တောင်ဇလပ်တို့
မွေ့ပျော်ရာ
တောင်တန်းတွေရဲ့အလွန်

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

ချင်းပြည်နယ်လို့ ဆိုလိုက်တာနဲ့ တောင်ဇလပ်ပန်း နဲ့ အောက်ချင်းငှက်တွေကို ပြေးမြင်မိကြမှာပါ။ ချင်းတောင်၊ ချင်းလူမျိုးတွေနဲ့ ပတ်သက်လာရင် တောင်ဇလပ်ပန်း နဲ့ အောက်ချင်းငှက်က မပါမဖြစ် သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်ရဲ့ အထင်ကရနေရာ(ပြယုဂ်)တွေဖြစ်တဲ့ နတ်မတောင်(ဝိတိုရိယတောင်) ၊ တည်ရှိတဲ့ ကန်ပက်လက်မြို့လေး ၊ အထင်ရှားဆုံးဖြစ်တဲ့ မဏိပူရမြစ်၊ ကိုးဆင့်ရှိတဲ့ ဘုံတလာရေတံခွန်၊ အသဲပုံ Rih(ရိဒ်)ရေကန် ၊ ကျောက်ပန်းတောင်းတောင်(ခေါ်) ကီမိုတောင် နဲ့ ပါးရဲထိုးထားတဲ့ ချင်းတိုင်းရင်းသား တစ်မျိုးကိုလည်း ပြေးမြင်မိကြဦးမှာပါ။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ တောင်တန်းတွေ ကာရံထားပြီး တိမ်တွေဝေတဲ့နေတဲ့ သဘာဝအလှတရားတွေနဲ့ တည်ရှိနေတဲ့ ချင်းပြည်နယ်လေးအကြောင်းကို 7Day TV ရဲ့ Authetic Travel ကနေ ဖော်ပြပေးလိုက်ပါတယ်။

Image
Image
Image
Image

‘‘ချင်းပြည်နယ်ရဲ့ အမြင့်ဆုံး နတ်မတောင် (ဝိတိုရိယတောင်)'’

နတ်မတောင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ တောင်တွေထဲက တတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ချင်းပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ပေတစ်သောင်းကျော်မြင့်ပြီး ဒေသခံတွေကတော့ (ခေါသုသုမ်၊ ခေါနုစုမ်၊ ဒေနုမထုမ်) အမျိုးမျိုးခေါ်ဆိုကြပြီး ကိုလိုနီခေတ်ကတော့ (၀ိတိုရိယတောင်)လို့ အမည်ပေးခဲ့ပါတယ်။ နတ်မတောင်ပေါ်ကနေကြည့်လိုက်ရင် ချင်းပြည်နယ်ရဲ့ အလှအပရှုခင်းတွေကို ကြည့်ရှုခံစားရနိုင်သလို မြန်မာ-အိန္ဒိယ နယ်စပ်ဒေသနဲ့ ဘင်္ဂလားပင်လယ်အော်ကိုလည်း မြင်တွေ့ရမှာပါ။

နတ်မတောင်အမျိုးသားဥယျာဉ်ကို ချင်းပြည်နယ် မင်းတပ်မြို့နယ် ကန်ပက်လက်မြို့နယ် နဲ့ မတူပီမြို့နယ်တွေမှာ တည်ရှိပြီး ဧရိယာ(၂၇၅ ဒသမ ၅)စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ နတ်မတောင်ပေါ်မှာဆိုရင် နို့တိုက်သတ္တ၀ါမျိုးစုံ။ တွားသွားသတ္တ၀ါမျိုးစုံ၊ လိပ်ပြာမျိုးစုံ နဲ့ အလွန်ရှားပါးတဲ့ ဇာမဏီငှက်အပါအ၀င် ငှက်မျိုးပေါင်း (၁၅၀)ကျော် နေထိုင်ကျတ်စားကြသလို အပင်မျိုးစိတ်ပေါင်း (၂၅ဝဝ) ခန့် ရှိတယ်လို့ သုတေသနပညာရှင်တွေက ခန့်မှန်း ထားကြပါတယ်။ ဒါ့အပြင် ရှားပါးတဲ့ ဒေသရင်း မျိုးစိတ်ဖြစ်တဲ့ တောင်ဇလပ်ဝါ၊ တောင်ဇလပ်ဖြူ၊ ပိုတင်တီလာ နဲ့ မြေကပ်ပန်းတွေလည်း ရှင်သန်ပေါက်ရောက်နေကြသလို နှစ်ချို့သစ်ပင်ကြီးတွေ၊ သစ်ပင်တွေမှာ ကပ်ပေါက်နေတဲ့ သစ်ခွပန်းတွေ နဲ့ လေသိုက်လို့ခေါ်တဲ့ သစ်ပင်တွေမှာ ကပ်ပေါက်တဲ့ မှော်ပင်တွေကိုလည်း တွေ့မြင်နိုင်မှာပါ။

နတ်မတောင်မှာရှိတဲ့ ဇီဝမျိုးကွဲတွေ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေဖို့နဲ့ သဘာဝပတ်ဝန်းကျင် မျှတစွာရေရှည် တည်တံ့ စေဖို့ ရည်ရွယ်ပြီး (၁၉၃၉)ခုနှစ်က စလို့ ဥတုကြိုးဝိုင်းအဖြစ် ရေဝေရေလဲသစ်တောတွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ပါတယ်။ နတ်မတောင် အမျိုးသားဥယျာဉ်ကို (၁၉၉၄)ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်မှာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး (၂၀၁၂)ခုနှစ်၊ စက်တင်ဘာ(၂၀)ရက်မှာတော့ အာဆီယံအမွေအနှစ်ဆိုင်ရာ ဥယျာဉ်စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။

နတ်မတောင်နဲ့ အနီးဆုံးမြို့ကတော့ ကန်ပတ်လက်မြို့ဖြစ်ပါတယ်။ ကန်ပက်လက်ကနေ ဆယ်မိုင်ကျော်ခန့် မင်းတပ်သွားတဲ့လမ်းအတိုင်း တောင်တက်ခရီးအတိုင်းသွားရင် ပေရှစ်ထောင်အမြင့်ရှိတဲ့ နတ်မတောင်တက်ရာ အလွယ်ဆုံးစခန်းထောက်ကို ရောက်ပါလိမ့်မယ်။ အဲ့ဒီပေရှစ်ထောင်စခန်းကနေ ကားလမ်းအတိုင်းသွားရင် အဆင်းလမ်းဖြစ်ပြီး အေးစခန်းကို ရောက်ပါတယ်။ အေးစခန်းဟာ ရွာကြီးတစ်ရွာဖြစ်ပြီး အဲ့ဒီစခန်းမှာ ဘိုတဲကြီးတစ်လုံးလည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ် မဖြစ်မီကတည်းက ရှိခဲ့တဲ့ ဘိုတဲဖြစ်တယ်လို့ သိရပါတယ်။ (၁၉၄၈)ခုနှစ်ခန့်က အဲ့ဒီဘိုတဲမှာ နာမည်ကျော် ပန်းသုတေသနသမား အင်္ဂလိပ်လူမျိုး အက်ဖ်ကင်းဒမ်းဝပ် ဆိုသူက နှစ်နဲ့ချီနေသွားခဲ့ပြီး နတ်မတောင်တစ်ကြောက တောင်ဇလပ်၊ သစ်ခွတွေကို လေ့လာစုဆောင်း သုတေသနပြုခဲ့ပါတယ်။ (၁၉၅၈)ခုနှစ်မှာ အင်္ဂလန်နိုင်ငံ ချဲလ်ဆီးပန်းပြပွဲမှာ တောင်ဇလပ်ပန်းတွေကို ပြသခဲ့ရာက နာမည်ကျော်ခဲ့ပြီး မြန်မာနိုင်ငံက တောင်ဇလပ်၊ သစ်ခွပန်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်ရေးသားခဲ့ပြီး အဲ့ဒီစာအုပ်တွေဟာလည်း နာမည်ကျော်ခဲ့ပါတယ်။

နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်လုပ်ကိုင်မှု ငါးနှစ်တာစီမံချက်ကို Wildlife Conservation Society (WCS)၊ ဌာနဆိုင်ရာတွေ၊ ဒေသခံတွေရဲ့အကြံပြုချက်တွေနဲ့ ရေးဆွဲထားပြီး အတည်ပြုချက်ရရှိဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို တင်ပြ ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

အောက်ချင်းငှက်အပါအဝင် အခြားငှက်တွေ စာရင်းကောက်ယူခြင်း လုပ်ငန်းကိုတော့ (WCSနှင့် မြန်မာ့ငှက်ဝါသနာရှင်အသင်းတွေက ပူးပေါင်းဆောင်ရွက်ခဲ့ရာမှာ ခန့်မှန်းအားဖြင့် နတ်မတောင် အမျိုးသားဥယျာဉ်မှာ အောက်ချင်းငှက်ကောင် ရေ (၂ဝ) ခန့်ရှိတယ်လို့ သိရပါတယ်။

‘‘နတ်မတောင်(၀ိတိုရိယတောင်)တည်ရှိရာ ကန်ပက်လက်မြို့'’

ကန်ပက်လက်မြို့ဟာ တောင်တန်းထူထပ်တဲ့မြို့လေးဖြစ်ပြီး ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရဲ့ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။ တောင်တန်းတွေဟာ ပေတစ်ထောင်ကနေ သုံးထောင်အထိ မြင့်မားကြပါတယ်။ ချင်းပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ နတ်မတောင်(၀ိတိုရိယတောင်)တည်ရှိရာ မြို့လည်း ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၆၀၀၀)ကျော်မြင့်တဲ့ ကုန်းမြင့်ပေါ်မှာ တည်ရှိတဲ့ ကန်ပက်လက်မြို့ရဲ့ ရာသီဥတုဟာ အေးချမ်းသာယာပြီး များသောအားဖြင့် မြူတွေဆိုင်းနေတက်ပါတယ်။ မြင့်မားစောက်ကြမ်းတဲ့ တောင်ထွက်တောင်ရိုးတွေမှာတော့ ကန်ပက်လက်ချင်းတွေနေထိုင်ရာ မူရင်းဒေသဖြစ်ပါတယ်။

ဗြိတိသျှတွေ အုပ်ချုပ်ခဲ့စဉ်က ကန်ပက်လက်မြို့လေးဟာ ပုခုက္ကူတောင်တန်းနယ်မှာ အပါအ၀င်ဖြစ်ပြီး ပခုက္ကူအရေးပိုင်လက်အောက် နယ်ပိုင်ဝန်ထောက်တစ်ဦးက စီမံအုပ်ချုပ်ခဲ့ပါတယ်။ ဒါ့အပြင် ချင်းဝိသေတိုင်းကို မြောက်ပိုင်းချင်းတောင်ခရိုင်၊ တောင်ပိုင်းချင်းတောင်ခရိုင်ဆိုပြီး ခရိုင်(၂)ခု ခွဲအုပ်ချုပ်ခဲ့ရာက ကန်ပက်လက်ဟာ တောင်ပိုင်းချင်းတောင်ခရိုင် ရုံးစိုက်ရာမြို့ ဖြစ်ခဲ့ပါတယ်။ ဗြိတိသျှလက်အောက်ကို ကျရောက်ခဲ့ရပြီးတဲ့နောက် (၁၈၉၂)ခုနှစ်မှာ ၀ိတိုရိယတောင်ကနေ (၁၄)မိုင်အကွာမှာ နွေရာသီအပန်းဖြေစခန်း ဖွင့်လှစ်ခဲ့ပါတယ်။ မြို့ကိုစတင်တည်ခဲ့တုန်းက အရှေ့ဘက်မှာ လောက်နူး(ကန်ကြီး)နဲ့ လောက်ဆာ(ကန်ငယ်) တို့ ရှိခဲ့ပါတယ်။ ရေကန်ကြီးကို ဖယ်ရှားဖို့ပစ်ပြီး မြို့တည်ခဲ့လို့ ကန်ပက်လက်လို့ အမည်တွင်ခဲ့တာပါ။ (၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ကန်ပက်လက်မြို့မှာရှိတဲ့ လူဦးရေကတော့ ကျား(၁၀,၃၁၃)ဦး ၊ မ(၁၁,၁၈၀)ဦး ၊ စုစုပေါင်း(၂၁,၄၉၃)ဦး ရှိပါတယ်။ ကန်ပက်လက်ဇာတိ ထင်ရှားသူကတော့ စာရေးဆရာ ဆလိုင်းရွှေလင်း ဖြစ်ပါတယ်။

‘‘ရိုးရာဓလေ့အရ ထိုးတဲ့ ပါးရဲ’'’

ဆေးမင်ကြောင်လို့ခေါ်တဲ့ ပါးရဲထိုးကြရာမှာ အထိမ်းအမှတ်အဖြစ် ထိုးနှံခြင်း၊ အလှအပအဖြစ် ထိုးနှံခြင်း၊ စွဲလမ်းမှုကို အခြေခံပြီး အဆောင်အဖြစ် ထိုးနှံခြင်း နဲ့ ရိုးရာဓလေ့အရ (မိရိုးဖလာအစဉ်အလာ) ထိုနှံခြင်းဆိုပြီး အမျိုးမျိုး ရှိတက်ကြပါတယ်။

ချင်းတိုင်းရင်းသားတွေအတွက် ဆေးမင်ကြောင်(ခေါ်) ပါးရဲ(ခေါ်) ပါးမဲထိုးခြင်းဟာ မိရိုးဖလာ အစဉ်အလာတစ်ရပ်ပဲ ဖြစ်ပါတယ်။ မျက်နှာမှာ ပါးရဲထိုးခြင်းကို ဘုရင်တွေက မိဖုရားတင်မြှောက် တော်ကောက်မှာကို စိုးရိမ်လို့ထိုးခြင်းဖြစ်တယ်လို့ ပါးစပ်ရာဇ၀င်တွေတော့ ရှိခဲ့ဖူးပါတယ်။

မြန်မာတွေက ထိုးကွင်းရှိမှ ယောက်ျားပီသတယ်လို့ ယုံကြည်ကြသလို ချင်းအမျိုးသမီးတွေကလည်း ပါးရဲရှိမှ မိန်းမပီသတယ်လို့ အစွဲရှိတက်ကြပါတယ်။ ချင်းပြည်နယ် အချို့ဒေသတွေမှာ မျက်နှာတစ်ပြင်လုံး အပြည့်မဟုတ်တဲ့ (ပါးကြောင်) နဲ့ (ပါးကျား)တွေလည်း ထိုးတက်ကြသလို မျိုးနွယ်စုအလိုက် ပါးရဲထိုးနည်း ကွဲပြားတက်လို့ သိရပါတယ်။

ပါးရဲထိုးခြင်းဟာ တစ်ချိန်က လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး လူသူအရောက်ပေါက်နည်းတဲ့ တောတောင်တွေမှာ တောင်သူ၊ ထင်းခုတ်၊ ရေခပ်စတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စဉ် မိမိတို့လူမျိုးစု အမှတ်အသားတွေကို မှတ်မိနိုင်စေဖို့ ရေးထိုးခြင်း ဖြစ်နိုင်တယ်လို့ အဆိုရှိပါတယ်။ ပါးရဲထိုးခြင်းကို သွေးထွက်နည်းပြီး သွေးတိတ်မြန်တဲ့ အေးမြတဲ့ ဆောင်းရာသီ လေးလမှာသာ ထိုးတက်ကြပါတယ်။

တောင်တန်းတွေနဲ့ ဖွဲ့စည်းထားပြီး အောင်ချင်းငှက် နဲ့ တောင်ဇလပ်တို့ မွေ့ပျော်ရာ ချင်းပြည်နယ်ဟာဆိုရင် သဘာဝအလှအပတွေ ပိုင်ဆိုင်ထားပြီး ရှားပါးငှက်မျိုးစိတ်တွေ၊ သဘာဝပေါက်ပင် နဲ့ သစ်ပင်ပန်းမန်တွေ ၊ လိပ်ပြာတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို လေ့လာနိုင်တဲ့ အပြင် ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဓလေ့စရိုက်တွေနဲ့ နေထိုင်မှုပုံစံတွေ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ ။ ဝတ်စားဆင်ယင်ပုံတွေကို လေ့လာနိုင်မှာမို့ သွားရောက်လည်ပတ်ဖို့ 7Day TV ရဲ့ Authetic Travel ကနေ တိုက်တွန်းလိုက်ပါတယ်.။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)၊ အပိုင်း(ခ) ၊ ၀ီကီပီးဒီးယား ၊ မြန်မာပြည်တစ်ခွင်လမ်းညွှန်(တင်နိုင်တိုး) ၊ မမေ့နိုင်စရာ ခရီးသွားအမှတ်တရများ(စိန်မျိုးမြင့်) ၊ (၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တို့မှ ကိုးကား၍ နှင်းနုထွေး ရေးသားထားပါတယ်။

Article's

Video

‘‘၀ိတိုရိယတောင်နဲ့အတူ တောင်ဇလပ်ပန်းတွေဆီသို့'’

ဒီတစ်ခါ Authentic Travel ပရိတ်သတ်ကြီးကို ခေါ်သွားပေးချင်တဲ့နေရာကတော့ မြန်မာပြည်ရဲ့ ဂုဏ်ယူရတဲ့ ခေါနူးစုမ် (ခ) ၀ိတိုရိယတောင် (ခ) နတ်မတောင်ရှိရာ ချင်းပြည်နယ်ဆီကိုပါပဲ။ ချင်းပြည်နယ်လို့ဆိုလိုက်တာနဲ့ ပါးရဲထိုးထားတဲ့အမျိုးသမီးကြီးတွေရယ်၊ ရိဒ်ရေကန်ရယ်၊ ၀ိတိုရိယတောင်ရယ်၊ နောက်ပြီး လှလွန်းတဲ့တောင်ဇလပ်ပန်းတွေရယ်ကို ပြေးမြင်မိကြမယ်ဆိုရင်လည်း မှားနိုင်မယ်မထင်ပါဘူး။ ကဲဒါဆိုရင် Authentic Travel နဲ့အတူ သိပ်လှတဲ့တောင်ဇလပ်ပန်းတွေရှိရာ ချင်းပြည်နယ်ကို တစ်ခေါက်အလည်သွားလိုက်ရအောင်နော်။

‘‘ချင်းပြည်နယ်ကိုဘယ်လိုသွားကြမလဲ'’

ချင်းပြည်နယ်ကို လေယာဉ်လမ်းကြောင်းမရှိဘဲ ကားနဲ့ပဲသွားလို့ရပါတယ်။ Authentic Trav အဖွဲ့သားတွေက ရန်ကုန်ကနေပုဂံကို လေယာဉ်နဲ့သွားပြီး ပုဂံကနေချင်းပြည်နယ်ကန်ပက်လက်ကို ကားနဲ့သွားခဲ့ပါတယ်။ ပုဂံကနေ ကန်ပက်လက် ကို ကားစီးရကြာချိန်ဆိုရင် ၈ နာရီလောက်တော့ရှိမယ်။ လမ်းမှာအကွေ့အကောက်များတဲ့အတွက် မူးမော် တတ်တဲ့သူဆိုရင် အမူးပြေဆေး၊ ရှုဆေးလေးဘာညာ ကြိုဆောင်ထားသင့်ပါတယ်။ ရန်ကုန်ကနေ ပုဂံ ကိုလေယာဉ်မစီးချင်ဘူး ချွေတာချင်တယ်ဆိုရင်လည်း ကား(သို့)ရထားနဲ့သွားလို့ရပါသေးတယ်။

‘‘ဘယ်မှာတည်းလဲ'’

ကန်ပက်လက်မြို့မှာ တည်းခိုဖို့အတွက် ရွေးချယ်စရာတွေအတော်အသင့်များပါတယ်။ တစ်ညကို မြန်မာငွေ တစ်သောင်းနှစ်ထောင်လောက်ပေးရတဲ့ Guest House လေးတွေကနေ ရှစ်သောင်း တစ်သိန်းတန်လောက် ဘန်ဂလိုလေးတွေအထိ ရွေးချယ်စရာတွေရှိတယ်။ တစ်ခုပဲ ခရီးသွားရာသီချိန်ဆိုရင်တော့ နေရာတိုင်းနီးပါး ပြည့်နေတတ်လို့ ကြိုတင်ဘိုကင်လုပ်ဖို့ သေချာလိုမှာပါ။ Authentic Travel အဖွဲ့သားတွေကတော့ ဒီတစ်ခေါက် Mountain View Resort မှာတည်းခဲ့ပါတယ်။

‘‘ကဲ ၀ိတိုရိယတောင် တက်ကြမယ်'’

ရောက်ပြီးနောက်တစ်နေ့မနက်စောစောပဲ ၀ိတိုရိယတောင်ကိုတက်ခဲ့ကြပါတယ်။ ၀ိတိုရိယတောင်ကို ခေါနူးစုမ် (ခ) နတ်မတောင်လို့လဲခေါ်ကြပါတယ်။ ခေါဆိုတာ နတ် နူးဆိုတာ မိခင် စုမ်ဆိုတာ တောင်လို့ ချင်းစကားနဲ့အဓိပ္ပါယ်ရတဲ့အတွက် တကယ်တမ်းပြောရရင် နတ်မိခင်တောင်လို့ခေါ်ဆိုရမှာဖြစ်ပါတယ်။ အမည်ပေးခဲ့သူက နတ်မတောင်လို့စတင်ခေါ်ဝေါ်ခဲ့တဲ့အတွက် အခုအချိန်မှာလဲ နတ်မတောင်လို့ပဲ ခေါ်ဝေါ်ကြပါတော့တယ်။ ကန်ပက်လက်မြို့ပေါ်ကနေ ၀ိတိုရိယတောင်ရဲ့ Base Camp အထိကို ၁၀ မိုင်ခရီးရှိပါတယ်။ Base Camp အထိပဲ ကားနဲ့တက်လို့ရပြီး ကျန်တဲ့ ၃ မိုင်ခွဲခရီးကိုတော့ ခြေလျှင် (သို့မဟုတ်) ဆိုင်ကယ်နဲ့တက်လို့ရပါတယ်။

Authentic Travel အဖွဲ့ကတော့ အချိန်အများကြီးမရတဲ့အတွက် ဆိုင်ကယ်နဲ့ပဲတက်ခဲ့ကြတယ်။ ဆိုင်ကယ်ခက တစ်စီးကို ၅၀၀၀ ပါ။ ဆိုင်ကယ်မောင်းတဲ့အကိုတွေက မိန်းကလေးပိန်ပိန်ပါးပါးဆို နှစ်ယောက်လိုက်လို့ရတယ်ပြောပေမယ့် တစ်ယောက်တစ်စီးပဲစီးပါနော်။ တောင်တက်လမ်းဆိုတော့ အတက်အဆင်းတွေနဲ့ဖြစ်တဲ့အတွက် ဆိုင်ကယ်အကိုတွေမောင်းတာ ကျွမ်းကျင်လဲ တစ်ယောက်တစ်စီးပဲအဆင်ပြေနိုင်ပါတယ်။ ခြေလျှင်တက်မယ်ဆိုရင်လဲ ဖြေးဖြေးမှန်မှန်နဲ့ သဘာဝအလှတွေခံစားလိုက်၊ သူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံရိုက်လိုက်နဲ့တက်ရင် ပျော်ဖို့ကောင်းမှာ အသေအချာပါပဲ။ ခြေလျှင်တက်တဲ့အခါမျိုးတွေဆို ၁၀ ခါမှာ ၇ ခါလောက် ရှားပါးငှက်မျိုးတွေကိုတွေ့ရတတ် တယ်လို့ ဂိုက်အကိုကပြောပြပါတယ်။ တစ်ခုပဲသတိထားရမှာက တောက်တက်တဲ့အခါ ဖြေးဖြေးမှန်မှန်နဲ့ အသက်ရှူပြီးတက်ဖို့ပါပဲ။ တောင်ပေါ်ဖြစ်တဲ့အတွက် အောက်စီဂျင်ပါးလာတော့ မောလာတတ်လို့ပါ။ နောက်ပြီး လမ်းကလဲ ဖုန်ထူတော့ မျက်နှာတစ်ဝက်အုပ်လို့ရတဲ့ Mask လေးတွေ ကြိုဝယ်သွားစေချင် ပါတယ်နော်။ တကယ်အသုံးလိုပါတယ်။ နောက်တစ်ခုအရေးကြီးတာမှာချင်တာက သဘာဝအတိုင်းလှနေတဲ့ တောင်ဇလပ်ပန်း၊ တောင်ကြာပန်း၊ ဘယ်ပန်းမဆို ကျေးဇူးပြုပြီး မခူးဖို့ပါပဲ။ တောင်ဇလပ်ပန်းပင်ဆိုရင် အပင်ကြီးလာပြီး ပန်းပွင့်တဲ့အရွယ်ရောက်လာဖို့ နှစ်ပေါင်း ၂၀ စောင့်ရတာပါ။ နှစ်ပေါင်း ၂၀ တိတိပါ။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ဂုဏ်ယူရတဲ့ သဘာဝအလှအပတွေ မပျက်စီးအောင် ကျေးဇူးပြုပြီး အတူ ထိန်းသိမ်း စောင့်ရှောက်ရအောင်လို့ အသိပေးနှိုးဆော်ချင်ပါတယ်။

နတ်မတောင်တက်ခဲ့ရတဲ့ခံစားချက်ကတော့ ကားနဲ့ ဆိုင်ကယ်နဲ့တက် ခဲ့တာတောင် ဘယ်လောက်လှလဲဆိုတာ ခံစားသိနိုင်တာ။ လမ်းတစ်လျှောက် လှရက်လွန်းတဲ့ တောင်ဇလပ် ပန်းနီနီရဲရဲတွေ၊ ချယ်ရီတွေ၊ ၀က်သစ်ချပင်တွေဟာလဲ သိပ်လှပဲ။ ပိုအေးတဲ့အချိန်ဖြစ်တဲ့ အောက်တိုဘာ ကနေ ဖေဖော်ဝါရီလောက်အချိန်ပိုင်းတွေဆို တိမ်ပင်လယ်တွေ၊ လမ်းတစ်လျှောက်ရေခဲမှုန်လေးတွေ၊ တောင်ပေါ်မှာရေခဲနေတဲ့ ရေကန်တွေတောက်လျှောက်တွေ့နိုင်လို့ အေးလေလေ ပိုလှလေလေပါပဲတဲ့။ အမြင့်ပေ ၁၀၂၀၀ မှာတည်ရှိနေတဲ့ ၀ိတိုရိယတောင်ပေါ်ရောက်ချိန်မှာလဲ ကမ္ဘာဦးသစ်တောလို့ဆိုကြတဲ့ ၀က်သစ်ချတောတွေ၊ တောင်ဇလပ်တွေ၊ ခရမ်းရောင်တောင်ကြာပန်းခင်းတွေဟာ ရှုမဆုံးနိုင်အောင်မို့ အရမ်းပျော်ခဲ့ရတာ။ တောင်ပေါ်ကိုတော့ မုန့်၊ ရေဘူး ကြိုယူသွားတာကောင်းပါတယ်။ တောင်ပေါ်မှာ ဘာဆိုင်မှ မထားစေပဲ Base Camp မှာပဲ ခေါက်ဆွဲခြောက်၊ ကော်ဖီဘာလေးညာလေးရတဲ့အတွက် အပေါ် ရောက်ရင် ဗိုက်ဆာမှာမို့ပါ။ ဒါပေမယ့် စားပြီး သောက်ပြီးရင်လဲ ကျေးဇူးပြုပြီး အမှိုက်တွေ၊ ပလတ်စတစ်အခွံ တွေကို အမှိုက်ပုံးတွေထဲကိုသာ စနစ်တကျပစ်ပေးဖို့တောင်းဆိုချင်ပါတယ်နော်။ ဒါမှသာလျှင် အာဆီယံအမွေအနှစ်ဖြစ်တဲ့ ကိုယ်တို့ရဲ့ဝိတိုရိယတောင်ကြီးကို ရေရှည်ထိန်းသိမ်းနိုင်မှာပါ။ Base Camp ကို ပြန်ရောက်ရင်လဲ ချင်းကလေးလေးတွေရောင်းနေတဲ့ ထောပတ်သီးလေးတွေကို ဈေးမဆစ်ပဲဝယ်ခဲ့ကြပါဦး နော်။ ကူညီအားပေးရာရောက်ပါတယ်။ အလှူအတန်းအကြီးမားကြီးမလုပ်နိုင်လဲ ရောက်တဲ့နေရာမှာ လိုအပ်သူကို တတ်နိုင်သလောက်ကူညီတာ မွန်မြတ်ပါတယ်နော်။

‘‘ကန့်သာရုံရွာ'’

ဝိတိုရိယတောင်ပေါ်ကဆင်းလာပြီး ကန်ပုလဲဆိုတဲ့ ချင်းရိုးရာအစားအစာတွေရောင်းတဲ့ဆိုင်မှာ နေ့လည်စာဝင်စားကြပါတယ်။ သိပ်စားလို့ကောင်းတာပါပဲ။ ခေါင်ရည်လဲအဲ့မှာရတယ် သိလား။ နေ့လည်စာ စားပြီးတော့မှ ဂိုက်အကိုက ကိုယ်တို့တွေကို ကန့်သာရုံဆိုတဲ့ရွာလေးကို culture လေ့လာဖို့အတွက် ခေါ်သွားပေးပါတယ်။ အဲဒီရွာလေးမှာ ကိုယ် ပါးရဲထိုးထားတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ဖွားဖွားနဲ့တွေ့ခဲ့တယ်။ ပါးရဲထိုးထားတဲ့ ဖွားဖွားကြီးဟာလေသိပ်ချစ်ဖို့ကောင်းတယ်။ သူ့စကားကိုယ်တစ်လုံးမှ နားမလည်လဲ Authentic Travel အဖွဲ့သားတွေကို စကားတွေပြောရှာတာဆိုတာလေ။ ဖွားဖွားကြီးရှိတဲ့ ရွာထဲက ကလေးလေးတွေဆိုလည်း Drone ပျံနေတော့ လေယာဉ်ပျံ လေယာဉ်ပျံဆိုပြီး အော်အော်ပြီး Drone နောက်ပြေးလိုက်ကြတာ တစ်အုပ်ကြီး။

နောက်ပြီး ပါးရဲ ပါးမည်းကို ဘာလို့ထိုးတာလဲဆိုတဲ့နေရာမှာ legendary တွေအများကြီးရှိကြပါတယ်တဲ့။ တချို့ကလဲ အရင်က ဘုရင်တစ်ပါး ရွာထဲကမိန်းကလေး တစ်ယောက်ကို တော်ကောက်သွားတဲ့အချိန်မှာ ၀မ်းနည်းစရာဖြစ်ရပ်လေးရှိခဲ့လို့ အဲ့ကစပြီး ပါးရဲထိုးကြ တယ်၊ တချို့ကလဲ နတ်သမီးမျက်နှာနဲ့ဆင်တူအောင်ထိုးကြတယ်၊ တချို့ကလဲ သေလွန်တဲ့အချိန်မှာ ကောင်းမွန်ရာရောက်အောင်ထိုးကြတယ်ဆိုပြီး အမျိုးမျိုးပြောကြတယ်လို့ သိခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဒီလိုကြိမ်ဆူး ၃ ပင်ပူးနဲ့ မျက်နှာပေါ်ထိုးရတဲ့ ပါးရဲ ပါးမဲကို မထိုးဖို့အတွက် ဆန့်ကျင်လှုပ်ရှားမှုတချို့လဲရှိခဲ့ပြီး ၁၉၄၈ နောက်ပိုင်းမှာဆို ပါးရဲပါးမည်းထိုးရင် ဒဏ်ငွေဆောင်ခိုင်းတယ်လို့ သိခဲ့ရပါတယ်။ ၁၉၇၀ နောက်ပိုင်းမှာတော့ လုံးဝကို ပါးရဲ ပါးမည်းထိုးတဲ့ဓလေ့ကို တားမြစ်ခဲ့တယ်လို့လဲသိခဲ့ရပါတယ်။ ဘယ်လို legendary ကြောင့်ပဲဖြစ်စေ ရိုးရာယုံကြည်မှုတစ်ခုနဲ့ ပါးရဲပါးမည်းထိုးထားခဲ့တဲ့ အမျိုးသမီးကြီးတွေကို ချင်းပြည်နည်မှာ အခုအချိန်အထိ တွေ့မြင်နိုင်ပါသေးတယ်။

‘‘ကျောက်ပြင်ချီပွဲ'’

ပြီးတော့လည်း အဲဒီ ကန့်သာရုံရွာမှာပဲ ရိုးရာကျောက်ပြင်ချီပွဲကျင်းပထားတဲ့ ကျောက်ပြင်တွေလဲလေ့လာခဲ့ရ ပါတယ်။ ဒီကျောက်ပြင်တွေက ရိုးရာကျောက်ပြင်ချီပွဲပြီးမှ ထားရှိရတဲ့ကျောက်ပြင်တွေပေါ့နော်။ ရိုးရာကျောက်ပြင်ချီပွဲဆိုတာက ဘာလဲဆိုတော့ လူတစ်ယောက်မသေဆုံးခင်ကြိုတင်ကျင်းပတဲ့ပွဲပေါ့။ အဲဒီရိုးရာပွဲကို ကျင်းပမယ်ဆိုရင် မကျင်းပခင်တစ်နှစ်လောက်ထဲက လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင် စုဆောင်းရပါတယ်တဲ့။ ဥပမာဆို နွားနောက်တို့လိုမျိုးပေါ့။ ဘာလို့ဆိုသူက ပွဲကျင်းပမယ်ဆိုရင် ၇ ရက် တိုင်တိုင်ကျင်းပရပြီး နွားနောက်ကိုလဲ ၇ ကောင်သတ်ရပါတယ်တဲ့။ အဲဒီပွဲမှာတော့ ဧည့်သည်တွေကို ခေါင်ရည်တွေဘာတွေနဲ့ ဧည့်ခံကြတာပေါ့။ အခုနောက်ပိုင်းမှာတော့ လူတိုင်း ကျောက်ပြင်ချီပွဲမလုပ်ကြတော့ တဲ့အပြင် ရိုးရာထိန်းသိမ်းရင်းလုပ်တဲ့လူတွေဆိုလဲ နွားနောက်အကောင်အရေအတွက် လျှော့ကြတယ်လို့ သိရတယ်။ ပွဲကျင်းပပြီးပြီဆိုတော့မှ နွားနောက်အကောင်အရေအတွက်အတိုင်း နွားနောက်ချည်တိုင်ထူ၊ နောက်ပြီး ကျောက်ပြင်တွေတည်ဆောက်ပါတယ်။ ကျောက်ပြင်ချီပွဲကျင်းပသူသေဆုံးတဲ့အခါမှသာ ဒီကျောက်ပြင်အထဲမှာ သူ့ရဲ့အရိုးပြာအိုး၊ သူသုံးခဲ့တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ လေး၊ မြှားအစရှိသဖြင့် ထည့်ပေးကြတယ်လို့သိရပါတယ်။

ဒီလိုမျိုး ဒေသဗဟုသုတတွေလေ့လာပြီးတဲ့နောက်မှတော့ အိမ်အပြန်လက်ဆောင်တွေဝယ်ဖို့အတွက် New Life ဆိုတဲ့ ချင်းရိုးရာအထည်ဆိုင်ရှိရာကို လာခဲ့ကြတော့တယ်။ အထည်ဆိုင်လေးကလဲ ၀ယ်လို့ကောင်းပ ။ ချင်းရိုးရာ အထည်တွေဆိုလဲ သိပ်လှပဲ။ ဂျပ်ခုတ်ထည်တွေဆို ၀ယ်လာချင်တာလေအကုန် လှလွန်းလို့။ နောက်တစ်ရက်မှ ကိုယ်တို့အဖွဲ့ ရန်ကုန် ပြန်ခဲ့ကြပါတယ်။ တကယ်ကို မမေ့နိုင်မယ့် ချင်းပြည်နယ်ခရီးစဉ်လေးတစ်ခုပဲ။ ချင်းပြည်နယ်ဟာ လှလို့ သာယာလို့ နာမည်ကြီးရုံတင်မက ဒေသကလူတွေကပါချစ်ဖို့ကောင်းကြလို့ နာမည်ကြီးတာဖြစ်တယ်ဆိုတာ သက်သေထူနိုင်ခဲ့တဲ့ခရီးလေးဖြစ်ခဲ့ပါတယ်။

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

ကြီးမြတ်လေသော သမိုင်းကြောင်းများနဲ့ပုဂံ

ပုဂံဟာမြန်မာတွေအတွက်တော့ အမျိုးသားရေးလက္ခဏာတစ်ရပ်အဖြစ် ဂုဏ်ယူဖွယ်ရာတွေပဲ ဖြစ်ပါတယ်။ ‘တမ္ပဒီပ’လို့ခေါ်တဲ့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာမြို့တော် ဖြစ်ပါတယ်။

Read More
Image

သဘာဝကျွန်းအလှတွေ တည်ရှိရာ ကော့သောင်းမြို့ဆီမှာ

မြန်မာနိုင်ငံတောင်ဖက်ဖျား အက်ဒမန်ပင် လယ်အတွင်းက အပျိုစင်ကျွန်းတွေဟာ လည်း ပြောမယုံ မြင်ဖူးမှ သိမယ်လို့ ပြောရလောက်အောင် ကိုယ့်မျက် လုံးကိုယ်မယုံနိုင်လောက်အောင် လှတဲ့ အလှမျိုးပါ။

Read More
Image

တောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေးရေပြင်ပြာ

အင်းလေးလို့ ဆိုလိုက်တာနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်တန်းတွေ ကာရံထားတဲ့အလယ်က ရေပြင်ကျယ်ကြီးရယ်၊ လှေကိုခြေနဲ့လှော်ခတ်နေတဲ့ အင်းသားလူမျိုးတွေရယ်ကို ပြေးမြင်မိမှာ မလွဲပါပဲ။

Read More
Image

ဖားစည်သံဝေ ဇွဲကပင်မြေ

ဇွဲကပင်တောင်ဟာဆိုရင် ကရင်ပြည်နယ်ရဲ့ ဂုဏ်ဆောင်တစ်ခု ဖြစ်သလို အမှတ်အသား သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။

Read More
Image

ချစ်စရာကရောမြေသို့ အလည်တစ်ခေါက်

ဟိုးအရင်ကတည်းက ပျောက်မသွားတဲ့ ရိုးရာယဉ်ကျေးမှုတွေအတိုင်း ထိန်းသိမ်းထားတဲ့ ကယားပြည်နယ် တောင်တန်းတွေကြားက ထယ်ခိုရွာလေးပါ။

Read More
Image

ဒွေးမယ်နော်တို့စံပျော်ရာ ငွေတောင်ပြည်

လမ်းတစ်လျှောက်အ ရမ်းလှတဲ့ရှုခင်းတွေ၊ တောင်တန်းတွေ နေထွက်ချိန်ရဲ့ ခမ်းနားတဲ့ အလှအပတွေနဲ့အတူ ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီတွေကိုကြည့်ပြီး ပျော်မဆုံးတော့ဖြစ်ရသေးတာပါ။

Read More