ဧရာဝတီနဲ့ ဒုဌဝတီတို့ ပေါင်းစုံစီးဆင်းရာ
သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ မင်းနေပြည်တော်ဖြစ်ခဲ့ဖူးရာ အင်းဝ။

အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) တို့ဆုံရာမှာ တည်ရှိပါတယ်။ အင်းဝမြို့ဟာ အေဒီ (၁၃၆၄-၁၃၆၈) မှာ သတိုးမင်းဖျား စတည်ခဲ့တာဖြစ်ပြီး ဘကြီးတော် (၁၈၁၉-၁၈၃၇) ထိ နောက်ဆုံးမင်းအနေနဲ့ စိုးစံခဲ့တာမို့ နှစ်ပေါင်း ၄၀၀ ကျော် မင်းနေပြည် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အင်းဝမှာ လေ့လာစရာ၊ လည်ပတ်စရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေ အများကြီးပါပဲ။

အင်းဝကို မန္တလေးကနေ သွားမယ်ဆို လမ်းကြော နှစ်ကြောနဲ့ သွားနိုင်ပါတယ်။ ရန်ကုန် - မန္တလေး အဝေးပြေးလမ်းအတိုင်း မန္တလေး တံခွန်တိုင်အဝိုင်းကနေ ဆက်သွားပြီး ဒုဌဝတီတံတားကို ကျော်တဲ့အခါ လမ်းညာဘက်မှာ အင်းဝသွားဖို့ လမ်းညွန်ဆိုင်းဘုတ် တွေ့ပါလိမ့်မယ်။ ဒါကတော့ အဝေးပြေးလမ်းကနေ သွားတာပါ။ အဲ့ဒီလိုမှ မသွားချင်ရင် မန္တလေး အိုးတုတ်တန်းဘက်ကနေ ဒုဌဝတီမြစ်ကို စက်လှေနဲ့ကူးလို့ အင်းဝဘက်ကမ်းက လှေဆိပ်ကို သွားနိုင်ပါသေးတယ်။ အဲ့ဒီလိုသာ သွားမယ်ဆိုရင် အရင်ဆုံး စစ်ကိုင်း - မန္တလေးလမ်းကနေ စစ်ကိုင်းတံတားဟောင်းရှိရာကို သွားရပါမယ်။

Image
Image
Image
Image

စစ်ကိုင်းတံတားဟောင်းထိပ်ကို ရောက်ပြီဆို လမ်းသုံးခွဆုံ ဆိုင်းဘုတ်ကနေ အိုးတုတ်တန်းကို ရောက်အောင်သွားပါ။ အိုးတုတ်တန်းကို သွားတဲ့လမ်းလေးဟာ သစ်ပင်ရိပ်တွေနဲ့ အရမ်းကိုလှလို့ ဓာတ်ပုံရိုက်ချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အိုးတုတ်တန်းလှေဆိပ်ကိုရောက်ပြီဆိုရင်တော့ စက်လှေနဲ့ တစ်ယောက် ၅၀၀ ပေးပြီး အင်းဝကို ကူးရုံပါပဲ။ စက်လှေပေါ်ကို ဆိုင်ကယ်တင်ပြီး ကူးလို့လည်းရပါသေးတယ်။ ဆိုင်ကယ်ပါရင်တော့ အင်းဝရာက်တဲ့အခါ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် လည်ရုံပဲပေါ့။ ဆိုင်ကယ်မပါဘူးဆိုရင်တော့ အင်းဝရဲ့ နာမည်ကျော် မြင်းလှည်းလေးတွေငှားပြီး လည်ပတ်နိုင်ပါတယ်။ သစ်ပင်ခြုံနွယ်တွေနဲ့ စိမ်းနေတဲ့ လမ်းလေးတွေထဲ မြင်းလှည်းလေးနဲ့ လျှောက်သွားရတာကလည်း အရသာတစ်ခုပါ။

အင်းဝမြို့ကို လည်ပတ်လို့ အကောင်းဆုံးအချိန်ကတော့ အခုလို သီတင်းကျွတ်အပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေပါပဲ။ နွေရာသီကတော့ ပူပြင်းလွန်းပြီး မိုးရာသီကတော့ အင်းတွေ၊ မြစ်တွေရေလျှံတတ်လို့ သိပ်ပြီး သွားလာလို့ မကောင်းပါဘူး။ အင်းဝမြို့ရဲ့ အလှဆုံးအချိန်ကတော့ လက်ပံပွင့်တွေ ပွင့်တဲ့ နွေဦးရာသီ ဖေဖော်ဝါရီပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆို ကြည့်လေရာ လက်ပံပွင့်ရဲရဲတွေ၊ ရွက်ကြွေတွေနဲ့ အင်းဝမြို့ဟောင်းကြီးဟာ ကြည့်လေရာ လွမ်းစရာအပြည့်ဖြစ်နေမှာ အမှန်ပါပဲ။

အင်းဝရောက်ရင် အဓိကကတော့ မယ်နုအုတ်ကျောင်းကြီးပဲဖြစ်ပါတယ်။ အဝါခပ်ဖျော့ဖျော့ ထုထည်ကြီးကြီးနဲ့ အုတ်ကျောင်းကြီးကို ဓာတ်ပုံတွေကနေတဆင့် ရင်းနှီးကြပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဘကြီးတော်ရဲ့ မိဖုရားခေါင်ကြီးမယ်နု ဆောက်လှူထားတဲ့ မယ်နုအုတ်ကျောင်းကြီးဟာ အုတ်အင်္ဂတေတွေနဲ့ အခိုင်အမာ ဆောက်ထားတဲ့ကျောင်းကြီးပါ။ ဒီကျောင်းကြီးကို ၁၈၂၈ မှာ ညောင်ကန်ဆရာတော် ဦးပိုကို ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဆရာတော်ဦးပို ပျံလွန်တော်မူအပြီးမှာတော့ ဆရာတော်ဦးဗုဓ်ကို လှူဒါန်းခဲ့ပါတယ်။

မယ်နုအုတ်ကျောင်းနဲ့ပတ်သက်တဲ့ ရာဇဝင်တွေကလည်း အမျိုးမျိုးပါပဲ။ အုတ်ကျောင်းကြီးမှာ ပြာဿဒ်ဆောင်၊ ရဟန်းတွေ သီတင်းသုံးဖို့အခန်း၊ စင်္ကြပတ်လမ်းတွေ ထည့်ဆောက်ထားပြီး အုတ်ကျောင်းတစ်ခုလုံးဟာ လက်ရာမြောက်လှတာကို တွေ့ရပါလိမ့်မယ်။

နောက်တစ်နေရာကတော့ အင်းဝ နန်းမြင့်မျှော်စင်ဖြစ်ပါတယ်။ မယ်နုအုတ်ကျောင်း အနီးမှာပဲ အင်းဝမျှော်စင်ရှိပါတယ်။ အင်္ဂတေနဲ့ သစ်သား ပေါင်းစပ်တည်ဆောက်ထားတဲ့ အင်းဝမျှော်စင်ကြီးက အခုချိန်မှာတော့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေပြီး အန္တရာယ်ရှိတာကြောင့် မျှော်စင်ပေါ်ကို တက်ဖို့ တားမြစ်ထားပါတယ်။ အင်းဝမျှော်စင်နားက လက်ပံပင်ကြီးကတော့ ဖေဖော်ဝါရီလဆို လက်ပံပွင့်တွေ ရဲနေအောင်ပွင့်တာမို့ ဓာတ်ပုံရိုက်လို့သိပ်ကောင်းတဲ့ နေရာတစ်ခုပါ။ ပြီးရင်တော့ မျှော်စင်ရှေ့မှာ ပန်းချီကားတွေ၊ လက်မှုပစ္စည်းတွေကို အမှတ်တရ ၀ယ်ယူနိုင်ပါသေးတယ်။

မျှော်စင်ပြီးရင်တော့ ဗားကရာကျောင်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ သစ်သားအတိပြီးတဲ့ ဗားကရာကျောင်းတော်ကြီးဟာ မြန်မာ့လက်မှုပန်းပု၊ ပန်းပွတ် ဗိသုကာလက်ရာတွေကို အထင်အရှား မြင်တွေ့ရမယ့် နေရာတစ်ခုပါ။ မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ကျွန်းတိုင်လုံးပေါင်း ၂၆၇ တိုင်ပါရှိတဲ့ နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်ပါတယ်။ ရေနံချေးဝပြီး သပိတ်ရောင်ထနေတဲ့ ကျောင်းတော်ကြီးဟာ မြင်ရတာနဲ့ကို ရင်သပ်ရှုမောစရာပါပဲ။

နောက်တစ်နေရာ ထပ်ညွှန်းပေးချင်တာကတော့ ဆင်ကျုံးခံတပ်ဖြစ်ပါတယ်။ ဆင်ကျုံးခံတပ်ဟာ အင်းဝမြို့ ဆင်ကျုံးရွာရဲ့ အနောက်၊ ဧရာဝတီမြစ်တောင်ဘက်မှာ ရှိပါတယ်။ ရှေးဘုရင်များလက်ထက်က ဆင်တွေကို ကျုံးသွင်းဖမ်းဆီးဖို့ လုပ်ထားတဲ့ ထောင်ချောက်မို့ ဆင်ကျုံးလို့ခေါ်ပါတယ်။ မင်းတုန်းမင်းလက်ထက်မှာ ဧရာဝတီမြစ်က ဆန်တက်လာမယ့် ရေကြောင်းအန္တရာယ်ကို တွက်ဆပြီး ဆင်ကျုံးနေရာမှာ ခံတပ်လုပ်ခဲ့ရာကနေ ဆင်ကျုံးခံတပ်ဆိုပြီး ဖြစ်လာပါတယ်။

ဆင်ကျုံးခံတပ်ဟာ စတုရန်းပုံဖြစ်ပြီး အုတ်တံတိုင်းသုံးထပ်ပါပါတယ်။ ကျုံးထဲမှာ ခံတပ်အတွက် အသုံးပြုခဲ့တဲ့ အမြောက်လက်နက်တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဆင်ကျုံးခံတပ်ကနေ ဧရာဝတီမြစ်ရဲ့ ညနေခင်းဆည်းဆာအလှကို တစ်ဝကြီး ခံစားနိုင်ပါသေးတယ်။

တကယ်တော့ အင်းဝမြို့ဟောင်းမှာ လည်ပတ်စရာတွေက အတော်များတာပါ။ ရတနာဆီမီးဘုရားစု၊ ဒေါ်ဂျမ်းဘုရားစု ၊ စန္ဒာမုနိဘုရား၊ ၀င်္ကပါဘုရား၊ မြင့်မိုရ်တောင်ဘုရား၊ လောကသရဖူဘုရား၊ ထီးလှိုင်ရှင် စတဲ့ နေရာတွေကိုလည်း သွားရောက်ဖူးမြှော်နိုင်ပါတယ်။ ဘုရားတစ်ခုချင်းစီမှာ သူမတူတဲ့ လက်ရာတွေ ဗိသုကာတွေနဲ့မို့ ရင်သပ်ရှုမောစရာပါ။

အင်းဝမြို့ဟာ ကြည့်လေရာ အုတ်နီရဲရဲ ရှေးဟောင်းအဆောက်အအုံတွေနဲ့ အေးချမ်းသာယာပြီး မြန်မာမှုလက်ရာတွေ၊ ဗိသုကာတွေ၊ သမိုင်းတွေနဲ့ ထုံမွှမ်းနေတဲ့ မြို့လေးဖြစ်ပါတယ်။ အခွင့်အခါသင့်ရင် အဆင်းလှတဲ့ အင်းဝမြို့လေးကို တစ်ခါလောက်တော့ အလည်လာစေချင်ပါသေးတယ်။

အင်းဝမြို့ရဲ့ ရှုခင်းတွေ၊ အလှအပတွေဟာ ပြန်တွေးတိုင်း အမှတ်ရစရာတွေ ဖြစ်နေမှာပါ။ အဲဒီလို ထူးခြားလှပတဲ့ အင်းဝမြို့လေးကို 7Day TV ရဲ့ Authentic Travel အစီအစဉ်ကနေ တင်ဆက်ပေးထားတာမို့ မျက်မြင် ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

(ယာဉ်ယာဉ်နှောင်း ရေးသားထားပါသည်။)

Article's

Video

‘‘မိနု၊ သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည်'’

နန်းမတော်မယ်နုရဲ့နောက်ဆုံးအချိန်မှာ သူလှူဒါန်းခဲ့တဲ့ ကျောင်းကြီးနဲ့ပတ်သက်လို့ ဆရာတော်ဦးဗုဓ်က ပြောကြားဆုံးမခဲ့တဲ့ သံဝေဂရဖွယ် စကားတစ်ခွန်းဟာ မြန်မာ့သမိုင်းမှာ အလွန်ထင်ရှားခဲ့ပါတယ်။ ဘုရင့်နန်းကို ပုန်ကန်ရန် ကြံစည်မှုနဲ့ နန်းမတော်မယ်နုကို သာယာဝတီမင်းက ရေချစီရင်ဖို့ အမိန့်ချခဲ့ပါတယ်။ နန်းမတော်မယ်နုဟာ သူမသေမီ ဆရာတော်ဦးဗုဓ်အား နောက်ဆုံးဖူးမြော်ခွင့်ပေးရန် မြို့ဝန်နဲ့ ပါးကွက်သားတွေထံ တောင်းခံခဲ့ပါတယ်။ အုတ်ကျောင်းကို နန်းမတော်မယ်နု ရောက်ရှိလာချိန်ဟာ ဆရာတော်ဦးဗုဓ် စာကြည့်နေခိုက်ဖြစ်ပါတယ်။ နန်းမတော်မယ်နုက ဆရာတော်ကိုဦးချပြီး 'သူ၏ အာဏာစက်ဖြင့် အဆုံးစီရင်ခြင်း ခံရပါတော့မည်၊ ဤနေ့ကား ဆရာတော်ဘုရားကို နောက်ဆုံးဖူးမြော် ကန်တော့ခြင်း ဖြစ်ပါကြောင်း' လျှောက်တင်ခဲ့ရာ ဆရာတော်ဦးဗုဓ်မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မယ်နုအုဋ်ကျောင်း’’ ခေါ် ‘‘အောင်မြေဘုံစံကျောင်း

မယ်နုအုဋ်ကျောင်းလို့ ထင်ရှားပြီးလူသိများတဲ့ ကျောင်းတော်မှာ နန်းမတော်မယ်နု လှူဒါန်းစဉ်က ‘‘အောင်မြေဘုံစံ’’ လို့ အမည်မှည့်ခေါ်ခဲ့ပါတယ်။ နောင်မှာ နန်းမတော်မယ်နုအုဋ်ကျောင်းလို့ အလွယ်ခေါ်ရာကနေ ‘နန်းမတော်’ ပြုတ်ပြီး ‘မယ်နုအုဋ်ကျောင်း‘ ရယ်လို့ အမည်တွင်တာဖြစ်ပါတယ်။ အုဋ်ကျောင်းကြီးကို မြန်မာသက္ကရာဇ် (၁၁၈၄) ခုနှစ်၊ နတ်တော်လပြည့်ကျော် (၅) ရက် (ခရစ်နှစ် ၁၈၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်) အင်္ဂါနေ့က ရတနာပူရမြို့တော်အတွင်း ထီးလှိုင်ရှင်ဘုရား အနောက်မြောက် မြေကွက်လပ်မှာ စတင်ဆောက်လုပ်ခဲ့တာပါ။

အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ၊ အမြင့် ၉၄ ပေရှိတဲ့ မယ်နုအုဋ်ကျောင်းကြီးကို ခြောက်နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရပြီး အဲဒီခေတ်ကာလ ငွေကျပ်သုံးသိန်းကျော် ကုန်ကျခဲ့ပါတယ်။ အုတ်ကျောင်းကြီးရဲ့ ကျောင်းဦးပြာသာဒ်ဆောင်နဲ့ အဆောင်မကြီးကို ကိုးပေခွာပြီးတော့ တည်ဆောက်ထားကာ ပြာသာဒ်ဆောင်ကို မျက်နှာလေးဖက် ဖွင့်ထားပါတယ်။

အဆောင်မကြီးကို ရဟန်းတော်တွေ သီတင်းသုံးနိုင်ရန် စင်္ကြံပတ်လမ်းတွေပတ်ပြီး အခန်းတွေ ဖွဲ့ထားပါတယ်။ အုတ်ပေါင်းကူးဝင်ပေါက်တွေမှာ သစ်သားတံခါးများကို ပတ္တာတွေမသုံးဘဲ သံချောင်းအူတိုင်ကို တံခါးရွက်မှာ တွဲထားတဲ့ သံကွင်းတွေမှာ စွပ်ပြီးတော့ သပ်ရပ်ခိုင်ခံ့စွာ တပ်ဆင်ထားတာဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် (၁၁၈၉) ခုနှစ်၊ တပို့တွဲလဆန်း (၁၃) ရက် (ခရစ်နှစ် ၁၈၂၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်) အင်္ဂါနေ့တွင် ကျောင်းဦးပြာသာဒ်ပါ အုတ်ကျောင်းကြီးကို ‘အောင်မြေဘုံစံ’ လို့ ကမ္ဗည်းတင်ပြီး ကျောင်းတော်အနောက်မြေလပ်တွင် မင်းတဲကြီးဆောက်လုပ် ပွဲလမ်းသဘင်ကြီး ပြုလုပ်ကာ ပုညာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇာဂုရု ဘွဲ့တံဆိပ်တော်ရ ညောင်ကန်ဆရာတော်ထံ ရေစက်သွန်းချ လှူဒါန်းခဲ့ပါတယ်။

‘အောင်မြေဘုံစံ’ ကို အလှူခံရရှိတဲ့ ညောင်ကန်ဆရာတော်ဟာ ကျောင်းထိုင်ဖို့ မကြွရောက်နိုင်လို့ တပည့် ဦးပိုအား ပင့်ဆောင်စေပါတယ်။ ဆရာတော်ဦးပိုကတော့ (၁၈၃ဝ) ပြည့်နှစ်မှာ ပျံလွန်တော်မူပြီးနောက် ကျောင်းထိုင်လစ်လပ်သွားသဖြင့် ဆရာတော်ဦးဗုဓ်ကိုပင့်ပြီး ကျောင်းထိုင်စေခဲ့ခြင်း ဖြစ်ပါတယ်။

“နန်းမတော်မယ်နု”

မယ်နုကို အဖထောင်သင်းမှူး ဦးလှုပ်နဲ့ အမိဒေါ်ငယ်တို့က မြန်မာနှစ် (၁၁၄၆) ခု၊ ဝါဆိုလပြည့်ကျော်(၅) ရက်၊ အင်္ဂါနေ့၊ နံနက် လေးချက်တီးကျော်ချိန်မှာ မွေးဖွားခဲ့ပါတယ်။

“မယ်နုအမည်”

နန်းမတော်မယ်နု မွေးဖွားပြီးချိန်မှာ ဘကြီးဖြစ်သူက ထိုသမီးငယ်ဟာ ကြန်အင်လက္ခဏာကောင်းပြီး အသားအရည်နုနယ်ခြင်း၊ သိမ်မွေ့စွာ နေထိုင်တက်ခြင်းတို့ကြောင့် ‘မယ်နု’ လို့ ခေါ်တွင်စေခဲ့တာ ဖြစ်ပါတယ်။

“မင်းတရားကြီးဟာ မယ်နုအား အမျိုးအနွယ်အားဖြင့် စင်ကြယ်ခြင်း၊ ဥပဓိရုပ်ကောင်းခြင်း၊ ထီးနန်းနဲ့ အကျိုးပေးတဲ့ ဇာတာပါခြင်း စသည်တို့ကြောင့် မယ်နုအမည်ကို ရွှေတိုက်စာရင်း သွင်းစေကာ တောင်နန်းမိဖုရားအဆောင်၌ အပျိုတော်ကလေးအဖြစ် ခစားစေပါတယ်”

“မယ်နု အိပ်မက်”

မယ်နု အသက် (၁၂) နှစ်အရွယ်မှာ ထူးဆန်းကြီးကျယ်တဲ့ အိမ်မက်တွေကို အဆက်မပြတ် မြင်မက်ခဲ့ပါတယ်။

(၁) ရွှေထီးဆောင်းလျှက် ကောင်းကင်သို့ ပျံတက်ရသည် မြင်မက်ခြင်း။
(၂) နေဗိမာန်၊ လဗိမာန်တို့အပေါ် တက်ရသည်ဟု မြင်မက်ခြင်း။
(၃) ဆင်ဖြူတော်စီး၍ မိဖုရားအ၀တ်တန်ဆာနှင့် နေပြည်တော်အတွင်း လှည့်ပတ်ရသည်ဟု မြင်မက်ခြင်း။
(၄) နန်းတော်ပေါ်၌ ရံရွှေတော်များနှင့် တင့်တယ်စွာ စံရသည်ဟု မြင်မက်ခြင်း။
(၅) အာခံတွင်းမှ မီးရှုးများပျံထွက်၍ ရောင်လျှံထွန်းပ အထက်အာကာသရောက်အောင်ပင် ရောင်စုံလျှံကြူးသည်ဟု မြင်မက်ခြင်း။
(၆) စတုလောကပါလ နတ်ကြီးလေးပါးလာရောက်၍ ခေါ်ဆောင်ကာ သူတို့စံနေရာ ဘုံနန်းသို့ ရောက်ရသည်ဟု မြင်မက်ခြင်း။

“မယ်နုထမီ စွန်ချီသည်ကို အကြောင်းပြု၍ အပျိုတော်ဖြစ်လာခြင်း”

မယ်နုဟာ အလှူသွားရာ၌ ၀တ်ဆင်ဖို့ ပိုးစစ်ထမီကို အဝတ်လှန်းတဲ့ တန်းတစ်ခုမှာ ဖြန့်ကာ လှန်းတင်ထားပြီး ရေချိုးလေတယ်။ ကောင်းကင်ယံမှ စွန်တစ်ကောင်ဟာ ထမီအနီရောင်ကို အသားထင်ပြီး ချီသွားပါတယ်။ ရွှေနန်းတော်ရှိရာ ပျံသွားပြီးလျှင် အဂ္ဂမဟေသီ တောင်ညာစံမိဖုရားခေါင်ကြီး အဆောင်တော်ပေါ်မှာ သုံးပတ်ပျံဝဲပြီးနောက် အဆောင်တော်ရဲ့ ဝဲဆောင်ပေါ်မှာ ချထားခဲ့ပါတယ်။ အဲဒီနောက် သုံးကြိမ်တိုင်တိုင် သာယာတဲ့အသံနဲ့ မြည်ဟစ်ပြီးတော့ ကောင်းကင်ယံကို ထိုးပျံတက်သွားပါတယ်။

အလွန်ထူးဆန်းတဲ့ နိမိတ်ဖြစ်လို့ မင်းတရားကြီးထံ သံတော်ဦးတင်လေရာ မင်းတရားကြီးက ကောင်းတဲ့နိမိတ်ဟု ယူဆပြီး အဲဒီထမီရှင်ဟာ ချီးမြှင့်မြောက်စားထိုက်တဲ့ အရည်အချင်းပြည့်စုံခဲ့ရင် ချီးမြှင့်မြှောက်စားဖို့ ထမီရှင်ကို ရှာခိုင်းတော်မူခဲ့ပါတယ်။ မှူးမတ်တို့ ထမီရှင်ရှာပုံတော်ဖွင့်လှစ်ရာ မယ်နုအား ထမီရှင်အဖြစ် တွေ့ရှိခဲ့ပါတယ်။

အဲဒီအခါ မင်းတရားကြီးဟာ မယ်နုအား အမျိုးအနွယ်အားဖြင့် စင်ကြယ်ခြင်း၊ ဥပဓိရုပ်ကောင်းခြင်း၊ ထီးနန်းနဲ့ အကျိုးပေးတဲ့ ဇာတာပါခြင်း စသည်တို့ကြောင့် မယ်နုအမည်ကို ရွှေတိုက်စာရင်း သွင်းစေကာ တောင်နန်းမိဖုရားအဆောင်၌ အပျိုတော်ကလေးအဖြစ် ခစားစေပါတယ်။

“အပျိုတော်မှ အိမ်ရှေ့မိဖုရားဖြစ်လာခြင်း”

တောင်နန်းမိဖုရားအဆောင်မှာ အပျိုတော်ကလေးအဖြစ် အမှုထမ်းဆောင်စဉ် မင်းတရားကြီးရဲ့ သားတော်ဖြစ်တဲ့ စစ်ကိုင်းမင်းသားက မေတ္တာသက်ဝင်ခဲ့ရာ ကောက်ယူချီးမြှောက်တော်မှုခြင်း ခံရပါတယ်။ အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ်တော်ဟာ ညောင်ရမ်းမင်းသားကလေးကို မီးရှုးသန့်စင်ပြီးနောက် ကံတော်ကုန်ခဲ့ရာ မယ်နုဟာ အိမ်ရှေ့မိဖုရားအရာ ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

“အိမ်ရှေ့မိဖုရားမှသည် မိဖုရားခေါင်ကြီးအဖြစ်သို့ (သို့) နန်းမတော်ဖြစ်ဖို့အရေး”

မယ်နုဟာ အိမ်ရှေ့မိဖုရားအရာသို့ လွယ်လွယ်ကူကူရခဲ့သူ မဟုတ်ပါဘူး။ ဘိုးတော်ဘုရားနဲ့ ဆွေတော်မျိုးတော်အပေါင်းတို့ရဲ့ မလိုလားမှုနဲ့ အိမ်ရှေ့မင်းရဲ့ ကိုယ်လုပ်တော်များ၊ အိမ်ရှေ့မိဖုရားလောင်းဟု သတင်းပြေးနေကြသူ မင်းသမီးတစ်စုတို့ရဲ့ မနာလိုဝန်သိုခြင်း၊ ငြူစူခြင်းကို ခံရပါတယ်။

နန်းတွင်းသူ၊ နန်းတွင်းသား ဆွေတော်မျိုးတော်တို့မှ ဘိုးတော် ဗဒုံမင်းတရားကြီးထံ မကျေနပ်ချက်တွေ သွားရောက်တိုင်တန်း လျှောက်ထားကြပါတယ်။ အဲဒီအခါ ဗဒုံမင်းတရားကြီးက မြေးတော်အိမ်ရှေ့မင်းကို အတွင်းတော်သို့ခေါ်ပြီး ခုနှစ်နှစ်အရွယ် ပန်းတောင်းမင်းသမီးလေးနဲ့ စုလျားရစ်ပတ်စေပြီး မြေးတော်အ ထွတ်အမြတ် ရောက်တဲ့အခါ ပန်းတောင်းမင်းသမီးလေးကို တောင်ညာတင်ရမယ်လို့ မိန့်ကြားခဲ့လေတယ်။

အိမ်ရှေ့စံမင်းသားက နှမတော်မယ်နုအား ရွှေနန်းတက်လျှင် တောင်ညာတင်ထား မိဖုးရားကြီးအရာ မြှောက်စားပါမယ်လို့ သစ္စာကတိပြုထားရာ နောင်ရေး ရတက်မအေး ဖြစ်ရလေတော့ပါတယ်။ ထီးဆောင်းမင်္ဂလာ မဟာဥကင်သ ဖွင့်တော်မူဖို့ နန်းမတော်တင်တဲ့ အရေးကြုံလာတဲ့အခါ အိမ်ရှေ့စံမင်းသားက မယ်နုအပေါ် အချစ်ကြီးလေသောအခါ ဆွေတော်မျိုးတော် မှူးတော်မတ်တော်တို့ ကန့်ကွက်တဲ့ကြားကနေ လက်ရှိအိမ်ရှေ့မိဖုရားမယ်နုကို ‘သီရိပ၀ရ မဟာရာဇိန္ဒာ ရတနာဒေ၀ီ’ ဆိုတဲ့ တံဆိပ်နာမတော်ကို ခံယူစေကာ မိဖုရားခေါင်ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့လေတယ်။

“နန်းမတော်မယ်နု၏ နိဂုံး”

စစ်ကိုင်းမင်း အရိုက်အရာကို ညီတော်သာယာဝတီမင်းယူပြီးချိန် မြန်မာနှစ် (၁၂၀၁) ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၀) ရက်၊ (၂၇.၃.၁၈၄၀) နေ့မှာ ရွှေဓားဗိုလ်မင်းသားလို့ခေါ်သူနဲ့ ဗိုလ်ခမ်းကျော်နဲ့ ဗိုလ်ရွှေမောင်၊ တို့ရှမ်း၊ မြန်မာ လူပေါင်း (၁၅၀၀) ဟာ မတ္တရာကျော်စဉ်တလွှားမှာ ပုန်ကန်ထကြွလေတယ်။ ထိုအရေးနှင့်ပတ်သက်လို့ သာယာဝတီမင်းက အတော်ပင်နှိမ်နင်းခဲ့ရပြီး ရွှေဓားဗိုလ်မင်းသားခေါ် ခံငဝင်းငယ်ဆိုသူနဲ့ ပုန်ကန်ထကြွသူတစ်ချို့ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိသူတွေကို စစ်ဆေးမေးမြန်းရာ နောင်တော်မင်းတရားကို ရွှေထီး၊ရွှေနန်း တစ်ဖန်ပြန်ရအောင် မိဖုရားကြီးက မောင်စလင်းစားနဲ့ အကျဉ်းခံနေရသူ မှူးဟောင်းမတ်ဟောင်းတို့ပါ တိုင်ပင်ကြံစည်၍ လုပ်ကြံကြောင်း ထွက်ဆိုလေတော့တယ်။ နန်းမတော်မယ်နုအား စစ်ဆေးမေးမြန်းလေရာ မှန်ကြောင်းထွက်ဆိုပြီး သာယာဝတီမင်းက ရေချစီရင်ရန် အမိန့်ချခဲ့ပါတယ်။ သက္ကရာဇ် (၁၂ဝ၂) ခုနှစ် ၊ ကဆုန်လဆန်း (၁၂) ရက်၊ (ခရစ်နှစ် ၁၈၄ဝ ပြည့်နှစ် မေလ ၁၂ ရက်) အင်္ဂါနေ့မှာ နန်းမတော်မယ်နုအား ရေတွင် ဖျောက်တော်မှု၍ ကံတော်ကုန်ခဲ့ရလေတယ်။

(မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)၊ နန်းမတော်မယ်နုရှင်းတမ်း (မောင်သန်းဆွေ-ထားဝယ်) နဲ့ ရတနာပူရ မြို့အင်းဝ- မောင်သာ (ရှေးဟောင်းသုတေသန) တို့ကနေ နှင်းနုထွေး စုစည်းရေးသားထားပါတယ်။)။

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

 ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

Read More
Image

အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ(သို့) မြိတ်ကျွန်းစုဒေသ

‘The Land that time forget’ ‘အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ’ လို့ ကမ္ဘာက အမည်မှည့်ခဲ့တဲ့ မြိတ်ကျွန်းစုဒေသဟာ မြန်မာပြည်တောင်ဖက်အစွန်း အန်ဒမန်ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။

Read More
Image

သီပေါတည်ခဲ့ရာ ရွှေကျောင်းတော်သာ

မြန်မာသီချင်းကြီးတွေထဲက နာမည်ကြီး “ဝေဇယန်နှင့်နှုန်းငြား” ဆိုတဲ့ ကြိုးသီချင်းကလေးကို ကျောင်းတော်ကြီးကြိုးလို့ ခေါ်ကြပါတယ်။

Read More
Image

တိမ်တွေနေတဲ့ အရပ်ဆီကို

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ ရှိပါတယ်။

Read More
Image

နှစ်ထပ်သဘောင်္မြို့ကလေးရဲ့ အလှဝိဥာဏ်

ပြည်မြို့ဟာ ပင်လယ်တစ်ထပ်၊ တောင်တန်းတစ်ထပ်၊ စေတီတစ်ထပ်နဲ့ နှစ်ထပ်သင်္ဘောကြီးသွားနေသလိုပါပဲ။

Read More