ဖားစည်သံဝေ
ဇွဲကပင်မြေ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

Authentic Travel ကနေ ဒီတစ်ပတ်မှာတော့ ထုံးကျောက်တောင်တွေနဲ့ အရမ်းလှတဲ့ ကရင်ပြည်နယ်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ လယ်ကွင်းတွေကြားထဲက ထီးထီးကြီးတက်နေတဲ့ ကျောက်တောင်တွေဆီသွားမလား ၊ အထဲဝင်လိုက်တာနဲ့ သည်းထိတ်ရင်ဖိုခံစားမှုတွေနဲ့ ရင်သတ်ရှုမောစရာ ရှုခင်းတွေက ဆီးကြိုနေတဲ့ ဂူတွေဆီသွားမလား ကရင်အကျီင်္တွေဝတ်ပြီး ဓာတ်ပုံရိုက်ကြမလား စိတ်ကူးကြည့်ရုံနဲ့တင် ပျော်စရာကောင်းနေပါပြီ ဒါကြောင့် ရန်ကုန်မြို့နဲ့လည်း မဝေးဘဲ ကွဲပြားခြားနားတဲ့ဒေသအလှတွေကို ခံစားနိုင်ဖို့ အတွက်ဒီခရီးစဉ်လေးကို Authentic Travel ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Image
Image
Image
Image

‘‘ဘားအံကိုဘယ်လိုသွားလဲ'’

ဒီတစ်ခေါက်တော့ ဘားအံကို ရန်ကုန်ကနေ ကားမောင်းပြီးပဲ သွားလိုက်ကြတယ်။ ဘားအံကို ကားနဲ့ဆို ငါးနာရီ ခြောက်နာရီပဲကြာပြီး လမ်းလဲကောင်းတယ်။ လမ်းမှာ ကိုယ်အချိန်ရရင်ရသလို ဆောင်နိုင်ကြီးရေတံခွန်၊ ကျိုက်ထီးရိုးဘုရား၊ စိမ်းတဲ့တင်တို့ ၀င်ချင်လဲရသေးတယ်။ သူငယ်ချင်းတွေများရင် ပိုပျော်ဖို့ကောင်းတာပေါ့။

‘‘ဘယ်မှာတည်းခဲ့လဲ'’

ဘားအံရောက်တော့ တည်းခဲ့တာကတော့ Hpa-an Lodge မှာပါ။ အရမ်းလှပြီး အေးအေးဆေးဆေးဖြစ်တဲ့ အပြင် မနက်မိုးလင်းရင် အခန်းကနေမြင်ရတဲ့ ဇွဲကပင်တောင်ကြီးက မြူခိုးတွေ တိမ်တွေနဲ့ ဝေလို့.. ။ သူနဲ့ကပ်လျက်မှာလဲ တောင်အကြီးကြီးတစ်ခုရှိသေး တော့ တောင်တွေကြားက Lodgeလေးပေါ့ ။ သူကတောင်တွေကြားမှာဆိုတော့ နည်းနည်းတော့ ဆက်သွယ်မှုဧရိယာပြင်ပနော်။ Hpa-an Lodge မှာက သူ့ရဲ့ Cottages တွေကို ကရင်ရိုးရာအိမ်ပုံစံလေးတွေ ဆောက်ထားပြီး Skydome တစ်ခုလဲရှိသေးတယ်။ အဲဒါလေးကတော့ သီးသီးသန့်သန့်အဖြစ်ဆုံးလေး Lodge တစ်ခုလုံးရဲ့ထောင့်ဆုံး ရေကူးကန် လေးနားမှာ။ ကိုယ့်ဘာသာကိုယ် ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ သဘာဝပတ်ဝန်းကျင်အလှအပကိုခံစားရင်း စာအုပ်လေးဖတ် Authentic Tea လေးသောက်ရင်းနဲ့ ဇိမ်ပဲ ။

‘‘ဆန္ဒန်ဂူ'’

ဘားအံရောက်ရင် မဖြစ်မနေသွားသင့်တာကတော့ ဆန္ဒန်ဂူပါပဲ။ ပထမဦးဆုံး အကြိမ်ဆို ဂူအဆုံးအထိလျှောက်စေချင်မိတယ်။ ဂူအဆုံးက အထွက်ပေါက်နားရောက်ရင်တွေ့ရတဲ့ ဂူပေါက်ဝထိပ်ကနေဖြာကျနေတဲ့နေရောင်နဲ့ နောက်ခံကျောက်ဆောင်တွေဟာလည်း ဓာတ်ပုံရိုက်လို့ သိပ်လှပဲ။ အဲဒီထွက်ပေါက်ကနေပဲ လှေတစ်စီး ၆၀၀၀ နဲ့ လှေလေးစီးပြီး အရှေ့ဘက်အ၀င်ပေါက်ကို ပြန်လာလို့ရတယ်။ ဒီလိုအချိန် ဆောင်းရာသီကတော့ လှေစီးရအကောင်းဆုံးအချိန်လို့သိရပါတယ်။ ဘာလို့ဆို ဂူအနောက်ဘက်ကနေ အရှေ့ဘက်ကိုလှေစီးပြီးပြန်လာတဲ့အချိန်မှာ အလယ်မှာဖြတ်ရတဲ့ ဂူလေးတစ်ခုက ဒီလိုဆောင်းရာသီ ရေလဲအရမ်းမတက် အရမ်းမကျ အနေတော်အခြေအနေလေးမှာ ဓာတ်ပုံလည်း ရိုက်လို့ရတယ်လေ။ ဘာလို့ ဆန္ဒန်ဂူလို့ခေါ်ရလဲဆိုရင်တော့ ဒီ ဂူထဲမှာရှိနေတဲ့ သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တွေရယ် နောက်ပြီး ဂူအနားမှာရှိတဲ့ ဧက ၂၀လောက်ကျယ်တဲ့ အင်းအိုင်ကြီးရယ် အဲဒါတွေအားလုံးက ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုထဲက ဆန္ဒန်ဆင်မင်းရေကစားပျော်မွေ့ခဲ့တဲ့ နေရာတွေနဲ့တူနေတာကိုအစွဲပြုပြီး ဆဒ္ဒန်ဂူလို့ခေါ်ကြတာလို့ သိခဲ့ရပါတယ်။

‘‘ဝင်းကျန်ကျွန်း'’

ဂူတွေဘာတွေမသွားချင်ဘူးဆိုရင် ဒီကျွန်းလေးဟာ သံလွင်မြစ်ကမ်းမှာမို့ Sunset ကြည့်ဖို့အတွက်သိပ်လှမယ့်နေရာလေး။ သူက သံလွင်မြစ်လယ်ခေါင်မှာရှိပြီးတော့ ကျွန်းပေါ်မှာလဲ ပြောင်းဖူးခင်း၊ ခရမ်းချဉ်သီးစိုက်ခင်း စတဲ့ စိုက်ခင်းတွေအပြင် ကျွန်းအနောက်ဘက်ကိုလျှောက်သွားရင် မြစ်ကမ်းနံဘေးမှာ အေးအေးဆေးဆေး အနားယူဖို့ အုန်းလက်အမိုးနဲ့ ပက်လက်ကုလားထိုင်လေးတွေနဲ့ ကမ်းခြေလေးတစ်ခုလိုပဲ အသေအချာလေး ကို ပြင်ပေးထားတာ။ ကျွန်းကိုသွားဖို့အတွက်ဆို ဒီဘက်ကမ်းက ဆိုင်ကယ်၊ ကားအပ်တဲ့နေရာမှာ ရေးထားပေးတဲ့ ဖုန်းနံပါတ်ကို ဆက်ရတ ယ် ။ ဖုန်းဆက်ရင် ကျွန်းကနေ မော်တော်ဘုတ်နဲ့ လာကြိုပေးတယ်။ အပြန်လဲအဲဒီအတိုင်းပဲပြန်ပို့ ပေးတယ်။

‘‘လင်းနို့ဂူ'’

ဒီနေရာလေးက ဘားအံမှာ အကြိုက်ဆုံးနေရာတွေထဲက တစ်ခု။ တောင်ပေါ်တက်ရတဲ့ လှေကားမတ်မတ်ကို ကြောက်တာကလွဲလို့ ။ ဒီနေရာဟာ ဘားအံမှာ နိုင်ငံခြားသားတွေ အများဆုံးသွားတဲ့နေရာတစ်ခုလို့ပြောရင်လဲမမှားပါဘူး။ ဘာလို့ဆို သူ့ရဲ့ထူးခြားချက်က အဲဒီ လင်းနို့ဂူထဲ ကနေ နေ၀င်ချိန် ငါးနာရီခွဲ ခြောက်နာရီလောက်ဆို လင်းနို့ပေါင်း သောင်းနဲ့ သိန်းနဲ့ချီဟာ နဂါးငွေ့တန်းကြီးလိုပဲ ကွေ့ဝိုက်ပြီး အစာရှာဖို့အတွက် ပျံထွက်လာကြတာကိုမြင်ရတာပါပဲ။ အဲဒီမြင်ကွင်းကို အပေါ်စီးကနေကြည့်ဖို့အတွက်ဆို တစ်ခုတည်းသောနေရာဖြစ်တဲ့ လင်းနို့ဂူနဲ့ကပ်လျပ်မှာရှိတဲ့တောင်ရဲ့ View point နေရာကနေကြည့်ရပါတယ်။ အဲဒီ View Point ကနေ လင်းနို့တွေထွက်လာတာစောင့်ရင်း Sunset ကြည့်ရင်လေ အရမ်းကို လှတာ။ ဘာလို့ဆို အဲဒီကနေဆို သံလွင်မြစ်ကြီးရယ် သံလွင်တံတားကြီး ရယ် နောက်ပြီး ဇွဲကပင်တောင်၊ ခုနှစ်ဆူတောင်(ကြာအင်းတောင်)နဲ့ ဖားပုတောင်တွေကို အပေါ်စီးကနေ အကုန်လှမ်းမြင်နေရတာကိုး ။ အဲဒီ နဂါးငွေ့တန်းလိုလို ပျံထွက်လာတဲ့ လင်းနို့တန်းကြီးကို နေ၀င်ရီတရော အချိန်မှာ သံလွင်တံတား၊ သံလွင်မြစ်ကြီးနောက်ခံနဲ့ မြင်ရတာလဲ တကယ့်ကို ရင်သပ်ရှုမောပဲ။ ဒါနဲ့ ရာသီဥတုအပေါ်မူတည်ပြီးတော့တော့ လင်းနို့ထွက်တဲ့အချိန်က အပြောင်းအလဲရှိနိုင်ပါတယ်နော်။ မိုးရာသီမှာ လင်းနို့နည်းနည်းပဲထွက်တယ်၊ ဆောင်းရာသီဆိုရင် စောစောမှောင်တော့ စောစောထွက်တတ်ပြီး နွေရာသီမှာတော့ မှောင်တာနောက်ကျတဲ့ အတွက် လင်းနို့တွေထွက်တာ နောက်ကျတတ်ပါတယ်တဲ့။ လင်းနို့ဂူမှာ Sunset သွားကြည့်ရင်.. သိန်းနဲ့ချီတဲ့လင်းနို့တွေ နဂါးငွေ့တန်းကြီးလိုပျံသန်းသွားတာကို ကြည့်ရင်း သဘာဝတရားကြီးက သိပ်ကို ဆန်းကျယ်လှပတာပါပဲလို့.. ။

Article's

Video

‘‘ဖားစည်သံဝေ ဇွဲကပင်မြေ’’

ဇွဲကပင်တောင်ဟာဆိုရင် ကရင်ပြည်နယ်ရဲ့ ဂုဏ်ဆောင်တစ်ခု ဖြစ်သလို အမှတ်အသား သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။ မြူနှင်းတွေ ရစ်သိုင်းဖွဲ့ပြီး ဝေဟင်မှာ မားမားမတ်မတ်ထိုးထွက်နေတဲ့ မှိုင်းညို့နေတဲ့ တောင်ထွတ်အလှဟာဆိုရင် ပန်းချီကားတစ်ချပ်ပမာပါပဲ..။ ဇွဲကပင်တောင်ရဲ့ အလှကိုခံစားနိုင်ဖို့ 7Day TV ရဲ့ Authetic Travel ကနေ ဒီတစ်ပတ် ဖော်ပြပေးလိုက်ပါတယ်။

‘‘ဇွဲကပင်တောင်’’

ဇွဲကပင်တောင်ဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့ရဲ့ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးမှာ တည်ရှိပါတယ်။

ဇွဲကပင်တောင်ကို ရှေးအခါက အမည်အမျိုးမျိုး ခေါ်တွင်ခဲ့ကြပါတယ်.။ လုဒ္ဓယောဓမင်း တောကစားထွက်စဉ်က လှံတော်ပျောက်ခဲ့တာကြောင့် ကရင်ဘာသာနဲ့ "ဇွဲကပင်" လို့ခေါ်ခဲသလို ၊ နိုင်ငံရပ်ခြားကလာတဲ့ လှေ၊ သင်္ဘောတွေကို တောင်ရဲ့အတွဋ်မှာ ကပ်ချည်တွဲထားတတ်တာကြောင့် တလိုင်းကရင်မျိုးတွေက "ဒိုးကရွယ်ကဗန်း" လို့ခေါ်ပြီး ဘုရားကို ‘‘ကျိုက်ကရွယ်ကပန်ု’’ လို့ ခေါ်ရာကနေ ဂရွဲ့ကပန်၊ ဇွဲကပန်၊ ဇွဲကပင် ဖြစ်လာတယ်လို့ သိရပါတယ် ။

ဆရာတော်ဦကဝိဇေ (ဓမ္မကထိက၊ ဗဟုဇနဟိတဓရ) အရှင်သူမြတ်ကို သံဃာအဖွဲ့တွေ နဲ့ လူဥပသကာအဖွဲ့တွေကနေ ဇွဲကပင်တောင်တော်ကို အမျိုးဘာသာ​ သာသနာ ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်ပေးဖို့ လျှောက်ထားတာကြောင့် ၁၃၅၁-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်နေ့မှာ ဇွဲကပင်တောင်ကြီးကို လက်ခံခဲ့ပြီး သာသနာပြုလုပ်ငန်းတွေကို နေ့မအား၊ ညမအား ဇွဲလုံ့လကြီးစွာ ကျင့်ကြံဆောင်ရွက်တော်မူခဲ့ပါတယ်.။ ဇွဲကပင်တောင်တော်ကို သတ်သတ်လွတ် ဘေးမဲ့သာသနာ့နယ်မြေအဖြစ် ၁၃၅၁-ခုနှစ် တပို့တွဲလပြည့်နေ့မှာ ကြေငြာသတ်မှတ်ခဲ့ပါတယ်.။

ယနေ့အခါမှာတော့ ကမ္ဘာသာသနာပြု မဟာသန္တိသုခကျောင်းတော်ကြီး မူလပဓာန နာယက ပီနန်ဆရာတော်၊ ဇွဲကပင်တောင်ဆရာတော်၊ သာသနာ့ဇေယျမင်္ဂလာ ပရိယတ္တိစာစသ်တိုက် (သုံးထပ်ကျောင်း) ဆရာတော် စတဲ့ ဆရာတော်ကြီး (၃)ပါးက ကြီးမှုးဦးဆောင်မှုနဲ့ မလေးရှား SMET SDA BHD ကုမ္မဏီ နဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ပညာရှင်တွေ ပူးပေါင်းပြီး ဇွဲကပင် ဆံတော်ရှင် ကေဘယ်ကားစီမံကိန်းကြီးကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ကေဘယ်ကားစီမံကိန်းကို ကျိုက်ထီးရိုးဘေးမဲ့တောနယ်မြေ အတွင်းမှာရှိတဲ့ မြေဧက ၁၃ ဒသမ၅ ဧကပေါ်မှာ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနထံကနေ နှစ် ၇၀ စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းကို ကန်ဒေါ်လာသန်း ၂၀ အထိ ကုန်ကျခံပြီး ကေဘယ်ကား နဲ့ ဆက်စပ်ပစ္စည်းတွေကိုတော့ ပြင်သစ်နိုင်ငံကနေ မှာယူတင်သွင်းလိုလဲ သိရပါတယ်။

ကေဘယ်ကားစီးခအဖြစ် နိုင်ငံခြားသား တစ်ဦးကို ငါးဒေါ်လာသတ် မှတ်ထားပြီး မြန်မာနိုင်ငံသား တစ်ဦးကိုတော့ ကျပ်သုံးထောင် သတ်မှတ်ထားပါတယ်။ ကေဘယ်ကားစီးတဲ့ ဘုရားဖူးတွေအတွက် အသက်အာမခံကို IKBZ ဘဏ်နဲ့ ချိတ်ဆက်ဖို့လဲ စီစဉ်ဆောင်ရွက်နေတယ်လို့လဲ သိရပါတယ်။

‘‘ဇွဲကပင်မြေက ကရင်မောင်နှမနှစ်ဦးရဲ့ သမိုင်းပုံပြင်’’

ဇွဲကပင်တောင်နဲ့ ပတ်သက်ပြီး သနားစဖွယ် ကရင်ပုံပြင်လေး တစ်ပုဒ် ရှိခဲ့ပါတယ်။ ကရင်အမျိုးသားကြီးစ၀်ဖါ့သန့်(သိုင့်) နဲ့ ဇနီးဖြစ်သူ နော်ဖေါ့ယာ့် တို့မှာ သား စံစေ့ဖိုး နဲ့ သမီး နော်မူးဖါန် ဆိုတဲ့ သားသမီး (၂)ဦး ရှိပါတယ်။ ဖခင်ဖြစ်သူ စ၀်ဖါ့သန့်(သိုင့်)ဟာ သားဖြစ်သူကို ရှင်ပြုပေးဖို့ တောင်ယာထဲမှာ အလုပ်ကြိုးစားလုပ်နေရင်းက ကျားကိုက်လို့ သေဆုံးသွားခဲ့ပါတယ်။

မုဆိုးမ နော်ဖေါ့ယာ့ ဟာ ရွာသူရွာသားတွေရဲ့ တိုက်တွန်းချက်ရယ်၊ ကလေးတွေကို ရင်သွေးအရင်အချာလို ချစ်ခင်ပါတယ်လို့ဆိုတာကြောင့် တစ်ရွာတည်းနေ မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ် နဲ့ နောက်အိမ်ထောင် ထူထောင်ခဲ့ပါတယ်။

စံစေ့ဖိုး နဲ့ နော်မူးဖါန်တို့ မောင်နှမနှစ်ယောက်ဟာ ပထွေးဖြစ်သူရဲ့ ဆဲဆိုရိုက်ပုတ်မှုတွေကို နေ့စဉ်နဲ့အမျှ ခံစားခဲ့ရပါတယ်။ တစ်နေ့ မှာတော့ ပထွေး ဖြစ်သူက မောင်နှမ နှစ်ဦးကို ယာခင်းခေါ်သွားပြီး ယာခင်းသွားရာလမ်းမှာ မြင့်မားမတ်စောက်တဲ့ တောင်ကမ်းပါးကြီး ပေါ်ကနေ တွန်းချခဲ့ပါတယ်.။ မောင်နှမ နှစ်ဦးက တောင်ပေါ်ကအကျမှတော့ ဇွဲကပင်ဘုရားကို အာရုံပြုပြီး ကယ်တင်ဖို့ဆုတောင်းကြရာက ကမ်းပါးအောက် ၀ါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ပါတယ်..။

မနက်မိုးလင်းလို့ မိခင်ထံပြန်လာပြီး အကျိုးအကြောင်း ပြောပြတဲ့အခါမှာတော့ မိခင်ဖြစ်သူက ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်ခေါ်ထားဖို့ လုံးဝမဖြစ်နိုင်မှန်း သိရတဲ့အခါ ရင်သွေးနှစ်ယောက် အသက်မသေလုံခြုံအောင် သူနဲ့လည်း အလှမ်းမဝေးရအောင်ဆိုပြီး ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲမှာ ၀ှက်ထားခဲ့ပါတယ်.။

မောင်နှမ နှစ်ယောက်ဟာ တောထဲမှာ ရသမျှသီးနှံကလေးတွေကို ခူးစားရင်း နေထိုင်ခဲ့ရရှာတယ်. ။ တစ်နေ့မှာတော့ ရသေ့အိုကြီး တစ်ပါး ရောက်လာပြီး သနားဖွယ် မောင်နှမ နှစ်ဦးကို ရွှေရောင်ဝင်းနေတဲ့ ဆေးလုံးသုံးလုံးပေးပြီး မီးဖိုအတွင်းကို ဆင်းခိုင်းရာက ငယ်ရွယ်နုပျိုတဲ့လုလင်ပျို နဲ့ လုံမပျိုလေးနှစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

မောင်နှမ နှစ်ဦးဟာ ရသေးကြီးပေးခဲ့တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီး ရသေကြီး ကတိစကားအတိုင်း ”သာသနာတော်အတွက် လုံ့လ၀ီရိယ စိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ ဟောဒီ ဇွဲကပင်တောင်ကို ဘုရားဖူး လာကြသူတွေ မှန်သမျှရယ်၊ စီးပွားရေး လာဘ်လာဘ တိုးအောင် ကျန်းမာရွှင်လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့” လို့ ရသေ့ကြီး အမှာစကားအတိုင်း သစ္စာပြုပြီး ဇွဲကပင်တောင် နဲ့ ဆံတော်ရှင်မြတ်ကို စောင့်ရှောက်ခဲ့ပါတယ်.။

ဇွဲကပင်တောင်ခြေက လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ဂရုဏာသက်ဖွယ်ရာ ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင်စခန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော် ဦးကေတု ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

‘‘ဇွဲကပင် ဆံတော်ရှင်စေတီသမိုင်း’’

ဇွဲကပင်ဆံတော်ရှင်စေတီမှာ ဘားအံမြို့နဲ့ ၇ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ဇွဲကပင်တောင်ပေါ်မှာ တည်ရှိပါတယ်။ သုဝဏ္ဏဘူမိနေပြည်တော်မှာ မိဖုရားကြီးက ဖွားမြင်တဲ့ တိဿဓမ္မမင်း နဲ့ သီရိကပ္ပအမည်ရှိတဲ့ သားတော်နှစ်ပါးဟာ တရားသံဝေဂရပြီး နန်းမွေကိုစွန့် ရဟန်းပြုခဲ့ပါတယ် ။ နောင်တော်ဖြစ်သူက ဂစ္ဆဂီရိတောင်(ဇင်းကျိုက်တောင်) မှာ သီတင်းသုံးပြီး ညီတော်ဖြစ်သူကတော့ ဗန္ဓ၀ဂီရိတောင် (ဇွဲကပင်တောင်)ပေါ်မှာ သီတင်းသုံးတော်မူပါတယ်။

သီဟရသေ့တစ်ပါးဟာ ကလေးတစ်ယောက်ကို ကောက်ယူမွေးစားပြီး အဲ့ဒီကကလေး ကွယ်လွန်တော့ မဇ္စိုမဒေသမှာ လူဝင်စားဖြစ်ပြန်ဖြစ်ပါတယ်။ မြတ်စွာဘုရားပွင့်တော်မူတဲ့ အခါမှာတော့ လူဝင်စားလေးဟာ(၇)နှစ်အရွယ်မှာပဲ တရားတော်ကို နာကြားရလို့ ဂ၀မ္ပတိဘွဲ့နဲ့ ရဟန္တာဖြစ်ပြီး ခမည်းတော်ဟောင်း နဲ့ ဦးရီးတော်ဟောင်းတို့ကို မြတ်စွာဘုရားပွင့်တော်မူလို့ တရားတော်ကို နာကြားရကြောင်း လာရောက်ပြောကြားခဲ့ပါတယ်။

ရသေ့တို့လည်း ကြည်ညိုဝမ်းမြောက်လှလို့ မြတ်စွာဘုရားကို ပင့်ဆောင်ပေးဖို့ တောင်းပန်ကြရာက ဂ၀မ္ပတိမထေရ်ဟာ မြတ်စွာဘုရားထံ ပြန်ကြွလာပြီး မြတ်စွာဘုရားကို လျှောက်ထားတဲ့အခါ မဟာသက္ကရာဇ်(၁၁၀) ပြည့်နှစ်မှာ သုဝဏ္ဏဘူမိတိုင်းကို မြတ်စွာဘုရားကြွချီလာပါတယ်။ သုဝဏ္ဏဘူမိမှာ တိဿဓမ္မသီဟရာဇာမင်း ဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းတော်မှာ သီတင်းသုံးပြီး မဇ္စျိမဒေသကို ပြန်လည်ကြွချီမယ်ဆိုတဲ့အခါ ရသေ့တို့က ထာဝစဉ်ကိုးကွယ်ဖို့ လျှောက်ထားတဲ့အခါ တိဿရသေ့ နဲ့ သီဟရသေ့တို့အပြင် ကေလာသရသေ့ကိုပါ ဆံတော်နှစ်ဆူစီ ပေးအပ်ခဲ့ပါတယ်။

သီဟရသေ့ဟာ ရရှိသော ဆံတော်နှစ်ဆူထဲက တစ်ဆူကို ဇင်းကျိုက်ဘုရားတောင်မှာ ဘုရားတည်ဌာပနာခဲ့ပြီးတဲ့နောက် ကျန်ဆံတော်တစ်ဆူကိုတော့ ဗန္ဓာဂီရိတောင် (ဇွဲကပင်တောင်)မှာ စေတီတည် ဌာပနာခဲ့ပါတယ်။ တောင်စွန်းအမြင့်ဆုံးနေရာမှာ တောင်ဖက် ချောက် နဲ့ ၅ပေအကွာခန့် စေတီတော်ကျိန်းဝပ်ပြီး ဉာဏ်တော်အတောင် ကတော့ ၃၀ခန့်မြင့်ပါတယ်။

‘‘ကရင်ပြည်နယ်မှာရှိတဲ့ အရှည်လျားဆုံးဂူဖြစ်တဲ့ ဆဒ္ဒန်ဂူ’’

ဆဒ္ဒန်ဂူဟာ ကရင်ပြည်နယ်၊ ဇွဲကပင်တောင်တန်းရဲ့ တောင်ဘက်အကျဆုံး ဆဒ္ဒန်တောင်မှာ တည်ရှိပါတယ်။ သံလွင်မြစ်ရဲ့ အရှေ့ဘက်ကမ်း ကော့ဝါးဆူးကျေးရွာအနီးမှာ တည်ရှိပြီး ဘားအံမြို့ကနေ မိုင်(၂၀)ခန့် အကွာမှာ တည်ရှိပါတယ်။ ဆဒ္ဒန်ဂူရဲ့ အကျယ်အ၀န်းကတော့ အရှေ့အနောက် ၁၀၇ မီတာ ရှည်လျားပြီး ၄၀ မီတာ ကျယ်ဝန်းပါတယ်။ နှစ်ဘက်ပွင့် တိုးလျှိုပေါက် ဂူဖြစ်ပြီး အဝင်ဝကျဉ်းမြောင်းကာ ကရင်ပြည်နယ်မှာတော့ အရှည်လျားဆုံး ဂူဖြစ်ပါတယ်။ မြေပြင်ကနေ ပေ(၃၀)ခန့် မြင့်ပြီး လုံးဝန်းတဲ့ ပုံသဏ္ဍာန်ရှိတာကြောင့် ဒေသခံတွေက ဆဒ္ဒန်ဂူလို့ ခေါ်ကြတာပါ။ ဆဒ္ဒန်ဂူဘုရားပွဲတော်ကို တော့ နှစ်စဉ်သင်္ကြန်အတက်နေ့မှာ ကျင်းပကြပါတယ်။

ဆဒ္ဒန်လိုဏ်ဂူလို့ ခေါ်ရခြင်းအကြောင်းကတော့ လိုဏ်ဂူရဲ့ ပတ်ဝန်းကျင်မှာ ဧက ၂၀ခန့်ကျယ်တဲ့ အင်းအိုင်ကြီးရှိပြီး အဲ့ဒီအင်းအိုင်ကြီးရဲ့ တောင်ဘက်မှာတော့ ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင် နဲ့ အင်းကြီးရှိပါတယ်။ ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့တဲ့ ဆဒ္ဒန်အိုင်လို့ တင်စားကြသလို ထူးဆန်းတဲ့ သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့ရှိပြီး အဲ့ဒီသဘာဝတရားတွေက ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနဲ့ အလွန်တူညီနေတာကို အစွဲပြုပြီး ဆဒ္ဒန်ဂူလို့ ခေါ်တွင်ကြတာပါ။

ဆဒ္ဒန်ဂူကို သွားရောက်လည်ပတ်ရင် တအံ့တသြတွေ့ရမယ့် အံ့ဖွယ်နေရာတွေကတော့ ကျောက်သွေးတွင်း၊ ကြယ်ရောင်တောက်တဲ့ စိန်တောင်ကြီး၊ လွှသဏ္ဍာန်တူတဲ့ သဘာဝကျောက်တောင်ကြီး၊ မုဆိုးမြားပေါက်၊ သမီးတော်စံမြန်းသောဂူ၊ ကျောက်အူခွေ၊ စပါးကျီတောင်၊ ကျောက်ကမ်းပါးယံ၊ ကျောက်ရိုးပုံတိုင်ကြီး၊ မုဆိုးခမောက်၊ အံသွားကြွေကျရာ၊ ဆင်တိုင်၊ ဂူဝလွမ်းစေတီ၊ ဘေးမဲ့ရေအိုင်၊ ဆင်ဟိုင်းဂူ၊ တွန်ထွန့်ဖန်ခေါ် ရေကျော်ကန်၊ လက်ရေးစင်းအုတ်ချပ်များ၊ ကျောက်ကမ်းပါးံမှ ကျောက်ကပ်အုပ်ခွက်ဘုရားများ၊ ရှေးဟောင်းစေတီတော်၊ ဆဒ္ဒန်ဂူကျောင်းရှိ ရှေးဟောင်းရုပ်ပွားတော်၊ တိုက်ကျောင်းကြီးအပေါ်ထပ်ရှိ ဘီရိုနှစ်လုံး၊ ရှေးဟောင်းလျောင်းတော်မူဘုရား၊ ထူးသောကျောက်တုံးကြီး တွေကို လေ့လာတွေရှိရမှာပါ။

‘‘သဘာဝတရားတွေနဲ့ အံ့မခန်းလှတဲ့ လင်းနို့ဂူ’’

သဘာဝကို ချစ်မြတ်နိုးတဲ့သူတွေအတွက်တော့ တကယ့်အံ့မခန်း နေရာလေးတစ်ခုပါပဲ။ ညနေ နေဝင်ချိန်ရောက်တိုင်း သိန်းသန်းမက များပြားလှတဲ့ လင်းနို့တွေဟာ ကျောက်တောင်ဂူပေါက်ကနေ ပျံသန်းထွက်ခွါလာပြီး သံလွင်မြစ်ကြောင်းတစ်လျှောက် မုတ္တမကွေ့အထိ ပင်လယ်ရေသောက် ဆင်းကြသလို အစာရှာထွက်ပျံသန်းနေကြတဲ့ပုံဟာ မြင်ရသူတိုင်း ပန်းချီးကားချပ်ပမာပါပဲ..။ ဒီလောက်များပြားတဲ့ လင်းနို့တွေ ခိုအောင်းပျော်စံရာ ဂူကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်တံတားဘေး၊ ဖားကပ်မြောက်ပိုင်းရွာ၊ ဖားကပ်တောင်ရဲ့ အစွန်းမှာ တည်ရှိပြီး လင်းနို့မျိုးစိတ်ပေါင်း(၁၀)မျိုး နေထိုင်ခိုအောင်းတဲ့ လင်းနို့ဂူလေးပါ..။ လင်းနို့ဂူဟာ နိုင်ငံခြားသားအများစု လာရောက်လည်ပတ်ကြည့်ရှုကြတဲ့ ဂူတစ်ဂူဖြစ်သလို့ ရပ်နီးရပ်ဝေးကခရီးသွားတွေလည်း စိတ်ဝင်တစားလာရောက်လည်ပတ်ကြည့်ရှုကြတဲ့ ဂူတစ်ခုလည်းဖြစ်ပါတယ်။

ဂူအနေအထားကတော့ အရှေ့တောင်အရပ်ကို မျက်နှာမူထားပြီး အလင်းရောင်ကောင်းကောင်း ရရှိပါတယ်။ လင်းနို့ဂူကို သစ်တောဌာနက လင်းနို့ချေးထုပ်ယူဖို့ ကန်ထရိုက်ပေးထာတာကြောင့် လင်းနို့ချေးထုပ်ယူဖို့ ဂူပေါက်ဝကိုတော့ သော့ခတ်ထားပါတယ်။ လင်းနို့ချေးကိုတော့ တစ်ပတ်မှာ တစ်ကြိမ်သာ ထုတ်ယူကြပြီး လင်းနို့ချေးတွေကို စိုက်ပျိုးရေးသဘာဝမြေသြဇာအဖြစ် အသုံးပြုကြပါတယ်။ လင်းနို့ဂူက လင်းနို့တွေဟာ အင်းဆက်စားလင်းနို့အမျိုးအစားဖြစ်ပြီး ရာသီဥအပေါ်မူတည်ပြီးလဲ လင်းနို့တွေ အစာထွက်ချိန်ကလည်း အပြောင်းအလဲရှိတက်ပါတယ်။ မိုးရာသီမှာတော့ လင်းနို့အနည်းငယ်သာ ထွက်ပြီး ဆောင်းရာသီမှာတော့ စောစောထွက်ကြသလို နွေရာသီဆိုရင်တော့ အထွက်နောက်ကျတတ်ပါတယ်။။

လင်းနို့ဂူရဲ့ အပေါ်မှာတော့ စေတီတစ်ဆူရှိပြီး ဂူအနားမှာရှိတဲ့ သံလှေကားနဲ့ စေတီဆီကို တတ်ရောက်နိုင်ပါတယ်။ စေတီကနေ လှမ်းမျှော်ကြည့်လိုက်ရင် ဘားပုတောင်၊ ထမင်းဆုတ်တောင်၊ ထောင်ဝိတောင်၊ ခုနှစ်ဆူတောင်၊ ဇွဲကပင်တောင် ၊ တစ်သွင်သွင်စီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ သံလွင်တံတား၊ အနောက်ဘက်မှာတော့ လက်မတောင်ကို လှမ်းမြင်ရမှာပါ။

‘‘ကရင်ပြည်နယ်ရဲ့ တည်နေရာ ၊ အကျယ်အဝန်း နဲ့ ဖွဲ့စည်းပုံ’’

ကရင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ တည်ရှိပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့ နဲ့ နယ်နမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၉ မိနစ် မှ ၁၉ ဒီဂရီ ၂၅ မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀မိနစ် မှ ၉၈ ဒီဂရီ ၅၅ မိနစ် အတွင်း တည်ရှိပါတယ်.။ ဧရိယာစုစုပေါင်း ၁၁၇၃၀.၈၅၁ စတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့ကနေ အနောက် မိုင် ၇၀ ရှိပြီး တောင် ကနေ မြောက်ကို မိုင်၃၂၆ ရှည်လျားပါတယ်။

ကရင်ပြည်နယ်ကို ဘားအံ၊ ကော့ကရိတ် နဲ့ မြ၀တီ စတဲ့ ခရိုင်(၃)ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘားအံခရိုင်မှာတော့ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီးတို့ပါဝင်ပါတယ်။ ကော့ကရိတ်ခရိုင်မှာောတ့ ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်တွေပါဝင်ပြီး မြ၀တီခရိုင်မှာတော့ မြ၀တီမြို့နယ်ပါဝင်ပြီး ဖာပွန်ခရိုင်မှာတော့ ဖာပွန်မြို့ တို့နဲ့ အသီးသီးဖွဲ့စည်းထားပါတယ်။

‘‘ကရင်လူမျိုးအမည် နဲ့ ကရင်လူမျိုးစု’’

ကရင်ဆိုတဲ့အမည်ဟာ မြန်မာတို့က တိုင်းရင်းသားကရင်လူမျိုးတွေကို ခြုံငုံခေါ်တဲ့အမည် ဖြစ်ပါတယ်။ ရှေးအခါက မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြတဲ့ ပျူ၊ ကမ်းယံ၊ သက် စတဲ့လူမျိုး သုံးမျိုးထဲက ကမ်းယံလို့ခေါ်တဲ့ လူမျိုးအမည်ကနေ ကရင်ဆိုတဲ့ အမည်ပြောင်းလဲခေါ်ဆိုတဲ့ အမည်ဖြစ်ပါတယ်။

ကရင်လူမျိုးတွေမှာ စကောကရင် နဲ့ ပိုးကရင် ဆိုပြီး အဓိကလူမျိုးစုကြီး ၂ စုရှိပါတယ်။ စကောကရင်လူမျိုးယောက်ျားလေး အမည်ရှေ့မှာ (စော)တပ် ခေါ်​​ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့မှာတော့( နော်)တပ်ပြီး ခေါ်ဝေါ်လေ့ ရှိကြပါတယ်..။ ပိုးကရင်လူမျိုးတွေကတော့ ယောက်ျားလေးအမည်ရှေ့မှာ(မန်း)တပ်ခေါ်​​ဝေါ်လေ့ရှိကြပြီး မိန်းကလေး အမည်ရှေ့မှာတော့(နန့်)တပ်ခေါ်ဝေါ်လေ့ ရှိကြပါတယ်..။

ကရင်လူမျိုးစု(၁၁)မျိုး ရှိပါတယ်.။ ကရင်ဖြူလူမျိုး၊ ကရင်လူမျိုး၊ စကောကရင်လူမျိုး၊ တလှေပွာလူမျိုး၊ ပကူးလူမျိုး၊ ပလေကီးလူမျိုး၊ ပိုးကရင်လူမျိုး၊ ဘွဲလူမျိုး၊ မိုးပွလူမျိုး၊ မောနေပွားလူမျိုး၊ မွန်ကရင်လူမျိုး တို့ပဲဖြစ်ပါတယ်.။

‘‘ထင်ရှားတဲ့ ကရင်လူမျိုး’’

ကရင်ပြည်နယ်ရဲ့ ထင်ရှားတဲ့သူတွေကတော့ နိုင်ငံတော်သမ္မတကြီးမန်းဝင်းမောင်၊ ကရင်အမျိုးသား အစည်းအရုံးရဲ့ ပထမဆုံးခေါင်းဆောင် စောဘသီးကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး ၀န်ကြီးမန်းဘခိုင်၊ ဗိုလ်ချုပ်ကြီး စောဘိုမြ၊ ပဒို စောဘသင်စိန်၊ ပဒို မန်းရှာလားဖန်း၊ ဗိုလ်မှူးကြီး စောနယ်ဒါးမြ၊ ဗိုလ်ကြီး စောနေမြစိုး၊ နော်လွီဇာဘင်ဆင် တို့ပဲဖြစ်ကြပါတယ်။

‘‘ကရင်ပြည်နယ်ရဲ့ လူဦးရေ’’

(၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ကရင်ပြည်နယ်မှာရှိတဲ့ လူဦးရေဟာ ကျား(၁,၇၃၉,၁၂၇ ) ၊ မ(၇၆၅,၁၉၉ ) စုစုပေါင်းလူဦးရေ(၁,၅၀၄,၃၂၆ )ဦး ရှိပါတယ်။

‘‘ဇွဲကပင်မြေကို သွားရောက်လည်ပတ်ရင်း ရရှိနိုင်တဲ့ အကျိုးကျေးဇူး’’

မြူနှင်းတွေ ရစ်သိုင်းဖွဲ့ပြီး ဝေဟင်မှာ မားမားမတ်မတ်ထိုးထွက်နေတဲ့ မှိုင်းညို့နေတဲ့ တောင်ထွတ်အလှကို ငေးမောခံစားပြီး တောင်တန်းအလှကို နောက်ခံထားလို့ ဓာတ်ပုံလှလှလေးတွေလဲ ရိုက်လို့ရပါသေးတယ်.။ နောက်ပြီး ဇွဲကပင်ဆံတော်ရှင်စေတီကိုလည်း ဖူးမြော်နိုင်ပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်မှာရှိတဲ့ အရှည်လျားဆုံးဂူဖြစ်တဲ့ ဆဒ္ဒန်ဂူ နဲ့ သဘာဝတရားတွေနဲ့ အံ့မခန်းလှနေတဲ့ လင်းနို့ဂူကိုလည်း သွားရောက်လည်ပတ်ရင်းနဲ့ ဘ၀အမောတွေကို ပြေစေမှာမို့ သွားရောက်လည်ပတ်ဖို့ 7Day TV ရဲ့ Authetic Travel ကနေ တိုက်တွန်းလိုက်ပါတယ်.။



ကိုးကား - ၀ီကီပီးဒီးယား ၊ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)အပိုင်း(က) ၊ (၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ၊ မြန်မာပြည်တစ်ခွင်လမ်းညွှန်(တင်နိုင်တိုး) ၊ ဆန္ဒန်လိုဏ်ဂူတော်(မန်းသင့်နောင်) ၊ ကရင်ပြည်နယ်၏ အလှအပများပေ့ခ်ျ ၊ ဇွဲကပင်ဆံတော်ရှင်သမိုင်း

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

တောင်ဇလပ်တို့ မွေ့ပျော်ရာ တောင်တန်းတွေရဲ့အလွန်

ချင်းတောင်၊ ချင်းလူမျိုးတွေနဲ့ ပတ်သက်လာရင် တောင်ဇလပ်ပန်း နဲ့ အောက်ချင်းငှက်က မပါမဖြစ် သင်္ကေတတစ်ခု ဖြစ်ပါတယ်။

Read More
Image

သဘာဝကျွန်းအလှတွေ တည်ရှိရာ ကော့သောင်းမြို့ဆီမှာ

သစ်တောတွေ ဖုန်းလွှမ်းထားပြီး တောင်ကုန်းတွေ ၀န်းရံနေတဲ့ ကော့သောင်းမြို့ဟာဆိုရင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် အတွင်းမှာ ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ ဆောင်ဘက်အစွန်းဆုံးဖြစ်တဲ့ ၀ိတိုရိယအငူ ပင်လယ်ကမ်းစပ်မှာ တည်ရှိပါတယ်။

Read More
Image

တောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေးရေပြင်ပြာ

အင်းလေးလို့ ဆိုလိုက်တာနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်တန်းတွေ ကာရံထားတဲ့အလယ်က ရေပြင်ကျယ်ကြီးရယ်၊ လှေကိုခြေနဲ့လှော်ခတ်နေတဲ့ အင်းသားလူမျိုးတွေရယ်ကို ပြေးမြင်မိမှာ မလွဲပါပဲ။

Read More
Image

ချစ်စရာကရောမြေသို့ အလည်တစ်ခေါက်

ဟိုးအရင်ကတည်းက ပျောက်မသွားတဲ့ ရိုးရာယဉ်ကျေးမှုတွေအတိုင်း ထိန်းသိမ်းထားတဲ့ ကယားပြည်နယ် တောင်တန်းတွေကြားက ထယ်ခိုရွာလေးပါ။

Read More
Image

ဒွေးမယ်နော်တို့စံပျော်ရာ ငွေတောင်ပြည်

လမ်းတစ်လျှောက်အ ရမ်းလှတဲ့ရှုခင်းတွေ၊ တောင်တန်းတွေ နေထွက်ချိန်ရဲ့ ခမ်းနားတဲ့ အလှအပတွေနဲ့အတူ ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီတွေကိုကြည့်ပြီး ပျော်မဆုံးတော့ဖြစ်ရသေးတာပါ။

Read More
Image

ပတ္တမြားမြေသို့ အလည်တစ်ခေါက်

မိုးကုတ်လို့ ပြောလိုက်ရင်ပဲ အနီရောင်တောက်တောက် ပတ္တမြားတွေကို ပြေးမြင်မိကြတယ်ဟုတ်။

Read More