့ဒီဒေသတစ်ဝိုက်မှာနေတဲ့ ဒေသခံတွေ တစ်နိုင်တစ်ပိုင် ငါးဖမ်းခြင်းတွေနဲ့ နိုင်ငံတကာ ရေပိုင်နက်ကိုကျော်ပြီး ဂိုဏ်းအဖွဲ့အစည်းကြီးတွေနဲ့ ချိတ်ဆက်ငါးခိုးဖမ်းခြင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံပိုင်တန်ဖိုးကြီးလှတဲ့ ပင်လယ်အဏ္ဏ၀ါကြီး မပျက်စီးစေဖို့အတွက် အရေးယူမှုတွေ၊ ကာကွယ်မှုတွေ စတဲ့ ကြိုးပမ်းချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထိရောက်စွာ အကောင်အထည်ဖော်နေပါပြီ။ ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတွေမှာ ငါးမန်းတွေ မျိုးတုန်းပျောက်ကွယ် မသွားစေဖို့အတွက် မွေးမြူရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနကနေပြီးတော့ ငါးမန်းဖမ်းဆီးခွင့်၊ ငါးမန်းနှင့် ငါးမန်းထွက်ပစ္စည်းတွေ ၀ယ်ယူစုဆောင်းခွင့်၊ ရောင်းချခွင့်နဲ့ သယ်ဆောင်ခွင့်တွေကို (၂၀၀၄) ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။

“သမိုင်းထဲက မြိတ်ဒေသ”

မြိတ်ဒေသဟာဆိုရင် ခုနှစ်ရာစုခန့်က ပေါ်တူဂီ၊ တရုတ်၊ အာရပ်နှင့် မဟာမေဒင်ကုန်သည်တို့ ကုန်စည်ကူးသန်း ပို့ဆောင်ရောင်းဝယ်ရေး အခြေချရာ ဗဟိုအရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ မြိတ်မြို့ကို ခရစ်နှစ် (၁၇၃၁) ခုနှစ်မှာ ယိုးဒယားတွေက စတင်တည်ခဲ့တာပါ။

‘မာရိတ်’ လို့ အမည်ပေးထားပြီး မြန်မာလို (မြင်းချည်တိုင်) လို့ အဓိပ္ပါယ်ရပါတယ်။ မင်းဆက်ပေါင်း (၁၃) ဆက် အုပ်စိုးစဉ်ကာလမှာ မြန်မာတွေပိုင်နက်ကို မကြာခဏ ကျူးကျော်နှောင့်ယှက်ခြင်းတွေကို ခံခဲ့ရပါတယ်။ ဒါကြောင့် (၁၇၆၀) ခုနှစ်မှာတော့ မြန်မာဘုရင် အလောင်းဘုရား ဦးအောင်ဇေယျဟာ ရန်ကုန်ကနေ တောင်ပိုင်း တနင်္သာရီတောက်လျှောက်အထိ အဆင့်ဆင့်ချီတက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပြီး မြိတ်မြို့မှာ မြိတ်ဝန်ရာထူးတွေ ထားရှိခဲ့ပါတယ်။

မြိတ်မြို့ဝန် ဦးဒိန်ကျော်ဟာ ၂၅ မတ်လ ၁၇၆၁ မှာ မြိတ်မြို့ကိုအသစ်ထပ်မံ ပြုပြင်တည်ဆောက်ခဲ့ပါတယ်။ မြိတ်မြို့ဝန် အဆက်ဆက်တွေကတော့ ဦးဒိန်ကျော်၊ ခေမရာဇာ၊ မင်းဥတ္တမ၊ ခေါ်တော်ကြီး၊ ရွှေတောင်ငယ်၊ ယွေးဗိုလ်၊ နတ်စုဗိုလ်၊ လင်းစင်းဗိုလ်၊ ဦးလွန်ကြီး၊ ပဲတောင်းစား၊ သစ်တောဝန်၊ ဦးလုံး၊ မင်းရန်ကူး၊ ဦးဇာမတ်၊ ဦးမြတ်လေးတို့ ဖြစ်ပါတယ်။

မြန်မာမင်းတွေလက်ထက် မြို့ဝန်လက်အောက်မှာ မြို့သူကြီးတွေ ထားရှိခဲ့ပြီး မြန်မာဘုရင် ခန့်အပ်ခဲ့တဲ့ မြိတ်မြို့ရဲ့ နောက်ဆုံးသူကြီးကတော့ သူကြီးဦးသုတ်ဆိုသူ ဖြစ်ပါတယ်။ ဦးသုတ်ဟာ ၁ အောက်တိုဘာ ၁၈၂၄ မှာ ဗြိသိသျှတပ်တွေက မြိတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်တဲ့အခါ မြိတ်မြို့ဝန် ဦးမြတ်လေးနဲ့အတူ ခုခံတိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်အင်အား မမျှတမှုကြောင့် အရေးနိမ့်ခဲ့ရပါတယ်။

နယ်ချဲ့ဗြိသိသျှတို့က တနင်္သာရီတိုင်းကို အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲအပြီးမှာ သိမ်းယူခဲ့ပြီး မြိတ်ဒေသကို အပြီးအပိုင် တနင်္သာရီတိုင်းထဲ ထည့်သွင်းခဲ့ပါတယ်။

“မြိတ်ကျွန်းစုမှာ နေထိုင်ကျတ်စားတဲ့လူမျိုး”

မြန်မာနိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စု(၁၃၅) မျိုးကို အစုအားဖြင့် (၈) ခု ခွဲခြားထားပါတယ်။ (၁) ကချင် ၁၂ မျိုး၊ (၂) ကယား ၉ မျိုး၊ (၃) ကရင် ၁၁ မျိုး၊ (၄) ချင်း ၅၃ မျိုး၊ (၅) ဗမာ ၉ မျိုး၊ (၆) မွန် ၁ မျိုး၊ (၇) ရခိုင် ၇ မျိုး၊ (၈) ရှမ်း ၃၃ မျိုး ဖြစ်ပါတယ်။ ဗမာလူမျိုး အုပ်စု(၉) မျိုးဖြစ်တဲ့ ကဒူးလူမျိုး၊ ကနန်းလူမျိုး၊ ဆလုံလူမျိုး၊ တောင်သားလူမျိုး၊ ထားဝယ်လူမျိုး၊ ဖွန်းလူမျိုး၊ ဗမာလူမျိုး၊ မြိတ်လူမျိုး၊ ယောလူမျိုးတွေထဲက မြိတ်ကျွန်းစုမှာ နေထိုင်ကျတ်စားတဲ့ လူမျိုးတွေကတော့ မြိတ်လူမျိုးနဲ့ ဆလုံလူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်၊ ဗမာ၊မွန်နဲ့ လူမျိုးခြားတွေအနေနဲ့ မွတ်ဆလင်၊ ဟိန္ဒူ၊ တရုတ်အနွယ်နဲ့ ယိုးဒယားခေတ်က လက်ကျန် ထိုင်းလူမျိုးများလည်း အနည်းစု နေထိုင်ကြတယ်လို့ သိရပါတယ်။

“မြိတ်မြို့နယ်မှာ လူဦးရေက ဘယ်လောက်ရှိသလဲ”

တနင်္သာရီတိုင်းဒေသကြီးရဲ့ ခရိုင်သုံးခုရှိတဲ့အနက်က မြိတ်ခရိုင်ထဲမှာရှိတဲ့ မြိတ်မြို့နယ်ရဲ့ လူဦးရေဟာဆိုရင် ကျား (၁၃၉,၅၉၂) နဲ့ မ(၁၄၄,၈၉၇) စုစုပေါင်းလူဦးရေ (၂၈၄,၄၈၉) ရှိပါတယ်။

“မြိတ်ဒေသရဲ့ ကူးသန်းရောင်းဝယ်ရေး”

မြိတ်ဒေသဟာဆိုရင် ကုန်သွယ်မြို့အဖြစ် ထင်ရှားပြီး ရေထွက် သက်ရှိ၊ သက်မဲ့ ကုန်ပစ္စည်းများနဲ့ ရာဘာ၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ငှက်သိုက်၊ သတ္တုရိုင်း၊ ကြိမ်၊ ပိုးထည်၊ ကျွန်းသစ်၊ ဆန်စပါးတွေကို အဓိက ရောင်းဝယ်ကြပါတယ်။ အရင်ကတော့ ပင်လယ်ထွက်ပစ္စည်းတွေကို သဘာဝ ထုတ်ယူခဲ့ပေမယ့် (၁၉၉၁) ခုနှစ်ကစပြီး နယ်စပ်ကုန်သွယ်မှု ရေငံမွေးမြူရေး အမျိုးမျိုးကို တိုးချဲ့ပြီး နိုင်ငံခြားပို့ကုန်အဖြစ် တိုးချဲ့ဆောင်ရွက်ခဲ့ကြပါတယ်။

“မြိတ်ဒေသရဲ့ အထင်ကရဘုရားတွေ”

မြိတ်မြို့မှာရှိတဲ့ အထင်ကရ ဘုရားစေတီတွေဖြစ်တဲ့ ရွှေသာလျောင်းဘုရား၊ ပေါ်တော်မူဘုရား၊ ဗူးဘုရား၊ ဘုရားကိုးဆူ၊ အတုလလောကမာရဇိန်နဲ့ လေးကျွန်းဆီမီး သိမ်တော်ကြီးဘုရားတို့ကိုလဲ သွားရောက်ဖူးမြော်နိုင်ပါတယ်။

“မြိတ်ဇာတိဖွား ထင်ရှားသူတွေက ဘယ်သူတွေလဲ”

မြိတ်ဇာတိဖြစ်တဲ့ ထင်ရှားကျော်ကြားသူတွေကတော့ ပန်းချီဆရာကြီးဦးငွေကိုင်(စန္ဒ၀တ်ရွာ)၊ မြို့မမောင်(ကံဖျား)၊ ရာထူးဝန် ဥက္ကဌ ဦးလှိုင်ဟုတ်၊ ကြီးကြီးစော (ဒေါ်စောရင်)၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမေသန်းနု ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလွင်မိုးတို့ ဖြစ်ပါတယ်။

“မြိတ်ကျွန်းစုတ၀ိုက်မှာ အပန်းဖြေနိုင်တဲ့ အခွင့်အရေးတွေက ဘာတွေလဲ”

မြိတ်ကျွန်းစုကို သွားရောက်လည်ပတ်ရင်ဖြင် အပန်းဖြေနိုင်တဲ့ အရာတွေကတော့ ကျောက်ဂူတွေ အကြားမှာ ကနူးလှေလှော်ခတ်တာ၊ ငှက်သိုက်တွေ ၀င်ကြည့်တာ၊ ရေမြေတောတောင် အလှမျိုးစုံနဲ့ ဓာတ်ပုံတွေရိုက်တာ၊ ရေပေါ်ရေအောက် ကျတ်စားနေထိုင်ကြတဲ့ သတ္တ၀ါတွေကို လေ့လာနိုင်သလို မြိတ်မြို့မှာရှိတဲ့ အထင်ကရ ဘုရားစေတီတွေကိုလဲ ဖူးမြော်နိုင်ပါသေးတယ်။ နောက်ပြီး မြိတ်ဒေသ အစားအစာအဖြစ် နာမည်ကြီးလှတဲ့ မြိတ်ကတ်ကြေး ကိုက်ကိုလဲ စားသုံးနိုင်သလို ဆလုံတိုင်းရင်းသားကျေးရွာမှာရှိတဲ့ ဆလုံတိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀ကို သွားရောက်လေ့လာနိုင်ပါတယ်။

(၀ီကီပီးဒီးယား၊ မြန်မာပြည်တစ်ခွင် လမ်းညွှန် (တင်နိုင်တိုး) ၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန် (မောင်ပုဆိုးကြမ်း) ၊ မြန်မာပြည် ပင်လယ်အဏ္ဏ၀ါ အခြေခံခရီးသွားလုပ်ငန်း ၊(၂၀၁၄) ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်းစာရင်း တို့ကို ကိုးကားပြီး နှင်းနုထွေးက ရေးသားထားပါတယ်)

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

ပတ္တမြားမြေသို့ အလည်တစ်ခေါက်

မိုးကုတ်လို့ ပြောလိုက်ရင်ပဲ အနီရောင်တောက်တောက် ပတ္တမြားတွေကို ပြေးမြင်မိကြတယ်ဟုတ်။

Read More
Image

‘‘ဥသြအော်သည် ’’ထားဝယ်တည်

‘‘ဥသြအော်သည်’’ ဆိုတဲ့ နံသင့်အက္ခရာ အမှတ်သင်္ကေတအရ ထားဝယ်မြို့ကို မြန်မာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပေါင်းလဆန်း (၁၃) ရက်နေ့ (ခရစ်နှစ် ၁၇၅၄) ခုနှစ်မှာ တည်ခဲ့တဲ့ အဆိုလေးပါ။

Read More
Image

 ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

Read More
Image

သီပေါတည်ခဲ့ရာ ရွှေကျောင်းတော်သာ

မြန်မာသီချင်းကြီးတွေထဲက နာမည်ကြီး “ဝေဇယန်နှင့်နှုန်းငြား” ဆိုတဲ့ ကြိုးသီချင်းကလေးကို ကျောင်းတော်ကြီးကြိုးလို့ ခေါ်ကြပါတယ်။

Read More
Image

တိမ်တွေနေတဲ့ အရပ်ဆီကို

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ ရှိပါတယ်။

Read More
Image

ဧရာဝတီနဲ့ ဒုဌဝတီတို့ ပေါင်းစုံစီးဆင်းရာ သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) တို့ဆုံရာမှာ တည်ရှိပါတယ်။

Read More