ဒွေးမယ်နော်တို့
စံပျော်ရာ
ငွေတောင်ပြည်

Authentic Myanmar Tea နှင့် 7DayTV တို့ ပူးပေါင်းစီစဉ်
တင်ဆက်သည်။

7Day TV ရဲ့ Authentic Travel အစီအစဉ်အတွက် မြန်မာပြည်ရဲ့တိုင်းနဲ့ပြည်နယ်ကြီး ၆ ခုဆီကို ခရီးတွေသွားပြီး ခရီးသွားအတွေ့အကြုံ တွေဝေမျှပေးတဲ့ဗီဒီယိုလေးလေးတွေရိုက်ဖို့ သဘောတူ လိုက်ကတည်းက သွားရမယ့်နေရာတွေအတွက် စိတ်လှုပ်ရှားနေမိခဲ့တာပါ။ အထူးသဖြင့် ကယားပြည်နယ်ကို မရောက်ဖူးသေးသူမို့ ဒီပရိုဂရမ်မှာ ကယားပြည်နယ်ပါလာတာတွေ့တော့ တော်တော့ကိုပျော်ခဲ့တာ။

Image
Image
Image
Image

‘‘ကယားပြည်နယ်ကိုဘယ်လိုသွားကြမလဲ'’

ကယားပြည်နယ်ကိုလေယာဉ်နဲ့သွားလို့ရသလိုကားနဲ့လဲသွားလို့ရပါတယ်။ ကျွန်မကတော့ အသွားကိုတော့လေယာဉ်နဲ့သွားပြီး အပြန်ကိုတော့ ကားနဲ့ပါ။ လေယာဉ်နဲ့ကတော့ တစ်နာရီလောက်ပဲကြာပြီးကားနဲ့ကတော့ ၁၂ နာရီကြာပါတယ်။ လေယာဉ်လတ်မှတ်ခက တစ်ကြောင်းစာအတွက် ၆ သောင်း ၇ သောင်းဝန်ကျင်မှာရှိပါတယ်။ ကားခကတော့ Express တွေစီးမယ်ဆိုတစ်သောင်း၊ တစ်သောင်းခွဲရှိပါတယ်။ အပြန်မှာကားနဲ့ဆိုတော့ အီစိမ့်နေအောင်စီးရပေမယ့် မနက်စောစော ၆ နာရီလောက်ထဲက လွိုင်ကော်ကနေထွက်လာတာမို့ လမ်းတစ်လျှောက်အ ရမ်းလှတဲ့ရှုခင်းတွေ၊ တောင်တန်းတွေ နေထွက်ချိန်ရဲ့ ခမ်းနာတဲ့ အလှအပတွေနဲ့အတူ ပင်လုံးကျွတ်ပွင့်နေတဲ့ချယ်ရီတွေကိုကြည့်ပြီးပျော်စဆုံးတော့ဖြစ်ရသေးတာပါ။ စောစောထခြင်းရဲ့အကျိုးကျေးဇူး ကတော့ အပြန်လမ်း ပင်လောင်းအ၀င်လမ်းမှာ ရေတွေခဲနေတဲ့နေရာနဲ့တောင်တိုးခဲ့သေးပါသေးတယ်။ တကယ့်ကို မြင်ရခဲတဲ့ မြင်ကွင်းနဲ့တိုးခဲ့တာပါ။ ပြီးတော့ ပင်လောင်းမှာရှမ်းခေါက်ဆွဲ၊ ငါးထမင်းနယ်ဂျူးမြစ်မွှေးမွှေးလေးနဲ့ ဟင်းထုပ်လေးနဲ့ မနက်စာတခါတည်းဝင်စား။ ကားပေါ်မှာသီချင်းတွေအော်ဆိုလိုက်ကြ ရုပ်ရှင်ကြည့်လိုက်ကြနဲ့ ခရီးဆက်ကြတာ။

‘‘ဘယ်မှာတည်းလဲ'’

လွိုင်ကော်မှာတည်းစရာတွေများပါတယ်။ မြန်မာငွေ ၃၀၀၀၀ လောက်ကနေတစ်သိန်းကျော်လောက်အထိရွေးချယ်စရာတွေရှိတယ်။ Authentic Travel အဖွဲ့တွေကတော့ Kayah Resort မှာတည်းဖို့ ရည်ရွယ်ခဲ့ပေမယ့် အခန်းမရနိုင်တဲ့အတွက် Golden Hill Hotel မှာတည်းခဲ့ပါတယ်။ တောင်ကွဲစေတီနားမှာပါ။ အခန်းပေါ်မူတည်ပြီး ၄၅၀၀၀၊ ၅၅၀၀၀ ကျပ်ကျသင့်မှာ ပါ။

‘‘ဘယ်တွေရောက်ခဲ့လဲ '’

ဒီးမော့ဆိုဈေး
ဒီးမော့ဆိုဈေးကိုသွားဖို့ တကယ်ကိုအားတက်သရောမနက်အိပ်ရာလေးနာရီထ၊ ဟိုတယ်ကနေငါးနာရီခွဲလောက်ထွက်ပြီးဈေးကိုအရောက်လာကြတာ။ လွိုင်ကော်ကနေမိနစ်နှစ်ဆယ်လောက်ပဲမောင်းရတဲ့ ဒီးမော့ဆိုဈေးကို ရောက်ချိန်မှာဈေး စဖွင့်တုန်းပဲရှိသေးလို့ ဆိုင်တွေစုံဖို့တောင်နည်းနည်းစောင့်လိုက်ရတယ်။ ချစ်စရာကောင်းတဲ့ ဒီဒေသရဲ့ ဒီးမော့ဆိုဈေးမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေအစုံအပြင် အနွေးထည်၊ လက်အိတ်၊ ခေါင်ရည်၊ ကယားဝက်အူချောင်းနဲ့ အခြားရိုးရာပစ္စည်းလေးတွေ စုံလင်နေအောင်ရောင်းတာပါ။ ကယားဝက်အူချောင်းတွေကို မြည်းကြည့်ပြီးမှ ဝယ်လို့ရပါတယ်။ ခေါင်ရည်ပုံးတွေစီတန်းပြီးရောင်းတဲ့ ခေါင်ရည်တန်းမှာသွားမြည်းသောက်ရတာသိပ်ကိုပျော်စရာကောင်းပါတယ်။ အဲဒီမှာဈေးရောင်းချကြတဲ့ ဒီးမော့ဆိုဈေးကတော့ ကယားပြည်နယ်ရောက်ရင် မဖြစ်မနေသွားသင့်တဲ့ လေ့လာသင့်တဲ့နေရာတစ်ခုပါ။ အဲဒီကရောင်းတဲ့ ဒေသထွက်ကုန်ပစ္စည်းလေးတွေ၊ ကယားဝက်အူချောင်း၊ ခေါင်ရည်တို့ကိုလဲအိမ်အပြန်လက်ဆောင်အနေနဲ့ ၀ယ်ကိုဝယ်သင့်တယ်။ ဒီးမော့ဆိုဈေးဟာဈေးနေ့အနေနဲ့ တင်္နလာ၊ ဗုဒ္ဓဟူးနဲ့ စနေနေ့ဆိုပြီးတစ်ပတ်မှာသုံးရက်ဖွင့်တယ်။ ဈေးနေ့တွေဖြစ်တဲ့ အဲဒီသုံးရက်အပြင် ဈေးဖိတ်ဆိုတာလဲရှိပါသေးတယ်တဲ့။ အဲဒါကဘာလဲဆိုတော့ ဈေးနေ့မတိုင်ခင်ညနေတွေမှာဥပမာဈေးနေ့ကစနေနေ့ဆိုသောကြာညနေမှာသုံးနာရီလောက်ကစပြီး ကယားဝက်အူချောင်းနဲ့ ခေါင်ရည်တွေချည်းပဲသီးသန့်ရောင်းပြီး ၀ယ်စားကြပြီး ဈေးဖိတ်လုပ်ကြတာပါပဲ။

ပန်ပက် (ကယန်း)ရွာ
ဆရာပါစကယ်ခူးသွယ်ရဲ့ "အိုဘယ့်အစိမ်းတို့မြေ" စာအုပ်လေးကိုင်ပြီး လွိုင်ကော်ကိုရောက်လာခဲ့တာဆိုတော့ ပထမဦးဆုံးသွားချင်ခဲ့တာကယန်းလူမျိုးတွေရှိရာတိုင်းရင်းသားရွာလေးတွေဆီပါ။ ကယား၊ ဇယိမ်း၊ ကယန်း(ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ဘရဲ့(ကယော)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော် ဆိုပြီးကယားမျိုးနွယ်စုကိုးမျိုးရှိတဲ့ထဲမှာမှ လည်ပင်းမှာကွင်းတွေဝတ်ဆင်ကြတဲ့ ကယန်းအမျိုးသမီးကြီးတွေကိုဓာတ်ပုံလောကရဲ့အပြင်မှာသိပ်ကိုတွေ့ဖူးချင်ခဲ့တာ။

လည်ပင်းမှာ ကွင်းတွေအထပ်ထပ်ဝတ်ဆင်ထားပြီး လည်ပင်းရှည်တာကြောင့် ကယန်း အမျိုးသမီးတွေကို သစ်ကုလားအုတ်လေဒီတွေလို့ ပြင်ပလူတွေခေါ်လေ့ရှိပေမယ့် ကျွန်မကတော့ ကယန်းအမျိုးသမီးကြီးတွေလို့ပဲအမြဲ နှစ်နှစ်ခြိုက်ခြိုက်ခေါ်ဝေါ်သုံးစွဲခဲ့တာပါ ။ ဘာရယ်ကြောင့်မှန်းမသိသူတို့မှာစိတ်ဓာတ်အားအင်တစ်မျိုးရှိတယ်လို့ သူတို့ဓာတ်ပုံတွေမြင်တိုင်း အမြဲတွေးမိခဲ့ဖူးတယ်။ အဲဒီလိုအတွေးတွေနဲ့ပဲသူတို့တွေရှိရာပန်ပက်ရွာလေးကိုကိုယ်ရောက်သွားခဲ့ပါတယ်။ ရွာလေးထဲကို ၀င်ဝင်ချင်းမှာပဲ သူတို့ရက်လုပ်ထားတဲ့ ရိုးရာအထည်လေးတွေ လက်မှုပစ္စည်းလေးတွေရောင်းဖို့ ဖွင့်ထားတဲ့အိမ်ဆိုင်လေးတွေကိုတွေ့ရတယ်။ ရောက်ရောက်ချင်းမှာပဲ Authentic Travel ခရီးသွားအစီအစဉ်အတွက် ဒီးမော့ဆိုဈေးကနေ၀ယ်လာတဲ့ခရုလေးတွေကို ကယန်းအိမ်တစ်အိမ်မှာ ရိုးရာခရုဟင်းရည်ချက်စားတာလေးရိုက်ခွင့်ပြုပါဆိုပြီးတောင်းဆိုကြည့်တော့ ကယန်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ အမမူပရိုက်ကသဘောကောင်းစွာနဲ့ပဲလက်ခံရှာပါတယ်။

အဲဒါနဲ့ သူနဲ့ရင်းရင်းနှီးနှီးစကားတွေပြော၊ ကယန်းလူမျိုးအကြောင်းတွေမေး၊ သူ့အကြောင်းလေးတွေမေးရင်းနဲ့ သူနဲ့အတူ ကြက်သွန်လှီးပေး၊ ငရုပ်သီးကူထောင်းပေးရင်းရိုးရာခရုဟင်းရည်ကိုအတူချက်စားခဲ့တယ်။ အမမူပရိုက်က ကျွန်မတို့အဖွဲ့ကို သီချင်းလဲဆိုပြတယ်။ သူတို့အိမ်ကလုပ်တဲ့ အရသာရှိလွန်းတဲ့ "ခေါင်ပူ" ခေါင်ရည် နွေးနွေးလေးကိုလဲတိုက်တယ်။ ပြောရမယ်ဆိုရင် အဲဒါတွေအားလုံးဟာကိုယ့်အတွက် တကယ့်ကိုမမေ့နိုင်မယ့် အတွေ့အကြုံတစ်ခုပါပဲ။ အဲဒီကယန်းအမျိုးသမီးကြီး အမမူပရိုက်ဟာသိပ်ချစ်ဖို့ကောင်းတယ်။ အမမူပရိုက်တို့လို ကယန်းအမျိုးသမီးတွေဟာ လည်ပင်းကကြေးကွင်းအလေးကြီးတွေကို မချွတ်တမ်းဝတ်ဆင်ရင်း တောင်ယာစိုက်၊ ယက်ကန်းယက်၊ နေ့စဉ်အလုပ်တွေလုပ်နိုင်တာဟာ တကယ့်ကိုအံ့မခန်းပဲ။ သတင်းတွေမှာ တွေ့ရဖတ်ရတာကဒီ လည်ပင်းမှာကြေးကွင်းတွေဝတ်ဆင်ကြတဲ့ကယန်းလူမျိုးတွေဟာ နိုင်ငံအတွင်းမှာစားဝတ်နေရေးမဖူလုံလို့ ၀င်ငွေမရှိကြလို့ တစ်ဘက်ထိုင်းနိုင်ငံကိုရောက်ကုန်ပြီး နိုင်ငံခြားသားတွေကိုအခကြေးငွေနဲ့ပြသတဲ့ကယန်းရွာတွေမှာနေထိုင်ရင်းသူတို့ရဲ့လက်မှုပစ္စည်းလေးတွေရောင်းရင်းအဲဒီမှာအသက်မွေးကြရတယ်ဆိုတာ။ အဲဒီတုန်းကဆိုဖတ်ရတာရင်နာတာအရမ်း။ အဲဒါကြောင့် ကယန်းတို့မြေကိုသွားလည်တဲ့အခါမှာ ကျေးဇူးပြုပြီးသူတို့ရောင်းတဲ့ ရက်ကန်းထည်လေးတွေ လက်မှုပစ္စည်းလေးတွေကိုအားပေးခဲ့ပါ။ ဈေးလဲ လုံးဝမဆစ်ပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။ သူတို့နဲ့တွေ့တဲ့အခါမှာလည်းသူတို့ကိုလာကြည့်တဲ့ ဧည့်သည်လိုဆိုတာမျိုးလေးထက် သူတို့နဲ့ရင်းရင်းနှီးနှီးစကားတွေပြောရင်းသူတို့ရောင်းတဲ့ရိုးရာပစ္စည်းလေးတွေကို ၀ယ်ဖြစ်အောင်ဝယ်ခဲ့ကြဖို့ အကြံပြုချင်တာပါ။ ရက်ကန်ုးထည်လေးတွေဆိုလဲတစ်နေ့လုံးလုပ်မှ တစ်ထည်ပြီးတာပါ။ နောက်ပြီးအဲဒီမှာရောင်းတဲ့ ကြေးနဲ့ပြုလုပ်ထားတဲ့ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးအားလုံးအရမ်းကိုလှပါတယ်။

ငွေတောင်ဆည်
ငွေတောင်ပြည်လို့နာမည်ကြီးတဲ့ ကယားပြည်နယ်ရဲ့နာမည်ကျော်နေရာတစ်ခုဖြစ်တဲ့ ငွေတောင်ဆည်ကိုလဲကိုယ်ရောက်ခဲ့ပါသေးတယ်။ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်ဆိုတဲ့ တောင်သုံးလုံးနောက်ခံထားတဲ့ ငွေတောင်ဆည်ဟာသိပ်လှပါတယ်။ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်တို့ရဲ့အရိပ်ဟာလဲငွေတောင်ဆည်မှာလာဟပ်နေတာ။

ဆည်ပတ်ပတ်လည်မှာလဲရန်ကုန်အင်းယားကန်ဘောင်လိုပဲအနားယူဖို့ခုံတန်းအပြာရောင်လေးတွေဆောက်ထားပေးတာချစ်စရာလေးတွေ။

ကန်ခုနှစ်ဆင့်
ကန်ခုနှစ်ဆင့်နဲ့ ထီးပွင့်ကန်ဟာတစ်လမ်းထဲမို့ ကန်ခုနှစ်ဆင့်ကိုသွားမယ်ဆိုထီးပွင့်ကန်ပါ ၀င်လည်ခဲ့သင့်ပါတယ်။ ရိုက်ကူးရေးအဖွဲ့နဲ့ဆိုတော့ အချိန်မလောက်မှာဆိုးလို့ ကန်ခုနှစ်ဆင့်ပဲသွားခဲ့တာ။ ကန်ခုနှစ်ဆင့်ဆိုတာငယ်ငယ်တုန်းကကိုယ်တွေဖတ်ခဲ့ရတဲ့ နတ်သမီးခုနှစ်ဖော်ထဲကဒွေးမယ်နော်နဲ့ သုဓနုမင်းသားဇာတ်လမ်းလေးထဲကနေရာလေးပေါ့။ ကန်ခုနှစ်ဆင့်ဆိုတော့ အစကကန်အကြီးကြီးတစ်ကန်ထဲမှာအဆင့်တွေခုနှစ်ဆင့်ဖြစ်နေတယ်ထင်တာ။ ဘယ်ဟုတ်မလဲကန်အကြီးကြီးခုနှစ်ကန်ကိုပြောတာပဲ။ အဲဒီကန်ကြီးတွေက ကြီးလွန်းတော့ ဒီအတိုင်းကြည့်ရင် ကန်တွေအကုန်မမြင်ရပဲမြေပုံပေါ်ကကြည့်တော့မှ ကန်ကြီးတစ်ကန်ပြီးတစ်ကန် ခုနှစ်ကန် တောင်ခြေရင်းမှာတန်းစီပြီးရှိနေတာကို မြင်ရတာ။ ဒွေးမယ်နော်ပုံပြင်ဆက်ရရင် ဘာလို့ နတ်သမီးခုနှစ်ဖော်ဟာသူတို့နေထိုင်ရာငွေတောင်ကြီးရဲ့ ခြေရင်းမှာရှိတဲ့တောအုပ်ထဲက ကန်ခုနှစ်ဆင့်ကိုရေခဏခဏလာကူးရတာကြိုက်သလဲဆိုတာ ကိုယ်တိုင်ရောက်မှ သိတော့တယ်။ သိပ်လှတာကိုး။ ကိုယ်ရောက်ခဲ့တာကန်အဆင့်အမှတ် ၆ ပါ။ လာလည်တဲ့သူတွေ အများဆုံးလာတဲ့နေရာလေးပေါ့။ ကန်ဘေးမှာမျက်ခင်းစိမ်းလေးတွေ သစ်ပင်ရိပ်လေးတွေနဲ့ ပျော်ပွဲစားထွက်လို့သိပ်ကောင်းမယ့်နေရာလေးဖြစ်ပြီးတော့ စားသောက်ဆိုင်လေးတွေလဲရှိတယ်။ အမှိုက်ပုံးလေးတွေ နေရာတော်တော်များများမှာထားပေးထားတာ မြင်ရတော့ ၀မ်းသာရတယ်။ ဒီလိုသိပ်လှတဲ့နေရာလေးတွေတိုင်းကိုလာလည်တဲ့သူတိုင်းကစည်းကမ်းတကျ အမှိုက်ပစ်တာမျိုး ပတ်ဝန်းကျင်ကိုဂရုစိုက်တာမျိုးတွေနဲ့ ထိန်းသိမ်းထားရင် နိုင်ငံထဲက ဒီလိုလှတဲ့နေရာလေးတွေ တကယ်ရေရှည်တည်တံ့နေမှာပါပဲလို့ တွေးမိပါတယ်။

ထေခို(ကယော)ရွာ
ဒီရွာလေးကိုတော့ မသွားခင်ကတည်းက တော်တော်စိတ်ဝင်စားနေမိခဲ့တာပါ။ ဘာလို့ဆိုကယောဆိုပြီးအင်တာနက်မှာရှာကြည့်လိုက်ရင်တောင် အကြောင်းအရာသမိုင်းကြောင်းတော်တော်များများကတက်မလာဘူး။ သူကကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲမှာရှိတဲ့ တောင်တန်းပေါ်ကရွာလေး။ ကယောလူမျိုးတွေနေထိုင်ကြရာရွာလေးပေါ့။ ထေခိုကို လွိုင်ကော်ကနေမနက်စောစောပဲ ထထွက်ပြီးသွားကြတယ်။ သူကလွိုင်ကော်ကနေဆို နှစ်နာရီခွဲလောက်မောင်းရတယ်။ တောင်တက်တောင်ဆင်းတွေအများကြီးနဲ့သွားရတဲ့ လမ်းတစ်လျှောက်ပေမယ့် လမ်းမှာရှုခင်းက တအားကိုလှတာ။ တာင်ထိပ်ကိုရောက်ချိန်မှာတော့ မြူတွေ တိမ်တွေဟာကိုယ့်အောက်ရောက်နေပါပြီ။ အဝေးကိုမျှော်ကြည့်လိုက်ရင်လဲတောင်တန်းတွေနဲ့ တိမ်တန်းဖြူဖြူလွှလွှလေးတွေဟာသိပ်လှပါတယ်။ မနက်ခင်းလင်းစအချိန်အလှပတွေကိုခံစားရတဲ့အချိမှာ မနက်စောစောထွက်လာမိတာမှန်တယ်လို့ကိုဖြစ်သွားရမယ်။ ရွာထဲဝင်ဝင်ချင်း လှမ်းကြည့်လိုက်တော့ တောင်စောင်းပေါ်မှာဆောက်ထားတဲ့ အိမ်လေးတွေကတန်းစီနေတာပဲ။ ရွာထဲမှာ ၀က်ကလေးတွေ ချစ်စရာခွေးလေးတွေဟာလဲပြေးလွှားနေတာ။ ခွေးလေးတွေဆိုအမွှေးဖွားဖွားလေးတွေနဲ့ လှလွန်း လူယဉ်လွန်းလို့ ခေါ်လာခဲ့ချင်တာ။ သြော် ဒါနဲ့ ထေခိုရွာလေးမှာသက်တမ်းနှစ်တစ်ရာလောက်ရှိတဲ့ ကက်သလစ်ဘုရားကျောင်းတစ်ခုရှိတယ်။ တနင်္ဂနွေနေ့မှာရောက်သွားတာဆိုတော့ ရောက်တဲ့အချိန်မှာ တစ်ရွာလုံးနီးပါး ဘုရားကျောင်းတက်ပြီး ပြန်ဆင်းတဲ့အချိန်နဲ့ကြုံခဲ့တာပေါ့။ နောက်ခံတောင်တန်းကြီးနဲ့အတူခရမ်းရောင်ပန်းပင်တွေပွင့်တဲ့ ကုန်းမြင့်ပေါ်ကအဖြူရောင်ဘုရားကျောင်းကြီးထဲကနေကယောလူမျိုးတွေ တန်းစီပြီးထွက်လာတဲ့ မြင်ကွင်းဟာတကယ်သိပ်လှတာပဲ။ ကယောတိုင်းရင်းသူအမျိုးသမီးတွေအားလုံးနီးပါးကလည်း ရိုးရာဝတ်စုံဝတ်ဆင်ထားပြီး အဓိကကခြေထောက်မှာကြေးကွင်းတွေစွပ်ထားတာတွေ့ရတယ်။ နောက်ပြီးချင်းပြည်မှာလိုပဲနားမှာနားပေါက်အကြီးကြီးနဲ့ နားဋောင်းတွေလဲပန်ထားကြတယ်။ လည်ပင်းမှာလည်း ဒင်္ဂါးပြားတွေနဲ့။ တကယ်တော့ ကယောလူမျိုးတွေဟာလည်း ကယန်းလူမျိုးတွေလိုပဲ ထိုင်းနိုင်ငံဘက်ရောက်သွားတဲ့ထဲမှာပါပါတယ်။ အကုန်လုံးတော့မဟုတ်ပေမယ့် တော်တော်များများရောက်ကုန်တာ။ အခုနောက်ပိုင်းမှ ရွာကိုပြန်ခေါ်လာပြီး Community Based Tourism နဲ့အတူလုပ်ကိုင်စားသောက်လို့ရအောင် ကူညီပေးတာမျိုး၊ အသက်မွေးဝမ်းကျောင်းအတွက် သင်တန်းပေးတာမျိုးရှိတယ်လို့သိခဲ့ရပါတယ်။ ကယားပြည်နယ်မှာ Community Based Tourism ကို ဒီထေခို(ကယော)ရွာလေးရယ်၊ ကိုယ်ရောက်ခဲ့တဲ့ ပန်ပက်(ကယန်း)ရွာလေးရယ်၊ နောက်ပြီးထနီးလာလဲ(ကယား)ရွာလေးရယ် ဒေါတမကြီး(ကယား)ရွာတွေရယ်မှာလုပ်နေတယ်လို့သိခဲ့ရပါတယ်။ အခုထေခိုရွာထဲမှာဆို Community Tourism Map လေးတောင်ရှိသေးတယ်။ ဘယ်အိမ်မှာတော့ဖြင့် ဘာလေ့လာလို့ရတယ်ဆိုတာမျိုးလေးပုံလေးတွေနဲ့။ ကယောဒေသအစားအစာတွေစားကြည့်ချင်လား၊ ကယောသီချင်းနဲ့အကကိုကြည့်ချင်လား၊ ရိုးရာအရဆန်ဖွတ်တာလေးပဲကြည့်ချင်လား၊ နောက်ဆုံးကယောရိုးရာပုံစံအခေါင်းတလားတွေထားတာကိုလေ့လာချင်လားတောင်ရတယ်။ ရွာထဲဝင်ပြီးလေ့လာတော့ Community Based Tourismအတွက် တစ်အိမ်ဝင်ကြည့်ရင် သုံးထောင်ဆိုတာမျိုးလေးပေးရပါတယ်။ ဘောက်ချာလေးလည်းပြန်ပေးပါတယ်။ အဲဒါဟာရပ်ရွာရန်ပုံငွေအတွက်လို့သိရတယ်။ ကိုယ်ကတော့ ဒါမျိုးလေးတွေ စနစ်တကျရှိတာတွေ့ရတာ သိပ်ဝမ်းသာပါတယ်။ ရိုးရာယဉ်ကျေးမှုလဲမပျောက်ပျက်စေသလိုတိုင်းရင်းသားကျေးရွာတွေကိုလဲထိန်းသိမ်းရာထောက်ပံ့ကူညီပေးရာတကယ်ရောက်တယ်မဟုတ်လား။

ထီးစဲခါးရေတံခွန်
ထေခိုရွာလေးမှာ တစ်နေ့လုံးလည်ပတ်ပြီးတော့ သတင်းမွှေးတဲ့ထီးစဲခါးရေတံခွန်ကို ခရီးဆက်ကြပါတယ်။ လှတယ်လို့သတင်းမွှေးပေးမယ့် အဲလောက်လှပြီးသာယာမှန်းမျှော်တောင်မမျှော်လင့်ထားမိခဲ့ဘူး။ အနားယူအပန်းဖြေဖို့ဆိုင်တန်းလေးတွေနဲ့ ရေတံခွန်ကိုဖြတ်ပြီးလျှောက်တဲ့ လမ်းလေးတွေနဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်ကြားမှာရှိနေတဲ့ ထီးစဲခါးရေတံခွန်ဟာနာမည်ကြီးပြီးလူတွေအများကြီးလာလာလည်ကြတာ တကယ်တော့မဆန်းဘူးဆိုတာ ကိုယ်တွေ့မြင်မှ သေချာပြောနိုင်မှာပါ။

တောင်ကွဲစေတီ
ကယားပြည်နယ်ရဲ့အထင်ကရတောင်ကွဲစေတီကိုလည်း မဖြစ်မနေသွားရောက်ဖူးမြှော်သင့်ပါတယ်။ တောင်ကိုးလုံးကွဲနေလို့လဲတောင်ကွဲစေတီလို့ခေါ်ကြတယ်ဆိုပေမယ့် လွိုင်ကော်ကိုတည်ထောင်ခဲ့တဲ့ ဦးသီရိရဲ့နာမည်ကိုအစွဲပြုပြီးသီရိမင်္ဂလာတောင်တော်လို့လဲခေါ်ကြတယ်လို့ သိခဲ့ရပါတယ်။ တောင်ကွဲစေတီပေါ်ကနေမြင်ရတဲ့ လွိုင်ကော်တစ်မြို့လုံးရဲ့ရှုခင်း၊ တောင်တန်းကြီးတွေရဲ့ရှုခင်းဟာလဲအရမ်းလှတာ။ နေ၀င်ချိန်ကြည့်ဖို့လဲအရမ်းသင့်တော်တဲ့နေရာလေး ။ နေ၀င်ချိန်ဆို တောင်ကွဲစေတီတော်ရင်ပြင်ပေါ်ကနေလှမ်းမြင်နေရတဲ့ ကယားပြည်နယ်ရဲ့အမြင့်ဆုံးလွိုင်နမ်းဖတောင်အနောက်ဖက်ကို ၀င်သွားတဲ့နေလုံးကြီးကိုကြည့်ရင်းသူ့အလှကိုခံစားရတာဟာလဲတကယ့်အနှစ်သာရပါပဲလို့။

ချစ်ရတဲ့မြန်မာပြည်ကြီးထဲကတိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေနဲ့ အဖိုးမဖြတ်နိုင်အောင်လှနေတဲ့ ကယားပြည်နယ်ရဲ့ကိုယ်ရောက်ခဲ့တဲ့နေရာလေးတွေအကြောင်းကိုအားရပါးရရေးပေးလိုက်ပါပြီနော်။ ကယားပြည်နယ်ရောက်ခဲ့ပေမယ့် ကကယားပြည်နယ်ရဲ့နာမည်ကြီး ကြတ်ဂူနဲ့ လောပိတရေတံခွန်ကြီးလိုနေရာမျိုးတွေကိုလဲသွားကြည့်ချင်ခဲ့ပေမယ့် လောလောဆယ်မှာလုံခြုံရေးအခြေအနေအရသွားလို့မရနိုင်တဲ့အတွက် မရောက်ဖြစ်ခဲ့တာကတော့ စိတ်မကောင်းစရာပါ။

ကယားပြည်နယ်ဟာ နွေဆိုလဲနွေရာသီ၊ မိုးဆိုလဲမိုးတွင်း၊ ဆောင်းဆိုလဲဆောင်းရာသီတိတိကျကျခံစားရတဲ့ အပူအအေးမျှတဲ့ ဒေသတစ်ခုဖြစ်တဲ့အတွက် ရန်ကုန်မှာဆောင်းအရသာကိုသေချာမခံစားရသူတွေအတွက်တော့ အခုလိုဆောင်းတွင်းမှာ ကယားဆောင်းကို အပြည့်အဝသွားခံစားသင့်ပါတယ်။ အခုအချိန်သွားရင်တော့ ဆောင်းအငွေ့အသက်တွေ အပြည့်အ၀နဲ့ အလှဆုံးဖြစ်နေမှာပါ ။

ဆုဝေ

Article's

Video

‘‘ဒွေးမယ်နော်တို့စံပျော်ရာ ငွေတောင်ပြည်'’

ကယားလူမျိုးတွေဟာ ကိန္နရာ ကိန္နရီကနေ ဆင်းသက်ပေါက်ဖွား လာတယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ကိန္နရာ ကိန္နရီတို့ ပျော်မြူးရာဒေသဖြစ်တဲ့ ငွေတောင်ပြည်ကို ရောက်ဖို့ ဆုတောင်းတက်ကြပါတယ်။ သူတို့ရဲ့အလံ အလယ်ဗဟိုမှာတောင် ကိန္နရာရုပ်ကို ထည့်သွင်းထားပါတယ်။

ကိန္နရီ ကိန္နရာ မောင်နှံတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်ခင်ကြပါတယ်။ ဒါကြောင့် စာဆိုရှင်တွေက ကိန္နရီကိန္နရာ မောင်နှံကွဲကွာတဲ့အခါ ငိုယိုရခြင်းကြောင့် သံလွင်မြစ် ဖြစ်လာတယ်။ တစ်ညတာ ဝေးရရင်ဖြင့် နှစ်ပေါင်းခုနှစ်ရာ ဝေးရတယ်လို့တောင် ဖွဲ့နွဲ့လေ့ရှိကြပါတယ် ။ အချစ်ကြီးသူတို့ကိုလဲ ကိန္နရီ ကိန္နရာမောင်နှံအဖြစ် တင်စားလေ့ရှိတက်ကြပါတယ်။အချစ်ကြီးသူတို့နေထိုင်ရာ ကန္တာရဝတီ(ငွေတောင်ပြည်)လို့ တင်စားကြတဲ့ ကယားပြည်နယ်လေးအကြောင်းကို 7Day TV ရဲ့ Authetic Travel ကနေဒီတစ်ပတ် ဖော်ပြပေးလိုက်ပါတယ်..။

‘‘ကယားဒဏ္ဍာရီထဲက ဒွေးမယ်နော် နဲ့ သုဓနုမင်းသားတို့ရဲ့ အချစ်ပုံပြင်'’

ငွေတောင်ပြည်လို့ ခေါ်တွင်တဲ့ ကယားဌာနီက လူခန္ဓာကိုယ်၊ ငှက်တောင်ပံပါတဲ့ ကိန္နရီငှက်မလေး ဒွေးမယ်နော် နဲ့ ပင်းတယတိုင်းပြည်က လူသားသုဓနုမင်းသားတို့ရဲ့ အချစ်ပုံပြင်လေးဟာ လွမ်းမောစရာကောင်းလှပါတယ်။

ကိန္နရာ ကိန္နရီတွေဟာ ဟိမ၀န္တာတောတောင်ကြီးမှာ နေထိုင်တက်ကြပြီး မြန်မာနိုင်ငံ၊ ကယားပြည် ငွေတောင်ပေါ်မှာလည်း နေထိုင်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။

ငွေတောင်ပြည်က ကိန္နရီညီအစ်မ ခုနစ်ဖော်ဟာ ငွေတောင်ကြီးရဲ့တောင်ခြေအနီး တောအုပ်ကြီးအတွင်းကနေ ရေကန်ကြီးဆီကို နေ့စဉ်ပျံသန်းကြပြီး ရေကန်ကြီးထဲမှာ မြူးထူးပျော်ပါးရေဆော့ကစားလေ့ရှိကြပါတယ်။

တစ်နေ့မှာတော့ တက္ကသိုလ်က ပညာသင်ပြီး ပြန်လာတဲ့ သုဓနုမင်းသားဟာ အဲဒီတောအုပ်အတွင်းကနေ ဖြတ်သန်းလာရာက ရေကန်ကြီးထဲမှာ ရေဆော့ကစားနေတဲ့ ကိန္နရီညီအစ်မ ခုနစ်ဖော်ကို တွေ့ရှိသွားပါတယ်။ သုဓနုမင်းသားဟာ အလွန်အံ့အားသင့်သွားပြီး လူလား၊ နတ်လား ခွဲခြားသိစေဖို့ နဂါးကျော့ကွင်းနဲ့ ထောင်ဖမ်းပါတော့တယ်။ ညီအစ်မခုနစ်ဖော်အနက် အငယ်ဆုံး နဲ့ ချောမောလှပဆုံးဖြစ်တဲ့ ဒွေးမယ်နော်လေးကို ကျော့ကွင်းမှာဖမ်းမိပြီး ချစ်ခင်စုံမက်ရာက သူရဲ့တိုင်းပြည်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

မင်းသားလေးရဲ့ ဖခမည်းတော် နဲ့ မယ်တော်တို့ကလည်း အမျိုးခြားပေမယ့် အလွန်လှပတင့်တယ်တဲ့ ဒွေးမယ်နော်လေးကို အလွန်ပဲ ချစ်ခင်မြတ်နိုးကြပါတယ်။ သားတော်ကိုအိမ်ရှေ့အရာပေးပေးပြီး ဒွေးမယ်နော်လေးကိုတော့ အိမ်ရှေ့မိဖုရား အရာထားခဲ့ပါတယ်။ ဒွေးမယ်နော်လေးဟာ သူ့ရဲ့တိုင်းပြည်နဲ့ မိဘတွေကို ကွေကွင်းရတော့ မပျော်မရွှင်နဲ့ စိတ်မချမ်းမသာ ဖြစ်ခဲ့ရာက နောက်ပိုင်း သုဓနုမင်းသားလေးရဲ့ ချစ်ခြင်းတွေကြောင့် ပျော်ရွှင်လာခဲ့ရပါတယ်။

ဖခမည်းတော်ဘုရင်မင်းကြီးရဲ့ပုရောဟိတ်ပုဏ္ဏားဟာ သူရဲ့သမီးကို သုဓနုမင်းသား နဲ့ ထိမ်းမြားဖို့ မှန်းထားရာက အကြံပျက် စိတ်နာပြီး အကောက်ကြံပါတော့တယ်။ ဒွေးမယ်နော် ပျက်စီးမှ သူရဲ့သမီးတော်နဲ့ သုဓနုမင်းသား ပြန်လည်ပေါင်းဖက်ရမယ်ဆိုပြီး အမြဲကြံစည်နေပါတော့တယ်။ တစ်နေ့ သုဓနုမင်းသား သူပုန်တွေ သွားနှိမ်နင်းခိုက် မင်းကြီးဟာ (သူ့ရဲ့အူတွေက ဝမ်းကထွက်ပြီး နယ်ပယ်အသစ်တို့ကို ပတ်ရတယ်)လို့ အိပ်မက်မြင်တော့ အလွန်ထိတ်လန့်ပြီး ပုဏ္ဏားကို အိပ်မက်ကို ဖတ်စေရာက ပုဏ္ဏားလည်း အချက်ဆိုက်ပြီဆိုပြီး ”မင်းကြီး ၊ မိဖုရား ၊ တိုင်းပြည် ဤသုံးပါး၏ အန္တရာယ် အလွန်ကြီးပါသည်။ ယတြာကြီးစွာ ပြုရပါလိမ့်မည်။ ပြုရန်ကား ကြက် ၊ ဝက် ၊ ကျွဲ ၊ နွား စသော ခြေနှစ်ချောင်း ၊ ခြေလေးချောင်း တိရစ္ဆာန်တို့ရဲ့ လည်ချောင်းသွေး နဲ့တစ်ကွ ထူးဆန်း တန်ခိုးကြီးတဲ့ ဒွေးမယ်နော်ရဲ့ လည်ချောင်းသွေးကိုပါ ယဇ်ပူဇော်ရပါလိမ့်မည် ” လို့ မကောင်းစိတ်နဲ့ လျှောက်ထားပါတော့တယ်။

မကြာခင်မှာပဲ ဒွေးမယ်နော်ရဲ့အိမ်တော်ကို စစ်တပ် ဝိုင်းလေတယ်။ ဒွေးမယ်နော် နဲ့ ယောက္ခမ မိဖုရားကြီးတို့ဟာ အကြောင်းရင်းကို သိရလေတော့ အလွန်စိုးရိမ်ပူပန်ပြီး ယောက္ခမမိဖုရားကြီးဟာ ဒွေးမယ်နော်အသက်ဘေးလွတ်စေဖို့အတွက် ဒွေးမယ်နော် နဲ့ ပါလာတဲ့ ဘယက်တန်ဆာတွေကို ဝတ်ဆင်စေပြီး ကောင်းကင်မှာ ပျံတက်စေပြီး ငွေတောင်ပြည်ကို ပြန်ပြေးဖို့ တိုက်တွန်းပါတော့တယ်။

သုဓနုမင်းသား သူပုန်ထရာအရပ်က ပြန်ရောက်တော့ အလုံးစုံကြားသိရာက ဒွေးမယ်နော်နောက်ကို လိုက်သွားခဲ့ပါတော့တယ်။ မင်းသားလိုက်လာတာကို ဒွေးမယ်နော်ဖခမည်းတော်ကြီး သိရှိပြီး အမျိုးခြားလူဆိုပြီး ဖမ်းစေပါတယ်။ သုဓနုမင်းသားရဲ့ပုံပန်းရုပ်ရည်ကို မြင်တော့ သာမညလူစားမဟုတ်မှန်း သိရှိပြီး လေးပစ် ၊ ဆင်စီး ၊ မြင်းစီး စတဲ့ ယောက်ျားကောင်းတို့တတ်အပ်တဲ့ အတတ်တွေကို ပြစေရာက အလုံးစုံကျေနပ်ဖွယ် တွေ့ရှိရတဲ့အပြင် သာမညလူတို့ မလာရောက်နိုင်တဲ့ ငွေတောင်ပြည်ကို လာရောက်နိုင်တဲ့ အစွမ်းသတ္တိလည်း ရှိသလို သမီးတော်ကိုလည်း ချစ်ခင်စုံမက် ၊ သစ္စာတည်ကြည်စွာ အသက်စွန့်ပြီးလိုက်လာသူလည်း ဖြစ်ပေတယ်လို့ အလွန်ဝမ်းမြောက်စွာ နဲ့ သမီးတော် နဲ့ ထိမ်းမြားပေးခဲ့ပါတယ်။

သုဓနုမင်းသားလည်း ဒွေးမယ်နော်ကို သူ့ရဲ့တိုင်းပြည်ကို ပြန်လည်ခေါ်ဆောင်လာပြီး ခမည်းတော်ရဲ့ အရိုက်အရာထီးနန်းကို ဒွေးမယ်နော်နဲ့အတူ ပျော်ရွှင်စွာ စိုးစံပါတော့တယ်။

“ဒွေးမယ်နော်တို့ စံပျော်ရာ ကန်ခုနစ်ဆင့်”

ကန်ခုနှစ်ဆင့်ဆိုတာ ကယားပြည်နယ် ကရင်နီသမိုင်းအရ ကညာမော်လို့ခေါ်ပြီး ဗမာတွေက ဒွေးမယ်နော် ညီအစ်မ ခုနှစ်ဖေါ်တို့ စံပျော်ရာ နေရာလို့ ခေါ်ဆိုကြပါတယ်။

ကန်ခုနစ်ဆင့်ဟာ လွိုင်ကော်မြို့ကနေ ၁၄ မိုင်ခန့်အကွာ ဒီးမော့ဆိုမြို့နယ်မှာ တည်ရှိပါတယ်။ တောင်ခြေတစ်လျှောက် သဘာဝအတိုင်း အဆင့်ဆင့်တည်ရှိနေတဲ့ ရေကန်တွေ ဖြစ်ပါတယ်။ တစ်ကန်နဲ့တစ်ကန် ဆက်စပ်နေခြင်းမရှိဘဲ သီးသန့် တည်ရှိနေတာ အံ့သြစရာပါ။ ကန်ခုနစ်ခုဟာ ကန်အပိတ်တွေဖြစ်ပြီး ကန်(၅) ဟာ အကြီးဆုံးလို့ ဆိုကြပါတယ်။ ထူးခြားချက်က ကန်ရေကိုယ်၌က ကြာပွင့်ပုံဖြစ်နေတာပါ။

“ဘယ်နေရာတွေသွားပြီး ဘယ်လိုတွေလည်ရမှာလဲ”

ရှေ့မှာပြောခဲ့သလိုပဲ မိုးကုတ်မြို့မှာက လည်စရာပတ်စရာအပြင် လေ့လာစရာနေရာတွေလည်းပါမှပေါပါ။ ဖောင်တော်ဦးဘုရား၊ ချမ်းသာကြီးဘုရား၊ မြို့လည်အင်း၊ ပတ္တမြားစေတီ၊ ဘော်ဗဒါန်းလှိုဏ်ဂူ(မိုးကုတ်ဆရာတော်ဘုရားကြီးလိုဏ်ဂူ)၊ ဘားနာဒ့်ရွာနှင့် ဘားနာဒ်ဈေး၊ ဒေါ်နန်းကြည့်တောင်၊ ညဈေးတန်း၊ ကင်းချောင်းရေတံခွန်၊ တောင်မင်းတောင်၊ ထာပွဲ၊ ကျောက်ပြသာဒ်၊ ရှုခင်းသာ (View Point) တွေ ဖြစ်ပါတယ်။

တစ်နေရာနဲ့ တစ်နေရာသွားဖို့အတွက် ဟိုတယ်ကနေဖြစ်ဖြစ် Travel & Tour တွေကနေဖြစ်ဖြစ် ကားနဲ့ Guide ငှားလို့ရပါတယ်။ တနေရာနဲ့တနေရာသိပ်မဝေးလှတာကြောင့် ခရီးသွားတွေအတွက် ကုန်ကျစရိတ်သိပ်မများသလိုလည်ပတ်သင့်တဲ့ မြို့ တစ်မြို့လည်းဖြစ်ပါတယ်။

“သမိုင်းထဲက ဒီမော့ဆို”

ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်စတဲ့ တောင်ခုနစ်လုံးရှိပြီး ငွေတောင်ကြီးအနီး တည်ထားတဲ့ ရွာဖြစ်လို့ ငွေတောင်ရွာလို့ ခေါ်ဆိုပြီး ကယားလူမျိုးတွေက ငွေတောင်ကို ဒီးမော့ဆိုလို့ ခေါ်ဆိုကြပါတယ်။ ဒီမော့ဆိုမြို့လေးဟာ ရှေးအခါကပဲ တည်ရှိခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ (၁၉၆၂)ခုနှစ် ဒီဇင်ဘာလ တော်လှန်ရေးကောင်စီလက်ထက်မှာ ကယားပြည်နယ်အတွင်း အုပ်ချုပ်ရေးနယ်မြေတွေ ပြန်လည်သက်မှတ်ရာမှာတော့ ဒီမော့ဆိုဟာ လွိုင်ကော်နယ်မြေလက်အောက်ခံနယ်(၃)နယ်ထဲက တစ်နယ်အပါအ၀င် ဖြစ်ခဲ့ပါတယ်။ (၁၉၆၅)ခုနှစ်မှာတော့ မြို့နယ်တွေ ပြန်လည်ဖွဲ့စည်းရာမှာ ဒီမော့ဆိုမြို့နယ်လို့ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီမော့ဆိုမြို့မှာရှိတဲ့ လူဦးရေကတော့ (၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ (၂၉,၃၇၄) ဦး ရှိပါတယ်။

“ကယန်းအလှတို့ ရှိရာ ဒီမောဆိုမြို့နယ်က ပန်ပက်ရွာ”

ကယန်း(ပဒေါင်)လို့ ဆိုလိုက်တာနဲ့ ကယားပြည်နယ်ကို လှမ်းပြီး မြင်ယောင်ကြမှာပါ။ ဒီမောဆိုမြို့နယ်၊ ပန်ပက်ရွာလေးကို သွားရောက်ရင်ဖြင့် ကယန်းလူမျိုးတွေရဲ့ လူနေမှုဘ၀လေးတွေကို လေ့လာနိုင်မှာပါ။ ပန်ပက်ကျေးရွာလေးဟာ အရှေ့တောင်အာရှကနေ ဆုချီးမြှင့်ခံရတဲ့နေရာ သုံးခုမှာ တစ်ခု အပါအ၀င် ဖြစ်တယ်လို့လဲ သိရပါတယ်။

ကယန်းလူမျိုး တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားသွေးချင်းများစွာ ရှိတဲ့အထဲက အထူးခြားဆုံးဖြစ်တဲ့ ကြေးခွေစွပ်ထားတဲ့ အမျိုးသမီးတွေကြောင့် ကမ္ဘာကတောင် စိတ်ဝင်စားကြတဲ့အထိပါပဲ ။ တစ်ခါမြင်ဖူးရုံ နဲ့ တစ်သက်မမေ့နိုင်စရာဖြစ်တဲ့ ဆန်းကြယ်လှပတဲ့ ဆင်ယင်ထုံးဖွဲမှုတွေကို လေ့လာချင်ရင်တော့ ပန်ပက်ရွာလေးကို သွားရောက်လည်ပတ်နိုင်ပါတယ်။

“ကယန်း(ပဒေါင်)တွေဟာ ဘယ်ကနေဆင်းသက်လာပါသလဲ”

အများက ပဒေါင်လို့ သိထားတဲ့ ကယန်းတွေဟာ သူတို့ကို ‘‘ပဒေါင်’’လို့ ခေါ်တာကို မကြိုက်ကြပါဘူး။ ‘‘ပဒေါင်’’ဆိုတာ ရှမ်းတို့ကပေးတဲ့ အမည်ဖြစ်ပါတယ်။ ကြေးပတ်သောသူ (ပတ်တောင်း)လို့ ရှမ်းစကားကနေ 'ပဒေါင်' ဖြစ်လာတာပါ။ သူတို့က ကယန်းလို့ခေါ်တာကိုပဲ နှစ်သက်ကြပါတယ်။ တစ်ခါတစ်ရံ အခြားကယန်းမျိုးတွေနဲ့ ကွဲပြားစေဖို့ သူတို့ကိုယ်သူတို့ ‘လည်ပင်းရှည်’ ၊ ‘ကြေးကွင်းပက်’ လို့လဲ ညွှန်းပြီးပြောတက်ကြပါသေးတယ်။ ကယန်း(ပဒေါင်)တွေဟာ သူတို့ကိုယ်ကို တောင်ပေါ်ဒေသရဲ့ အရှင်သခင်၊ တောင်ကို ကြီးစိုးလွှမ်းမိုးသူအဖြစ် ယူဆကြပါတယ်။

ကယန်း(ပဒေါင်)တိုင်းရင်းသားတွေဟာ တိဘက်-မြန်မာ အုပ်စု တိဘက်- တရုတ်အနွယ်ကနေ ဆင်းသက်လာတာပါ။ ကယန်းတိုင်းရင်းသား အမည်မှည့်ခေါ်ရာမှာ 'ကန်'က ပိုက်နက်၊ နယ်မြေလို့ အနက်အဓိပ္ပာယ်ရပြီး 'ယန်'က စွဲစွဲမြဲမြဲနေတတ်တဲ့ လူမျိုးလို့ ဆိုလိုတာပါ ။ ကန်ယန်ရဲ့ အနက်အဓိပ္ပာယ်က နယ်မြေဒေသတစ်ခုမှာ အတည်တကျ စွဲစွဲမြဲမြဲနေတတ်တဲ့လူမျိုးလို့ ဆိုလိုတာပါ။ ကာလကြာလာတဲ့ အခါမှာတော့'ကန်ယန်’ ကနေ 'ကယန်း' ဖြစ်လာပါတယ်။

“ကယန်း(ပဒေါင်) တို့ရဲ့ အလုပ်အကိုင်”

ကယန်း(ပဒေါင်)တို့ဟာ မိရိုးဖလာအလုပ်ကိုပဲ ဓားမဦးချလုပ်ကိုင်ကြပါတယ်။ တောင်ယာ၊ တောင်စောင်းတွေမှာ လှေကားထစ်စိုက်ခင်းတွေ ပြုလုပ်ပြီး စပါး၊ လက်ဖက်တို့ကို စိုက်ပျိုးကြပါတယ်။

“ကယန်း(ပဒေါင်)ရဲ့ ဥပဓိရုပ်သွင်”

ကယန်း(ပဒေါင်)သွေးချင်းတို့ရဲ့ ဥပဓိရုပ်သွင်ကတော့ အသားအရောင်က နီစပ်စပ်၊ ညိုရင့်ရင့်ဖြစ်ပြီး ပင်ကို အသွေးအရောင်က အသားဝါအုပ်စု ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့အရပ် အမောင်းက ၅ ပေ ၃ လက်မ ကနေ ၅ ပေ ၈ လက်မ ကြားရှိပြီး အမျိုးသမီးတွေရဲ့ အရပ်အမောင်းကတော့ ၅ ပေမ ကနေ ၅ ပေ ၄ လက်မကြားရှိပါတယ်။

ဦးခေါင်းက ကြက်ဥပုံသဏ္ဌာန်လုံးဝိုင်းပါတယ် ။ မျက်ပေါက်ကျဉ်း ၊ မျက်ခွံမို့ပြီး မျက်လုံးက အညိုရောင်၊ အနက်ရောင်တို့ ရှိပါတယ်။ နှာတံရှည်၊ နှာဖျားအနည်းငယ်ပွ ၊ နှုတ်ခမ်းသားပါးပြီး ရှေ့သွားကြီးတက်ပါတယ်။ ကွမ်းစားတာကြောင့် သွားတွေဝါပြီး နှုတ်ခမ်းအရောင် နီမြန်းနေတက်ပါတယ်။ အသက်ကြီးတဲ့ အဘိုးအဘွား တွေမှာတော့ သွားနက်တက်ပြီး သွားနက်ရခြင်းကတော့ ရှေးဓလေ့စရိုက်အရလို့ ဆိုပါတယ်။

“ကယန်း(ပဒေါင်)တို့ရဲ့ ဝတ်စားဆင်ယင်မှု”

ကယန်း(ပဒေါင်)အမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်မှုက ထူးခြားမှု မရှိပေမယ့် အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုက တစ်မှုထူးခြားလှပြီး ဆွဲဆောင်မှုရှိလှပါတယ်။

အမျိုးသားတွေက လက်ယာဘက်ကို သျှောင်တစောင်းထုံးပြီး ဆံထုံးပေါ်မှာ ဖြူနီပန်းရောင်ပါတဲ့ ဖျင်ကြမ်းကို ပေါင်းထားလေရှိပါတယ်။ အပေါ်အင်္ကျီကို အဖြူခံ သိုးမွှေးချည်ခံ ရင်ကွဲဂျပ်ခုတ်ထည်တွေကို ဝတ်ဆင်ကြပြီး ဘောင်းဘီကတော့ ချည်အဖြူခံ ဒါမှမဟုတ် အနက်ရောင်ခံကို ဝတ်ဆင်ကြပါတယ်။ ခါးမှာတော့ သားရေ တစ်ဆင့် ကြေးမှာတစ်ဆင့် ဆက်ထားတဲ့ ခါးပတ်ကိုပတ် ကြေးကွင်းမှာ ဆင်စွယ်ဓားရိုး၊ ဆတ်ချိုဓားရိုး ငွေသားနဲ့ ပြုလုပ်ထားတဲ့ ဓားအိမ်ကိုချိတ်ဆွဲကြပါတယ်။

ပွဲလမ်းသဘင်မှာတော့ အမျိုးသားအချို့က နားဖောက်ပြီး ငွေနားဆွဲ၊ သိုးမွှေးရောင်စုံကို ပန်ဆင်ကြပါတယ်။ လည်ပင်းမှာ ကွင်းလိပ် ငွေသား ဆွဲကြိုး၊ ဘော့ဒ်ပန်းကွက်ဖော်တဲ့ငွေဆွဲပြားကိုဆွဲကြပြီး ခြေချင်းဝတ်မှာတော့ 'ဘုတ်ဿ' ပုတီးကို ခြေမျက်စိအောက်ဆုံး သုံးလေးကုံးဝတ်ဆင်ကြပါတယ် ။ လက်မောင်း၊ ခြေသလုံး အထက်မှာတော့ ကာမို့သင်ရိုးကို ကွင်းအလိုက် တပ်ဆင်ကြပါတယ်။

ဒီနေ့အချိန်မှာတော့ ကယန်း(ပဒေါင်)အမျိုးသားတွေ ဆံထုံး ထုံးခြင်း၊ ခေါင်းပေါင်းပေါင်းခြင်း၊ နားဖောက်ခြင်းကို မပြုလုပ်ကြတော့ပါဘူး။ ရှပ်အင်္ကျီ ၊ ရှမ်းဘောင်းဘီကိုသာ ဝတ်ဆင်တက်ကြပါတယ်။ နေ့ကြီးရက်ကြီး၊ အမျိုးသားပွဲ သဘင်အခမ်းအနားတွေမှာသာ အမျိုးသားဝတ်စုံဖြစ်တဲ့ ရင်ကွဲအင်္ကျီအဖြူ၊ ရှမ်းဘောင်းဘီအရှည်၊ ခေါင်းပေါင်းအနီ၊ ပန်းရောင် တို့ကိုဝတ်ဆင်ကြပါတယ်။

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

တောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေးရေပြင်ပြာ

အင်းလေးလို့ ဆိုလိုက်တာနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်တန်းတွေ ကာရံထားတဲ့အလယ်က ရေပြင်ကျယ်ကြီးရယ်၊ လှေကိုခြေနဲ့လှော်ခတ်နေတဲ့ အင်းသားလူမျိုးတွေရယ်ကို ပြေးမြင်မိမှာ မလွဲပါပဲ။

Read More
Image

ဖားစည်သံဝေ ဇွဲကပင်မြေ

ဇွဲကပင်တောင်ဟာဆိုရင် ကရင်ပြည်နယ်ရဲ့ ဂုဏ်ဆောင်တစ်ခု ဖြစ်သလို အမှတ်အသား သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။

Read More
Image

ချစ်စရာကရောမြေသို့ အလည်တစ်ခေါက်

ဟိုးအရင်ကတည်းက ပျောက်မသွားတဲ့ ရိုးရာယဉ်ကျေးမှုတွေအတိုင်း ထိန်းသိမ်းထားတဲ့ ကယားပြည်နယ် တောင်တန်းတွေကြားက ထယ်ခိုရွာလေးပါ။

Read More
Image

ပတ္တမြားမြေသို့ အလည်တစ်ခေါက်

မိုးကုတ်လို့ ပြောလိုက်ရင်ပဲ အနီရောင်တောက်တောက် ပတ္တမြားတွေကို ပြေးမြင်မိကြတယ်ဟုတ်။

Read More
Image

‘‘ဥသြအော်သည် ’’ထားဝယ်တည်

‘‘ဥသြအော်သည်’’ ဆိုတဲ့ နံသင့်အက္ခရာ အမှတ်သင်္ကေတအရ ထားဝယ်မြို့ကို မြန်မာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပေါင်းလဆန်း (၁၃) ရက်နေ့ (ခရစ်နှစ် ၁၇၅၄) ခုနှစ်မှာ တည်ခဲ့တဲ့ အဆိုလေးပါ။

Read More
Image

 ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

Read More