ထားဝယ်
ပန်နီဆူလာ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

ထားဝယ်ဒေသရဲ့ အကျော်ကြားဆုံး အစိတ်အပိုင်းက ထားဝယ်ကျွန်းဆွယ်ဒေသ (သို့မဟုတ်) ထားဝယ် ပန်နီဆူလာ လို့ခေါ်တဲ့ ဒေသလေးပဲဖြစ်ပါတယ်။

အဓိကကျော်ကြားရတဲ့အကြောင်းရင်းကတော့ အဲ့ဒီမှာ အင်မတန်လှပပြီး ဟိုတယ် တယ်ခိုခန်းတွေ စားသောက်ဆိုင်တွေ မယ်မယ်ရရမရှိသေးတဲ့ လူတွေလည်းအရောက်အပေါက်နည်းနေသေးတဲ့ အလွန်ကြည်လင်ပြာလဲ့နေတဲ့ပင်လယ်ကြီးကို သဘာဝအတိုင်း ရှိနေသေးလို့ပဲဖြစ်ပါတယ်။ သစ်တောအုပ်ကြီးရယ် သဲဖြူဖြူလေးတွေရယ်နဲ့ သဘာဝအလှကိုအပြည့်ခံစားနိုင်မယ့်နေ ရာဖြစ်ပါတယ်။

ထားဝယ်ရောက်လို့ သွားလည်လို့ရမယ့်ကမ်းခြေတွေက တီဇစ်ကမ်းခြေ၊ ဆင်းထောင့်ကမ်းခြေ၊ ကျောက်တွင်းကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ မြင်းခွာအော်ကမ်းခြေ၊ ပညစ်ကမ်းခြေ၊ရှမ်းမော်ကမ်းခြေ၊ Samaria Bay လို့ခေါ်တဲ့မျှော်ရစ်ကမ်းခြေ၊ သရော့ကမ်းခြေ တွေဆီသွားလို့ရပါတယ်။

Image
Image
Image
Image

ထားဝယ်ရောက်လို့ သွားလည်လို့ရမယ့် ကမ်းခြေတွေက တီဇစ်ကမ်းခြေ၊ ဆင်းထောင့်ကမ်းခြေ၊ ကျောက်တွင်းကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ မြင်းခွာအော်ကမ်းခြေ၊ ပညစ်ကမ်းခြေ၊ ရှမ်းမော်ကမ်းခြေ၊ Samaria Bay လို့ခေါ်တဲ့ မျှော်ရစ်ကမ်းခြေ၊ သရော့ကမ်းခြေ တွေဆီ သွားလို့ရပါတယ်။

ဒီလိုကမ်းခြေတွေ အများကြီးရှိတဲ့ထဲကမှ Authentic Travel ကနေ ပရိတ်သတ်ကြီးကို ဖိုးဖိုးကျောက် ကမ်းခြေ နဲ့ မြင်းခွာအော်ကမ်းခြေတွေဆီကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ အပြန်မှာတော့ ထားဝယ်ပန်နီဆူလာအငူ အစွန်ဆုံးအပိုင်းမှာရှိတဲ့ မြတ်ရှင်မော်ဘုရားတွေဆီလည်း သွားခဲ့ပါသေး တယ်။

‘‘ဖိုးဖိုးကျောက်ကမ်းခြေ '’

ထားဝယ်မြို့ကနေ ၄၅ မိနစ်လောက် ကားစီးပြီးရင်တော့ အလှဆုံးကမ်းခြေလို့တောင် ပြောရမယ့် ဖိုးဖိုးကျောက်ကမ်းခြေကို ရောက်မှာပါ။ ကမ်းခြေရောက်ဖို့တော့ ကားလမ်းဆုံးတာနဲ့ တံငါရွာလေးကနေ ဆိုင်ကယ် ၁၅ မိနစ်လောက် စီးရပါဦးမယ်။ လမ်းက နည်းနည်းကြမ်းတယ်ဆိုပေမယ့် ရောက်သွားတာနဲ့ မြင်ရမယ့် မြင်ကွင်းက ရင်သက်ရှုမောစရာပါပဲ။ ကမ်းခြေတစ်ခုလုံးက ဒေသခံတွေခေါ်တဲ့ ကတ္တီပါသဲနုတွေက ကမ်းခြေတစ်ခုလုံး ဖွေးနုနေအောင် ဖုံးလွှမ်းထားတာပါ။ သဲကဖြူသလို ရေကလဲ ကြည်လင်လွန်းလှပါတယ်။ လူသူ အရောက်အပေါက်နည်းသေးတဲ့ ကမ်းခြေဖြစ်လို့ ဟိုတယ် ဘန်ဂလို စားသောက်ဆိုင်ဆိုတာက ရှားမှရှားပါ။

ဒီတော့ သွားဖို့ရည်ရွယ်ထားရင်တော့ သောက်စရာရေ စားစရာတွေနဲ့ နေပူပူမှာ ရှုခင်းကြည့်ဖို့တော့ အမိုးအကာ အခင်းတွေတော့ ယူသွားသင့်ပါတယ်။ ဖိုးဖိုးကျောက်ကမ်းခြေက ကမ်းခြေတွေကတင် လှတာမဟုတ်ပါဘူး ထားဝယ် ပန်နီဆူလာကိုသွားတဲ့ လမ်းလေးကိုကတင် အရမ်းကိုလှပါတယ်။ လမ်းတစ်လျှောက် အရမ်းလှတဲ့ view Point လေးတွေရယ် လမ်းဘေးတင်ပေါက်နေတဲ့ ဒီရေတောတွေရယ် လမ်းမပေါ်ကနေ လှမ်းမြင်နေရတဲ့ ပင်လယ်ကြီးရယ် ပင်လယ်ကြီးအလယ်က ကျွန်းလေးတွေရယ် တချို့နေရာလေးတွေမှာဆို တောအုပ်လေးထဲ ဖြတ်သွားတာရယ်ကြောင့် လမ်းခရီးကိုက အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။

‘‘မြင်းခွာအော်ကမ်းခြေ '’

ဖိုးဖိုးကျောက်ကမ်းခြေအလှတွေ ခံစားပြီး အဝနားပြီးပြီဆိုရင်တော့ နောက်ထပ် ကမ်းခြေတစ်ခုဆီ ခြေဆန့်ကြမယ်။ ဖိုးဖိုးကျောက်မှာပဲ တနေကုန်နေချင်တယ်ဆိုလဲ နောက်နေ့မှ သွားလို့ရပါတယ်။ မြင်းခွာအော် ကမ်းခြေက ဖိုးဖိုးကျောက်လောက် မလှပေမယ့် ခရီးတစ်ထောက် နားလို့ကောင်းပါတယ်။ အရင်က လှပတဲ့ကမ်းခြေ ဖြစ်ခဲ့ပြီး ကားလမ်းမနဲ့ အနီးဆုံးနေရာမှာ ရှိတာကြောင့် လူသွားထူထပ်တဲ့ နေရာဖြစ်ခဲ့တာပါ။

အရင်က ကမ်းခြေမှာ ဟိုတယ်တစ်လုံး ရှိခဲ့ပေမယ့် တရားဝင်ခွင့်ပြုချက်မရလို့ ပိတ်ပစ်ခဲ့ရပါတယ်။ လူသွားလူလာများပြီး လမ်းနဲ့နီးတဲ့ နေရာဖြစ်သလို ထိန်းသိမ်းမယ့်လူတွေ မရှိတော့တာကြောင့် ကမ်းခြေရဲ့ အလှအပကတော့ ပျက်စီးစပြုနေတာပါ။

‘‘တောင်ဖက်စွန်းက ရှင်မော်ဘုရား'’

ကမ်းခြေတွေမှာ တစ်နေကုန် အပန်းဖြေပြီးရင်တော့ တစ်လမ်းတည်းမှာရှိတဲ့ မြတ်ရှင်မော်ဘုရား သွားဖူးကြမှာပါ။ မြတ်ရှင်မော်ဘုရားက ထားဝယ်မြို့ရောက်ရင် မဖြစ်မနေ ဖူးမျှော်ကြတဲ့ ရှင်ကိုးရှင်ထဲမှာ အပါအဝင်ဖြစ်တဲ့ ဘုရားတစ်ဆူပါ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကားလမ်း မပေါက်တဲ့အတွက် မြတ်ရှင်မော်ဘုရားကို လာမယ်ဆိုရင် ရေလမ်းခရီး ပင်လယ်ထဲကနေ လာရတာပါ။ အခုတော့ ကားလမ်းဖြူးဖြူးနဲ့ ဆိုတော့ ရှင်ကိုးရှင်ကို လွယ်လွယ်ကူကူနဲ့ ဖူးနိုင်ပါပြီ။ ဘုရားလဲဖူးပြီးပြီ မပြန်ချင်သေးဘူးဆိုရင် မြတ်ရှင်မော်ဘုရားကနေ မြင်ရတဲ့ နေဝင်ဆည်းဆာက အတော်လေး လှပါတယ်။ ဒီတော့ နေဝင်ဆည်းဆာလေး ခံစားရင်း ထားဝယ်ခရီးစဉ်ကနေ နှုတ်ဆက်လိုက်ပါတယ်။

Article's

Video

‘‘ဥသြအော်သည် ’’ထားဝယ်တည်

‘‘ဥသြအော်သည်’’ ဆိုတဲ့ နံသင့်အက္ခရာ အမှတ်သင်္ကေတအရ ထားဝယ်မြို့ကို မြန်မာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပေါင်းလဆန်း (၁၃) ရက်နေ့ (ခရစ်နှစ် ၁၇၅၄) ခုနှစ်မှာ တည်ခဲ့တဲ့ အဆိုလေးပါ။

ထားဝယ်မြို့ဟာ မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရဲ့ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သလို အရေး ပါတဲ့ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ခရိုင်ဝန်ရုံးစိုက်ရာမြို့ ဖြစ်တဲ့အလျောက် အစိုးရဌာန အ သီးသီးတွေရဲ့ ခရိုင်ဌာနချုပ်ရုံးတွေ၊ မြူနီစပယ်ရုံး၊ ဆေးရုံကြီး၊ အစိုးရ တန်းမြင့်ကျောင်း၊ ဈေးရုံတွေနဲ့ အင်မတန် စည်းကားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ထားဝယ်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိလို့ အရှေ့ဘက်မှာ တနင်္သာရီရိုးမတောင်တန်းနဲ့ ထိုင်းနိုင်ငံ၊ အနောက် ဘက်မှာ ကပ္ပလီပင်လယ်၊ တောင်ဘက်မှာ သရက်ချောင်းနဲ့ မြောက်ဘက်မှာ ရေဖြူမြို့နယ်တို့နဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။

ထားဝယ်မှာ အထင်ကရဘုရားတွေ အမြောက်အမြား ဖူးမြော်နိုင်သလို ဒေသထွက် စားစရာတွေလည်း ပေါများလှပါတယ်။

‘‘ထားဝယ်ခေါ်တွင်ခြင်းအစ ရှင်တော်ဗုဒ္ဓက'’

ရှင်တော်ဗုဒ္ဓ (၁၁) ၀ါအရမှာ ထားဝယ်မြို့ကနေ အရှေ့မြောက်ဖက် (၁၂) မိုင်အကွာ ကျောက်ထောင့်ရွာအနီး ဝေ မိဿကတောင် (ယခုကနန်းတောင်) ခေါ်တဲ့ တောင်ထိပ်မှာ ဒေသစာရီကြွချီတော်မူလာပြီး ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူတာကို အစွဲပြုလို့ ယွန်း၊ ရှမ်း၊ ယိုးဒယားတို့ဘာသာနဲ့ “ထ၀ှါ” ပြုတော်မှုတယ်လို့ သမုတ်ကြပြီး ထ၀ှါဒေသကို “ထာဝှါတိုင်း” လို့တွင်ခဲ့ပါသတဲ့။

နောင်ကာလ ရှည်လျားလာပြီးတဲ့နောက် ၀,အက္ခရာမှာ ဟထိုးပျောက်ပြီး “ထားဝယ်” လို့ ခေါ်ဝေါ်ခဲ့ကြတာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။

“ထားဝယ်ရဲ့ ရာဇ၀င်”

မူလရှိခဲ့တဲ့ သာဂရမြို့ဟောင်းဟာ နှစ်ပေါင်းများစွာ တည်တံ့ခဲ့ပြီး သာဂရမြို့စား (၁၇) ဆက်မြောက်မြို့စား ဦးနဲလှလက်ထက် ‘‘ဥသြအော်သည်’’ ဆိုတဲ့ နံသင့်အက္ခရာအရ မြန်မာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပေါင်းလဆန်း (၁၃) ရက်နေ့ (ခရစ်နှစ် ၁၇၅၄) ခုနှစ်မှာ ထားဝယ်မြို့ကို ထားဝယ်တိုင်း သာယာဝတီမြို့ အမည်နဲ့ တည်ထောင် အုပ်စိုးခဲ့ပါတယ်။

ကုန်းဘောင်ခေတ်တစ်လျှောက် ထားဝယ်မြို့မှာ မြို့ဝန်ရာထူး ထားရှိအုပ်ချုပ်ခဲ့ပြီး နောက်ဆုံးထားဝယ်မြို့ဝန်က မင်းကြီး မင်းကျော်စည်သူဘွဲ့ခံ ဦးရွှေလုပ်ဖြစ်ပါတယ်။ ထားဝယ်မြို့ကို အာချီဘော်ကင်းဘဲဦးဆောင်တဲ့ ဗြိတိသျှ တပ်တွေက (၁၈၂၄) အောက်တိုဘာလမှာ ၀င်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ရန္တပိုစာချုပ်အရ (၁၈၂၆) ခုနှစ်မှာ ဗြိတိသျှလက်အောက်ကို ကျရောက်ခဲ့ပါတယ်။

ကိုလိုနီခေတ်မှာတော့ မြို့လယ်မှာ အစိုးရအဆောက်အဦးတွေ တည်ဆောက်ပြီး ရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။ (၁၉၄၂) ခုနှစ်၊ ဇန်န၀ါရီ (၁၉) ရက်နေ့မှာ ဘီအိုင်အေတပ်တွေ ချီတက်လာပြီး ထားဝယ်ကို သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ထားဝယ်နယ်သူ၊ နယ်သားအများစုဟာ ဘီအိုင်အေထဲကို ၀င်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

“ထားဝယ်မှာရှိတဲ့ အထင်ကရ ဘုရားတွေ ”

ထားဝယ်မြို့ပေါ်နဲ့ မြို့နယ်အတွင်းမှာ ဖူးမြော်နိုင်တဲ့ ဘုရားတွေကတော့ ရွှေတောင်စား စေတီတော်ကြီး၊ လောကမာရဇိန် မဟာမြတ်မုနိ ရုပ်ပွားတော်၊ ရပ်တော်မူ (၂၇) တောင်အမြင့်ရှိတဲ့ ရုပ်ပွားတော်ကြီး၊ (၁၈) တောင် ရပ်တော်မူ ရုပ်ပွားတော်ကြီးနှစ်ဆူ၊ သင်္ချိုင်းကုန်းရှိ ကြက်သံဒိုင်းစေတီခေါ် (ကြက်မင်းစေတီ)၊ မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ အလျားဉာဏ်တော် (၁၆၂) တောင်ရှိတဲ့ “လောကသရဖူ လျောင်းတော်မူ ဆင်းတုတော်ကြီး” ၊ “လက်ခတ်တောင် စေတီတော်” တို့အပြင် (ရှင်ကိုးရှင်ဘုရား) တွေဟာဆိုရင်ဖြင့် သွားရောက်ဖူးမြော်သင့်တဲ့ ရှေးဟောင်းစေတီပုထိုးတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ ရှင်ကိုးရှင် စေတီပုထိုးတွေကတော့
၁။ ရှင်ပင်ခရဘုရုဘုရား (ထားဝယ်မြို့၊ ကရပ်ပြင်ရပ် (တောင်) ရပ်၊ ရပ်ဘုရား - ရွာဘုရား)
၂။ ရှင်မုတ္ထီးဘုရား (ထားဝယ်မြို့ကနေ မြိတ်မြို့သွားလမ်း (၆) မိုင်ကွာ ရှင်မုတ္ထီးရွာကြီး ကားလမ်းနံဘေးမှာ တည်ရှိပါတယ်)
၃။ ရှင်တောင့်ပုံဘုရား (ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် မြို့ရဲ့အရှေ့ဘက် မနီးမဝေး တောင်တန်းမှာ တည်ထားတာပါ ။ ထားဝယ်မြို့ကနေ မြိတ်မြို့သွား ကားလမ်း (၁၈) မိုင် ကွာဝေးပါတယ်)
၎။ ရှင်မျှော်ဘုရား (ထားဝယ်မြို့ကနေ မိုင် (၃၀) ကျော်ကွာဝေးတဲ့ လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာကနေ တောင်ပေါ်ကို (၃) မိုင်လောက် တက်ရပါတယ်) သားဆုပန်ရင် အောင်မြင်တက်တယ်လို့လဲ ဆိုပါတယ်။
၅။ ရှင်တောက်ထိန်ဘုရား (ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရွာမှာ တည်ရှိပါတယ်)
၆။ ရှင်ဥသြဘုရား (ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ ရွှေကျောင်းကြီး ကျောင်းဝင်းအတွင်း တည်ရှိတာပါ။ ရှင်ဥသြဘုရားကို ရွှေတောင်စားမင်းက နန်းတော်နဲ့ တစ်ပြိုင်တည်း တည်ခဲ့လို့ နန်းဦးဘုရားလို့လဲ ဘွဲ့တော် ရှိခဲ့ပါတယ်)
၇။ ရှင်ဇလွန်ဘုရား (ထားဝယ်မြို့ကနေ (၇) မိုင်ခန့်ဝေးတဲ့ လောင်းလုံမြို့နယ်၊ မြို့ဟောင်းကျေးရွာ (ရှေးအခေါ်) သာဂရမြို့မှာ တည်ရှိပါတယ်။ ထားဝယ်မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိပြီး ရှင်ဇောက ဓာတ်တော်ပွားကို ရရှိပြီး ရှင်ဇလွန်ဘုရားကို တည်ခဲ့လို့ ရှင်ဇလွန်လို့ ဘွဲ့တော်မည်ခဲ့တာပါ)
၈။ ရှင်ဓါတ်ဝဲဘုရား (ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ၊ ထားဝယ်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်)
၉။ ရှင်ဆံတော် (ထားဝယ်မြို့ကနေ ရေးမြို့သွား ကားလမ်း (၄၇) မိုင်ကွာမှာ တည်၇ှိပါတယ်။ ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်ရွာ ထားဝယ်မြစ်ကမ်းဘေး တောင်ပေါ်မှာ တည်ရှိပြီး ရှင်ဘုရားလို့လဲ ဘွဲ့တော်နာမ ရှိပါတယ်။ ဆုတောင်းတိုင်းပြည့်၍ ဆုတောင်းပြည့် ဆံတော်ရှင်ဘုရားလို့လဲ ခေါ်ကြပါတယ်)

“နွမ်းသမျှ အပန်းဖြေ မောင်းမကန်ကမ်းခြေ”

ထားဝယ်မြို့ကို ရောက်လာကြသူတိုင်း မောင်းမကန်ပင်လယ်ကမ်းခြေကို သွားရောက် အပန်းဖြေလေ့ ရှိတတ်ကြပါတယ်။ ‘မောင်မကန်ရေချိုး ဆွေမျိုးကိုမေ့တယ်’ လို့ စာဆိုတောင်ရှိပါတယ်..။ မောင်းမကန်ကမ်းခြေဟာ တနင်္သာရီတိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ တည်ရှိပြီး ထားဝယ်မြို့ကနေ အနောက်ဘက် (၆) မိုင်ကျော်အကွာ ကပ္ပလီပင်လယ်ပြင်ကြီးကို မျက်နှာမူထားပါတယ်။ ထားဝယ်မြို့ကနေ ကမြောကင်းတံတားကို ဖြတ်ကျော်ရသလို သုံးထပ်လမ်းမကြီး တည်ရှိတဲ့ တောင်ကိုလည်း ဖြတ်ကျော်ရပါသေးတယ်.။ မောင်းမကန်ကမ်းခြေဟာဆိုရင် မြန်မာနိုင်ငံမှာ အဖြောင့်တန်းဆုံး ကမ်းခြေလို့လဲ ဆိုနိုင်ဖွယ်ရှိပါတယ်။ လှိုင်းလုံးတွေ အဆက်မပြတ် ပုတ်ခတ်နေတဲ့ လှပတဲ့ ရှုခင်းတွေနဲ့အတူ အရသာရှိပြီး ဈေးနှုန်းသက်သာလှတဲ့ ပင်လယ်အစားအစာကလဲ မောင်းမကန်ကို လာရောက်လည်ပတ် အနားယူ အပန်းဖြေကြတဲ့သူတွေအတွက် စိတ်ကျေနပ်စရာကောင်းလှတဲ့ အပန်းဖြေကမ်းခြေတစ်ခု ဖြစ်ပါတယ်။

မောင်းမကန်လို့ အမည်တွင်လာရတဲ့ အကြောင်းရင်းကတော့ ရှေးအခါက အလောင်းစည်သူမင်းကြီးဟာ ခရစ်နှစ် (၁၁၅၅) ခုနှစ်မှာ တိုင်းခန်းလှည့်လည်ရင်း ထားဝယ်မြို့ကို ရောက်ရှိလာပြီး မောင်းမကန်ကမ်းခြေကို ဖောင်တော်ဆိုက်တဲ့အခါ ကမ်းခြေမှာ အနားယူတယ်လို့ ဆိုပါတယ်။ မင်းကြီး အနားယူနေတဲ့အချိန်မှာ မောင်းမချွေရံတွေက ရေကစားပြီးလို့ ဆားငန်ရေတွေကို ရေချိုနဲ့ပြန်ချိုးဖို့ ရေမရှိတဲ့အတွက် ရေကန်တူးပေးရာက အဲ့ဒီနေရာကို (မောင်း မ ကန်) ကနေတစ်ဆင့် (မောင်းမကန်) လို့ အမည်တွင်ရခြင်း ဖြစ်ပါတယ်။

“ထားဝယ်မှာထင်ရှားတဲ့ လုပ်ငန်းတွေက ဘာတွေလဲ”

ထားဝယ်ခရိုင်မှာ ထွက်ရှိတဲ့ ထွက်ကုန်တွေကတော့ ဆန်စပါး၊ သံ၊ ခဲ၊ ကြက်ပေါင်စေး၊ (ကော်ပတ်)၊ သစ်၊ ၀ါး၊ ငါးပိ၊ ငါးခြောက်၊ ဒူးရင်းယို၊ ကွမ်းသီးခြောက်၊ သားရေဘိနပ်၊ သီဟိုဠ်သရက်စေ့၊ ဆေးပေါ့လိပ်၊ ဓနိဖက်၊ ဓနိသကြား၊ တံမြက်စည်း၊ မြေအိုးမြေခွက်တို့ဖြစ်ပြီး ထားဝယ်လုံချည်ကတော့ အင်မတန် ထင်ရှားပါတယ်။ (၁၉၀၃) ခုနှစ်က ထားဝယ်မှာ ရက်ကန်းစင်ပေါင်း (၉၉၅) စင် ရှိခဲ့တယ်လို့လဲ သိရပါတယ်။

“ထားဝယ်မှာရှိတဲ့ သတ္တုတွင်းတွေ”

ထားဝယ်မြို့မှာဆိုရင် သတ္တုတွင်းတွေ အမြောက်အများရှိပါတယ်။ ဟိန္ဒားသတ္တုတွင်း ၊ ဟာမြင်းကြီး သတ္တုတွင်း၊ ကံဘောက် သတ္တုတွင်း၊ တောင်သုံးလုံး သတ္တုတွင်း၊ ကျောက်မဲတောင် သတ္တုတွင်း၊ ပကာရီ သတ္တုတွင်း၊ သင်္ကန်းတုံး သတ္တုတွင်း၊ ၀ကုန်း သတ္တုတွင်း၊ ဘ၀ပင် သတ္တုတွင်း၊ ကလုံးထာ သတ္တုတွင်း များစွာက အကြီးဆုံးဖြစ်တဲ့ သတ္တုတွင်းတွေကို နိုင်ငံတော်အစိုးရက စီမံကိန်းအမျိုးမျိုးချပြီး ခဲ၊ သံသတ္တု တွေကို ထုတ်လုပ်လျှက် ရှိပါတယ်။

“ထားဝယ်မှာ စားချင့်စဖွယ် စားသောက်ဖွယ်ရာတွေ”

ထားဝယ်မြို့ကို သွားရောက်လည်ပတ်ရင်း စားချင်စရာ မုန့်မျိုးစုံကိုလဲ စားနိုင်ပါသေးတယ်။ ရနိုင်တဲ့ စားချင့်စရာ မုန့်မျိုးစုံတွေကတော့ . ငါးမုန့်၊ မုန့်ပြား၊ (မုန့်ပစ္စလက်)၊ မုန့်ဆား၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းကျည်တောက်၊ ကောက်ညှင်းစေ့၊ မုန့်ခွက်သား၊ မုန့်ခွေသား၊ မုန့်ကလပဲ၊ မူခွာ၊ မုန့်လက်ကောက်၊ မုန့်ကြာရိုး၊ (မန်းမရွေး)၊ မုန့်ကြာသီး၊ မုန့်အုန်းနှောက်၊ မုန့်အုန်းသား၊ (မုန့်လုံးရေပေါ်)၊ မုန့်ဆီ၊ ကတိုးခွာ၊ ဆီထမင်း၊ မုန့်ကြွပ်လိပ်၊ (မုန့်လေပွေ)၊ မုန့်ဖားလောင်း၊ (မုန့်လက်ဆောင်း)၊ မုန့်ကျွဲသဲ၊ ဘိတ်မုန့်၊ ထန်းမုန့်၊ မုန့်တီဟင်းခါး၊ မုန့်တီလက်သုတ်တို့ပဲ ဖြစ်ပါတယ်။

“ထားဝယ်မြို့ဖွား အထင်ကရပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ”

ထားဝယ်ဇာတိ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကတော့ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်ကေလာသ၊ ဗိုလ်ဂါမဏိ၊ မီးပုံးပျံ ဦးကျော်ရင်၊ မင်းတိုင်ပင်အမတ် စီစီခူး၊ ၀န်ကြီးချုပ် ဦးဗဆွေ (အုန်းပင်ကွင်းရွာ)၊ ကာတွန်းကျော်ဆန်း၊ ထားဝယ်ကျော်မင်း၊ သာဂရငစိုး၊ နဂါးနီဦးထွန်းအေး၊ သံအမတ်ကြီး ဦးသန်းလှ၊ ရွှေဝယ်ဧ၊ မဏ္ဍိုင် ဦးထွန်းဝင်း၊ သူရမချစ်ပို၊ စာရေးဆရာ ခင်ဂွမ်းဂွိ၊ စိုးမြတ်နန္ဒာ၊ စာရေးဆရာ စိုးမှူး၊ ရှိန်အောင်ဗိုလ် တို့အပြင် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗဆွေ၊ သခင်ဘိုးမှဲ့ တို့ဟာ ထင်ရှားတဲ့သူတွေပဲ ဖြစ်ပါတယ်။

“ထားဝယ်လူမျိုး”

ထားဝယ်လူမျိုးတွေဟာ တိဗက် - မြန်မာအစုက မြန်မာလူမျိုးအုပ်စုဝင်တွေ ဖြစ်ပါတယ်။ အခြား အုပ်စုဝင်တွေဖြစ်တဲ့ ဓနု၊ တောင်ရိုး၊ မရူတို့နဲ့မတူပဲ မြန်မာတွေနဲ့ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှုတွေ တူညီကြပါတယ်။ ထားဝယ်လူမျိုးတွေရဲ့ ဇာစ်မြစ်က မြန်မာအနွယ်ဝင် ရခိုင်လူမျိုးတို့ပဲ ဖြစ်ပါတယ်။ ရခိုင်ကမ်းမြောင်ဒေသက ရခိုင်တွေဟာ တနင်္သာရီ ပင်လယ်ကမ်းမြောင်ဒေသတွေမှာ သွားရောက်နေထိုင်ကြရင်း ပေါက်ဖွားလာတဲ့ အစုတွေကို ထားဝယ်သားလို့ ခေါ်ဟန်ရှိကြပါတယ်။ ထားဝယ်စကားက ရခိုင်စကားပြောဆိုနည်းနဲ့ ယိုးဒယားလေသံ ပေါင်းစပ်ထားသလို ဖြစ်နေခြင်းကို ထောက်ချင့်ပြီး သိနိုင်တယ်လို့ ဆိုကြပါတယ်။

ယနေ့ချိန်ခါမှာတော့ တောင်ပိုင်းရှမ်းပြည်၊ အင်းလေးဒေသတွေမှာ မှီတင်းနေထိုင်ကြတဲ့ အင်းသားတွေဟာ ထားဝယ်မျိုးဆက်တွေလို့ ဆိုကြပါတယ်။ အင်းသားတွေရဲ့စကားနဲ့ ထားဝယ်စကားက တူညီကြပါတယ်။ ထားဝယ်ခရိုင်ဟာဆိုရင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြားအခြားသော ဒေသတွေနဲ့ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း ခရီးဆက်သွယ်ရေးကောင်းမွန်လို့ ထားဝယ်သူ၊ ထားဝယ်သားတွေဟာ နေရာအနှံ့အပြားမှာ နေထိုင်လျှက် ရှိကြပါတယ်။

“ထားဝယ်မြို့မှာရှိတဲ့ လူဦးရေက ဘယ်လောက်လဲ”

(၂၀၁၄) ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ထားဝယ်မြို့ရဲ့ လူဦးရေဟာ ကျား (၆၀,၀၄၄) နဲ့ မ (၆၅,၅၆၁) စုစုပေါင်း (၁၂၅,၆၀၅) ဦးရှိပါတယ်။

“ထားဝယ်မြို့ကိုသွားရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ”

ထားဝယ်မြို့လေးဟာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်တာမို့ သွားရောက်လည်ပတ်ရင် အလွန်စည်စည်ကားကားနဲ့ ပျော်ရွှင်စေရမှာဖြစ်သလို တန်ခိုးကြီးဘုရားမျိုးစုံကိုလဲ ဖူးမြော်ရအုံးမှာပါ။ နောက်ပြီး ထားဝယ်မြို့ကို ရောက်လာကြသူတိုင်း မောင်းမကန်ပင်လယ်ကမ်းခြေကို သွားရောက် အပန်းဖြေလေ့ရှိတာမို့ ဆွေမျိုး မေ့လောက်အောင် လှိုင်းလုံးတွေ အဆက်မပြတ် ပုတ်ခတ်နေတဲ့ လှပတဲ့ ရှုခင်းတွေနဲ့အတူ ရေကစားရင်း ဓာတ်ပုံတွေလဲ ရိုက်နိုင်ပါသေးတယ်။ အပြန်လက်ဆောင်အဖြစ် ဒေသထွက် စားစရာတွေ စုံလင်လှသလို ထားဝယ်လုံခြည် လှလှလေးတွေကို လက်ဆောင်အဖြစ် မျက်နှာပန်းလှစွာ ၀ယ်ယူနိုင်တာမို့ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုအဖြစ် 7Day TV ရဲ့ Authetic Travel ကတိုက်တွန်းပါရစေ။



ကိုးကား - ထားဝယ်ရာဇ၀င်သမိုင်း (ရွှေဝယ်ဧ)၊ မြန်မာ့စွယ်စုံကျမ်း အတွဲ(၅) အပိုင်း(ခ) ၊ ၀ီကီပီဒီးယား၊ မြန်မာပြည်တစ်ခွင်လမ်းညွှန် (တင်နိုင်တိုး) ၊ (၂၀၁၄) ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ။

Image

Gallery

Main

Sponsor

Co

Sponsor

Travel

Sponsor

Related

Articles

Image

ပတ္တမြားမြေသို့ အလည်တစ်ခေါက်

မိုးကုတ်လို့ ပြောလိုက်ရင်ပဲ အနီရောင်တောက်တောက် ပတ္တမြားတွေကို ပြေးမြင်မိကြတယ်ဟုတ်။

Read More
Image

 ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

Read More
Image

အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ(သို့) မြိတ်ကျွန်းစုဒေသ

‘The Land that time forget’ ‘အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ’ လို့ ကမ္ဘာက အမည်မှည့်ခဲ့တဲ့ မြိတ်ကျွန်းစုဒေသဟာ မြန်မာပြည်တောင်ဖက်အစွန်း အန်ဒမန်ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။

Read More
Image

သီပေါတည်ခဲ့ရာ ရွှေကျောင်းတော်သာ

မြန်မာသီချင်းကြီးတွေထဲက နာမည်ကြီး “ဝေဇယန်နှင့်နှုန်းငြား” ဆိုတဲ့ ကြိုးသီချင်းကလေးကို ကျောင်းတော်ကြီးကြိုးလို့ ခေါ်ကြပါတယ်။

Read More
Image

တိမ်တွေနေတဲ့ အရပ်ဆီကို

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ ရှိပါတယ်။

Read More
Image

ဧရာဝတီနဲ့ ဒုဌဝတီတို့ ပေါင်းစုံစီးဆင်းရာ သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) တို့ဆုံရာမှာ တည်ရှိပါတယ်။

Read More