သီပေါတည်ခဲ့ရာ
ရွှေကျောင်းတော်သာ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

♫ နေအရောင်လိုပင်…လအရောင်လိုပင် ♫
♫ စိမ်းရရိမ်း.. နီရရီ.. ပြာရရာ..ဝါအဝါ..ရွှေအရွှေ..ရွှေတဲ့ ရွှေအရွှေ. ♫

မြန်မာသီချင်းကြီးတွေထဲက နာမည်ကြီး “ဝေဇယန်နှင့်နှုန်းငြား” ဆိုတဲ့ ကြိုးသီချင်းကလေးကို ကျောင်းတော်ကြီးကြိုးလို့ ခေါ်ကြပါတယ်။ ဒီသီချင်းလေးဟာ မင်းမိဖုရား၊ သားတော်သမီးတော်တွေရဲ့ ကောင်းမှုကုသိုလ်တော် ရွှေ ကျောင်းကြီးဆောက်လုပ်ပြီးစီးလို့ ရေစက်ချအခမ်းအနားကျင်းပတဲ့အခါက တီးခဲ့တဲ့ သီချင်းလေးပါတဲ့။

အဲ့ဒီသီချင်းကို နားထောင်မိသူတိုင်း အနီးစပ်ဆုံး မန္တလေးက ရွှေနန်းတော်ကျောင်း (ခေါ်)ရွှေကျောင်းကြီးကို ပြေး မြင်မိကြမှာ မလွဲဧကန်ပါပဲ။

Image
Image
Image
Image

‘‘ရတနာပုံမြို့က သမိုင်းတန်ဖိုးကြီးမားတဲ့ မြန်မာမှုသစ်သားကျောင်းတွေ'’

မန္တလေးမြို့ဟာ လေ့လာဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာရှေးဟောင်းအမွေအနှစ်များစွာတည်ရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါ တယ်။ အထူးသဖြင့် ရှေးမူမပျက် တည်ရှိနေတဲ့ သစ်သားကျောင်းတော်တွေက စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံး တွေထဲက တစ်ခုပါပဲ။

ကျုံးတော်၊ နန်းမြို့ရိုး၊ ပြာသာဒ်တွေ၊ သုဓမ္မာဇရပ်တွေနဲ့အတူ ရှေးဟောင်းသစ်သားကျောင်းများစွာဖြစ်တဲ့ သာက ဝန်ကျောင်း၊ ရွှေအင်ပင်ကျောင်း၊ ဗန်းမော်ကျောင်းတိုက်၊ ကြေးမြင်မိဖုရားကျောင်း၊ မဟာမင်းထင်ကျောင်း၊ ပင်းသာမင်းသားကျောင်း၊ သင်္ဂဇာကျောင်းနဲ့ ရွှေနန်းတော်ကျောင်း(ခေါ်)ရွှေကျောင်းကြီးတို့ဟာ အလွန်ပဲထင်ရှား လှပါတယ်။ အဲဒီကျောင်းတွေထဲကမှ ရွှေနန်းတော်ကျောင်းလို့ခေါ်တဲ့ ရွှေကျောင်းတော်ကြီးအကြောင်း ကိုလေ့ လာ သိရှိနိုင်စေဖို့ 7Day TV ရဲ့Authentic Travel ကနေ ဖော်ပြပေးချင်ပါတယ်။

Article's

Video

‘‘သီပေါတည်တဲ့ ရွှေကျောင်းတော်'’

မန္ထလေးမြို့ မြို့တည်နန်းတည် ပဉ္စမသံဃာယနာတင် မင်းတုန်းမင်းတရားကြီးဟာ ၁၂၄၀ ခုနှစ်၊ သီတင်းကျွတ် လဆန်း (၆) ရက်၊ ၁၈၇၈ ခုနှစ် အောက်တိုဘာ ၁ ရက် အင်္ဂါနေ့က သက်တော်(၆၆)မှာ နတ်ရွာစံခဲ့ပါတယ်။

ထီးနန်းကိုဆက်ခံခဲ့တဲ့ သားတော်သီပေါမင်းသားဟာ ဖခမည်းတော်ရဲ့ ရွှေနန်းတော်အဆောင်ကို ဖျက်သိမ်းပြီး ကုသိုလ်အလို့ငှာ ‘ရွှေနန်းတော်ကျောင်း’ လို့ ကင်းပွန်းတပ်ပြီး ၁၈၇၈ ခုနှစ် အောက်တိုဘာ(၁၃)ရက်မှာ သံဃာတော်တွေကိုသီတင်းသုံးဖို့ လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီခေတ်ကငွေဒင်္ဂါး(၁၂ဝဝဝဝ )ကျပ်ခန့် ကုန်ကျခဲ့ပါတယ်။

‘‘ရွှေအစစ်နဲ့ ဗိန်းချခဲ့လို့ ရွှေကျောင်းလို့ခေါ်ပါသတဲ့'’

ရွှေအစစ်နဲ့ ဗိန်းချ သစ်ရိုးကိုင်ခဲ့ရာ နေရောင်ခြည်အောက်မှာရွှေရောင်တောက်ပနေလို့ ‘ရွှေကျောင်းကြီး’ လို့ သတ် မှတ်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့ချိန်ခါမှာတော့ နှစ်ကာလကြာမြင့်တာရယ်၊ ရာသီဥတုဒဏ်တွေရယ်ကြောင့် အပြင်ပန်းမှာ ရွှေရေးသိပ်မတွေ့ရတော့ဘဲ အတွင်းပိုင်းတွေမှာတော့ အနည်းငယ်ကျန်ရှိနေပါသေးတယ်။

“ရွှေနန်းတော်ကျောင်း (သို့) ရွှေကျောင်းတော်ကြီးရဲ့ပုံသဏ္ဍန်”

ရွှေနန်းတော် ကျောင်းကြီးဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝိဇ ယာရာမတိုက် မဟာရံတံတိုင်းနှစ်ခုအကြားအရှေ့တောင်ထောင့်မှာတည်ရှိပါတယ်။ ရွှေနန်းတော် ကျောင်းကြီး ဟာအမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်ပါတဲ့ ဇေတဝန်ဆောင်ဖြစ်ပါတယ်။

ရှေးအစဉ်အလာဘုန်းကြီးကျောင်းတွေ တည်ဆောက်ပုံနဲ့ မတူဘဲစနုဆောင်ကို နေကျော်တည်ဆောက်ထားပြီး ကျောင်းဦးပြဿဒ်နဲ့ ဘောဂဆောင်မပါတဲ့ ကျောင်းကြီးဖြစ်ပါတယ်။

ရွှေနန်းတော်ကျောင်းကြီးတစ်ဆောင်လုံးမှာ အရှေ့အနောက် တိုင်(၁၅)လုံးတန်းနဲ့ တောင်မြောက် တိုင်(၁ဝ)လုံး တန်းရှိတာကြောင့် တိုင်ပေါင်း(၁၅ဝ)တိုင်၊ နယားရုပ် ထောက်တိုင်ပေါင်း (၅၄) တိုင်၊ သရက်ကင်း အုတ်လှေကား (၅) စင်းနဲ့ တည်ဆောက်ထားပါတယ်။

“ရွှေကျောင်းတစ်ခုလုံးအတွင်းအပြင်ကိုနေရာလပ်မကျန် ဗိသုကာပညာရပ်တွေနဲ့ အခမ်းနားဆုံး အသုံးပြုထားပြီး ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ ထွင်းရုပ်ကြွတွေဟာဆိုရင်ဖြင့် ရင်သပ်ရှုမောစရာတွေပါ”

ကျောင်းဦးစံပယ်ထပ် ယွန်းဆောင်၊ ဇေတ၀န်ဆောင်၊ စမြင်ပတ်လမ်းတို့ကို ကျွန်းသားအတိနဲ့ ထွင်းထု ထားတဲ့ ပန်းဆွဲတန်း၊ ဝေယံတန်း၊ စိန်တောင်တန်း၊ ထောင့်ပန်း၊ မှန်ကင်း၊ ဖောင်းလုံးတုရင်၊ စုလစ်မွမ်းချွန် တိုင်ထောက်နယား၊ အပြောက်အမွမ်းအခြယ်အလည်တွေကလဲအံသြစရာကောင်းလောက်အောင် ထုဆစ် ထားပါတယ်။ ရွှေကျောင်းတစ်ခုလုံးအတွင်းအပြင်ကိုနေရာလပ်မကျန် ဗိသုကာပညာရပ်တွေနဲ့ အခမ်းနားဆုံး အသုံးပြုထားပြီး ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ ထွင်းရုပ်ကြွတွေဟာဆိုရင်ဖြင့် ရင်သပ်ရှုမောစရာတွေပါပဲ။

ဒုတိယကမ္ဘာစစ်အတွင်းက မန္တလေးမြို့ကိုဂျပန်ဖက်စစ်နဲ့ ကုလားဖြူမဟာမိတ်တို့ ဗုံးကြဲမှုကြောင့် အနီးပတ်ဝန်း ကျင်ကအဆောက်အဦးတွေ မီးလောင်ပြာကျခဲ့ပေမယ့် ရွှေကျောင်းတော်ကြီးကတော့ ကံသီလို့ လွတ်မြောက်ခဲ့ ပါတယ်။

“ရွှေကျောင်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး”

၂၀၁၆ ခုနှစ်က ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကိုလာရောက်လေ့လာကြည့်ရှုခဲ့တဲ့ အမေရိ ကန် သံအမတ်ကြီးမစ္စတာစကော့အလန်မာရှယ်က ရန်ပုံငွေ လုံလောက်စွာရရှိဖို့ ကူညီဆောင်ရွက်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

ရွှေကျောင်းကြီးပြုပြင်ထိန်းသိမ်းဖို့ အမေရိကန် သံအမတ်ကြီးများရန်ပုံငွေအဖွဲ့ကဒေါ်လာ ၅သိန်း ၅ထောင် လှူဒါန်းခဲ့ပြီး အဲ့ဒီလှူဒါန်းခဲ့တဲ့ငွေကို ရွှေနန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ပရောဂျက်မန်နေဂျာ မစ္စတာ Jeffallen ကိုယ်တိုင်ငွေကြေးကိုင်တွယ်ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ပါတယ်။

သီပေါမင်းကပြန်လည်ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ရွှေကျာင်းတော်ကြီးမှာ သီပေါမင်းလက်ထက်ကစပြီး တပ်မတော်အစိုးရလက်ထက်ထိ ဆရာတော်လေးပါးကျောင်းထိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ (၁၉၉၄)ခုနှစ်ကစပြီး မန္တလေးတိုင်းဒေသကြီးရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦး စီးဌာနကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

“သမိုင်းတန်ဖိုးကြီးမားတဲ့ ရွှေကျောင်းတော်”

မြန်မာ့ဓလေ့လက်ထပ်မင်္ဂလာပွဲတွေ ပြုလုပ်တဲ့အခါမှာ မင်္ဂလာဇနီးမောင်နှံအချို့ဟာ မြန်မာ့ဟန်ပန်တွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကိုဖော်ကျူးတဲ့အနေနဲ့ ရွှေကျောင်းတော်ကြီးဆီကိုအမှတ်တရဓာတ်ပုံတွေသွား ရောက် ရိုက်ကူးလေ့ရှိကြပါတယ်။

ရွှေကျောင်းတော်ကျောင်းကြီးဟာဆိုရင်ဖြင့် မြန်မာ့သမိုင်းမှာ အလွန်အရေးကြီးတဲ့ ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်သလို နန်းတွင်းရှိ မြနန်းစံကျော် (၁၁၄) ဆောင်မှ တစ်ခုတည်းသာကျန်ရှိနေတဲ့ ယဉ်ကျေးမှုအမွေအနှစ် တော်ဝင်နန်းစဉ် အဆောက်အဦးလည်းဖြစ်တာမို့ သွားရောက်လေ့လာလည်ပတ်သင့်တယ်လို့ 7Day TV ရဲ့ Authentic Travel ကနေတိုက်တွန်းပါရစေ။

နှစ်(၁၅၀)သက်တမ်းရတနာပုံမြို့ရွှေမန်း(ဒေါက်တာစိုးလင်း-ရတနာပုံ)၊ ဧည့်လမ်းညွှန်နှင့် ၀န်ဆောင်မှုအ တက်ပညာ(အဆင့်မြင့်)(တင်သန်းယု-မြန်မာ့ခရီးသွား) နဲ့ မြန်မာပြည်တစ်ခွင်လမ်းညွှန်(တင်နိုင်တိုး) စာအုပ် တွေကိုကိုးကားပြီး နှင်းနုထွေးရေးသားထားပါတယ်။

“မြနန္ဒာနေညိုသမ်းတယ် မန်းတောင်ရိပ်ခို”

မန္တလေးသို့ရောက်ပြီဆိုလျှင် မန္တလေးတောင်ဟာ မလည်မဖြစ်နေရာတစ်ခုပါ။ မန္တလေးတော်ဆီကို ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့၊ ဘုရားဖူးဖို့၊၊ ရှုခင်းကြည့်ဖို့အတွက် လာကြသူ မနည်းလှပေ။ နေဝင်ချိန် နေထွက် ချိန် ရှုခင်းတွေခံစားနိုင်တဲ့အပြင် မန္တလေးတောင်ပေါ်မှာ သမိုင်းဝင်စေတီဘုရားတွေကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဗျာဒိတ်ပေးဘုရား၊ ဆုတောင်းပြည့်စေတီ၊ မြွေကြီးနှစ်ကောင်စတဲ့ ရသေ့ကြီးဦးခန္တီရဲ့ ကောင်းမှုတွေနဲ့ အေးချမ်းသာယာတဲ့ မန္တလေး တောင်ဟာ စိတ်နှလုံးချမ်းမြေ့ဖွယ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက်ကလေးရယ်တဲ့ရှည်စေလို မြနန္ဒာရေညိုသမ်းတယ် မန်းတောင်ရိပ်ခိုလို့ ဆိုခဲ့ကြတာဖြစ်ပါတယ်။

မန္တလေးတောင်ပေါ်ကနေ လှမ်းကြည့်လိုက်ရင် မန္တလေးမြို့စတည်ကတည်းက မင်းတုန်းမင်းကြီးရဲ့ကောင်းမှုတော် သတ္တခုနစ်ဌာနကို ဖူးမျှော်တွေ့မြင်နိုင်ပါတယ်။ ဖြူဖွေးနေတဲ့ ကျောက်စာချပ်တွေနဲ့ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ အတု မရှိကျောင်း၊ ရွှေကျောင်း၊ စသည့် ရတနာပုံခေတ်လက်ရာ ဘုရားစေတီကျောင်းတွေကိုလည်း မန္တလေးတောင်ခြေမှာ တစုတဝေးတည်း တွေ့မြင်ဖူးမြော်နိုင်ပါတယ်။

နောက်တစ်နေရာကတော့ ရွှေနန်းတော်ကျောင်းလို့လည်းခေါ်တဲ့ ရွှေကျောင်းကိုလည်း သွားရောက်နိုင်ပါတယ်။ ရတနာပုံခေတ်လက်ရာဖြစ်ပြီး ၁၂၄၅ခုနှစ်မှာ မင်းတုန်းမင်းတရားကြီး နတ်ရွာစံရာ ရွှေနန်းတော်အဆောင်ကို ဖျက်ပြီး ကျောင်းအဖြစ်ပြန်လည်ဆောက်လုပ်လှူဒါန်းထားတာဖြစ်ပါတယ်။ အတုမရှိကျောင်းကြီးရဲ့ အရှေ့ဘက်မှာတည်ရှိပါတယ်။

ရွှေကျောင်းကနေ မြနန်းစံကျော်ရွှေနန်းတော်ကိုလည်းသွားရောက်လည်ပတ်နိုင်ပါတယ်။မြန်မာတို့ရဲ့နောက်ဆုံးမင်း ဆက်စိုးစံခဲ့ရာ မန္တလေးမြို့မှာ ကျုံးနဲ့ နန်းတော်ကို ဒီကနေ့တိုင်တွေ့မြင်နိုင်ပါသေးတယ်။ စစ်အတွင်းက ပျက်စီးခဲ့ပေမယ့် ရှေးမူမ ပျက်ဆောက်လုပ်ထားတဲ့ ဗိသုကာလက်ရာတွေနဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီးဟာ မြန်မာ့အ နုပညာလက်ရာ တွေနဲ့မင်းခမ်းမင်းနားအသုံးအဆောင်တွေ၊ အဆောက်အအုံတွေကို လေ့လာနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။

မင်းတုန်းမင်းနဲ့သီပေါမင်းလက်ထက် နန်းတွင်းအနေအထားတွေကို မျက်မြင်ခံစားနိုင်တဲ့အပြင် နန်းမြင့်မျှော်စင် ပေါ်ကနေ နန်းတွင်းတစ်ခွင် ရှုခင်းတွေကို ခံစားကြည့်ရှုနိုင်ပါသေးတယ်။

ဒီတစ်ပတ်တော့ 7Day TV ရဲ့ Authentic Travel အစီအစဉ်ကနေ မန္တလေးရဲ့အလှ မန္တလေးရဲ့သဘာဝနဲ့ မန္တလေးရဲ့ ဖြစ်တည်မှုတွေကို တင်ဆက်သွားမှာဖြစ်ပါတယ်။

Image

Gallery

Main

Sponsor

Co

Sponsor

Dress

Sponsor

Related

Articles

Image

 ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

Read More
Image

အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ(သို့) မြိတ်ကျွန်းစုဒေသ

‘The Land that time forget’ ‘အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ’ လို့ ကမ္ဘာက အမည်မှည့်ခဲ့တဲ့ မြိတ်ကျွန်းစုဒေသဟာ မြန်မာပြည်တောင်ဖက်အစွန်း အန်ဒမန်ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။

Read More
Image

တိမ်တွေနေတဲ့ အရပ်ဆီကို

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ ရှိပါတယ်။

Read More
Image

ဧရာဝတီနဲ့ ဒုဌဝတီတို့ ပေါင်းစုံစီးဆင်းရာ သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) တို့ဆုံရာမှာ တည်ရှိပါတယ်။

Read More
Image

နှစ်ထပ်သဘောင်္မြို့ကလေးရဲ့ အလှဝိဥာဏ်

ပြည်မြို့ဟာ ပင်လယ်တစ်ထပ်၊ တောင်တန်းတစ်ထပ်၊ စေတီတစ်ထပ်နဲ့ နှစ်ထပ်သင်္ဘောကြီးသွားနေသလိုပါပဲ။

Read More