ရတနာစိန်ကျောက်
ဇယ်တောက်ရအောင်
ပတ္တမြားမြေ မိုးကုတ်ဆီ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

မိုးကုတ်မြေ ပတ္တမြားမြေဆိုရင် မရောက်ဖူးရင်သာနေ မသိသူမရှိသလောက်ပါပဲ။ ကမ္ဘာပေါ်မှာ အကောင်းဆုံးပတ္တမြားတွေထွက်ရှိရာ ပတ္တမြားမြေလို့ အထင်ကရကျော်စောလှတာ ကြောင့်မိုးကုတ်မြို့ကို မြန်မာများသာမကကမ္ဘာကပါသိတဲ့အထိ ကျော်ကြားလှတဲ့မြို့လေးဖြစ်ပါတယ်။

လှပနှစ်လိုဖွယ်ရာ ပတ္တမြားနဲ့ ကျော်မျက်တွေထွက်ယုံတင်မဟုတ်ပါဘူး ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေထဲ မိုးကုတ်သူ အချောအလှတွေအများကြီးရှိပါတယ်။ ခုဆိုရင် မိုးကုတ်မြို့လေး တည်ခဲ့တာ နှစ်(၈၀၀) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အေးချမ်းသာယာလှပပြီး တောတောင်ထူထပ်တဲ့ တောင်ပေါ်မြို့လေးဖြစ်သလို တောင်တွေဝန်းရံထားပြီး ကွေ့ကွေ့ကောက်ကောက်လမ်းလေးတွေ များလှတာကြောင့် ရှုမငြီးနိုင်တဲ့ပန်းချီကားတစ်ချပ်ကို ကြည့်ရသလိုပါပဲ။ ပတ္တမြားမြေလို့ အထင်ကရ ကျော်စောလှပြီး တောင်တွေဝန်းရံထားတဲ့ အေးချမ်းလှတဲ့ မိုးကုတ်မြို့လေးအကြောင်းကို 7Day TV ရဲ့ Authetic Travel ကနေ ဒီတစ်ပတ် တင်ဆက်ထားပါတယ်။

Image
Image
Image
Image

Article's

Video

‘‘ပတ္တမြားမြေသို့ အလည်တစ်ခေါက်'’

မိုးကုတ်လို့ ပြောလိုက်ရင်ပဲအနီရောင်တောက်တောက် ပတ္တမြားတွေကိုပြေးမြင်မိကြမှာပါ။ ဒီတော့ ကမ္ဘာကျော် ပတ္တမြားတွေထွက်တဲ့ မိုးကုတ်မြို့ဆီကို Authentic Travel ပရိသတ်တွေ ခေါ်သွားပေးမှာပါ။ ရာသီဥတုကလည်းအေးဆိမ့်ဆိမ့်လေးဆိုတော့ တောင်တက်ရတာကြိုက်တဲ့သူတွေအတွက် တောင်တွေပတ်လည်ဝိုင်းနေတော့ ဘယ်လောက်အဆင်သင့်ဖြစ်လိုက်ပါသလဲ။

ဘုရားဖူးမလား။ စေတီပုထိုးဘုရားတွေကမြင်ကွင်းပြည့်ပါပဲ။ ပတ္တ့မြားမြေရောက်တုန်းပတ္တမြားတွေ ကျောက်တွေ ဝယ်မလား။ ကျောက်မျိုးစုံရောင်းတဲ့ ထာပွဲတွေက အချိန်တိုင်း နေရာတိုင်းမှာ သွားလေ့လာဝယ်ယူလို့ရမှာပါ၊ အစားအသောက်တွေ စိတ်ဝင်စားတယ်ဆိုရင်လည်း မိုးကုတ်မှာဒေသစာတွေ စားလို့ကောင်းမှကောင်းပါပဲ။ ညဈေးတန်းလည်းရှိတော့ အစားအသောက်အတွက်က ပူစရာမလိုတော့ပါဘူး။

‘‘ဘယ်လိုသွားရမလဲ'’

သွားရတာနည်းနည်းတော့ပင်ပန်းမယ်။ လေယာဉ်နဲ့သွားလို့မရဘူး။ ကားနဲ့သွားမှအဆင်ပြေမှာပါ။ မန္တလေးရောက်ပြီဆိုရင် နောက်ထပ် လေးနာရီလောက်ကားစီးရမှာပါ။ ပြင်ဦးလွင်လမ်းကသွားလို့ရသလို၊ မတ္တရာလမ်းကနေလည်းသွားလို့ရပါတယ်။ ပြင်ဦးလွင်လမ်းကလမ်းကောင်းပေမယ့် နယ်မြေမငြိမ်းချမ်းသေးလို့ မတ္တရာလမ်းကပဲ တောင်တွေကိုဖြတ်လို့ သွားကြရပါတယ်။

မတ္တရာလမ်းကတော့ အတော်လေးအကွေ့အကောက်များပါတယ်။ ကွေ့ပေါင်း ၉၉၉ ကွေ့ကိုဖြတ် ကျော်ရတာမို့ ကားမူးတတ်သူတွေ ဆေးဆောင်နဲ့ အချဉ်တွေဘာတွေဆောင်သွားဖို့လိုပါလိမ့်မယ်။ ကွေ့တွေများလို့ သိပ်ပန်းပြီထင်ရင်တော့ ကားကိုလမ်းဘေးကားချရပ်ပြီးတမျှော်ကြီးလှနေတဲ့ တောင်ပင်လယ်ကြီးရယ် တစ်တောင်လုံးဝါနေအောင်ပွင့်တဲ့ နေကြာရိုင်းပွင့်လေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ရင်းအပန်းဖြေလို့ရပါတယ်။

“ဟိုတယ် နေစရာထိုင်စရာရော အဆင်ပြေရဲ့လား”

နေစရာကတော့ ခရီးမထွက်ခင် ကြိုတင်ဘိုကင် လုပ်ထားမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ရှုခင်းတွေခံစားရင်း ဇိမ်ကျကျအပန်းဖြေမယ်ဆိုရင်တော့ Kingbridge Hotel & Resortနဲ့ Golden Butterfly Hotel & Resort တွေကတော်တော်လေးကောင်းပါတယ်။ ဟိုတယ်မှာနေရတာညအိပ်ဖို့အတွက်ပဲတစ်နေကုန်လိုက်လည်နေမယ်ဆိုသူတွေအတွက်တော့ ဈေးလဲသိပ်မများတဲ့ ၃ သောင်းကျပ်ဝန်းကျင်လောက်ပဲရှိတဲ့ ဟိုတယ်တွေအများကြီးပါ။ တစ်သောင်းခွဲဝန်း တည်းခိုခန်းတွေလည်း ကောင်းပါတယ်။

“ဘယ်နေရာတွေသွားပြီး ဘယ်လိုတွေလည်ရမှာလဲ”

ရှေ့မှာပြောခဲ့သလိုပဲ မိုးကုတ်မြို့မှာက လည်စရာပတ်စရာအပြင် လေ့လာစရာနေရာတွေလည်းပါမှပေါပါ။ ဖောင်တော်ဦးဘုရား၊ ချမ်းသာကြီးဘုရား၊ မြို့လည်အင်း၊ ပတ္တမြားစေတီ၊ ဘော်ဗဒါန်းလှိုဏ်ဂူ(မိုးကုတ်ဆရာတော်ဘုရားကြီးလိုဏ်ဂူ)၊ ဘားနာဒ့်ရွာနှင့် ဘားနာဒ်ဈေး၊ ဒေါ်နန်းကြည့်တောင်၊ ညဈေးတန်း၊ ကင်းချောင်းရေတံခွန်၊ တောင်မင်းတောင်၊ ထာပွဲ၊ ကျောက်ပြသာဒ်၊ ရှုခင်းသာ (View Point) တွေ ဖြစ်ပါတယ်။

တစ်နေရာနဲ့ တစ်နေရာသွားဖို့အတွက် ဟိုတယ်ကနေဖြစ်ဖြစ် Travel & Tour တွေကနေဖြစ်ဖြစ် ကားနဲ့ Guide ငှားလို့ရပါတယ်။ တနေရာနဲ့တနေရာသိပ်မဝေးလှတာကြောင့် ခရီးသွားတွေအတွက် ကုန်ကျစရိတ်သိပ်မများသလိုလည်ပတ်သင့်တဲ့ မြို့ တစ်မြို့လည်းဖြစ်ပါတယ်။

“ကျောက်ပြသာဒ်”

မိုးကုတ်မြို့ကနေ ၁၅ မိုင်အကွာ မိနစ်၂၀ လောက်ကားစီးရင်ရတဲ့ ကျောက်ပြသာဒ်ကတော့ အရမ်းလှတဲ့ နေရာပါ။ ကျောက်တောင်တစ်ခုလုံးကအဝေးကနေလှမ်းကြည့်ရင် ပြသာဒ်ကြီးတစ်ခုလိုရှိနေတာကြောင့် ကျောက်ပြသာဒ်လို့ ခေါ်ကြတာဖြစ်ပါတယ်။ ဒီတောင်ပေါ်မှာတော့ အေးချမ်းလှတဲ့ ပြည်လုံးချမ်းသာစေတီရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၂၅ ပေမြင့်တဲ့ တောင်ဖြစ်တာကြောင့် ရှုခင်းအရမ်းလှသလိုနေရတာအေးချမ်းလှပါတယ်။

ကျောက်ပြသာဒ် တောင်ကိုတက်တဲ့လမ်းကနေ ရောလမ်းတလျောက်မှာအပြင် တောင်ပေါ်ကနေကြည့်ရင်တောင် ကျောက်တွင်းကြီးတွေကို တွေ့ရမှာပါ။ တောင်နံရံကြီးတွေပေါ်မှာ ကျောက်သားဖွေးဖွေးတွေက အေးမြလှတဲ့ မိုးကုတ်မှာ နှင်းတွေဖုံးနေတဲ့အလား မြင်တွေ့ရမှာပါ။

“ကင်းချောင်းရေတံခွန်”

မိုးကုတ်မြို့ကနေ မိုင်းလုံသွားတဲ့လမ်း (မိုးကုတ်ကို ပြင်ဦးလွင်ဖက်ကလာတဲ့လမ်း) ဘေးမှာရှိတဲ့ ကင်းချောင်းရေတံခွန်ကတော့ စိမ့်စမ်းရေအေးအေးတွေ စီးနေတဲ့ ရေတံခွန်ပါ။ အေးစိမ့်စိမ့် မြို့လေးမှာအေးစမ့်စိမ့် ရေကူးရေစိမ်ရတဲ့ အရသာလိုချင်တယ်ဆိုရင်တော့ သွားလို့ကောင်းတဲ့ နေရာလေးပါ။ ဒါကြောင့်မို့ လာမယ့် နှစ်သစ်ကူးပိတ်ရက်တွေမှာ ခရီးသွားဖို့ စီစဉ်နေကြသူတွေအတွက် Authentic Travel အစီအစဉ်ကနေ တင်ဆက်လိုက်ရပါတယ်။

အောင်ချမ်းမြတ်ရေးသားသည်။

“မြို့တည်နှစ်(၈၀၀) ပြည့်ပြီဖြစ်တဲ့ ပတ္တမြားမြေ”

မိုးကုတ်လို့ဆိုလိုက်ရင်ပဲ ကြားရသူတိုင်းက ပတ္တမြားတွေထွက်ရှိရာအရပ်ရယ်လို့ တွဲ ပြီးမြင်ကြပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးပတ္တမြားတွေထွက်ရှိရာ ပတ္တမြားမြေလို့အထင်ကရကျော်စောလှတာကြောင့် မိုးကုတ်မြို့ကို မြန်မာတွေသာမကကမ္ဘာမှာပါ ကျော်ကြားလှတဲ့မြို့ဖြစ်သလို မြို့တည်နှစ်(၈၀၀)လည်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

မိုးကုတ်မြို့လေးဟာ အေးချမ်းသာယာလှပပြီး တောတောင်ထူထပ်တဲ့ တောင်ပေါ်မြို့လေး ဖြစ်သလို တောင်တွေဝန်းရံထားပြီး ကွေ့ကွေ့ကောက်ကောက်လမ်းလေးတွေများလှတာကြောင့် ရှုမငြီးနိုင်တဲ့ပန်းချီကားတစ်ချပ်ကိုကြည့်ရသလိုပါပဲ။ ပတ္တမြားမြေလို့ အထင်ကရကျော်စောလှပြီး တောင်တွေဝန်းရံထားတဲ့ အေးချမ်းလှတဲ့မိုးကုတ်မြို့လေးအကြောင်းကို 7Day TV ရဲ့ Authetic Travel ကနေဒီတစ်ပတ် ဖော်ပြပေးလိုက်ပါတယ်။

“မိုးကုတ်အစ သဖန်းပင်က”

“ကိတ်၊ နဂါး၊ ကြွက်သုံးစဖော်ယှက်၊ ကျောက်မျက်ရတ နာ ပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်” ဆိုတဲ့ ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၄င်းကို ပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး အဲ့ဒီနှစ်မှာ သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ်မှာ မိုးမိတ်စော်ဘွားကြီး သိုဟန်ဖက်လက်ထက် သူ့ရဲ့ပိုင်နက်ဖြစ်တဲ့ ယခုမိုးကုတ်မြို့ဖြစ်လာမယ့် နေရာကို ရှမ်းမုဆိုးသုံးယောက်က တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားခဲ့ပြီး ရောက်လာခဲ့ပါတယ်။ မိုးကလည်းချုပ် လမ်းစကလဲ ရှာမရတော့တာကြောင့် တောတောင်ခြေရင်းက သဖန်းပင်ကြီးတစ်ပင်အောက်မှာ အိပ်လိုက်ကြပါတယ်။ မနက်မိုးလင်းတော့ တောင်စောင်းတစ်ခုပေါ်မှာ ကောင်းကင်ယံက ကျီးနဲ့စွန်တွေ ပျံဝဲဟစ်အော်နေတာ တွေ့တာကြောင့် ထူးခြားတယ်ဆိုပြီး သွားကြည့်ရာက အသားတစ်ပမာ နီမြန်းနေတဲ့ ပတ္တမြားကျောက်အနီတွေကို တွေရှိခဲ့ကြတာ ဖြစ်ပါတယ် ။ အဲ့ဒါနဲ့ ယူဆောင်လာခဲ့ပြီး သူတို့ရဲ့အရှင်သခင် စော်ဘွားကြီးကို ဆက်သခဲ့ကြတယ်။ စော်ဘွားကြီးက ဆက်သလာတဲ့ ပတ္တမြားကျောက်နီတွေကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသတာကြောင့်အဲ့ဒီနေရာကို လိုက်လံပြသခိုင်းပြီး စောင့်ရှောက်စေခဲ့တယ်။ ပတ္တမြားမြေကို စောင့်ရှောက်ဖို့ တာဝန်ကျသူတွေက သဖန်းပင်ကြီးအနီးမှာ ရွာတည်ပြီးနေတာကစလို့ သဖန်းပင်ရွာလို့ အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။

“သမိုင်းထဲက ပတ္တမြားမြေ”

ပတ္တမြားမြေဟာ မြန်မာမင်းလက်အောက်မရောက်မီက မိုးမိတ်စော်ဘွားပိုင်နက် ဖြစ်ပါတယ်။ ပထမဆုံး ပတ္တမြားမြေကို ချီတက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မြန်မာမင်းဟာ ဟံသာဝတီဆင်ဖြူများရှင် (ခေါ်) ဘုရင့်နောင် ဖြစ်ပါတယ်။ ဘုရင့်နောင်ရဲ့သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်မှာ မိုးကုတ်ကို မိုးမိတ်စော်ဘွားထံကနေ တကောင်းနဲ့ အလှဲအလှယ် လုပ်ခဲ့ပါတယ်။

၁၅၉၇ ခုနှစ်မှာ မိုးမိတ်နယ်ကို အဝမြို့တော် စီရင်စုလုပ်တဲ့ အမိန့်တော်ကို ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်တော်ပါ ရက်စွဲအရ အဲ့ဒီအမိန့်တော်ဟာ အင်းဝကထုတ်ပြန်တဲ့ ညောင်ရမ်းမင်းရဲ့ အမိန့်တော်ဖြစ်ပါတယ်။ ပဒုံမင်းလက်ထက်မှာ ပတ္တမြားမြေရဲ့ နယ်နိမိတ်ကို ပြန်လည်သတ်မှတ်ခဲ့ပြီး ၁၇၈၃ ခုနှစ် စစ်တမ်းတွေအရ သိရှိရပါတယ်။ ပတ္တမြားမြေရဲ့ နယ်နိမိတ်ကို ညောင်ရမ်းမင်းလက်ထက်မှာ သတ်မှတ်ခဲ့တဲ့ မူလနယ်နိမိတ်ထက် ပိုပြီးကျယ်လာပါတယ်။ မြန်မာမင်းက ပတ္တမြားတွင်းလုပ်ငန်းကို အုပ်ချုပ်ဖို့ ကျောက်ဝန် ခေါ် အရာရှိတစ်ဦးကို ကျပ်ပြင်ကို စေလွတ်ခန့်ထားပါတယ်။ ပဒုံမင်းလက်ထက် ရောက်တဲ့အခါ စို့သူကြီးဆိုတဲ့ အခေါ်အဝေါ် ပေါ်ပေါက်နေပြီဖြစ်ပါတယ်။ ပတ္တမြားမြေကို စို့သူကြီးတစ်ဦးတည်းနဲ့ ကျပ်ပြင်က အုပ်ချုပ်စေပါတယ်။ ပဒုံမင်းလက်ထက်မှာပဲ ကသည်းကို ကျပ်ပြင်ကခွဲထုတ်ပြီး စို့သူကြီးတစ်ဦး ထပ်မံခန့်ထားပါတယ်။ သီးခြားအုပ်ချုပ်စေရာက စို့သူကြီးသုံးဦး ဖြစ်လာပါတယ်။

စို့သူကြီးတွေ နှစ်စဉ် ကောက်ခံဆက်သရတဲ့ အခွန်တွေထဲမှာ အရေးအကြီးဆုံးက စီတော်မံတော်လို့ခေါ်တဲ့ ဒေသထွက်ကုန် ဖြစ်ပါတယ်။ ပတ္တမြားကို သတ်မှတ်ထားတဲ့ အရွယ်အစား၊ အရေအတွက်နဲ့ တန်ဖိုးအတိုင်း စီတော်မံတော် ပေးဆောင်ရပါတယ်။ စီတော်မံတော်မှာ ခေါင်းခေါ် ငွေသားတစ်ပိဿာနဲ့ တန်ဖိုးချင်းညီမျှတဲ့ ပတ္တမြားကြီးတစ်လုံး၊ တစ်လုံးကို ငွေတစ်ကျပ်သားခန့်တန်တဲ့ ပတ္တမြားအလုံး (၁၅၀) နဲ့ထုပ် ခေါ်နီလာ၊ ဂေါ်မိတ်၊ဥဿဖယား စတဲ့ ကျောက်မျိုးစုံပါဝင်တဲ့ စုံစီကျောက်ထုပ်တစ်ထုပ် ပါဝင်ပါတယ်။

မြန်မာမင်းတွေလက်ထက်မှာ တူးဖော်ရရှိတဲ့ ကျောက်တွေထဲက သတ်မှတ်ထားတဲ့ အရွယ်အစားနဲ့ အရည်အသွေးရှိတဲ့ လက်ရွေးစင်ကျောက်တွေကို ဘုရင်မင်းမြတ်ကို ဆက်သရပါတယ်။ ဆက်သတဲ့ ပတ္တမြားရဲ့ အဆင့်အတန်းကိုလိုက်ပြီး ဆင်၊ လှော်ကားငယ်၊ လှော်ကားကြီး စသည်တို့နဲ့ တင်ဆောင်ကြိုယူလာလေ့ရှိတာကြောင့် ဆင်တင်ပတ္တမြား၊ လှော်ကားငယ်တင် ပတ္တမြား၊ လှော်ကားကြီးတင် ပတ္တမြား စတဲ့ အခေါ်အဝေါ်တွေ ပေါ်ပေါက်လာရပါတယ်။ ကမ္ဘာကျော် ပတ္တမြားငမောက်မှာ လှော်ကားကြီးတင် ပတ္တမြား ဖြစ်ပါတယ်။

နေပြည်တော်ကို ရောက်တဲ့အခါ ကြိုယူလာတဲ့ ပတ္တမြားကို ဘုရင့်ကျောက်ဆက်ဝန်ထံ အပ်နှံရပြီး အဲ့ဒီကတစ်ဆင့် ဘုရင်မင်းမြတ်ကို ကျောက်ရှင်နဲ့အတူ အပ်နှံရပါတယ်။ ဘုရင်မင်းမြတ်က ရာဖြတ်တော်တွေကို ပြသပြီး တန်ဖိုးကို ဖြတ်စေပါတယ်။ ကျောက်ရှင်ကို ထိုက်တန်တဲ့ ဆုတော်လာဘ်တော်တွေ ချီးမြှင့်ပေးသနားပါတယ်။

မြန်မာမင်းတွေလက်ထက်မှာ ပတ္တမြားဟာ မြန်မာနိုင်ငံရဲ့ ပဓာနအကျဆုံး ထွက်ကုန်ဖြစ်တာကြောင့် ပတ္တမြားကို ကုန်တော်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၁၉ ရာစုကို ရောက်တဲ့အခါမှာတော့ အနောက်တိုင်းသားတို့ဟာ မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာတွေကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ သီပေါမင်းလက်ထက်မှာ ပြင်သစ်အင်ဂျင်နီယာတွေက မိုးကုတ်၊ ကျပ်ပြင်၊ ကသည်းမှာရှိတဲ့ ပတ္တမြားတွင်းတွေကို နှစ်စဉ်အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်းပြီး လက်ဝါးကြီးအုပ် တူးဖော်ခွင့်ပေးဖို့ သီပေါမင်းထံ လျှောက်ထားကြပါတယ်။ သီပေါမင်းကသဘောတူလို့ မြန်မာနဲ့ ပြင်သစ်ဟာ ပတ္တမြားတွင်းတွေ တူးဖော်လုပ်ကိုင်ခွင့် လျှို့ဝှက်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာတော့ အင်္ဂလိပ်မြန်မာဆက်ဆံရေး တဖြည်းဖြည်းတင်းမာလာပြီး နောက်ဆုံး ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ အင်္ဂလိပ်တို့ဟာ ကျူးကျော်စစ်ကိုဖန်တီးပြီး မြန်မာတစ်နိုင်ငံလုံးကို အကြောင်းရှာ သိမ်းယူခဲ့ပါတော့တယ်။

အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနဲ့အတူ မြန်မာပတ္တမြားတွင်းတွေလည်း နယ်ချဲ့အင်္ဂလိပ်တို့လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ သီပေါမင်းဟာ မိုးကုတ်ကျောက်တွင်းလုပ်ငန်းကို ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. ကို ယာယီလိုင်စင်နဲ့ ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားခဲ့ရာ ပါတော်မူတဲ့ အတွက် လိုင်စင်ပျက်ပြယ်ခဲ့ရ ပါတယ်။

“ကိုးဂဏန်းကို ရှောင်တဲ့မြို့ (သို့) မိုးကုတ်မြို့”

မိုးကုတ်မြို့ဟာ မြန်မာနိုင်ငံ အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်မှာ တည်ရှိပါတယ်။ မိုးကုတ်မြို့တည်နှစ်ကတော့ မြန်မာသက္ကရာဇ်(၅၇၉) ခုနှစ် ဖြစ်ပါတယ်။ ဗြိတိသျှတွေ သိမ်းပိုက်စက မိုးကုတ်ဟာ ခရိုင်ဖြစ်လို့ ပတ္တမြားတွင်းခရိုင်လို့ တွင်ခဲ့ပါတယ်။ မိုးကုတ်မြို့နယ်မှာ ရပ်ကွက်(၅) ခုနဲ့ ကျေးရွာအုပ်စု(၃၀) ရှိပါတယ်။

မိုးကုတ်မြို့ဟာ ကျောက်တောင်တွေထူထပ်ပြီး ပေ (၇၅၀၀) ကျော်မြင့်တဲ့ တောင်တွေရှိပါတယ်။ တောင်တွေဟာ လျှို၊ မြောင်၊ ချောက်တွေနဲ့ ပြတ်လျှက်ရှိပါတယ်။ တောင်တွေအကြား ချိုင့်ဝှမ်းထဲမှာ ခပ်ခွက်ခွက် ဒယ်အိုးပုံသဏ္ဍန် တည်ရှိတဲ့ မြို့လေးပဲ ဖြစ်ပါတယ်။ မိုးကုတ်မြို့မှာ "ချောင်းရေ၀ါရင် မိုးကုတ်မြို့သူမြို့သားတွေ စီးပွားရေး ကောင်းတယ်" လို့လည်း အဆိုရှိပါသေးတယ်။

မိုးကုတ်မြို့နယ်အတွင်းမှာ ခရီးသွားမယ်ဆိုရင် ကိုးဂဏန်းကို ရှောင်လေ့ရှိတက်ကြပါတယ်။ အုပ်စုလိုက် တစ်နေရာရာကို သွားတာပဲဖြစ်ဖြစ်၊ ကားစီးတာပဲဖြစ်ဖြစ် ကိုးယောက်(ကိုးဂဏန်း) ဖြစ်နေရင် လမ်းခရီး မှာ ရှောရှောရှုရှုမဖြစ်ဘူးလို့ အယူစွဲ ရှိတက်ကြတာကြောင့် လမ်းမှာတွေ့တဲ့ ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး ခရီးသွား (ဆယ်ယောက်) ရှိတဲ့ အနေအထားမျိုးနဲ့ ပြောဆိုပြီးမှ ခရီးဆက်လေ့ ရှိကြပါတယ်။ အဲ့ဒီဓလေ့ကတော့ ကိုးမြို့ရှင်နတ်ကိုးကွယ်သူတွေများလို့ ကိုးဂဏန်းကို ရှောင်ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

“မိုးကုတ်အမည်အခေါ်အဝေါ် ဆင်းသက်လာပုံ”

မိုးကုတ်ဆိုတဲ့ အမည်ဟာ မြို့အေးလို့ အဓိပ္ပါယ်ရတဲ့ ရှမ်းစကား မိုင်းကုတ်ကနေ ရွေ့လျားလာတယ်လို့ ဆိုကြသလို မြို့ခမောက်၊ မြို့ဒယ်အိုးလို့ အဓိပ္ပါယ်ရတဲ့ ရှမ်းစကား မိုင်းကွတ်ကနေ ရွေ့လျားလာတယ်လို့လဲ အမျိုးမျိုး ယူဆကြပါတယ်။ သမိုင်းကြောင်းကို လေ့လာကြည့်ရင်ဖြင့် ဖြစ်နိုင်ဖွယ် အချက်လေးချက်ကို တွေ့နိုင်ပါတယ်။
(၁) မိန်းကု - ရှမ်းဘာသာစကားဖြစ်ပြီး မိန်းမှာ မြို့၊ ကုမှာ ခမောက် ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ခမောက်နှင့်တူတဲ့ မြို့ဖြစ်ပါတယ်။ မိုးကုတ်မြို့က တောင်တွေ ကာရံထားတဲ့ချိုင့်ဝှမ်းကြီးအတွင်းမှာရှိပြီး ခမောက်တစ်ခုကို ပက်လက်လှန်ထားတဲ့ပုံနဲ့ တူတာကြောင့် ယခုလို ခေါ်ခြင်း ဖြစ်ပါတယ်။
(၂)မိန်းကွတ် - ရှမ်းဘာသာစကားဖြစ်ပြီး မိန်းမှာ မြို့၊ ကွတ်မှာ ကောက်ကွေ့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ကောက်ကွေ့တဲ့ မြို့လို့ ဆိုလိုတာပါ။ မိုးကုတ်ရဲ့ သွားရာလမ်းမှာ ကောက်ကွေ့တဲ့ တောင်ပတ်လမ်းတွေ များတာကတစ်ကြောင်း၊ မြို့ရဲ့ တည်နေပုံကလည်း ကောက်ကွေ့တဲ့ အနေအထားမှာ ရှိတာကြောင့် ယခုလိုခေါ်ခြင်းဖြစ်ပါတယ်။
(၃)မိန်းကတ် - ရှမ်းဘာသာစကားပဲဖြစ်ပြီး မိန်းမှာ မြို့၊ ကတ်မှာ ချမ်းအေးတယ်လို့ အဓိပ္ပာယ်ရပါတယ်။ အလွန်ချမ်းအေးတဲ့မြို့လို့ဆိုလိုတာပါ။ အမှန်တစ်ကယ်လည်း ရေခဲတဲ့အထိ အေးဖူးတဲ့နှစ်တွေ ရှိပါတယ်။
(၄)မိုးချုပ် - မြန်မာစကားဖြစ်ပြီး မိုးစောစောချုပ်တဲ့အတွက် မိုးချုပ်ဟု ခေါ်ကြရာကနေ မိုးကုတ်လို့ ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

“မိုးကုတ်မြို့ရဲ့ တည်နေရာနဲ့ အကျယ်အ၀န်း”

မိုးကုတ်မြို့ဟာ မြောက်လတ္တီကျု့ ၂၂ ဒီဂရီ ၅၀ မိနစ်နဲ့ ၂၃ ဒီဂရီ ၃၀ မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆ ဒီဂရီ ၁၁ မိနစ်နဲ့ ၉၆ ဒီဂရီ ၄၅ မိနစ်ကြားမှာ တည်ရှိပြီး အကျယ်အဝန်းကတော့ အရှေ့နဲ့အနောက်မိုင် (၃၀)၊ တောင်နဲ့ မြောက် (၁၅.၁၂) မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်ရဲ့ အနောက်ဖက်စွန်းမှာ တည်ရှိပြီး မိုးကုတ်မြို့ရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်မှာ ကျောက်မဲမြို့နယ်၊ မြောက်ဘက်မှာ မိုးမိတ်မြို့နယ်နဲ့ အနောက်ဘက်မှာတော့ သပိတ်ကျင်းမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

အရှေ့နဲ့အနောက် (၃၀.၀၀)မိုင်၊ တောင်နဲ့မြောက်(၁၅.၁၂) မိုင်၊ စတုရန်းမိုင်ပေါင်း (၄၅၃.၆၀) စ/မိုင်၊ ဧရိယာ အကျယ်အ၀န်း (၂၉၀၃၀၅)ဧက၊ မြောက်လတ္တီတွဒ်(၂၂ံ၅၀’)၊ အရှေ့လောင်ဂျီတွဒ် (၉၆ံ၃၀’) ရှိပြီး မိုးကုတ်အရှေ့ပိုင်း ပင်လယ်ရေပြင်ထက် အမြင့်ပေ (၃၈၀၀)ပေနဲ့ မိုးကုတ်အနောက်ပိုင်း ပင်လယ်ရေပြင်ထက် အမြင့်ပေ (၄၇၀၀) ပေရှိပါတယ်။

“မြေမျက်နှာသွင်ပြင်နှင့် ရေဆင်း”

ဘူမိဗေဒပညာရှင်တွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ မိုးကုတ်ဒေသဟာ အောက်ခံကျောက်ဖျာထုဟာ မြန်မာနိုင်ရဲ့ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တောင်ကုန်း တောင်တန်းတွေ ထူထပ်ပြီး မြေပြန့်လွင်ပြင်လဲ နည်းပါးပါတယ်။ ရေနီချောင်းဟာ ကျေးနီတောင်ကနေ စိမ့်ရေ၊ စမ်းရေတွေကို အခြေပြုပြီး မြို့လယ်ရပ်ကွက်တွေကို ဖြတ်သန်းစီးဆင်းပါတယ်။ တပ်သားတောင်ကနေ စိမ့်ရေ၊ စမ်းရေတွေကို အခြေပြုစီးဆင်းလာတဲ့ ရေပူချောင်းနဲ့ တောင်ကချင်ရပ်ကွက်အနီးမှာ ပေါင်းဆုံကာ နမ့်ပယ်ချောင်းအတွင်းကို စီးဝင်ပါတယ်။

“မိုးကုတ်မြို့ရဲ့ ရာသီဥတုနဲ့ သစ်တော”

မိုးကုတ်မြို့ဟာဆိုရင် အပူပိုင်းဒေသအတွင်းမှာ ကျရောက်ပေမယ့် မြင့်မားတဲ့ တောင်ကုန်းမြင့်ပေါ်မှာ တည်ရှိတဲ့အတွက် အခြားမြေပြန့်ဒေသတွေထက် အေးတဲ့ရာသီဥတု ရှိပါတယ်။ အမြင့်ဆုံးအပူချိန် ၉၅.၄ ဒီဂရီဖာရင်ဟိုက်နဲ့ အနိမ့်ဆုံးအပူချိန် ၃၀.၂ ဒီဂရီဖာရင်ဟိုက် ရှိပါတယ်။ ပုံမှန်မိုးရေချိန်ကတော့ (၁၀၇.၅၈) လက်မ ဖြစ်ပြီး ပုံမှန်မိုးရွာရက်က (၁၃၅.၇) ရက် ဖြစ်ပါတယ်။ လေတိုက်နှုန်းကတော့ပုံမှန်အားဖြင့်အနောက်တောင်ဘက်က တစ်နာရီကို တစ်မိုင်ကနေ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတု ဆိုးရွားတဲ့အချိန်တွေဆိုရင် မြောက်ဘက်၊ အရှေ့မြောက်ဘက်နဲ့ အနောက်တောင်ဘက်တွေက တစ်နာရီကို (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိပါတယ်။ ဆောင်းရာသီမှာ ဖာရင်ဟိုက် (၃၇) ဒီဂရီအထိ ကျဆင်းတက်ပါတယ်။

“မိုးကုတ်မြို့ရဲ့ ဈေးတွေ”

မိုးကုတ်မြို့ကို အနှံ့လည်ပတ်ပြီး အိမ်ပြန်လက်ဆောင်ပေးဖို့ ဈေးတွေကို လည်ပတ်မယ်ဆိုရင်ဖြင့် မိုးကုတ်မြို့မှာရှိတဲ့ ဈေးတွေကတော့ ပတ္တမြားဈေး (အောင်ချမ်းသာ)၊ နီလာဈေး (ဈေးသစ်ဈေး)၊ ကြပ်ပြင်ဈေး (ကြပ်ပြင်ဈေးရပ်- ကြပ်ပြင်)၊ လူးထဈေး (လူးထရပ်- ကြပ်ပြင်) နဲ့ မိုးကုတ်ညဈေးတန်း (ရှမ်းစုရပ် - မူကြိုကျောင်းဘေး) တို့မှာ အားရပါးရ လည်ပတ်နိုင်ပါတယ်။

“မိုးကုတ်မြို့ရဲ့ အထင်ကရ ထာပွဲများ”

ရှေးအခါက ကျောက်တွေ ပေါများလှလို့ ကျောက်ပြရာမှာ ‘ထာ’ လို့ခေါ်တဲ့ ကြေးလင်ဗန်းကြီးမှာ ထည့်ပြီး ပြသရပါတယ်။ ‘ထာ’ ခေါ် ကြေးလင်ဗန်းကို အစွဲပြုပြီး ‘ထာပွဲ’ လို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်အရောင်း အ၀ယ်ပိုင်းမှာဆိုရင် ထာ၊ထာပွဲ၊ ပဏာ စတဲ့ ဒေသစွဲအခေါ်လေးတွေက ချစ်စရာကောင်းနေပါသေးတယ်။

ကျောက်တွေ ထည့်ကြည့်ကြတဲ့ ကြေးလင်ပန်းကလေးတွေကို ‘ထာ’ လို့ခေါ်ပြီး ကျောက်အရောင်းအ၀ယ် ပြုလုပ်သူတိုင်းရဲ့ ပိုက်ဆံအိတ်ထဲမှာ ‘ထာ’ သေးသေးလေးတွေ ဆောင်ထားတတ်ကြစမြဲပါ။ ကျောက်အရောင်းအ၀ယ်တွေ စုနေတဲ့ နေရာလေးကိုတော့ ‘ထာပွဲ’ လို့ ခေါ်ကြပါတယ်။ ‘ပဏာ’ ဆိုတာက နေရောင်ကို ခေါ်ပါတယ်။ ကျောက်ကြည့်ရင် နေရောင်မှာ ထောင်ကြည့်တတ်ကြသလို၊ ဓါတ်မီးထိုးလည်း ကြည့်တတ်ကြပါသေးတယ်။ နေရောင်မရှိရင် ‘ပဏာ’ မရှိတော့ဘူးလို့ ခေါ်ကြပါတယ်။

မိုးကုတ်မြို့ရှိတဲ့ ထာပွဲတွေကတော့ အောင်သစ်လွင်လမ်းဆုံ ထာပွဲ (မိုးကုတ်အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်အနီး)၊ ရုပ်ရှင်ထာပွဲ (မိုးကုတ်အရှေ့ပိုင်း ခေတ်သစ်ရုပ်ရှင်ရုံအနီး လမ်းကြား)၊ လယ်ဦးထာပွဲ(မိုးကုတ်အရှေ့ လယ်သီးရပ်ကွက်)၊ ပိတ်စွယ်ပန်းခြံထာပွဲ(မိုးကုတ်အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်)၊ ဗဟိုရုပ်ရှင်ထာပွဲ(မိုးကုတ်အနောက်ပိုင်း ဗဟိုရုပ်ရှင်ရုံအနီး)၊ မင်းတံတားထာ ပွဲ(မိုးကုတ်မြို့အ ၀င် မင်းတံတားရပ်ကွက်)၊ ဘားနတ်ဈေးထာပွဲ(ပြောင်ဂေါင်းရွာအနီး ရွာသာယာကျေးရွာ) တို့တွေမှာ သွားရောက် လေ့လာလည်ပတ်နိုင်ပါတယ်။

မိုးကုတ် ကျောက်ဝယ်ရေးလုပ်ငန်းတွေကို ခြုံကြည့်လိုက်ရင် အကြမ်းအားဖြင့် လူတန်းစား (၄) ရပ် ရှိပါတယ်။ (၁)ပွင့် ကောက်သမား (တန်းဖိုးမြင့်တဲ့ကျောက်တွေကိုသာ စိတ်ကြိုက်ဝယ်ယူသူ) ၊ (၂) အစပ်ကျောက်သမား (ကျောက်တွေများစွာရှိတဲ့ထဲက မိမိကျွမ်းကျင်တဲ့ ကျောက်တစ်မျိုးကိုသာ ဦးစားပေးဝယ်ယူ) ၊ (၃) ၀ယ်ရောင်းသမား (မြတ်မယ်ထင်သမျှ ကျောက်မျိုးစုံကို ၀ယ်ပြီး ပြန်ရောင်းသူ) ၊ (၄) ပွဲစား (ကျောက်ပွဲစား) တို့ပဲ ဖြစ်ပါတယ်။

“မိုးကုတ်မြို့မှာ ထွက်ရှိတဲ့ ကျောက်မျက်ရတနာ”

မိုးကုတ်မြို့မှာ ထွက်ရှိတဲ့ ကျောက်မျက်ရတနာတွေကတော့ လိပ်သည်းကျောက်၊ ပုံဆောင်ထုံးကျောက်တွေအပြင် ပတ္တမြား၊ နီလာ၊ ကျောက်နီ၊ က္ကန္ဒနီလာ၊ ဥဿဖယား၊ ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ အညံ့ကျောက်၊ ရွှေတွင်းဝါ၊ နဂါးသွဲ့၊ မှတ်မီး စတဲ့ ကျောက်တွေ ထွက်ရှိပါတယ်။

“မိုးကုတ်မြို့မှာ ထွက်ရှိခဲ့တဲ့ ထင်ရှားတဲ့ ကျောက်တွေက ဘာတွေလဲ”

မိုးကုတ်မြို့ ကျောက်တွင်းတွေမှာ ကျောက်မျိုးစုံ ထွက်ရှိအပြင် အထင်ကရ ထွက်ရှိခဲ့တဲ့ ကျောက်ကြီးတွေလဲ ရှိပါသေးတယ်။ အဲ့ဒီ ကျောက်တွေကတော့
(၁) သက္ကရာဇ် (၁၀၂၃) ခုနှစ်မှာ ပင်းတလဲမင်း ထံ ဆက်သခဲ့တဲ့ အချိန် (၉၀) ရတီရှိတဲ့ ပတ္တမြားငမောက်ကျောက်။
(၂) သက္ကရာဇ် (၁၁၄၇) ခုနှစ်မှာ ဘိုးတော်ဘုရားထံ ဆက်သခဲ့တဲ့ အချိန်(၂၀) ရတီရှိတဲ့ လှောကားတင်လေးကျောက်။
(၃) သက္ကရာဇ် (၁၁၉၉) ခုနှစ်မှာ ဘကြီးတော်ဘုရားထံမှာ ဆက်သခဲ့တဲ့ အချိန်(၂၉) ရတီရှိတဲ့ လှောကားတင်ကြီးကျောက်။
(၄) သက္ကရာဇ် (၁၂၀၉) ခုနှစ်မှာ ပုဂံမင်းထံ ဆက်သခဲ့တဲ့ အချိန် (၈) ရတီရှိတဲ့ စံကျောက်တော်။
(၅) ဆင်မတော်နဲ့ တင်ဆောင်ပြီး ဆက်သခဲ့တဲ့ ဆင်မတော်ကျောက်
(၆) အချိန် (၁၀) ရတီကျော်ရှိတဲ့ နဂါးဗိုလ်မျိုးဝင်းကျောက်
(၇) ဘဲဥ၀ိုင်းပုံသွေးထားပြီး ကလပ်ချိန် (၁၀၀) ကျော်ရှိတဲ့ ဒီလောင်းဂေါ်ကြိုးကျောက်(နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်မှာ ထားရှိ)။
(၈) (၁၉၁၉) ခုနှစ်မှာ မိုးကုတ်အင်းကြီးနေရာက တူးဖော်ရရှိတဲ့ အလေးချိန် (၄၂) ရတီရှိတဲ့ ငြိမ်းချမ်းရေး ပတ္တမြားကျောက်
(၉) (၁၉၃၃) ခုနှစ်မှာ တူးဖော်ရရှိခဲ့တဲ့ ပုံဆောင်ခဲမပျက်သေးတဲ့ ပတ္တမြားအရိုင်းတုံးကြီး (ဗြိတိသျှ သဘာဝသမိုင်းပြတိုက်မှာ ထားရှိ)
(၁၀) (၁၉၅၃) ခုနှစ်မှာ ညောင်ပင်သာရွာမှာ ထွက်ရှိခဲ့တဲ့ ကိုးပိဿာ ကိုးဆယ့်ငါးကျပ်သားရှိတဲ့ နီလာအရိုင်းတုံးကြီး
(၁၁) (၁၉၇၂) ခုနှစ်မှာ မိုးကုတ်ရတနာမြေက တူးဖော်ရရှိခဲ့တဲ့ အလေးချိန်(၆၃၀၀၀) ကာရက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး နီလာဂေါ်ကြိုးကြီးတုံး (မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ ထားရှိ)။
(၁၂) (၁၉၇၉) ခုနှစ်မှာ မိုးကုတ်မြို့ စခန်းကြီးရပ်ကွက်က တူးဖော်ရရှိခဲ့တဲ့ အလေးချိန် (၉၈၇၀) ကာရက်ရှိတဲ့ မြပြပုံဆောင်ခဲအရိုင်းတုံးကြီး (မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ ထားရှိ)
(၁၃) (၁၉၈၄) ခုနှစ်မှာ ရွှေပြည်အေးစခန်းက တူးဖော်ရရှိခဲ့တဲ့ အရိုင်းချိန် (၁၀.၉၅) ကာရက်၊ သွေးပြီးတဲ့နောက် (၅.၅၆)ကာရက်ရှိတဲ့ မိုးကုတ်သရဖူကျောက်
(၁၄) (၁၉၈၆) ခုနှစ်မှာ မိုးကုတ်မြို့ ပန်လင်ရပ်ကွက်က တူးဖော်ရရှိခဲ့တဲ့ သွေးပြီးတဲ့နောက် အလေးချိန် (၃၂၉) ကာရက်ရှိတဲ့ ပြောင်ခေါင်းစိမ်း လုံးချောကြီး (မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ ထားရှိ)။
(၁၅) (၁၉၈၇) ခုနှစ်မှာ မိုးကုတ်မြို့၊ အုန်းပင်ရေထွက်ရပ်ကွက်က တူးဖော်ရရှိခဲ့တဲ့ သွေးပြီးတဲ့နောက် အလေးချိန် (၇၅၀၇.၀၅)ကာရက်ရှိတဲ့ ပတ္တမြားကြီး (မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ ထားရှိ)။
(၁၆) (၁၉၉၀) ခုနှစ်မှာ ရတနာကုဋေကုဋာစခန်းက တူးဖော်ရရှိခဲ့တဲ့ အလေးချိန်(၉၇၉)ကာရက်ရှိတဲ့ ရတနာကုဋေကုဋာ နီလာဂေါ်ကြိုးကျောက်ကြီး။
(၁၇) (၁၉၉၁) ခုနှစ်မှာ မိုးကုတ်ကြပ်ပြင်က တူးဖော်ရရှိခဲ့တဲ့ အလေးချိန်(၄၁၄၅) ကာရက်ရှိတဲ့ နီလာကြီး (မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ ထားရှိ)။
(၁၈) (၁၉၉၆) ခုနှစ်မှာ မိုးကုတ်ရတနာမြေ ကင်းရွာ ဖက်စပ်လုပ်ကွက်အမှတ် (၁၄) က တူးဖော်ရရှိခဲ့တဲ့ အလေးချိန် (၂၁၄၅၀)ကာရက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ပတ္တမြားကြီး (မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ ထားရှိ။
(၁၉) အရိုင်းချိန် (၅၈၄.၅) ကာရက်ရှိပြီး သွေးပြီးတဲ့နောက် အလေးချိန် (၄၉၆.၅) ကာရက်ရှိတဲ့ န၀တပတ္တမြားကြီးတို့ပဲ ဖြစ်ပါတယ်.။

“မိုးကုတ်မြို့မှာ နေထိုင်ကြတဲ့ လူမျိုး”

မိုးကုတ်မြို့မှာ အများဆုံး နေထိုင်ကြတာကတော့ ရှမ်းလူမျိုးတွေဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယလူမျိုးတွေလဲ အနည်းအကျဉ်း နေထိုင်ကြပါသေးတယ်။ ဒါ့အပြင် ဗမာ၊ မြေလတ်၊ ဓနု၊ လီရှော၊ ဟူမိုင်းပလောင်နဲ့ ရှမ်းတရုတ်တွေလည်း နေထိုင်ကြပါတယ်။

“မိုးကုတ်မြို့မှာရှိတဲ့ လူဦးရေက ဘယ်လောက်လဲ”

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မိုး ကုတ်မြို့ရဲ့ လူဦးရေဟာ ကျား (၈၄,၈၉၂)၊ မ (၈၂,၂၅၇)၊ စုစုပေါင်းလူဦးရေ (၁၆၇,၁၄၉) ဦးရှိပါတယ်။

“မိုးကုတ်မြို့မှာ နေထိုင်ကြတဲ့သူတွေ ဘယ်လိုအလုပ်တွေ လုပ်ကြလဲ”

မိုးကုတ်မြို့မှာ နေထိုင်သူတွေဟာ ကျောက်တွင်းတွေကို အမှီသဟဲပြုနေသူတွေ ဖြစ်ပါတယ်။ ကျောက်တွေ တူးဖော်တာ၊ ကျောက်သွေးတာ၊ ကျောက်တွေကို အထည်ပြုလုပ်တာ၊ ကျောက်ရောင်းကျောက်ဝယ် ပြုလုပ်တာ၊ ကျောက်ပန်းချီလုပ်ငန်း၊ ကျောက်ပွဲစားတွေ လုပ်တာတွေဟာ အဓိက အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ ကုန်းမြင့်ဒေသလည်း ဖြစ်တဲ့အတွက် တောင်ယာလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းကိုလဲ လုပ်ကိုင်ကြပါသေးတယ်။

တောင်ပေါ်ဒေသဖြစ်လို့ လယ်ယာမြေကွက်တွေ ပြောပလောက်အောင်မရှိတဲ့အတွက် ဆန်စပါး မ ထွက်တာကြောင့် မြို့နေလူထုစားသုံးဖို့ မိုးမိတ်နယ်နဲ့ အောက်အရပ်ဒေသက ဆန်တွေကို မှီခိုအားထားရပါတယ်။ လက်ဖက် စိုက်ပျိုးရေးနဲ့ ကော်ဖီ စိုက်ပျိုးရေးလုပ်ငန်းကိုလည်း အနည်းအကျဉ်း လုပ်ကိုင်ကြပါတယ်။

“မိုးကုတ်နယ်ဖွား အထင်ကရပုဂ္ဂိုလ်များ”

မိုးကုတ်ဇာတိဖြစ်တဲ့ ထင်ရှားတဲ့သူတွေကတော့ သခင်သာခင်(ကင်းရွာ)၊ သိပ္ပံမှူးတင်၊ မေမြို့ခင်မောင်တင့်၊ အကယ်ဒမီ ထက်ထက်မိုးဦး၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်တို့ ဖြစ်ကြပါတယ်။

“ဘာသာရေးနဲ့ အထင်ကရဘုရားများ”

မိုးကုတ်မြို့မှာ နေထိုင်ကြတဲ့ ဗမာ၊ရှမ်းနဲ့ ပလောင်လူမျိုး အများစုတွေဟာ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ပါတယ်။ မိုးကုတ်မြို့နယ်အတွင်းမှာဆိုရင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀) ခန့်ရှိပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုဟာ လီဆူးဘုရားရှိခိုးကျောင်းတွေ ဖြစ်ပါတယ်။ ဂေါ်ရဂါးလူမျိုးတွေဟာ ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတွေကို ကိုးကွယ်ကြပါတယ်။ မွတ်စလင်ဗလီသုံးခုလည်း ရှိသလို တရုတ်ဘုရား ကျောင်းများလည်း ရှိပါသေးတယ်။ တရုတ်ဘုရားကျောင်းတွေကတော့ လယ်ဦးရပ်မှာ ငါးပါးသီလဘုံကျောင်းနဲ့ အောင်ချမ်းသာရပ်မှာ ဘုရားတစ်ထောင် ဘုံကျောင်းတို့ ဖြစ်ပါတယ်။

နောက်ပြီး ဘုရားကျောင်းတွေအပြင် အထင်ကရ ဘုရားစေတီတွေလည်း စုံလင်လှတာကြောင့် သွားရောက်ဖူးမြော်နိုင်ပါတယ်။ မိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့ အထင်ကရ ဘုရားတွေကတော့ ရွှေဂူကြီး ဘုရား၊ ခမ်းသာကြီးဘုရား၊ ဖောင်ထော်ဦးဘုရား၊ ဘီးတောင်ဘုရား၊ သမ္မာသမ္ဗုဒ္ဓေါစေတီ၊ ရွှေသာလျောင်းဘုရား၊ မိုးကုတ် မဟာမုနိဘုရားကြီး၊ ရတနာအောင်မြေ ဆင်ဖြူတောင် ပြည်လုံးချမ်းသာ မဟာမင်္ဂလာ စေတီတော်ကြီး၊ ပတ္တမြားမျက်ရှင် က္ကစ္စာသယ ဆုတောင်းပြည့်စေတီတော်ကြီး၊ ကမ္ဘာလုံးချမ်းသာ စေတီ၊ ရွှေတောင် ဦးစူဠာမဏိ ရုပ်ပွားတော်၊ ပင့်ကူတောင်စေတီ၊ ဒေါ်နန်းကြည့်တောင်စေတီများ၊ ကျောက်ပြသာဒ်ဘုရား၊ ဇိနသုခ အောင်ချမ်းသာစေတီ၊ ရတနာမြေ ဓါတ်ပေါင်းစု မဟာဗောဓိစေတီ၊ နန်းတက်ဆက်ဖူးဘုရား၊ ကွေ့ပင်လုရား၊ အာလောက သဘာဝလိုဏ်ဂူ ဘုရားများ၊ ကမ္ဘာ့အံ့ဖွယ်တောင် ဆုတောင်းပြည့်ဘုရား၊ မင်္ဂလာတိုက်၊ နဂါးရုံဘုရား၊ ဗောဓိဦးသျှောင်ဘုရား တွေကို သွာရောက်ဖူးမြော်နိုင်ပါတယ်။

“မိုးကုတ်မြို့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ပွဲတော်”

မိုးကုတ်ဒေသမှာ အစောဆုံး နေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ ရှမ်း၊ ပလောင်နဲ့ လီဆူး လူမျိုးတွေရဲ့ ပွဲတော်တွေလည်း အစဉ်အလာမပျက် ကျင်းပလေ့ ရှိတတ်ပါတယ်။ ရှမ်းလူမျိုးတွေရဲ့ ပွဲတော်တွေဖြစ်တဲ့ (နှစ်သစ်ကူးပွဲတော်၊ တပို့တွဲပွဲတော်၊ တပေါင်းပွဲတော်၊ ပွဲဆွမ်ဖရား (ခေါ်) ဘုရားရေသွန်းပွဲတော်၊ ပွဲအောက်ဝါ(ခေါ်) ၀ါကျွတ်ပွဲတော်၊ ရှမ်းတိုင်းရင်းသား စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲတော်၊ ပွဲလှူဆန်တန်း(ခေါ်) ကထိန်ပွဲတော်)၊ ပလောင်လူမျိုးတွေရဲ့ ပွဲတော်တွေက တော့(၀ါတွင်းမှာ သုံးကြိမ်သုံးခါ ကျင်းပလေ့ရှိတဲ့ ဘုန်းကြီးကန်တော့ပွဲနဲ့ သက်ကြီးပူဇော်ပွဲ၊ ဘုရားမီးပူဇော်ပွဲ၊ ရွာစောင့်နတ်ပူဇော်ပွဲ) တို့ဖြစ်ပြီး လီဆူးလူမျိုးတွေရဲ့ ပွဲတော်တွေကတော့ (ရိုးရာနှစ်သစ်ကူးပွဲ၊ ကောက်သစ်စားပွဲ၊ လမြတ်ပူဇော်ပွဲ၊ ရွာစောင့်နတ်ပူဇော်ပွဲ ) တွေပဲ ဖြစ်ပါတယ်။

“ဒေသထွက် အစားအစာတွေက ဘာတွေလဲ”

မိုးကုတ်မြို့ရဲ့ ဒေသထွက် အစားအစာတွေကလဲ စိတ်ဝင်စားစရာပါ။ ဒေသထွက် နာမည်ကျော် စားစရာတွေက တော့ ရှမ်းခေါက်ဆွဲ၊ မိုးကုတ်မြီးရှည်၊ မိုးကုတ်မျှစ်ချဉ်၊ ၀မ်းတဖိုး၊ ၀တ်သားချဉ်၊ တို့ဟူးခြောက်၊ ပဲပုပ်ချက်၊ ခေါပုပ်၊ မုန်ညင်းပေါင်း၊ လက်ဖက်၊ မက်ခေါက်ချဉ်၊ မှိုပေါင်း၊ ဟင်းပေါင်း၊ ဆွန်ထန်၊ ဆန်တဖိုးတို့ဖြစ်ပြီး ယမကာတွေကတော့ ဒေသချက်ဖြစ်တဲ့ လီရှောအရက်ကတော့ နာမည်အကြီးဆုံးပဲ ဖြစ်ပါတယ်။ လီရှောအရက်ကို ချဉ်စော်ခါးသီး၊ မက်မုံသီးတို့နဲ့ ရောဖောက်တဲ့ ၀ိုင်တွေလည်း ရှိပါတယ်။ တောင်တွေဝန်းရံထားပြီး အေးချမ်းလှတဲ့ ပတ္တမြားတွေ ထွက်ရှိရာအရပ်ကို သွားရောက်လည်ပတ်ဖို့ 7Day TV ရဲ့ Authetic Travel ကနေ တိုက်တွန်းလိုက်ပါတယ်။



မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) အပိုင်း(ခ) ၊ ၀ီကီပီးဒီးယား၊ မိုးကုတ်ဧည့်လမ်းညွှန် ၊ ကမ္ဘာကသိတဲ့ ပတ္တမြားမြေ(မောင်ထွန်းဦး) ၊ (၂၀၁၄) ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတို့ကနေ ကိုးကားပြီး နှင်းနုထွေး ရေးသားထားပါတယ်။

Image

Gallery

Main

Sponsor

Co

Sponsor

Hotel

Sponsor

Dress

Sponsor

Related

Articles

Image

 ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

Read More
Image

အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ(သို့) မြိတ်ကျွန်းစုဒေသ

‘The Land that time forget’ ‘အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ’ လို့ ကမ္ဘာက အမည်မှည့်ခဲ့တဲ့ မြိတ်ကျွန်းစုဒေသဟာ မြန်မာပြည်တောင်ဖက်အစွန်း အန်ဒမန်ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။

Read More
Image

သီပေါတည်ခဲ့ရာ ရွှေကျောင်းတော်သာ

မြန်မာသီချင်းကြီးတွေထဲက နာမည်ကြီး “ဝေဇယန်နှင့်နှုန်းငြား” ဆိုတဲ့ ကြိုးသီချင်းကလေးကို ကျောင်းတော်ကြီးကြိုးလို့ ခေါ်ကြပါတယ်။

Read More
Image

တိမ်တွေနေတဲ့ အရပ်ဆီကို

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ ရှိပါတယ်။

Read More
Image

ဧရာဝတီနဲ့ ဒုဌဝတီတို့ ပေါင်းစုံစီးဆင်းရာ သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) တို့ဆုံရာမှာ တည်ရှိပါတယ်။

Read More
Image

နှစ်ထပ်သဘောင်္မြို့ကလေးရဲ့ အလှဝိဥာဏ်

ပြည်မြို့ဟာ ပင်လယ်တစ်ထပ်၊ တောင်တန်းတစ်ထပ်၊ စေတီတစ်ထပ်နဲ့ နှစ်ထပ်သင်္ဘောကြီးသွားနေသလိုပါပဲ။

Read More