တောင်တွေ
ကာရံထားတဲ့ အလယ်မှာ
အင်းလေးရေပြင်ပြာ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

အင်းလေးလို့ ဆိုလိုက်တာနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်တန်းတွေ ကာရံထားတဲ့အလယ်က ရေပြင်ကျယ်ကြီးရယ်၊ လှေကိုခြေနဲ့လှော်ခတ်နေတဲ့ အင်းသားလူမျိုးတွေရယ်ကို ပြေးမြင်မိမှာ မလွဲပါပဲ။

အရှေ့ဘက် နဲ့ အနောက်ဘက်တို့မှာ တောင်တန်းတွေ ၀န်းရံထားပြီး ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်ကျယ်ကြီးကြောင့် ပြည်တွင်းသာမက ကမ္ဘာမှာလည်း ကျော်ကြားလှတာကြောင့် 7Day TV ရဲ့ Authethic Travel ကနေ ဒီတစ်ပတ် တင်ဆက်လိုက်ပါတယ်။

Image
Image
Image
Image

‘‘အင်းလေးရဲ့အလှ '’

အင်းလေးကို ရောက်ဖူးသူတိုင်းအတွက် အင်းလေးကန်ရဲ့ အလှအပနဲ့ ရှုခင်းတွေက ပန်းချီကားတစ်ချပ်လို အတွေးတွေထဲမှာ အမြဲထင်ထင်ရှားရှားရှိ နေ တာပါ။ Authentic Travel အစီအစဉ်ကနေ ဒီတစ်ပတ်မှာတော့ မြင်နေကျ ရှုခင်းပုံစံတွေထဲကနေ ခွဲထွက်ပြီး လှပတဲ့အင်းလေးကန်ကြီးနဲ့ တောင်တန်းတွေကို မိုးပျံပူပေါင်းကြီးစီးလို့ ရိုက်ကူးတင်ဆက်ထားပါတယ်။

‘‘အင်းလေးကန်ကြီးကို Balloon over Inle နဲ့ လည်မယ်ကွာ'’

Authentic Travel အဖွဲ့သားတွေဟာ တောင်တွေကာရံထားတဲ့ အင်းလေးကန်ကြီးရဲ့အလှကို ကောင်းကင်ပေါ်ကနေ ဘောလုံးကြီးစီး အပြည့်အ၀လည်ပြီး ခံစားခဲ့တာ။ ဘောလုံးစီးရတဲ့အချိန်ကလည်း နေမင်းကြီးပြူထွက်စ မနက်ခင်းဆိုတော့ လှလိုက်တာဆိုတာလေ။

နေထွက်ချိန်အင်းလေးကန်ကြီးကို ကောင်းကင်ပေါ်ကနေကြည့်ရမှာဖြစ်တဲ့အတွက် မနက်စောစောနေ မထွက်ခင်ကြိုထပြီး အင်းလေးလှေဆိပ်ကနေ ဘောလုံးစစီးမယ့်ကမ်းကို သွားရပါတယ်။ အဲဒီအချိန် ကောင်းကင်မှာ လမင်းကြီးတောင်မပျောက် သေးပါဘူး။ လှေကနာရီဝက်လောက်တော့ အသာလေးစီးရတာမို့ မနက်စောစောဆိုတော့ လှေပေါ်မှာ ဆောင်းလေက ရှမ်းမှာမို့ ပိုလို့အေးနေတာပါပဲ။ မြူတွေကြားထဲမှာ လှေစီးရင်း မကြာခင်ကွယ်ပျောက်တော့မယ့် ကောင်းကင်ကလမင်းကြီးကို ငေးကြည့်ရတဲ့ အရသာဟာလည်း ကဗျာကိုဆန်လို့။ အဲဒါနဲ့ ဘောလုံးစီးမယ့် ကမ်းကိုကပ်တော့ ကော်ဖီ၊ လက်ဘက်ရည်နဲ့ မုန့်တွေ တည်ခင်းပေးထားတာကိုစားရင်း ဘောလုံးလေသွင်းတာကို ကြည့်ကြ တာပေါ့။

ဘောလုံးစတက်ချိန်မှာ လင်းစပြုပြီ။ ဘောလုံးကြီးက အင်းလေးရေပြင်ကျယ်ကြီးကို စဖြတ်တာနဲ့ မနက်ခင်းနေမင်းကလည်း တဖြည်းဖြည်းတောင်တွေကြားကနေထွက်လာတာကို မြင်ရတော့တာပါပဲ။ အရမ်းကိုလှပြီး အရမ်းကို အေးချမ်းလွန်းတဲ့အပြင် အောက်ကကျွန်းမျောစိုက်ခင်းတွေ တသီတတန်းကြီးကို ငေးကြည့်ရတဲ့အရသာ အင်းလေးရေပြင်ကျယ်ကြီးကို နိမ့်ဆင်းလိုက် ပြန်တက်လိုက်နဲ့ ဖြတ်သန်း သွားရတဲ့အရသာတွေအားလုံးဟာ တကယ့်ကို ဒီနေရာမှာပဲ ရတဲ့ခံစားမှုမျိုးပါ။ အားရပါးရ ၄၅ မိနစ်လောက်စီးပြီး မြေပြင်ပေါ်ပြန်ရောက်ပြီဆိုတော့မှ မိုးပျံပူပေါင်းပေါ်က ဆင်းလာတဲ့ Authentic Travel အဖွဲ့သားတွေကို Champagne အားရအောင်တိုက်၊ သစ်သီး၊ ကိတ်မုန့်တွေနှဲ့ဧည့်ခံပြီးမှ မိုးပျံပူပေါင်းစီးနင်းဖူးကြောင်းလတ်မှတ်ပေးပါတယ်။

‘‘ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်ဘုရား'’

မနက်စောစော Balloon over Inle စီးပြီးတဲ့အချိန်မှာ အင်းလေးဒေသရဲ့ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်ဘုရားကိုလည်း သွားရောက်ဖူးမျှော်ခဲ့ကြပါသေးတယ်။ ပုဂံအသေးစား လို့နာမည်ကြီးတဲ့ ရွှေအင်းတိန်ဘုရားမှာ စေတီပေါင်း ၁၀၅၄ဆူ ရှိပြီးတော့ စေတီတော်တွေဟာ ၁၆ ရာစုခန်းကတည်းကရှိနေခဲ့တာလို့သိရတယ်။ တချို့စေတီတွေကိုပြုပြင်နေဆဲအနေနဲ့တွေ့ရပြီး ပြုပြင်ပြီးစေတီပေါင်းကတော့ ၄၀၀ ကျော်လို့သိခဲ့ရပါတယ်။ ဒီရွှေအင်းတိန်ဘုရားဟာဆိုရင် နိုင်ငံခြားသားတွေအကြားမှာ အင်းလေးရဲ့ရှေးဟောင်းသမိုင်းဝင်အနေနဲ့ အရမ်းနာမည်ကြီးတဲ့နေရာတစ်ခုပါပဲ။ Social Media ဖြစ်တဲ့ Instagram တို့ဘာတို့မှာဆိုရင်လည်း ဒီရွှေအင်းတိန်ဘုရားက ရှေးဟောင်းစေတီတွေ အများကြီးကြားမှာ လာရိုက်ထားတဲ့ဓာတ်ပုံတွေဆို သိပ်ခေတ်စားပဲ။ ဘယ်လောက်တောင်ရှေးနှစ်ပေါင်းကြာမြင့်ခဲ့ပြီလဲဆို သစ်ပင်အကြီးကြီးတွေတောင် ဘုရားစေတီတွေထဲကနေ ထိုးထွက်ပြီးအပြင်မှာပေါက်နေကြတာ အကြီးကြီးတွေတောင်ဖြစ်နေပြီ။ ဘုရားစောင်းတန်း တလျှောက်မှာလည်း ငွေ၊ ကြေး၊ သစ်သားတွေနဲု့ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းတွေက စုံစုံလင်လင်နဲ့ သိပ်ကို စိတ်ဝင်စားစရာကောင်းတာ။ ဘုရားကအပြန်ဆိုရင်လည်း စောင်းတန်းဘက်ကနေ ပြန်ဆင်းမလာပဲ ဘေးဘက်ကနေ ၀ါးရုံတောလမ်းအတိုင်း လျှောက်ပြီးပြန်လာလည်းသိပ်လှတာပဲ။ ဓာတ်ပုံရိုက်လို့လည်း သိပ်ကောင်း။ စားသောက်ဆိုင်လေးတွေ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်လေးတွေကလဲ သပ်သပ်ရပ်ရပ်။ ရွှေအင်းတိန်ဘုရားမှာအချိန်ရရင် တကယ်တစ်နေကုန်တောင်သွား နေချင်စရာကောင်းတဲ့ နေရာပါပဲ။

‘‘အင်းထဲရောက်တုန်း အင်းရိုးရာငါးဒုက္ခဟင်းလဲ ချက်စားကြည့်ကြတယ်'’

အင်းရိုးရာငါးဒုက္ခဟင်းကဘယ်လိုချက် လဲဆိုရင် ငါးက အင်းထဲမှာပဲရတဲ့ ငါးဖိန်းငါးပေါ့။ အခုနောက်ပိုင်းဆိုငါးဖိန်းငါးရတာ နည်းနည်းတောင်ရှားသွား ပြီလို့ သိရပါတယ်။ ဘာလို့လဲဆို ငါးဖိန်းငါးတွေက လူနည်းတဲ့နေရာ၊ ရေကြည်တဲ့နေရာဘက်ကို ရွှေ့ပြောင်းနေထိုင်ကြလို့ပါတဲ့။ အင်းရိုးရာငါးဒုက္ခကိုချက်တဲ့နည်းကတော့ ငါးဗိုက်ထဲထည့်မယ့်အစာ အနေနဲ့ လှီးထားတဲ့ အရွက်၊ အမွှေးနံ့သာ၊ ကြက်သွန်ဖြူနီ ဘာညာအကုန်ကို ထက်ဝက်ခြမ်းထားတဲ့ ငါးထဲကိုအစာသွပ်ပြီး အပြင်ကနေ နှီးနဲ့ပြန်ချဉ်လိုက်တာ။ ဒါကြောင့် ငါးခမျာ ဒုက္ခများရရှာတယ်ဆိုပြီး ငါးဒုက္ခဟင်းလို့ခေါ်ကြတာပါတဲ့။ ပြီးတော့မှ အဲဒီအစာသွပ်၊ နှီးနဲ့ပြန်ချည်ထားတဲ့ငါးဖိန်းငါးကို ဆီများများနဲ့ ဒယ်အိုးကြီးကြီးထဲထည့်ပြီး ကျာ်လိုက်တာပါ။ အခြားချက်နည်းတွေရှိသေးပေမယ့် Authentic Travel အဖွဲ့သားတွေကို ချက်ပေးတဲ့ အမကတော့ ကျော်စားရတာကို ပိုစားကောင်းတယ်ထင်ပါတယ်တဲ့။ ပြီးတော့မှ အဲဒါနဲ့အတူစားမယ့် ရိုးရာဟင်းရည်တို့ အရံဟင်းတို့ချက်ကြပြီး စားကြတာပါ။

‘‘Sunset ကြည့်လို့အရမ်းလှတဲ့ Coffee House'’

တစ်နေ့လုံးလည်ပတ်ပြီး နောက်ဆုံးအနေနဲ့ Sunset ကြည့်ဖို့အတွက်ကိုတော့ အရမ်းလှတဲ့ တောင်ကုန်းပေါ်က Coffee Houseလေးကို သွားခဲ့ကြပါတယ်။ အဲဒီ Coffee Houseလေးက ဖွင့်ထားတာ သိပ်မကြာသေးဘူးလို့သိရတယ်။ ခြံထဲဝင်လိုက်တာနဲ့ ရောင်စုံပန်းခင်းလေးက အရင်စီးကြိုနေတော့တာပဲ။ ပန်းခင်းလေးကိုဖြတ်ပြီး ကော်ဖီဆိုင်လေးကိုသွား၊ ကော်ဖီဝင်မှာပြီးတော့ ထိုင်စရာနေရာကြည့်လိုက်တော့ အိုး ချစ်စရာကောင်းလိုက်တာဆိုတာ။ အပြင်ဘက်မှာ ကော်ဖီထိုင်သောက်ဖို့ပြင်ဆင်ပေးထားတဲ့ ခုံလေး တွေ စားပွဲလေးတွေက အားလုံးသဘာဝကျကျလေးတွေ နောက်ပြီး ရှုခင်းကြည့်လို့ကောင်းတဲ့ Sunset ကို မျက်နှာမူပေးထားတဲ့ နေရာလေးတွေချည်း။ အောက်မှာမထိုင်ချင်ဘူးဆိုလဲ Coffee House လေးရဲ့ အပေါ်ထပ်ကနေလဲ Sunset ကို အေးအေးဆေးဆေးခံစားလို့ရသေးတယ်။ အဲဒီ Coffee House လေးရဲ့ ပတ်ပတ်လည်မှာလဲ နှင်းဆီခြံ၊ စတော်ဘယ်ရီခြံ၊ စပျစ်ခြံတွေချည်းဆိုတော့ သဘာဝတရားတွေရဲ့အလည် တောင်ကုန်းမြင့်လှလှလေးပေါ်ကနေ အင်းလေးရေပြင်ကျယ်ကြီးရယ်၊ နောက်ခံတောင်တန်းတွေရဲ့အလှ ရယ်နဲ့ နေ၀င်ချိန်ကိုကော်ဖီပူပူလေးတစ်ခွက်သောက်ရင်း ခံစားရတာ ကဗျာကိုဆန်နေတော့တာ။ နေ၀င်တာလေးကို အေးဆေးထိုင်ကြည့်ရင်း ကိုယ်ဖတ်ဖူးတာလေးတစ်ခုတောင် သွားသတိရမိလိုက်တယ် “It’s almost impossible to watch a sunset and not dream” တဲ့.. ။ သိပ်မှန်တာပဲ.. ။ နေဝင်ချိန်တိုင်းက ခံစားတတ်ရင် သိပ်ကဗျာဆန်လို့လေ။



ဆုဝေ

Article's

Video

‘‘တောင်တန်းတွေအလယ်က အင်းလေးကန်'’

အင်းလေးကန်ဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးမှာ တည်ရှိပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်မှာရှိတဲ့ အင်းတော်ကြီးကလွဲရင် မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံးကန်လည်း ဖြစ်သလို လောပိတရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံအတွက် အဓိကကျတဲ့ ရေအရင်းအမြစ် သဘာဝသိုလှောင်ကန်လည်းဖြစ်ပါတယ်။

အင်းလေးကန်ဟာ တောင်ပေါ်အင်းအိုင်ကြီးဖြစ်ပြီး ရေတိမ်အင်းဖြစ်လို့ တစ်ချို့ကလည်း အင်းတိမ်လို့ ခေါ်ကြပါတယ်။ အကျယ်အ၀န်းကတော့ ခန့်မှန်းခြေ(၄၄.၉)စတုရန်းမိုင်၊ (၁၁၆)စတုရန်းကီလိုမီတာခန့် ရှိပြီး ပင်လယ်ရေမျက်နှာပြင်(၂၉၀၀ ပေ) (၈၈၀ မီတာ) ရှိပါတယ်။ တောင်နဲ့မြောက်တန်းနေတဲ့ တောင်တန်းကြီး နှစ်ခုကြားမှာ ခွက်ဝင်နေတဲ့ ညောင်ရွှေချိုင့်ဝှမ်းကြီးရဲ့အလယ် အနက်ရှိုင်းဆုံးအပိုင်းမှာ တည်ရှိပြီး တောင်နဲ့မြောက်အလျားက ကိုးမိုင်ခန့် ရှည်တယ်လို့ သိရပါတယ်။

အင်းလေးရေပြင်ပေါ်မှာတော့ရွာကြီး၊ ရွာငယ်တွေ တည်ဆောက်ထားပြီး တစ်နေရာကနေတစ်နေရာကိုတော့ လှေတွေနဲ့ သွားလာကြပါတယ်။ လှေကို ခြေနဲ့လှော်ခတ်ကြပါတယ်။ အင်းလေးဒေသ နန်ဟူးရွာမှာရှိတဲ့ ဖောင်တော်ဦးဘုရားဟာဆိုရင် အလွန်ထင်ရှားလှပါတယ်။

‘‘အင်းလေး လို့ခေါ်တွင်ရခြင်း နဲ့ သမိုင်းကြောင်း (သို့) ဒဏ္ဍာရီနှစ်ပုဒ်'’

အင်းလေးလို့ ခေါ်ရခြင်းအကြောင်းကတော့ မူလအစက အင်းအိုင်ကြီးထဲမှာ ရွာကြီးလေးရွာဖြစ်တဲ့ (နောင်တော(ခေါ်)နောင်တောင်းရွာ ၊ နန့်ပန်ရွာ ၊ ၀မ့်လုံ(ခေါ်)ရွာကြီးဗန့်ပုံ ၊ ဟိုင်းယ(ခေါ်)ဟဲယားရွာမ) တို့ကို အစွဲပြုပြီး အဲ့ဒီအင်းရဲ့ ဒေသတစ်ဝိုက်က အင်းလေးရွာဒေသလို့ ခေါ်တွင်ခဲ့သလို ကန်ကြီးကိုလည်း နောက်ဆုံးစကားလုံး ‘ရွာ’ ကိုချန်လှပ်ပြီး ‘အင်းလေး’ လို့ခေါ်တွင်လာကြတယ်လို့ တစ်ချို့ကလည်း ဆိုကြပါတယ်။

နောက်တစ်ခုက အင်းလေးနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းဒဏ္ဍာရီ ၂ ပုဒ်ကိုလည်း အမျိုးမျိုးပြောခဲ့ကြတာ ဒီနေ့ချိန်ထိပါပဲ.။ အေဒီ ၁၀၄၄ က ပုဂံမှာ ပထမမြို့တည်နန်းတည်ဘုရင် အနော်ရထာရဲ့ မြစ်တော်ကြီး ဘုရင်အလောင်းစည်သူမင်းဟာ တိုင်းပြည်တလွှား ခရီးသွားခဲ့ရာမှာ ထားဝယ်သားတို့က နောက်တော်ပါးက လိုက်ပါကြတယ်လို့ ဆိုပါတယ်။ အင်းလေးကန်အရောက်မှာတော့ ထားဝယ်သားတို့ကို အင်းလေးအရပ်မှာ အခြေချနေထိုင်ကြဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူတယ်လို့ ဆိုပါတယ်။ ဘုရင်အလောင်းစည်သူမင်းကြီး ဖောင်တော်ကျောက်ချရာ အင်းလေးကန်မဟာမှာ ဗုဒ္ဒရုပ်ပွား( ၅)ဆူ နဲ့ ဖောင်တော်ဦးစေတီ တည်တော်မူခဲ့ပါတယ်။ အဲ့ဒီဆင်းထုတော်တွေဟာ မာလာယုကျွန်းစွယ်ကို ဘုရင်မင်းမြတ် ဖောင်စကြ်ာအရောက်မှာ ရရှိယူဆောင်ခဲ့ရာက အင်းလေးနယ်သစ်မှာ ထားဝယ်သားတို့ကို ကိုးကွယ်ဖို့ပေးသနားခဲ့တယ်လို့ ဆိုပါတယ်။ နန်းပန်မြို့ကနေ တစ်မိုင်ခန့်အဝေးမှာလည်း ခွဲခြမ်း မွေတော်သည်တော် နဲ့ မွေတော်တဆူ အခြားအခြေစိုက်နေထိုင်ကြသူများ ကိုးကွယ်ကြဖို့ စိုက်ထူလှူတော်မူခဲ့ပါသေးတယ်။

နောက်ထပ် အငြင်းပွားနေကြတဲ့ ဒဏ္ဍာရီတစ်ခုကတော့ အင်းသားတို့ကိုယ်တိုင် ယုံကြည်ကြတဲ့ အရီးခေတ်မြန်မာနိုင်ငံ ပုဂံအစကစလို့ သူတို့ဘိုးဘွား ဘီဘင်အစဉ်လိုက် အင်းလေးဘက်ကို ဆင်းသက်နေထိုင်ခဲ့ကြတာ ဘုရင်အလောင်းစည်သူ မရောက်မီကတည်းကဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘုရင်ရောက်အလာမှာတော့ အင်းသားတို့ကိုယ်တိုင်က ဖောင်စင်္ကြာအတွက် ရေတပ်မတော်သားအဖြစ် အမှုထမ်းလိုပါကြောင်း လျောက်တင်လျှောက်ရာက သူတို့ကို မြန်မာတံခွန် တောင်စွန်ရောက်အောင် လိုက်ပါလာပြီး ဘုရင်ကသနားလို့ အခြေကျနေကြဖို့ ဒေသတစ်ခု ဖွင့်ခဲ့ပေးရာက အဲ့ဒီကစလို့ ဒီနေ့ချိန်ထိအောင် ထားဝယ်အမည်နဲ့ တည်ဆဲရှိပါတယ်။ ဒီနေ့ထိတိုင်အောင်ပဲ ဖော်ပြရခက်တဲ့ ဒဏ္ဍာရီသမိုင်းကြောင်း နှစ်ပုဒ်ကြောင့် ထားဝယ် နဲ့ အင်းသားကို ဘယ်ကစခဲ့တယ်ဆိုတာ ဘယ်သူမှ ဆင်ခြေပေး မှတ်ချက်ပြုခြင်းမရှိဘူးလို့ ဆိုပါတယ်။

‘‘ရေပေါ်မှာနေထိုင်ကြတဲ့ အင်းသားလူမျိုး'’

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနယ် အင်ေးလးဒေသတ၀ိုက်မှာ နေထိုင်ကြတဲ့ လူမျိုးတွေကို အင်းသားလူမျိုးလို့ ခေါ်ဆိုကြပါတယ်။ ရေပြင်ပေါ်၊ အင်းလေးကမ်းစပ် ရေတစ်ဝက် ကုန်းတ၀က်ပေါ်မှာ ရွာတည်ပြီး နေထိုင်ကြလို့ အခုလိုခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ အင်းသားလူမျိုးတွေအပြင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်သူ၊ စတဲ့လူမျိုးတွေ နေထိုင်ကြပါသေးတယ်။

အင်းသားလူမျိုးတွေဟာ အင်းလေးဒေသရဲ့ မူလတိုင်းရင်းသား မဟုတ်ပါဘူး။ အင်းသားလူမျိုးတွေဟာ ရှမ်းပြည်နယ်ရဲ့ လူမျိုးစုတစ်စုဖြစ်ပေမယ့် ရှမ်းထက် မြန်မာပိုဆန်ကြပါတယ်။ အင်းသားတွေရဲ့ စကားသံလေယူလေသိမ်းတွေက အလွန်ရှေးကျပြီး မြန်မာစကားသံနဲ့တူပါတယ်။ မျက်နှာပုံပန်း နဲ့ ကိုယ်ခန္ဓာအချိုးအစားကလည်း မြန်မာနဲ့ ဆင်တူပါတယ်။ စကားလုံးဝေါဟာရတွေကတော့ ရခိုင်လူမျိုး၊ ထားဝယ်လူမျိုးတွေရဲ့ စကားလုံးတွေနဲ့ ဆင်တူတာကြောင့် အင်းသားတွေကို ရခိုင်အုပ်စုကွဲ၊ ထားဝယ်အုပ်စုကွဲတို့နဲ့ နီးစပ်တဲ့လူမျိုးစုတစ်စုလို့ ဆိုကြပါတယ်။ တစ်ချို့ကလည်း အင်းသားလူမျိုးတွေကို ထားဝယ်လူမျိုးက ဆင်းသက်ဆက်နွယ်လာတယ်လို့ ဆိုကြပေမယ့် အင်းလေးဒေသကို ဘယ်လိုဘယ်ပုံ ရောက်ရှိလာတယ်ဆိုတဲ့အချက်ကတော့ အယူအဆအမျိုးမျိုး ရှိနေပါတယ်။

‘‘အင်းသားတွေရဲ့ အလုပ်အကိုင်'’

အင်းလေးနယ်တစ်ဝိုက်မှာတော့ ရှေးရိုးစဉ်လာ ယက္ကန်းလုပ်ငန်းဟာ ကျော်ကြားလှပြီး ရှမ်းလွယ်အိတ်လို့ခေါ်တဲ့ ပခုန်းလွယ်အိတ်ဟာ နာမည်ကျော်ကြားလှပါတယ်။ အင်းသားတွေရဲ့ အကျော်ကြားဆုံးလုပ်ငန်းကတော့ အင်းလေးပိုးထည်လုပ်ငန်းပဲ ဖြစ်ပါတယ်။ ဘန်ကောက်၊ ဇင်းမယ်၊ ရွှေပလောင် စတဲ့ပိုးထည်တွေကို အများအပြား ယက်လုပ်ကြပြီး အင်းလေးဆင်အဖြစ် အင်မတန်လူကြိုက်များတဲ့ အဆင်တွေဖြစ်ပါတယ်.။ ယက္ကန်းလုပ်ငန်းတွေအပြင် လယ်ယာလုပ်ငန်း နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာလည်း အင်းသားတွေရဲ့ အရေးပါတဲ့လုပ်ငန်းဖြစ်ပါတယ်။ အင်းသားတွေရဲ့ ကျွန်းမျောပေါ်က ရေပေါ်ခြံစိုက်ပျိုးရေးလုပ်ငန်းတွေဟာ အံ့သြဖွယ်ရာကောင်းလှပါတယ်။ ဒါ့အပြင် ပန်းဘဲလုပ်ငန်း၊ ပန်းတဉ်းလုပ်ငန်း၊ ပန်းတိမ်လုပ်ငန်း နဲ့ တံငါလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါသေးတယ်။

‘‘အင်းသားလူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှု'’

အင်းသားလူမျိုးတွေရဲ့ ၀တ်စားဆင်ယင်ပုံကတော့ များသောအားဖြင့် ရှမ်းဘောင်ဘီနဲ့ တိုက်ပုံအင်္ကျီကို ၀တ်ဆင်ကြပြီး မျက်နှာသုတ်ပုဝါကို ခေါင်းပေါင်းထားလေ့ ရှိတတ်ကြပါတယ်။ ဘောင်းဘီ နဲ့တိုက်ပုံကို အင်းလေးရက်ကန်းကထွက်တဲ့ ဖျင်နှထည်တွေနဲ့ ချုပ်လုပ်ကြတာပါ။ အင်းသားအဖိုးအိုတွေကလည်း ရှမ်းအမျိုးသားတွေလို ရှမ်းဘောင်းဘီအနက်ရောင်တွေကို ၀တ်ဆင်ကြပါတယ်။ အမျိုးသမီးတွေကတော့ မြန်မာအမျိးသမီးတွေလိုပဲ ၀တ်ဆင်ကြပြီး ဆင်ယင်ထုံးဖွဲ့မှုတွေက မြန်မာအမျိုးသမီးတွေလိုပဲ ခေတ်မီတဲ့ အင်းသူလေးတွေကို မြင်တွေ့ရမှာပါ။

‘‘ရှမ်းရိုးရာ အစားအစာ'’

ငါးထမင်းနှယ်လို့ဆိုလိုက်တာနဲ့ ရှမ်းလူမျိုးတွေရဲ့ ဒေသအစားအစားလို့ တန်းမြင်မိကြမှာပါ။ အခြားဒေသက ငါးထမင်းနယ်တွေနဲ့မတူဘဲ မူရင်းဒေသထွက်ကုန်တွေနဲ့ ပြုလုပ်ထားတာကြောင့် အနံ့ နဲ့ အရသာက တစ်မူထူးခြားလွန်းလှပါတယ်။ နောက်တစ်မျိုးကတော့ ရှမ်းတိုင်းရင်းသားတွေ လက်ဆင့်ကမ်းလုပ်ကိုင်ခဲ့တဲ့ ရိုးရာအစားအစာတစ်ခုကတော့ ဆီတို့ဟူးပဲ ဖြစ်ပါတယ်.။ ဒီနေ့အချိန်ထိလဲ မိရိုးဖလာလုပ်ငန်းအဖြစ် ပြုလုပ်နေကြဆဲပါ။ ရှမ်းတို့ရဲ့သရေစာထဲမှာတော့ ထင်ရှားပြီးလူကြိုက်များတဲ့ သရေစာကတော့ ကောက်ညှင်းငချိပ်နဲ့ ပြုလုပ်ထားတဲ့ ခေါပုပ်ပဲဖြစ်ပါတယ်။ ဒါအပြင်.. နာမည်ကြီးလှတဲ့ အစားအစာတွေကတော့ ရှမ်းခေါက်ဆွဲ ၊ ရှမ်းချဉ်ထမင်းကြော်၊ ဆန်တို့ဟူးသုပ်၊ တို့ဟူးခေါက်ကြော်၊ ပဲပုပ်၊ မုန့်ညင်းချဉ် ၊တောင်ပို့မှိုထမင်းချဉ်၊ ရှမ်းထမင်းဝါ၊ ကျောက်ဂျင်းသုပ်၊ ရှမ်းရိုးရာကြက်ဥသုပ်၊ ရှမ်းတာလပေါ့ဟင်း၊ မူဆွန်း (သို့) အော်ဆွန်းသုပ်၊ ရေညှိခြောက်ဖျော်ရည်၊ ရှမ်းငါးပေါင်း တို့ပဲဖြစ်ကြပါတယ်။

‘‘ရှေးဟောင်းလက်ရာတွေနဲ့ ရွှေအင်းတိန်ဘုရား'’

ချုံနွယ်ပိတ်ပေါင်းတောအုပ်တွေထဲမှာ အချိန်ကြာမြင့်စွာ တည်ရှိခဲ့တဲ့အတွက် စေတီအချို့က အခုအချိန်မှာ ရာသီဥတုဒဏ်ကြောင့်ပျက်စီးခဲ့ပြီး စေတီအချို့ကိုတော့ ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် လေ့လာစရာတွေနဲ့ မြန်မာမှုလက်ရာတို့ရဲ့တန်ဖိုးကို အသိအမှတ်ပြုနိုင်တဲ့ နေရာကတော့ ကမ္ဗောဇပြည်(ခေါ်) ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းတိန်မြို့၊ အခု အင်းတိန်ရပ်- အင်းလေးမှာ တည်ရှိတဲ့ ရွှေအင်းတိန်ဘုရားပဲ ဖြစ်ပါတယ်။

အရံစေတီတော်ပေါင်းက(၁၀၅၄)ဆူ ရှိပြီး၊ ဘုရားစောင်းတန်းကြီးမှာ ပါဝင်တည်ဆောက်ထားတဲ့ တိုင်းလုံး အရေအတွက်ကတော့( ၄၀၃)လုံးရှိပြီး အရှည်ကတော့ (၃.၃)ဖာလုံ ရှိပါတယ်။ တိုင်အလုံးပေါင်း (၄၀၃ )တိုင် တို့နဲ့ စက်လှေဆိပ်ကနေ ဘုရားပေါ်ထိ စောင်းတန်းထားရှိ ပေးထားပါတယ်။ အင်းတိန်ဘုရားမှာရှိတဲ့ စေတီတော်တွေကို ဘီစီ(၃)ရာစုခန့်က တည်ထားခဲ့ပြီး စေတီအများစုကို (၁၇၊ ၁၈)ရာစုခန့်ကလို့ သုတေသီအချို့က ခန့်မှန်းထားပြီး အစောဆုံးစေတီကို(၁၄) ရာစုကလို့ ဆိုပါကြပါတယ်။ ဘုရားကြီးရဲ့ နယ်နိမိတ်ဟာ အရှေ့ဘက်မှာ ကျောက်ပွန်ရေထွက်၊ နောက်ကန် အင်းဆင်သေကုန်း။ အရှေ့တောင်မှာ သရက်မောင်နှမ။ တောင်ခြားတွင် - ချောင်းချောက်ကြီး ပျားစွဲတော်။ အနောက်ခြားတွင် - ဆင်ရုပ်ညောင်စည်။ အနောက် မြောက်မှာ စစ်တောင်းတောင်ခမောက်တောင် ရသေ့ကုန်း။ မြောက်ဘက်မှာ - နတ်သမီးတောင်၊ ရသေ့တောင်၊ ဝေလုကမ္ပတောင်။ အရှေ့မြောက်ဘက်မှာ - အင်းရေပြင် ကျောက်ခြံ တို့ ရှိပါတယ်..။ အရံစောင့်ကျွန်သီးတော်တွေက (၅၀၀) ဖြစ်ပြီး အခုကျွန်သီးတော်တွေက လူဦးရေ (၅၀၀)၊ အိမ်ခြေ (၈၁)၊ ကျားကြီး (၅၀)၊ ကျားငယ် (၁၁၀)၊ မကြီး (၆၈)၊ မငယ် (၅၉) ယောက် ဖြစ်ပါတယ်။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်ဘုရားကို တည်ထားခဲ့တဲ့ ဒါယကာကတော့ ပဋလိပုတ် ပြည့်ရှင် သီရိဓမ္မာ သောကမင်းကြီးက သာသနာသက္ကရာဇ် (၂၀၀)ခုနှစ်ကျော်မှာ တည်ထားကိုးကွယ်ခဲ့ပြီး ဘုရားရှင်ရဲ့ ဘရိယ (မွေတော်) ဓာတ်တော်ကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရွှေအင်းတိန်ဘုရားကို ဦးစွာပြုပြင်ခဲ့တဲ့မင်းကတော့ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းကြီးဖြစ်ပြီး ထပ်မံပြုပြင်သောမင်းတို့ကတော့ နရပတိ စည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင် ရှင်ဖြူရှင်မင်းတို့ဖြစ်ကြပါတယ်။

‘‘ကမ္ဗောဇဌာနေ (ခေါ်) ရှမ်းပြည်နယ် ရဲ့ ဖွဲ့စည်းပုံ နဲ့ လူဦးရေ'’

ရှမ်းပြည်နယ်ကို တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ဟိုပန်၊ မက်မန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းဖြတ် စတဲ့ ခရိုင်(၁၄)ခုတို့နဲ့ ဖွဲ့စည်းထားပြီး ၊ (၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်မှာရှိတဲ့ လူဦးရေကတော့ ကျား(၂,၉၁၀,၇၁၀ ) ၊ မ(၂,၉၁၃,၇၂၂ )၊ စုစုပေါင်းလူဦးရေ(၅,၈၂၄,၄၃၂ ) ဦး ရှိပါတယ်။

ဒီလိုစိတ်ဝင်စားစရာအကြောင်းခြင်းရာတွေနဲ့ ပြည့်နေတဲ့ အင်းလေးကိုသွားမယ်ဆိုရင် တောင်တန်းတွေ ကာရံထားတဲ့အလယ်က ရေပြင်ပြာပြာကြီးကို နောက်ခံထားလို့ သဘာဝကျကျဓာတ်ပုံလေးတွေရိုက်ကြမယ်။ လှေကိုခြေနဲ့လှော်ခတ်နေတဲ့ အင်းသားလူမျိုးတွေရဲ့ သဘာဝလှေလှော်ခတ်တာတွေကို ကြည့်ရမယ်၊ နောက် ရေပေါ်ဈေးမှာ ဈေးဝယ်ကြပြီး အင်းလေးဒေသမှာရှိတဲ့ ထင်ရှားတဲ့အဆောက်အအုံတွေ နဲ့ စေတီပုထိုးတွေကို ဖူးမြော်ကြမယ်၊ ဒေသရိုးရာအစားအစာဖြစ်တဲ့ ရှမ်းရိုးရာအစားအစာလေးတွေစားပြီး အပြန်လက်ဆောင်အဖြစ် အင်းသားတွေရဲ့ အကျော်ကြားဖြစ်တဲ့ အင်းလေးဆင်ပိုးထည် နဲ့ ရှမ်းလွယ်အိတ်လေးတွေကို ၀ယ်ရင်း စိတ်ကျေနပ်စေမယ့် အကျိုးတွေကို ရစေမှာမို့ 7Day TV ရဲ့ Authethic Travel ကနေ သွားရောက်လည်ပတ်ဖို့ တိုက်တွန်းချင်ပါတယ်။



မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၅) ၊ ၀ီကီပီဒီးယား ၊ မြန်မာပြည်တစ်ခွင်လမ်းညွှန်(တင်နိုင်တိုး) ၊ (၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တို့မှ ကိုးကား၍ နှင်းနုထွေး ရေးသားထားပါတယ်။

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

ကြီးမြတ်လေသော သမိုင်းကြောင်းများနဲ့ပုဂံ

ပုဂံဟာမြန်မာတွေအတွက်တော့ အမျိုးသားရေးလက္ခဏာတစ်ရပ်အဖြစ် ဂုဏ်ယူဖွယ်ရာတွေပဲ ဖြစ်ပါတယ်။ ‘တမ္ပဒီပ’လို့ခေါ်တဲ့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာမြို့တော် ဖြစ်ပါတယ်။

Read More
Image

တောင်ဇလပ်တို့ မွေ့ပျော်ရာ တောင်တန်းတွေရဲ့အလွန်

ချင်းတောင်၊ ချင်းလူမျိုးတွေနဲ့ ပတ်သက်လာရင် တောင်ဇလပ်ပန်း နဲ့ အောက်ချင်းငှက်က မပါမဖြစ် သင်္ကေတတစ်ခု ဖြစ်ပါတယ်။

Read More
Image

သဘာဝကျွန်းအလှတွေ တည်ရှိရာ ကော့သောင်းမြို့ဆီမှာ

သစ်တောတွေ ဖုန်းလွှမ်းထားပြီး တောင်ကုန်းတွေ ၀န်းရံနေတဲ့ ကော့သောင်းမြို့ဟာဆိုရင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် အတွင်းမှာ ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ ဆောင်ဘက်အစွန်းဆုံးဖြစ်တဲ့ ၀ိတိုရိယအငူ ပင်လယ်ကမ်းစပ်မှာ တည်ရှိပါတယ်။

Read More
Image

ဖားစည်သံဝေ ဇွဲကပင်မြေ

ဇွဲကပင်တောင်ဟာဆိုရင် ကရင်ပြည်နယ်ရဲ့ ဂုဏ်ဆောင်တစ်ခု ဖြစ်သလို အမှတ်အသား သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။

Read More
Image

ချစ်စရာကရောမြေသို့ အလည်တစ်ခေါက်

ဟိုးအရင်ကတည်းက ပျောက်မသွားတဲ့ ရိုးရာယဉ်ကျေးမှုတွေအတိုင်း ထိန်းသိမ်းထားတဲ့ ကယားပြည်နယ် တောင်တန်းတွေကြားက ထယ်ခိုရွာလေးပါ။

Read More
Image

ဒွေးမယ်နော်တို့စံပျော်ရာ ငွေတောင်ပြည်

လမ်းတစ်လျှောက်အ ရမ်းလှတဲ့ရှုခင်းတွေ၊ တောင်တန်းတွေ နေထွက်ချိန်ရဲ့ ခမ်းနားတဲ့ အလှအပတွေနဲ့အတူ ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီတွေကိုကြည့်ပြီး ပျော်မဆုံးတော့ဖြစ်ရသေးတာပါ။

Read More